" မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည် "
မူလတန်း ကလေးဘဝတုံးက ဘာမသိညာမသိ အားရပါးရ အော်ဆိုခဲ့ဘူးတဲ့ ကျောင်းကောင်စီ သီချင်းထဲက စာကလေးတစ်ကြောင်းကိုပဲ ခေါင်းစဉ် တတ်လိုက်ချင်ပါတယ်။ ဘာပဲပြောပြော ဒီစကားလုံးလေးကို မိမိတို့ စိတ်ထဲမှာ အခုအချိန်အထိ မမေ့နိုင်လောက်အောင် သညာနဲ့စွဲခဲ့ပါတယ်။ ဒီစကားလေးရဲ့ကျေးဇူးပြုမှုကြောင့် ကိုယ့်ကိုယ်ကို ကောင်းအောင်နေရမယ်ဆိုတဲ့စိတ်က လေးတစ်ချက် ဖြစ်ရင်း အချိန်ကာလ ကြာရှည်စွာပဲဖြစ်ဖြစ်၊ အခိုက်အတန့် ကလေးဖြစ်ဖြစ်၊ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားပြီး နေနိုင်ခဲ့ တာတွေလည်း ရှိနိုင်ပါတယ်။ အချိန်ပြည့်မဟုတ် တောင် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားဖို့လိုတယ်ဆိုတဲ့ အတွေးနဲ့ အကောင်းဖက်ကို သွားလို ရောက်လိုတဲ့ စိတ်အခြေခံကောင်း ကလေးတစ်ခုတော့ စိတ်ထဲမှာ သန္ဓေတည်နိုင်ခဲ့ကြမှာပါ။
ခက်တာက အသက်ကြီးလာတာနဲ့အမျှ တစ်ရိပ်ရိပ် တိုးပွားလာတဲ့ ကိလေသာပါ။ လိုချင်စရာ ဖြစ်ချင်စရာတွေ အပြိုင်အဆိုင်တွေ များလှတဲ့ လောကကြီးထဲက လက်လှမ်းမီသလောက် ကိုယ်ရယူ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားရင်းနဲ့ တဖြည်းဖြည်းနဲ့ ကိုယ်သတိမထားမိ လောက်အောင် ကိုယ့်သန္တာန်မှာ လောဘ ဒေါသ မာန်မာန ဣသာ မစ္ဆရိယတွေ တိုးတိုးလာတဲ့ အဖြစ်ပါပဲ။ အဲဒီလို အသက်ကလေး ရလာတာနဲ့ အမျှ တိုးပွားချင်တိုင်း တိုးပွားလာတဲ့ ကိလေသာ တွေဟာ မိမိကိုယ်ကို ကောင်းအောင် ကြီုးစားမယ် ဆိုတဲ့ စိတ်အခြေခံကောင်းလေးကို အားအင် ချိနဲ့စေပါတယ်။ အကောင်းဖက်ကိုသွားလိုတဲ့ စိတ်ထားလေးကို ယိမ်းယိုင်စေပါတယ်။ အခန့်မသင့်ရင် မိမိကိုယ်ကို ကောင်းအောင်နေဖို့ စိတ်ကူးတွေ ပျောက်ဆုံးသွားတဲ့သူ တစ်ယောက် လည်း ဖြစ်သွားနိုင်ပါတယ်။
မိမိအနေနဲ့ပြောရရင်တော့ ကောင်းအောင်နေလိုက် မနေလိုက်ပါပဲ။ စိတ်ကောင်းလေး ဝင်တဲ့အချိန်မှာ ကောင်းလိုက်၊ စိတ်ကောင်းလေးမရှိတဲ့အချိန်မှာ မကောင်းလိုက်ပဲပေါ့။ ကိုယ်လိုချင်ဖြစ်ချင်တာတွေ ရလာဖြစ်လာတဲ့အခါ ကောင်းနေပေမဲ့၊ လိုချင်တာတွေမရတဲ့အခါ၊ ဖြစ်ချင်သလိုတွေ မဖြစ်တဲ့အခါကျတော့ စိတ်ကောင်းတွေ ပျောက်ကွယ်သွားတော့ တာပါပဲ။
တရားနယ်မှာပြောနေကြတဲ့စကားနဲ့ဆိုရင် အာရုံ ကောင်းရင် စိတ်ကောင်းပေမဲ့၊ အာရုံမကောင်း ရင်တော့ စိတ်မကောင်းတဲ့ သူပဲပေါ့။ ငယ်ငယ်ထဲကအလွတ်ရလာခဲ့တဲ့ ဒီစကားလေး တစ်ခွန်းကို အသက်လေးဆယ်ကျော်တဲ့အထိ "ငါတော့ကိုယ့်ကိုယ်ကို ကောင်းအောင် ကြိုးစားတော့မယ်" ဆိုပြီးဆုံးဖြတ်ချက်ချပြီး မကျင့်နိုင်ခဲ့ပါဘူး။ မိမိမှာသူတော်ကောင်းစိတ်ဓာတ် အခံအားနည်း တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လူအများစုဟာ သူများကိုသာ ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါဆိုပြီး အလွယ်တကူ ပြုပြင်ချင်ကြ ပါတယ်။ကိုယ့်ကိုယ်ကိုပြုပြင်ဖို့တော့ စိတ်ကို မဝင်စား ကြပါဘူး။ မာနနဲ့ဘဝင်မြင့်တတ်တဲ့စိတ်ဟာ အဲဒီစိတ်ရှိတဲ့ လူတစ်ယောက်ကို မိမိကိုယ်ကိုပြုပြင်ဖို့ အမေ့ကြီး မေ့လျော့စေပါတယ်။ ဝန်လေးစေပါတယ်။
အမြဲတမ်း ကိုယ့်ကိုယ်ကို အမှန်လို့သာ သာသာထိုးထိုး ယူဆတတ်ပါတယ်။ ပြဿနာတစ်ခုခုဖြစ်လာတိုင်း ကိုယ့်အမှားကို ရိုးသားစွာ ဝန်ခံနိုင်တဲ့စိတ်ထားရှိသူတွေ ရှိနိုင်ပေမဲ့ ပမာဏအားဖြင့် အလွန်နည်းပါလှပါတယ်။ ကိုယ့်အပြစ်ကို ဝန်ခံဖို့ဆိုတာကို ကိုယ့်ကိလေသာ က ခွင်မပြုနိုင်တာမို့ ခေါင်းမာစွာနဲ့ တစ်ငါထဲငါ နေတော့တာပါပဲ။
ဒီလိုသာ တဏှာ မာန ဒိဋ္ဌိ တွေနဲ့ ထင်ချင်သလို ထင်ရင်း အချိန်တွေ ကုန်ဆုံးသွားမယ် ဆိုရင်တော့ အဲဒီစိတ်တွေကပဲ သူ့ကိုအဖန်ဖန် သေစေပါလိမ့် မယ်။
အချိန်မနှောင်းခင် မိမိကိုယ်ကိုပြုပြင်ဖို့ဆိုတာ ပြုပြင်လိုစိတ် ရှိသူတွေအတွက်တော့ အလွန် ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ။
ဒီတခါတော့ ကိုယ့်ကိုယ်ကို တကယ် ကောင်းအောင်ပြင်ဖို့ အလှည့် ရောက်လာပါပြီ။ တကယ်ကောင်းလာအောင် ကြိုးစားပြီးပြုပြင် ကြရတော့မှာပါ။ ဘယ်သူ့မှာမှ အချိန်များစွာ မကျန်တော့ပါဘူး။
တရားအလုပ်လုပ်နိုင်အောင် တောထွက်ဖို့ လောကီကိစ္စတွေကို အကုန်စွန်ဖို့၊ သံယောဇဉ် တွယ်တာစရာတွေကို ဖြတ်ထားခဲ့ဖို့၊ မဖြစ်မနေ လိုအပ်တယ်လို့ မိမိဘယ်သောအခါမှ တိုက်တွန်းမှာ မဟုတ်ပါဘူး။ ဒါတွေကိုမစွန့်ရင် တရားအားထုတ်လို့ မရဘူးလို့ ဘုရားရှင်လည်း မဟောခဲ့ပါဘူး။ လောကထဲမှာနေထိုင်
အသက်ရှင်ရင်းနဲ့ မိမိကိုယ်ကို ကောင်းအောင် ကြိုးစားဖို့သာ အားပေးချင် ပါတယ်။
ဓမ္မဒူတဆရာတော်ဘုရားကြီးဟာ သူ့ဒကာ ဒကာမ တွေကို "လူကောင်း"ဆိုတဲ့သီလလုံသူတွေ ဖြစ်အောင် ကြိုးစားဖို့။ "စိတ်ကောင်း"ဆိုတဲ့ သမာဓိနဲ့ ပြည့်စုံတဲ့သူတွေ ဖြစ်အောင်ကြိုးစားဖို့။ "ဥာဏ်ကောင်း"ဆိုတဲ့ ပညာနဲ့ပြည့်စုံအောင် ကြိုးစားဖို့ ဆုံးမတော်မူခဲ့ပါတယ်။
အဲဒီအဆုံးအမ အတိုင်း မိမိနဲ့တကွ ဓမ္မမိတ်ဆွေ အားလုံးကို လူကောင် စိတ်ကောင်း ဥာဏ်ကောင်း ဆိုတဲ့ အရည်အသွေးတွေနဲ့ ပြည့်စုံစေချင်ပါတယ်။
အဲဒီလိုပြည့်စုံနိုင်ဖို့ မိမိရဲ့ကာယကံ၊ဝစီကံ၊မနောကံ တွေကို ဒီနေ့ကစလို့ ကောင်းအောင်ကြိုးစားမယ် ဆိုပြီး စိတ်ထဲကခိုင်မာစွာ ဆုံးဖြတ်ချက်ချထား စေလိုပါတယ်။ ဒီနေ့ကစလို့ သီလလုံ စိတ်ကောင်းရှိ သတိနဲ့နေတဲ့ အကျင့်တွေကို ကြိုးစားပြီးကျင့်မယ်ဆိုပြီး စိတ်ထဲမှာ ပိုင်းဖြတ် ထားစေချင်ပါတယ်။
အဲဒီအချက်ဟာ အလွန်အရေးကြီးပါတယ်။ မြင့်မြတ်လှတဲ့ တရားတွေကိုကျင့်ကြံ အားထုတ်တဲ့ နေရာမှာ အရင်ဆုံး "ငါတကယ် ကြိုးစား အားထုတ်မယ်" ဆိုတဲ့ စိတ်ဆန္ဒတွေ အားကောင်းစွာနဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက် တစ်ခုကိုတော့ ခိုင်မာစွာ တည်ဆောက်ထားဖို့ လိုပါတယ်။ အဲဒီလို ဆုံးဖြတ်မထားနိုင်တဲ့ အခါူသူသူကိုယ်ကိုယ် လျှော့တဲ့ပေါ့တဲ့စိတ်တွေ ဝင်လာပြီး အားထုတ်မှုတွေ လျော့ရဲတတ်ပါတယ်။ တရားအားထုတ်သူအများစုမှာ တရားအားထုတ်ကြတယ်ဆိုပေမဲ့ ထိုက်သင့်တဲ့ ကိလေသာတွေမလျောပါးပဲ စစ်မှန်တဲ့ တိုးတက်မှုတွေ မရရှိပဲ ဒုံရင်းဒုံရင်းတွေ ဖြစ်နေရတာဟာ အဲဒီအချက်ကြောင့်လည်း ပါပါတယ်။
အချိန်မနှောင်းခင် မိမိကိုယ်ကို တကယ် ကောင်းအောင် ပြုပြင်နိုင်ဖို့အတွက် မိမိရဲ့ကာယကံ၊ဝစီကံ၊ မနောကံတွေ တစ်နေ့ ထက်တစ်နေ့ ကောင်းသည်ထက် ကောင်းအောင်တော့ ကျင့်ကိုကျင့်ရမှာပါ။
သီလ၊သမာဓိ၊ပညာ၊အကျင့်တွေကို မဖြစ်မနေ ကျင့်ကိုကျင့်ရမှာပါ။ မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမတဲ့ အလုပ်ကို စွဲမြဲစွာ လုပ်ကိုလုပ်ရမှာပါ။
ဒါဟာဘုရားဟောတဲ့အတိုင်း၊ နည်းလမ်းမှန်တဲ့ ဆရာသမားတွေ ဆုံးမတဲ့အတိုင်း တရားကျင့်နေ တာပါပဲ။ တရားအားထုတ်တဲ့ အလုပ် လုပ်နေတာပါပဲ။ တကယ်သာလေ့လာ အားထုတ်သွားမယ်ဆိုရင် အားထုတ်သလောက် ထိုက်သင့်တဲ့ အကျိးကျေးဇူးတွေကို ရရှိလာမှာပါပဲ။
မိမိရဲ့တစ်နေ့ထက်တစ်နေ့ တိုးတက်ကောင်းမွန် လာတဲ့ ကာယကံ၊ဝစီကံ၊မနောကံ တွေဟာ မိမိသန္တာန်မှာ တရားရှိလာတဲ့ ပုံရိပ်တွေပါပဲ။ မိမိရဲ့တစ်နေ့ထက်တစ်နေ့တိုးတက်လာတဲ့ ကိုယ်ကျင့် သီလတွေ၊ အရည်အသွေးကောင်းတဲ့ စိတ်ထားတွေ၊ ရင့်ကျက်မြင့်မြတ်လာတဲ့ စိတ်အရည် အသွေးတွေဟာ မိမိတရားနဲ့ ပိုပိုနီးလာပြီဆိုတဲ့ လက္ခဏာတွေပါပဲ။ မိမိရဲ့တစ်နေ့ထက်တစ်နေ့ နည်းပါးသွားတဲ့ ကိလေသာတွေဟာ မိမိအားထုတ်တဲ့ တရားလမ်းကြောင်းမှန်တယ်ဆိုတာ သက်သေပြနေပါတယ်။ တရားအားထုတ်နေပါတယ် ဆိုပေမဲ့ မိမိရဲ့ ကာယကံ ဝစီကံ မနောကံတွေ အရင်ကထက် တိုးတက်ကောင်းမွန် မလာသေးဘူး ဆိုရင်တော့ ပြတ်ပြတ်သားသား မဟုတ်သေးဘူး လို့သာ နားလည်ရတော့မှာပါ။ ဒီအချိန် ဒီနေရာမှာတော့ ဟိုဆင်ခြေ ဒီဆင်ခြေတွေပေးရင်း မရိုးဖြောင့်စွာ ကိုယ့်ကိုယ်ကို ကာကွယ်နေဖို့ မသင့်တော့ပါဘူး။
ဒါဟာ ဘုရားရှင်ဟောကြားခဲ့တဲ့ အခိုင်မာဆုံး ပေတံတစ်ခုပါပဲ။
ဒီလိုနဲ့ပဲ အချိန်တိုင်း အချိန်တိုင်း မိမိကိုယ်ကို ကောင်းအောင် တစ်သက်လုံး ပြုပြင်သွားရ မှာပါ။တစ်နေ့ထက် တစ်နေ့ မြင့်မြတ်တဲ့ဘက်ဆီကို မရပ်မနား သွားနေရမှာပါ။ အဖန်ဖန် အထပ်ထပ် သေရမဲ့ ဘဝကလွတ်ဖို့ ဒီလမ်းမှ တစ်ပါး တခြားလမ်း မရှိပါဘူး။ ပန်းတိုင်ကရှိနေပြီးသားပါ။
လမ်းမှန်ဖို့၊ အားထုတ်ဖို့၊ မလျှော့ဖို့၊ မပေါ့ဖို့၊ တကယ်ကြိုးစားဖို့သာ အရေးကြီးပါတယ်။
မေတ္တာဖြင့်
photo credit - ဓမ္မဒူတ ဆရာတော် ဒေါက်တာပညိဿရ
No comments:
Post a Comment