စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, November 28, 2025

သောကဖယ်ရှားနည်း

“နှလုံးသားကို ပူလောင်စေတတ်တဲ့ သောကကို ဖယ်ရှားချင်ရင်”

သောကဆိုတာ ဖြစ်လာမယ့်အရာတွေးပြီးပူတယ်၊ ဖြစ်ပြီးသွားတဲ့ အရာပေါ်မှာ တွေးပြီးတော့ ပူတယ်၊ ပစ္စည်းအတွက် ပူတယ်၊ လူ အတွက် ပူတယ်၊ မဖြစ်သေးခင်လည်းတွေးပြီး ပူတယ်၊ ဖြစ်ပြီး သွားရင်လည်း ပူဆွေးတယ်၊ လူတွေမှာသောကရှိတယ်၊ သောက ဆိုတဲ့သဘောတရားဟာ စိတ်ထဲမှာ ပူလောင်တတ်တဲ့ သဘာဝ တရားတစ်ခုပဲ၊ စိတ်ရဲ့ ခံစားချက်တစ်ခု၊ ဆုံးရှုံးနစ်နာမှုတစ်ခုကို ကြည့်ပြီး ပူတာ။

ဆိုပါစို့ - လူတစ်ယောက်ဟာ ကိုယ့်ရဲ့ ပစ္စည်းဥစ္စာနဲ့ပတ် သက်ပြီး ဆုံးရှုံးမယ့်အနေအထားမျိုးတွေ ရောက်မယ်ဆိုရင် ပူတယ်၊ ဆုံးရှုံးသွားရင်လည်း နှမြောတသပြီး ပူနေတတ်တယ်။ ပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်ရင်လည်း ကိုယ့်ဆွေမျိုးသားချင်း ရောဂါ ဝေဒနာ ဖြစ်လာမယ်ဆိုရင်၊ ထိခိုက်မယ်ဆိုရင် ပူတယ်၊ ထိခိုက်
တော့မယ့် အနေအထားရောက်ရင်လည်း ပူတယ်၊ ထိခိုက်သွားရင်လည်း ပူတယ်၊ နောက်ဆုံးမှာ ပူစရာဟာ ကိုယ့်ကိုယ်ကိုလည်း ပူတယ်၊ စိုးရိမ်စိတ်လို့ ခေါ်တယ်။

အဲဒီ စိုးရိမ်စိတ်ကလေးတွေဟာ အဘိဓမ္မာတရားကိုယ်နဲ့ ပြောမယ်ဆိုရင် ဒေါမနဿဝေဒနာ၊ စိတ်ထဲမှာ မခံချိမခံသာဖြစ်ပြီး ဒေါသနဲ့ယှဉ်တွဲလာတဲ့ ခံစားချက်တစ်မျိုးပဲ၊ အနေရခက်တဲ့ ခံစားချက်ပဲ၊ ဘာနဲ့ ဥပမာတင်စားလဲဆိုရင် တစ်စုံတစ်ခု ကြော်မလို့ ဆီတွေထည့်ထားတဲ့အခါ အောက်က မီးပြင်းပြင်း ထိုးထားတယ်၊ ဒယ်အိုးမှာ ဆီတွေ ဆူလာတယ်၊ ပူပြီးဆူလာတဲ့ ဆီတွေလိုပဲ လူတွေရဲ့ စိတ်နှလုံးဟာလည်း အဲဒီလိုဖြစ်လာတယ်၊ အဲဒီ သောကကို ပျောက်ချင်ရင် သတိပဋ္ဌာန်တရားပဲ ပွားရမယ်၊ နှလုံးသားကို ပူလောင်စေတတ်တဲ့သောကကို ဖယ်ရှားချင်ရင်တော့ ဒါဟာ တစ်ခုတည်းသောနည်းလမ်းပါပဲတဲ့၊ ဒီလမ်းကပဲ လျှောက် လှမ်းကြရမယ်။

သောကနဲ့တွဲဖက်ပြီးပရိဒေဝဆိုတာ လာတယ်၊ ရင်ထဲနှလုံးထဲမှာ ပူလောင်လာပြီဆိုရင် နှလုံးသားက ပူလောင်မှုကို မခံနိုင်တော့ဘူး။ မျက်လုံးကနေ မျက်ရည်တွေ ပေါက်ပေါက် ကျ လာတယ်၊ ပြင်းထန်တဲ့ သောကဒဏ်ကို မခံနိုင်လို့ ငိုကြွေးမှု ဆိုတဲ့ ပရိဒေဝ ဖြစ်ပေါ်လာတယ်၊ ပရိဒေဝဆိုတာ ငိုယိုတဲ့ အသံကြီးပဲ၊ အဲဒီပရိဒေဝကို ပျောက်ကင်းစေချင်တယ် ဆိုရင်လည်းဟောဒီ သတိတရားကိုပဲ ပွားများရမှာပဲ၊ ဒါတစ်ခုတည်းသော နည်းလမ်းပဲ။

ဒါဘုန်းကြီးတို့တတွေ စဉ်းစားကြည့်ပေါ့၊ နေ့စဉ်နဲ့အမျှ ကိုယ့်မှာ သောကမရှိတဲ့လူရယ်လို့ တစ်ယောက်မှမရှိဘူး၊ သူများ အတွက် ပူစရာမရှိရင် ကိုယ့်အတွက်ပူမှာပဲ၊ မပူဘူးလို့ ပြောတဲ့ လူလည်း ပူတာပဲ၊ ပူမှန်း မသိလို့သာ၊ တစ်စုံတစ်ခု ဖြစ်တော့ မယ်ဆိုရင် ပူလာတယ်၊ သတိတရားက သောကကိုလည်း ဖယ်ရှား နိုင်တယ်, ပရိဒေဝကိုလည်း ဖယ်ရှားနိုင်တယ်၊ ဉာတိဗျသန ဆွေတွေမျိုးတွေ ပျက်စီးတယ်၊ ဘောဂဗျသန-စည်းစိမ်ဥစ္စာတွေ ဆုံးရှုံးသွားတယ်၊ ရောဂဗျသန-ရောဂါဝေဒနာတွေ ဖြစ်လာတယ်၊ ကျန်းမာရေး ဆုံးရှုံးသွားတယ်၊ လူတွေမှာ ဗျသနတရား တွေ့ကြုံ လာရင် ပူတယ်၊ အဲဒီအပူတွေ ဖယ်ရှားပစ်ချင်ရင် သတိတရား ကို ဖြစ်ပွားအောင် ကြိုးစားအားထုတ်ရမယ်၊ ဒီလို ဆိုလိုတာ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏

No comments:

Post a Comment