စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Sunday, May 31, 2026

ဝေဒနါဧည့်သည်

.   ဝေဒနာဧည့်သည်
     ===========

ဧည့်သည်ကိုအိမ်ရှင်လို့မထင်နဲ့။ 

ဘယ်ဝေဒနာပဲဖြစ်ဖြစ် ဖြစ်ပေါ်လာပြီးရင် ချုပ်ပျောက် သွားကြတာချည်းပဲ။ ဧည့်သည်သဘောသာ ဖြစ်တယ်။

ဒီသဘောကို ကောင်းကောင်းသိဖို့ လိုတယ်။ ခံစားချက် ဝေဒနာတွေကို ဧည့်သည်လို့မသိဘဲ အိမ်ရှင်လို့များ ထင်နေမယ် ဆိုရင်တော့ ဒီဝေဒနာတွေကြောင့် ရာဂ ဒေါသ မောဟတွေဖြစ် လိမ့်မယ်။

သုခဝေဒနာကြောင့် ရာဂဖြစ်မယ်၊ ချမ်းသာရင်စွဲမက်မယ် ပေါ့။ ဒုက္ခဝေဒနာကြောင့် ဒေါသဖြစ်မယ်။ ဆင်းရဲရင်စိတ်တို မယ်ပေါ့။ ဥပေက္ခာဝေဒနာကြောင့် မောဟဖြစ်မယ်။ ဘာဖြစ်လို့ ဖြစ်နေမှန်းကိုမသိလိုက်ဘူးပေါ့ ။

ဒါကတော့ ဝေဒနာတွေကို ဧည့်သည်လို့ မသိရင်ဆက် ဖြစ်လာမယ့် ယေဘုယျသဘောပဲ။ အဲသလိုဆိုရင် ကိလေသာ တွေဖြစ်ပြီး ပူလောင်ရလိမ့်မယ်။ ဒါတင်မကဘူး၊ ကိလေသာတွေ ဖြစ်ရင် ဒုစရိုက်တွေ ပြုမိပြီးတော့ အပါယ်ဘုံလည်း ရောက်သွား နိုင်တယ်။

ဝေဒနာကို ဧည့်သည်လို့မသိလို့ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲတွေက အဲသလိုရှိတယ်။

ဖြစ်တိုင်းဖြစ်တိုင်းသော ဝေဒနာတွေဟာ ချုပ်ပျောက်
သွားကြတာချည်းပဲ ဆိုတဲ့ ဝေဒနာရဲ့ ဧည့်သည်သဘောကိုသာ သိနေမယ်ဆိုရင် ဝေဒနာရဲ့နောက်မှာ ကိလေသာမလာပဲနဲ့ ဝေဒ နာရဲ့နောက်မှာ ဝေဒနာရဲ့သဘောမှန်ကိုသိတဲ့ ပညာဆိုတာ ဖြစ်လာလိမ့်မယ်။

အဲဒီအသိ အဲဒီပညာဟာ အလွန်တန်ဖိုးကြီးတယ်။ အဲဒီ ပညာဟာ သူဖြစ်နေတုန်းမှာလည်း ချမ်းသာစေတယ်။ ငြိမ်းအေး စေတယ်။ သူ့ကိုပွားများမယ်ဆိုရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ် ကိုရစေနိုင်တယ်။

ဒါကြောင့် ဝေဒနာဟာ ဧည့်သည် ဖြစ်တယ်ဆိုတာကို ကောင်းကောင်းသိအောင် ကြိုးစားပြီး အဲဒီအသိကို ပွားများကြ ရမယ်။

မီးရောင်နဲ့အရိပ်

ဒီနေရာမှာ ဝေဒနာဟာ ဧည့်သည်" ဖြစ်တယ်ဆိုတာ ပိုပြီးထင်ရှားစေဖို့ ဥပရိပဏ္ဏာသပါဠိတော် နန္ဒကောဝါဒသုတ္တန် မှာလာတဲ့ ရဟန္တာ ရှင်နန္ဒကမထေရ်က ဘိက္ခုနီမတွေကိုဟောထား တဲ့ ဝေဒနာတွေရဲ့မတည်မြဲပုံ ဥပမာလေးတွေကို ပြောချင်တယ်။

ရှင်နန္ဒကမထေရ်က ဘိက္ခူနီမတွေကို ဒွါရခြောက်ပါး၊ အာရုံခြောက်ပါး၊ ဝိညာဏ်ခြောက်ပါးတို့ရဲ့ မတည်မြဲပုံကိုဟော
ပြီးတဲ့နောက် ဝေဒနာတို့ရဲ့မတည်မြဲပုံကို အခုလိုဟောပါတယ်။

နှမတို့. .ဥပမာတစ်ခုပြောမယ်။ တောက်နေတဲ့ ဆီမီးခွက် လေးတစ်ခုကို ကြည့်ပါ။ ဆီဟာ မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ မီးစာဟာလည်း မမြဲ၊ ဖောက်ပြန်တဲ့သဘော ရှိတယ်။ မီးတောက်ဟာလည်း မမြဲ၊ ဖောက်ပြန်တတ်တဲ့သဘော ရှိတယ်။ အဲသလို ဆီရော,မီးစာရော,မီးတောက်ရော မမြဲကြပါဘဲနဲ့၊ အဲဒါ တွေကြောင့် ဖြစ်လာတဲ့ မီးရောင်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန် ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။

မမြဲတဲ့ဆီ၊ မမြဲတဲ့မီးစာ၊ မမြဲတဲ့မီးတောက် တို့ကြောင့် ဖြစ်ပေါ်လာတဲ့ မီးရောင်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့... ဤဥပမာ အတိုင်းပဲ မျက်စိ,နား,နှာ,လျာ ကိုယ်, စိတ် ဆိုတဲ့ အတွင်းအာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ ဒုက္ခ ဥပေက္ခာဝေဒနာ တွေကို တည်မြဲတယ် လို့ ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အ ကျိုးတရားဟာလည်း မမြဲနိုင်ဘူး။

နှမတို့.. နောက်ထပ် ဥပမာတစ်ခုထပ်ပြောမယ်။ သစ်ပင်ကြီးတစ်ပင်ကို ကြည့်ပါ။
အဲဒီ သစ်ပင်ကြီးရဲ့ အမြစ်ဟာလည်း မမြဲဘူး။ ဖောက် ပြန်တဲ့သဘော ရှိတယ်။ ပင်စည်ဟာလည်း မမြဲဘူး၊ ဖေါက်ပြန် တဲ့သဘောရှိတယ်။ အခက်အရွက်လည်း မမြဲဘူး၊ ဖောက်ပြန်တဲ့ သဘော ရှိတယ်။

အဲသလို အမြစ်ရော ပင်စည်ရော အခက်အရွက်ရော မမြဲကြပဲနဲ့ အဲဒါတွေကြောင့် ဖြစ်လာတဲ့ အရိပ်ကိုကျမှ မြဲတယ်၊ မဖေါက်ပြန်ဘူးလို့ မှတ်ထင်ပြောဆိုလို့ မဖြစ်နိုင်ဘူး။ မမြဲတဲ့ အမြစ်၊ မမြဲတဲ့ပင်စည်၊ မမြဲတဲ့အခက်အရွက် တို့ကြောင့် ဖြစ် ပေါ်လာတဲ့အရိပ်ဟာ မမြဲတဲ့သဘောသာ ဖြစ်တယ်။

နှမတို့..အဲဒီဥပမာအတိုင်းပဲ ရူပါရုံ သဒ်ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ ဓမ္မာရုံဆိုတဲ့ အပြင်အာယတန ခြောက်ပါးဟာ မတည် မြဲတဲ့သဘောရှိတယ်။

အဲဒီ မတည်မြဲတဲ့ သဘောတွေကို အကြောင်းပြုပြီးဖြစ် ပေါ်လာတဲ့ သုခ၊ ဒုက္ခ၊ ဥပေက္ခာဝေဒနာတွေကို တည်မြဲတယ် လို့ပြောလို့မရဘူး။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အကျိုး တရားဟာလည်း မမြဲနိုင်ဘူး

ရှင်နန္ဒကမထေရ်မြတ်ကြီး ဟောကြားခဲ့တဲ့ ဒီဥပမာတွေ ကို အသေအချာ စဉ်းစားဆင်ခြင်ကြည့်ပါ။ အကြောင်းတရားကမှ မမြဲဘူးဆိုရင် အဲဒီ အကြောင်းတရားကြောင့်ဖြစ်လာတဲ့ အကျိုး
တရားဟာ သေချာပေါက် မမြဲတဲ့သဘော ဖြစ်တယ်ဆိုတာကို ပုံ ပေါ်အောင်ပြောထားတာပါ ။

ဒီခန္ဓာကိုယ်ကြီးကလည်း မမြဲဘူး။ ပတ်ဝန်းကျင်မှာဖြစ် နေတဲ့အာရုံတွေကလည်း မမြဲဘူး။ အဲဒါဆိုရင် မမြဲတဲ့ဒီခန္ဓာကိုယ် ကြီးနဲ့ မမြဲတဲ့ဒီအာရုံတွေကို အကြောင်းပြုပြီးဖြစ်လာတဲ့ ဝေဒ နာတွေဟာ သေချာပေါက် မမြဲတဲ့သဘောသာဖြစ်တယ်။

ဝေဒနာတွေဟာ ဒီခန္ဓာကြီးရဲ့ဧည့်သည်တွေသာဖြစ် တယ်။ ဧည့်သည်ဆိုရင်တော့ ဘယ်ဧည့်သည်မှ ထာဝရတည်မ နေဘူး။ ရောက်လိုက် ပျောက်လိုက်၊ ဖြစ်လိုက် ပျက်လိုက်ပဲ။

ဝေဒနာရဲ့နောက်မှာ ကိလေသာမဖြစ်ဘဲနဲ့၊ ဝေဒနာရဲ့ နောက်မှာ ပညာဖြစ်ဖို့အတွက် ဝေဒနာဟာဧည့်သည် ဖြစ်တယ် ဆိုတာကို ကောင်းကောင်းနားလည်ရမယ်။ ဝေဒနာရဲ့ ပျောက် ကွယ် ပျောက်ကွယ်သွားတဲ့သဘောကို သိမှတ်နေရမယ်။

ဒါကတော့ ခန္ဓာဇရပ်ပေါ်မှ ဝေဒနာဧည့်သည်များအ ကြောင်းဖြစ်ပါတယ်။

အရှင်ဉတ္တမ (သစ္စာရွှေစည်)

ဧည့်သည်နှင့်တူသောအရာများ တရားတော်မှ

__________________________
Credit. 

No comments:

Post a Comment