🍁🌷🍁🌷🍁🌷🍁🌷🍁
"ကမ္မဋ္ဌာန်းအလုပ်"-
စတင်လိုက်သည်နှင့် တစ်ပြိုင်နက်-
"စိတ်သည် ပေါက်လွှတ်ပဲစား
နေတတ်ပါကလား"ဟု
အသေအချာ သိရတော့၏။
"ကလေးဆိုး တစ်ယောက်"သည်-
"ကစားစရာအရုပ်"တစ်ခုပြီးတစ်ခု၊
လိုချင် တတ် သကဲ့သို့-
"လူ့စိတ်"ဆိုသည်မှာ-
"အာရုံတစ်ခုခုပေါ်မှာ စွဲမြဲစွာမနေနိုင်ဘဲ
ဟိုရောက်၊သည်ရောက် ပြေးလွှားတတ်သောသဘော"ရှိ၍အမှန်တရားနှင့်ကင်းဝေးလျက်သာ
ရှိတတ်ပေသည်။
ဤသည်မှာ-
"စိတ်၏"ချိုးကပ်နေသော သဘာဝ"ဖြစ်သည်။
ဤ စရိုက် အတိုင်းပင်လျှင်-
လူ့ဘဝ ကို ခြယ်လှယ်လျက် ရှိပေသည်။
သို့ရာတွင်-
"မိမိတို့၏ ပကတိ သဘာဝကို
စူးစမ်းတော့မည်" ဆိုလျှင်
စိတ်၏ ပြေးလွှားလှုပ်ရှားတတ်သော၊
စရိုက်ဆိုး ကို ချိုးနှိမ်မှ ဖြစ်တော့မည်။
အထိန်းအကွပ်ကင်း သော စိတ်၏ စရိုက်ကို
ထိန်းကွပ်ပြီးလျှင် ပကတိသဘာဝ ဆီသို့
ကပ်ရောက် စေရမည် ဖြစ်၏။
"ထိန်းကွပ်ခြင်း"ကို-
"ဝင်လေ/ထွက်လေပေါ်မှာ အာရုံစိုက်ခြင်း"ဖြင့်ပင်
စတင် ရပေသည်။
"စိတ်"သည်-
"ဝင်လေ/ထွက်လေမှ တစ်ပါးသော အာရုံသို့
ပျံ့လွင့်ကြောင်း"သိရှိသည့်အခါ"သတိ"ကပ်၍
"စိတ်ကို အာရုံ"ဆီသို့ ရောက် အောင် ပြန်၍
ဆွဲယူရမည်။
ဤသို့ ပြုလုပ်ရာ၌-
-စိတ်ရှည်ဖို့လိုသည်။
-စိတ်အေးအေးထားရန် လိုပါသည်။
စိတ် က ကိုယ်လိုသည့်အတိုင်း
ထားရာမှာ မနေဘဲ ထပ်၍ လွင့်ပါးပါလိမ့်မည်။
ပြန် ထိန်းထားလိုက်၊
အပြင် ဘက် ထွက်သွားလိုက်နှင့်၊
အကြိမ်ကြိမ်လွင့်ပါးလျက် ရှိစေကာမူ-
-စိတ်ခုခြင်းမရှိ၊
-အပြုံးမပျက် ဆက်၍သာ ထိန်းနေ ရပါမည်။
"စိတ်ပျက်လက်လျော့ခြင်း" မပြုရပါ။
တစ်သက်တာလုံး ပေါက်လွှတ်ပဲစားနေခဲ့သော
ဤ"စိတ်"ကို မိနစ်အနည်းငယ်အတွင်း၊
သေဝပ် အောင် မစွမ်းနိုင်ခြင်းမှာ၊
စိတ်ပျက်စရာမဟုတ်ပါ။
"စိတ်ကို တည်ငြိမ်အောင်ပြုရသော အလုပ်"မှာ
မရပ်မနား ထပ်ကာထပ်ကာ လေ့ကျင့်ယူရသော
သဘောရှိပါသည်။
စိတ်ရှည်မှ ဖြစ်ပါသည်။
စိတ်အေးအေးထားပြီး လုပ်ရပါမည်။
ဤနည်း ဖြင့်ပင် မိမိ၏ အတွင်းသန္တာန်ကို
စစ်မှန်သည့် အတိုင်း သိမြင်နိုင်သည်အထိ
တရားကို ထူထောင်ရပါသည်။
ဤသည်ကား "သမ္မာကမ္မန္တ"ပင်ဖြစ်ပါသည်။
"ဘုရားရှင်"ဟောကြားတော်မူသော-
"သမ္မပ္ပဓာန်(၄)ပါး"တို့မှာ -
"မဖြစ်ပေါ်သေးသော အကုသိုလ်တရားများ"
မဖြစ်ပေါ်စေရန် လုံ့လ စိုက်ထုတ်ရခြင်း။
"ဖြစ်ပေါ်ပြီး အကုသိုလ်တရားများ"ကို
ပယ်စွန့် ရခြင်း။
"ဖြစ်ပေါ်ပြီးသော ကုသိုလ်တရားများ"ကို
ရှင်သန်ပွားများ၍ အစွမ်းကုန်ဖွံ့ဖြိုးစေရန်-
ထိန်းသိမ်းစောက်ရှောက်ရခြင်း တို့ပင်
ဖြစ်ပါသည်။
"အာနာပါနကမ္မဋ္ဌာန်း အလုပ်"သည်-
အထက်ပါ"သမ္မပ္ပဓာန်(၄)ပါးကို တစ်ပြိုင်တည်း
ပွားများ စေသောနည်း ဖြစ်၏။
"ထွက်လေ၊ဝင်လေကိုစူးစိုက်၍ ရှုမှတ်ခြင်း"ဖြင့် "ကုသိုလ်စိတ်"ကို ဖြစ်စေ၍၊
ထိန်းသိမ်းခြင်းကို ပြု၏။
"သိမှတ်စိတ်ကို မလွတ်စေရအောင်
စိတ်ပျံ့လွင့်မှုကို တားဆီးခြင်း"ဖြင့်၊
"အကုသိုလ်တရား"ကို မဖြစ်ပေါ်စေရန် ပြု၏။
"အမှန်တရားမှ ကင်းဝေးစေခြင်း"ကို
ပိတ်ပင်ခြင်းပြု၏။
ပြင်ပအာရုံဝင်လာလျှင်-
"၎င်းအာရုံကို စိတ်တွင်ဝင်စားခွင့်မပြု"ဟူ၍
"ဝင်သက်ထွက်သက်"ဆီသို့သာ-
"စိတ်"ကို ပြန်၍ စွဲမြဲစေ၏။
ဤနည်းအားဖြင့်-
"စိတ်ကို တစ်ခုတည်းသော အာရုံ"ပေါ်မှာသာ
တည်စေ၍ အခြားအာရုံများဆီသို့၊
ပြောင်းရွေ့မသွားအောင် ပြု၏။
"သမာဓိ"ဆိုသည်မှာ-
-"စိတ်၏တည်တံ့မှု"နှင့်
-"မပျံ့လွင့်မှု"တို့ကိုပင် ဆိုလိုပေသည်။ ။
"ကမ္ဘာ့ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာ"
[Mr. Satya Narayan Goenka.]
မှီခိုရာ ကျမ်းကိုး
("The Art Of Living"
S.N Goenka.
"အနေတတ်ပါစေ"။
"ဦးတင်ဦး(မြောင်)" မြန်မာပြန် စာအုပ်။
စာ [၁၁၂/၁၁၃] မှ )
"ဓမ္မပဗ္ဗတ ဝိပဿနာ ရိပ်သာ"
နောင်ဆိုင်ရွာ ။ မူဆယ်- နမ့်ခမ်းမြို့။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာနိုင်ငံ။
No comments:
Post a Comment