🌸🌸🌿🌸🌸🌿🌸🌸🌿
တီရဏပရိညာ
*************
(ဖြစ်ပျက်ရှုခြင်း၊ အနိစ္စ ဒုက္ခ အနတ္တ
လက္ခဏာရေးသုံးပါးရှုခြင်း)
သစ္စဉာဏ်= သစ္စာကိုသိသောဉာဏ်။ (ဖြစ်ပျက်မြင်လျှင် သစ္စဉာဏ်ရသည်။)
(ဖြစ်ပျက်သည်) ခန္ဓာငါးပါးသည် = ဒုက္ခသစ္စာ၊
တဏှာသည် = သမုဒယသစ္စာ၊ ဖြစ်ပျက် ဒုက္ခချုပ်ရာ နိဗ္ဗာန်သည် = နိရောဓသစ္စာ၊
မဂ္ဂင်(၈)ပါးသည် = မဂ္ဂသစ္စာ။
စိတ္တာနုပဿနာ ရှုပွားနည်း
~~~~~~~~~~~~~~
အပြင်ဧည့်သည်(၅)ယောက်= မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်း စိတ်။
အတွင်းဧည့်သည်(၆)ယောက်= လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊
အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောကြံစည်စိတ်။
အိမ်သည်(၂)ယောက်=
လေကိုထုတ်သောစိတ်၊ လေကိုသွင်းသောစိတ်။
ရှေးဦးစွာ ဝင်လေထွက်လေကို ပုံမှန်ရှူ၍ နှာသီးဝ (သို့) နှုတ်ခမ်းဖျား လေတိုးထိရာ ထိချက်မှာ စိတ်ကိုထား၍ သမာဓိ ထူထောင် ပါ။ စိတ်ကလေး သည်ထားရာ နေရာ၌ ၁၅-မိနစ်၊ နာရီဝက်ခန့် ဘယ်မှမပြေး မရွေ့လျှင် ဝိပဿနာကူးလို့ ရပါပြီ။
စိတ်ကို ပြောင်းရှုပါမည်။ သိလုံးလေး တွေကို ရှုရပါမည်။ သိနေတာ စိတ်ပါ။ ငါသိနေတာ မဟုတ်ပါ။ ဟဒယဝတ္ထုပေါ် ရင်ညွန့်နားလောက်ကနေ မှန်းရှုပါ။ တွေးနေတာ စိတ်ပါ၊ တယောက်ထဲ ဝမ်းထဲက စကား ပြောသလို ဖြစ်နေတာ စိတ်ပါ၊ စိတ်ထဲက ပုံဖော်သလို လုပ်တာ စိတ်ပါ၊ နေရာညွတ်တာ စိတ်ပါ။
လေရှူတာကို သိနေတဲ့စိတ်ကို အိမ်သည် ထား၍ ပေါ်ရာစိတ်ကို ရှိ မရှိ လိုက်ကြည့် ရမည်။ အကဲခတ်ရမည်။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယား နာ ကောင်း စိတ်။ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတော ကြံစည်စိတ်။ ဘာစိတ် ပေါ်ပေါ် ဖြစ်မှန်းသိ ပျက်မှန်း သိအောင်လုပ်ပါ။
ဉာဏ်ရင့်လာလျှင် ဘာစိတ် ဖြစ်ဖြစ် ကိုယ်ကြည့်လိုက်လျှင် သူမရှိတော့၊ အပျက် ချည်း ဆက်တိုက် သိလာမည်။ မရှုနိုင်လောက် အောင် များပြားသော တဖျပ် ဖျပ်နဲ့ ဖြစ်ပျက် နေတာ မြင်လာလျှင် တခုတည်းရဲ့ ဖြစ်ပျက်၊ (ဥပမာ- စိတ်ဆိုရင် စိတ်၊ ဝေဒနာဆိုရင် ဝေဒနာ) တနေရာ တည်းရဲ့ ဖြစ်ပျက်ကို စိုက်ရှုပါ။
မကြာမီ မုန်းဉာဏ်၊ ကိစ္စဉာဏ် တက်လာ လိမ့်မည်။ ဖြစ်ပျက် မြင်လျှင် သစ္စဉာဏ်၊
ကြည့်ရင်းငြီးငွေ့လာမုန်းလာလျှင် ကိစ္စဉာဏ်၊ ပေကြည့်ရင်း ဖြစ်ပျက်ဆုံးသွားလျှင်
ကတဉာဏ်။
ပဟာနပရိညာ
**************
အပျက်ချည်းပဲ ဆက်တိုက် မြင်သော ဘင်္ဂဉာဏ်မှစ၍ မဂ်ဉာဏ်တိုင်အောင်သည် ပဟာနပရိညာ၏ နယ်ပယ်ဖြစ်သည်။
ကိစ္စဉာဏ်
(သူလုပ်တတ်တဲ့ အလုပ် သူ့ကိစ္စကို သိသောဉာဏ်။ကိစ္စ=အလုပ်၊ သိတာ=ဉာဏ်)
ဒုက္ခသစ္စာ- သိရမည် (ပရိညေယျံ)(သိ)
သမုဒယသစ္စာ-ပယ်ရမည်(ပဟာတဗ္ဗံ) (ပယ်)
နိရောဓသစ္စာ- မြက်မောက်ပြုရမည်
(သစ်ဆိကာတဗ်ဗံ)(ဆိုကျ)
မဂ္ဂသစ္စာ- ပွားများရမည် (ဘာဝေတဗ္ဗံ) (ပွား)
သစ္စာလေးပါးတွင် ဒုက္ခသစ္စာကို သိဖို့ အရေးကြီး၏။ ဒုက္ခသစ္စာသိလျှင် မလိုချင်၊ ထို့ကြောင့် သမုဒယသစ္စာ သေ၏။ ဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချ၍ ဒုက္ခ ချုပ်သွားလျှင် နိရောဓသစ္စာ၊ ဖြစ်ပျက် ဒုက္ခ သိအောင် အကြိမ်ကြိမ် ပွားနေရခြင်းသည် မဂ္ဂသစ္စာ။
ဒုက္ခသစ္စာ= ဆင်းရဲတာအမှန် (ဝါ) စက်ဆုပ်စရာ အသုံးမကျတာ အမှန်။
( ဒု= စက်ဆုပ်စရာ၊ ခ= အသုံးမကျတာ၊ သစ္စာ= အမှန်။)
သစ္စာအနက်(၁၆)ချက်မှာ ဒုက္ခသစ္စာ၏ အနက်လေးချက် (ကိစ္စဉာဏ်) ဖြစ် ပျက် မုန်းဉာဏ် ရောက်နေချိန်၌ အောက်ပါ သဘောများ ထင်မြင်လာသည်။
၁= ပီဠနဋ္ဌော
ဖြစ်ပျက်သည် နှိပ်စက်နေသည်။ ခန္ဓာသည် အနှိပ်စက်ခံနေရသည်။
(သတ္တဝါကို ညှာတာမဖက် အမြဲနှိပ်စက်သော အနက်သဘော။)
၂= သင်္ခတဋ္ဌော
ဖြစ်ပျက်သည် တဏှာ ပြုပြင်ရာကို အမြဲ ခံနေရသည်။
(တဏှာယောက်ျား လက်သမား၏ ဆိုးဝါး ယုတ်မာပြုပြင်ရာကို ရံခါမသွေ အမြဲခံနေရ သော အနက်သဘော)
၃= သန္တာပဋ္ဌော
ဖြစ်ပျက်သည် ကိလေသာမီး ဒုက္ခမီးဖြင့် အလောင်ခံနေရသည်။
(ကိလေသာမီး ဒုက္ခမီးဖြင့် ငြီးငြီးတောက်
ပြောင် အမြဲလောင်နေသော အနက်သဘော)
၄= ဝိပရိဏာမဋ္ဌော ဖြစ်ပျက်သည် ဖောက်ပြန် ပျက်စီးနေသည်။
(နဂိုခန့်ခိုင် မတည်နိုင်ဘဲ ယိမ်းယိုင် ဖောက် လွဲ ပြိုကွဲပျက်စီးခြင်း အနက်သဘော)
ဒုက္ခသစ္စာ ဉာဏ်၌ ထင်ပုံ မြင်ပုံ
(သစ္စာ ဆိုက်ပုံ) (ကတဉာဏ်)
(မိုးကုတ်ဆရာတော် (၅-၁-၅၉))
ဉာဏ်ထဲမှာ နှလုံးသွင်းတိုင်း သွင်းတိုင်း ကတဉာဏ် ရောက်ခါနီး လာပြီ ဆိုမှဖြင့် ဘာရှုရှု။ ပုဂ္ဂိုလ် သတ္တဝါတွေ အကုန်ပျောက်ပြီး ဒုက္ခစက်ကြီး လည်နေတာ တစ်ခုတည်းသာ ကိုယ့်ဉာဏ်ထဲ တွေ့နေတာပဲ။
မြင်းရုပ်တွေ ဆင်ရုပ်တွေလို လည်တဲ့ အလည်မျိုးတော့ မဟုတ် ပါဘူး။ ဒီရှေ့မှာပဲ ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန် လည်း ဖြစ်လိုက် ချုပ်လိုက်၊ နောက်တစ်ခါ လာပြန်လည်း ဖြစ်လိုက် ချုပ်လိုက်။
ကတဉာဏ် လာတော့မယ်ဆို ဒါချည်း ဆက်တွေ့ တော့တာ။ စက်ယန္တရား ၊ ရဟတ်ချားသို့၊ မနားမရပ်၊ ပတ်ပတ်ထွေရီ ဒုက္ခတရားကြီး လည်နေပါသည်ဟု ဉာဏ်ထဲ မှာ ထင်လာတယ်။
ဒုက္ခတွေ လည်ပတ် နေတာသာ ထင်လာတယ်။ နောက်တစ်ခု လာလည်း ဒုက္ခပဲ၊ ချုပ်သွားတာ လည်း ဒုက္ခပဲ၊ တွေ့ရတာ လည်း ဒုက္ခပဲ ဘာမှ မလှည့်တော့ဘူး ဒုက္ခ လည်နေတာပဲ တွေ့တယ်။
လည်နေတဲ့ ဒီဒုက္ခကြီးဟာဖြင့် ဘဝများစွာ သံသရာကလည်း မတွေ့ဖူးဘူး၊ ခုမှကိုယ့်ခန္ဓာ ဒုက္ခစက်ကြီး လည်နေတာကို ကိုယ့်ကိုယ်တိုင် သိရတဲ့အတွက်။ ဒီဒုက္ခကြီးနဲ့ ဖြင့် ကြုံလည်း မကြုံချင်ပါဘူး၊ ဆုံလည်းမဆုံချင်ပါဘူး၊ ဒါဒုက္ခ အစစ်ပဲလို့ ဆုံးဖြတ်ချက် ချလိုက်သည် နှင့် တစ်ပြိုင်နက်တည်း ဖျတ်ဆို ခုနကလည်နေတဲ့ ဒုက္ခကြီးက ဉာဏ်အောက်မှာပင် ပျောက်ထွက် သွားတယ်။
သူလည်း ပျောက်သွားရော ဉာဏ်ထဲမှာ ဘယ့်နှယ့် ဖြစ်လာတုံး။ အင်း ဒီဥစ္စာ ဒုက္ခ မရှိတဲ့နေရာ ဒီနေရာကိုး ဆိုတာ တစ်ခါတည်း ဉာဏ်က စိုက်သွားတယ်။
မှတ်ချက်။ ။ဒုက္ခပဲရှိတယ် ဒါဒုက္ခအစစ်ပဲလို့ ဆုံးဖြတ်ချက်ချတာ ပဋိဝေဓဉာဏ် ဖြစ်သည်။ ဒုက္ခသစ္စာကို ပိုင်းခြား လိုက်ခြင်း ဖြစ်သည်။ ကိုယ်တိုင် ထိုးထွင်းသိပြီး ပေါ်လာ သည့် ဉာဏ် ဖြစ်သည်။
ဆရာသမားပြောတာ အစဉ်လျှောက်ပြီး သိတာ အနုဗောဓဉာဏ်၊
ကိုယ်တိုင်ဆုံးဖြတ်ချက် ချပြီးသိတာ ပဋိဝေဓဉာဏ်။
ကတဉာဏ် (ပြီးပြီလို့သိတဲ့ဉာဏ်) = (မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စဝေက္ခဏာဉာဏ်)
(ဖြစ်ပျက်ချုပ်သွားတာ) ဒုက္ခဆုံးသွားတာလည်း မြင်ရမယ်၊
နိရောဓပေါ်လာတာလည်း မြင်ရမယ်။ နှစ်ချက်မြင်ရမယ်။ မဂ်အမြင်က နှစ်ချက်။
သောတာပန်စိတ်ထား အင်္ဂါ (၇)ပါး
~~~~~~~~~~~~~~~~~~
ဖြစ်ကြောတို၊ ငြိမ်းလိုစိတ်၊ ထွက်ရပ်ကင်း၊ ချက်ချင်းကု၊ ပျက်မှာစိုး
တိုး၍စိုက်၊ လှိုက်လှိုက်ဖို၊ ကြည်ညို ခုနှစ်တန်၊ သောတာပန်။ (ဦးဃောသိတ)
၁။ လောဘ၊ ဒေါသ၊ မောဟ ပုထုဇဉ် ကတော့ ဖြစ်ကြောရှည်တယ်၊ သောတာပန် ကတော့ ဖြစ်ကြောတိုတယ်။
၂။ လောဘ၊ ဒေါသ၊ မောဟ ပေါ်တာ
ချက်ချင်းသိလို့ သိသည်နှင့်တစ်ပြိုင်နက်တည်း၊ ငြိမ်းအေးအောင် လုပ်နိုင်ခြင်းသည်၊ သောတာပန် တို့ ၏ အသိ။
၃။ ဘုရားသာသနာတော်မှ တစ်ပါး အခြားသော သာသနာမှာ ထွက်ရပ်လမ်း မရှိဘူးလို့ သိနေတဲ့ အသိ ဟာလည်း သောတာပန် တို့ ၏အသိ။
၄။ ကိုယ့်မှာ ကျူးလွန်ထားတဲ့ အပြစ်ကလေးတွေ ရှိနေတယ်၊ ချက်ချင်းပဲ ကုသချင်တဲ့ သဘော၊ မှားတဲ့ဥစ္စာ ချက်ချင်း ပြေအောင် လုပ်ချင်တဲ့စိတ် တစ်ခါ တည်း ပေါ်လာတယ်။
၅။ ကိစ္စကြီးငယ် ရှိလို့ သူတစ်ပါး အတွက် လိုက်ရငြား သော်လည်း၊ သီလ၊ သမာဓိ၊ ပညာ အပျက်မခံဘဲနဲ့ လိုက်ခြင်းသည် သောတာပန် တို့ ၏ စိတ်ဓာတ် အသိ။
၆။ မြတ်စွာဘုရား တရားတော်တွေကို ဟောနေလို့ ရှိရင် အနက် အဓိပ္ပါယ်သိပြီး
အာရုံတစ်ပါးစိတ် မသွားဘဲနဲ့ စိုက်၍ နာနေနိုင်ခြင်း သည် သောတာပန် တို့၏ တရားနာမှု။
၇။ အဲဒီလို ခန္ဓာဉာဏ်ရောက်တဲ့ တရားတွေ နာရတော့ ဝမ်းမြောက်လို့မဆုံးဘဲ၊ ကြည်ညိုလို့ မပြီး ကျေးဇူးတင်လို့ မပြီး၊ ဖြစ်နေ တာလည်း သောတာပန် တို့၏ စိတ်ထား။
သောတာပန်၏ အမြင် (၄)မျိုး
~~~~~~~~~~~~~~~~
(၁) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်ဆိုတဲ့- ယုံမှားခြင်းကို လွန်မြောက်ရမယ်၊ (တိဏ္ဏဝိစိကိစ္ဆော)။
(၂) ပုဂ္ဂိုလ်သတ္တဝါ ရှိတယ်လို့ တွေးတောခြင်းလဲ ကင်း ရမယ်၊ (ဝိကတကထံကထော)။
(၃) ပုဂ္ဂိုလ် သတ္တဝါ လုံးဝ မရှိဘူးလို့ ရဲရဲတင်းတင်းလဲ ဆုံးဖြတ်ချက် ချရမယ်၊
(ဝေသာရဇ္ဇပတ္တော)။
(၄) ပုဂ္ဂိုလ် သတ္တဝါ မရှိတာသည် သူတစ်ပါး ပြောသံကြားနဲ့ မရှိတာ မဟုတ်ဘူး၊ ကိုယ် ကိုယ်တိုင် သိပြီး မရှိတာလို့ လဲ ဆုံးဖြတ်ချက် ချနိုင်ရမယ်။ (အပရပစ္စယော)။
မဂ်စစ် မစစ် ဖိုလ်နဲ့ညှိ (ဖလသမာပတ်)
~~~~~~~~~~~~~~~~~~~~
ဖြစ်ပျက်ချုပ်ရာကို မျက်မောက် ပြုဖူးခဲ့သည် ရှိသော် နောက်တကြိမ် တရားထိုင်ရာ၌ အရင်က မြင်ခဲ့သည့် တရားသည် နိဗ္ဗာန် အစစ် ဖြစ်ခဲ့လျှင် (၁၅)မိနစ် ဝင်စား ရပါလို၏ နာရီဝက် ဝင်စား ရပါလို၏ စသည်ဖြင့် အဓိဋ္ဌာန် တင်၍ ထိုင်ပါ။ အစစ် ဖြစ်ခဲ့သော် အဲ့ဒီနေရာ ပြန်ရောက် သွားလိမ့်မည်။ အစ၌ အချိန်အကြာကြီး ရချင်မှ ရမည်။ နောက်ပိုင်း နာရီ တိုးသွားပါ။ သမာပတ်ဝင်စားချိန်၌ နိဗ္ဗာန်ကို အာရုံပြုတာ ဖြစ်လို့ လောကီသိစိတ် မရှိပါ။ ဣရိယာပုထ် ခိုင်ခံပါသည်။
မိုးကုတ်ဆရာတော်ကြီး၏ လင်္ကာဆောင်ပုဒ်များ
ခန္ဓာငါးပါး
***********
ဖောက်ပြန် ခံစား၊ မှတ်သား ပြုပြင်၊ သိ ဝိညာဏ်၊ ငါးအင် ခန္ဓာမှတ်။
သောတာပန်တည်ကြောင်းအင်္ဂါ(၄)ပါး
**********((()))********
သူတော်ဆည်းကပ်၊ မြတ်တရား နာ၊ လျှော်စွာ အကျင့်၊ မဂ်ဖိုလ်ခွင့်၊ ရလင့် ဧကန်သာ။
ပဓါနိယင်္ဂတရား(၅)ပါး
**********************
ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့် စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နှင့် ရုပ်ကို၊ ဖြစ်ချုပ် ဉာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ်ရကြောင်း။
ယောဂီကျင့်ဝတ်(၆)ပါး
**********************
အမှုမများ၊ စကားသိမ်းဆည်း၊ စောင့်စည်း ဣနြေ္ဒ၊ အိပ်နေ နိုးကြား၊ အစား မကြီး၊ တစ်ယောက် တည်းနေ၊ ဤခြောက်ထွေ ကျင့်လေ ယောဂီမှတ်။
သစ္စာလေးပါး
***************
၁။ ဖြစ်ပျက်သမျှ၊ သင်္ခါရ၊ ဒုက္ခသစ္စာမှတ်။
၂။ ဖြစ်ပျက်မှုတွင်၊ ငါကောင်ထင်၊ ခင်မင် သမုဒယမှတ်။
၃။ ရုပ်နာမ် အားလုံး၊ ဖြစ်ပျက်သုဉ်း၊ ချုပ်ဆုံး နိဗ္ဗာန်မှတ်။
၄။ ချုပ်ဆုံးမှုတွင်၊ ဉာဏ်သက်ဝင်၊ သိ မြင် မဂ် ဟုမှတ်။
မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားသောတရားတော်များနှင့် မူရင်း ပါဠိတော်များမှ အဓိက ကောက်နှုတ်ထားပါသည်။ အမှားတွေ့မြင်က ပညာရှင်များ ပြင်ဆင်ဖတ်ရှုပါရန်။
သာဓု သာဓု သာဓု
Crd ::: Ven Gandhamar
မေတ္တာဖြင့်ကူးယူဖော်ပြသည်
* ရိုသေစွာဦးတင်ပါတယ်အရှင်သူမြတ်ဘုရား *
No comments:
Post a Comment