စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, September 15, 2016

သိင်္ဂါလောဝါဒသုတ်

ညောင်ပင်အိုင်တောရဆရာတော်၏ တစ်ဘ၀သာသနာ

သိင်္ဂါလောဝါဒသုတ် (လူ့ကျင့်ဝတ်)

သိင်္ဂါလောဝါဒသုတ်

လယ်တီ ဆရာတော် ဘုရားကြီး၏ "သုကုမာရမဂ္ဂဒီပနီ" မှထုတ်နှုတ်ထားသည်။

သဗ္ဗညု မြတ်စွာဘုရားသည် တရံရောအခါ ရာဇဂြိုဟ်ပြည် ဝေဠုဝန် ကျောင်း၌ ကိန်းအောင်း စံမ္ပယ် တော်မူသော အချိန်- သိင်္ဂါလ အမည်ရှိ သော သူကြွယ်သားကို ဤသို့ ဟော်တော်မူ၏။

"သိင်္ဂါလသူကြွယ်သား-အရပ်ဒိသာ ၆-မျက်နှာတို့ကိုရိုသေစွာစိတ်စွဲ၍အမြဲရှိခိုးရစ်လောဟု အဆုံးစွန် စကား သင့်အဖမှာကြားသောအရာသည် ရှေ့,နောက်,တောင်,မြောက်,အောက်,အထက်ဟူသော အရပ်ဒိ သာ ၆-မျက်နှာတို့ကို မှာကြားလိုသည်မဟုတ်၊ ငါဘုရား၏သာသနာမှာလည်း အရပ်ဒိသာ၆-မျက်နှာရှိသည်၊ ထိုအရပ်ဒိသာ ၆-မျက်နှာတို့ကို ရိုသေစွာစိတ်စွဲ၍ အမြဲရှိခိုးရမည်- ဆိုသည်မှာလည်း လက်အုပ်ချီမိုး၍ရှိ ခိုးသည်ကို မှာဆိုခဲသည် မဟုတ်" ဟု မိန့်တော်မူလေ သည်။

ထိုနောက် အိမ်၌နေသူလူ,ဂဟဋ္ဌအပေါင်းတို့အား လူကောင်းစင်စစ် ဖစ်ဖို့အမှန်ကြဉ်ရှောင်ရန်တရား တစ်ဆယ့်လေးပါးတို့နှင့်တကွ သူကြွယ်သားအား ဆက်လက်ထုတ်ဖော်ဟောကြားတော်မူပေသတည်း။(အမိ ,အဖ-စသည်တို့ကိုအရပ်ဒိသာ၆-မျက်နှာဆိုသည့် အမိဝတ်၊အဖဝတ် စသည်ကို နေရာတကျပြုမူသည်အရပ် ဒိသာ ၆-မျက်နှာကို ရှိခိုးခြင်းမည်၏။ ဟုအကျင်းမှတ်ကြ)

[ဥဒ္ဒေသသံပေါက်- ၁၁]

ရှောင်ကြင်ရမည့် ကမ္မကိလေသာ တရား-၄-ပါး အကျဉ်း

၁။.  သက်သတ်, ခိုးဝှက်၊ အိမ်ရာဖျက်၊ နှုတ်ထွက် မမှန်ငြား။

၂။.  အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

(အဓိပ္ပါယ် ၁+၂)

(၁)-   ပါဏာတိပါတ။ ။ သန်းဥ, ကြမ်းပိုးဥ-မှ စ၍ အသက်ရှိသူ လူ, တိရစ္ဆာန်သတ္တဝါ မှန်သမျှကို သတ်ဖြတ် ညှဉ်းဆဲခြင်း တစ်ပါး။

(၂)-   အဒိန္နာဒါန      ။  ။သူတပါးတို့ ပိုင်ဆိုင်သော ဥစ္စာကို အနိုင်အထက် နှိပ်စက်ခြိမ်း ခြောက် တောင်းရမ်း ခွဲခန့်၍ယူခြင်း, အမျိုးမျိုးသော လိမ်လည် နည်းတို့ဖြင့် လိမ်လည် ၍ယူခြင်း,အမျိုးမျိုးသောစဉ်းလဲ နည်းတို့ဖြင့် စဉ်းလဲ ၍ ယူခြင်း တစ်ပါး။

(၃)-   ကာမေသုမိစ္ဆာစာရာ။  ။ယောကျာ်းတို့မှာ မလွန်ကျူးအပ်သော နှစ် ကျိတ်သော မိန်းမတို့၌ ကျူးလွန်ခြင်း၊ လင်ရှိသော မိန်းမတို့မှာ မိမိ လင်မှ တပါးသော ယောကျာင်္း များနှင့် ပေါင်းဖေါ်ခြင်း တစ်ပါး။

(၄)-   မုသာဝါဒ။  ။မဟုတ်မမှန်သော စကားကို ပြောဆိုခြင်း တစ်ပါး။ ဤ ၄-ပါးတို့ကို လောက၌ လူဆိုး,လူညစ် တို့ပြုကြသောအမှုမျိုးဖြစ်သည်။ လူဖြစ်သောသူသည်လူဆိုး ,လူညစ် မဖြစ်ရအောင် ဤတရား ၄-ပါးတို့မှ အသက်ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်- ဟူ၍ ဟောတော် မူ၏။

အဂတိတရား-၄-ပါး အကျဉ်း

၃။.  ချစ်, မုန်း, ကြောက်မှု, မသိမှု၊ လေးခု အလိုက်မှား။

၎။.  အဂတိလေး၊ ကင်းစင်ဝေး၊ ပြုရေး မှန်ဖြောင့်သား။

(အဓိပ္ပါယ်- ၃+၄)

(၁) ဆန္ဒာဂတိ။  ။လူ့မျက်နှာကို သော်လည်းကောင်း,တံစိုးလက်ဆောင်ကိုသော်

လည်းကောင်း၊ ငဲ့ကွက်သည့် အတွက်ကြောင့် မတော် မတရားသော အမှုကို ပြုခြင်း တစ်ပါး။

(၂) ဒေါသာဂတိ။  ။မုန်းသည့် အတွက်ကြောင့် မတော် မတရားသော အမှုကို ပြုခြင်း တစ်ပါး။

(၃) ဘယာဂတိ။  ။ကြောက်သည့်အတွက်ကြောင့် မတော် မတရားသောအမှုကိုပြု ခြင်း တစ်ပါး။

(၄)မောဟဂတိ။  ။တရားလမ်းမှန်ကိုမသိသည့်အတွက်ကြောင့် မတော်မတရားသော အမှုကို ပြုခြင်း တစ်ပါး။

ဤ ၄-ပါးတို့ကို မိမိကိုယ်၏ စင်ကြယ်ခြင်းကို အလေးမပြုကြသော လူယုတ်, လူညံ့ တို့၏ မသင့်မလျော် မတောမတရားသော လိုက်စားမှုမျိုးဖြစ်သည်။ လူဖြစ်သောသူ သည် သူယုတ်သူညံ့မဖြစ်ရလေအောင် ဤတရား ၄-ပါးတို့မှ အသက်ထက်ဆုံး လွတ် ကင်းအောင် ကြဉ်ရှောင်ရမည်ဟူ၍- ဟောတော်မူသည်။

ပျက်စီးကြောင်း တရား ၆-ပါး အကျဉ်း

၅။ယစ်မျိုးသောက်ကြူး၊ သဘင်ကြူး၊ လောင်းကြူး ညဉ့်လည်များ။

၆။မိတ်ဆွေ မကောင်း၊ ပျင်းအားကောင်း၊ အကြောင်း ဤခြောက်ပါး။

၇။ဥစ္စာ မွဲရေး၊ မြန်မနှေး၊ ဝေးစွာ ကြဉ်ရှောင်ရှား။

(အဓိပ္ပါယ်- ၅+၆+၇)

(၁) သုရာမေရယမဇ္ဇပါန။ ။ သေရည်, သေရက်မျိုး သောက်စားခြင်း, ယစ် မျိုး သောက်စားခြင်း တစ်ပါး။

(၂) ဝိကာလ ဝိသိခါစရိယာ။ ။ ညအခါ၌ လမ်းလျှောက်လေ့ ရှိခြင်း တစ်ပါး။

(၃) သမဇ္ဇာဘိစရဏ။ ။ပွဲလမ်းသဘင် ပျော်ရွှင်လိုက်စားကြူးခြင်း တစ်ပါး။

(၄) ဇူတပ္ပမာဒဋ္ဌာန။ ။ ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွားရေး တို့၌ မေ့ လျော့ပေါ့စားကြောင်း ဖြစ်သော အလောင်းအစား ကစားလေ့ရှိခြင်းတစ်ပါး။

(၅) အာလသျာနုယောဂ။ ။အလုပ်အကိုင်ပျင်းရိခြင်းနှင့်အမြဲယှဉ်ခြင်းတစ်ပါး။

(၆) ပါပမိတ္တတာ။  ။မိတ်ဆွေ မကောင်းနှင့် ပေါင်းဖေါ်ခြင်း တစ်ပါး။

ဤ ၆-ပါးတို့တွင် တစ်ပါးပါးနှင့် ယှဉ်သောသူအား မရသေးသော ဥစ္စာ စည်းစိမ် ဂုဏ်သိရ်ကျက်သရေ တို့ကိုလည်း ရနိုင်ခွင့် မရှိ၊ ရရှိသောဥစ္စာစည်း စိမ် ဂုဏ်သိရ် ကျက် သရေ တို့ကိုလည်းတိုးပွားစေရန် အခွင့်မရှိ၊ တစ်နေ့ တစ်ခြား ပျက်ပြားဆုံးရှုံး ခွင့်သာ ရှိသည်။

ထို့ကြောင့် လူဖြစ်သော သူသည် ဤ ၆-ပါးသော ဋ္ဌာနတို့ကို အသက် ထက်ဆုံး လွတ်ကင်းအောင် ကြဉ်ရှောင်ရမည်- ဟူ၍ ဟောတော်မူ၏။ ။

                                      အရပ်မျက်နှာ ၆-ပါး အကျဉ်း

၈။   မာတာပီတာ၊ ရှေ့ဒိသာ၊ ဆရာတောင်ရပ်ငြား။

၉။   သား, မယားလျှင်၊ အနောက်ခွင်၊ မိတ်သင် မြောက်အလား။

၁၀။ ကျေးကျွန် အောက်ဟူ၊ အထက်မူ၊ သူမြတ် ရဟန်း ပုဏ္ဏား။

၁၁။ အရပ်ဒိသာ၊ ခြောက်မျက်နှာ၊ လုံစွာဆို့ပိတ်ထား။

(အဓိပ္ပါယ်)

(၁) အမိ, အဖ နှစ်ပါးတို့သည် အရှေ့ အရပ် မျက်နှာမည်၏။

(၂) အတတ်ပညာ သင်ကြားပေးသော ဆရာသည် တောင် အရပ် မျက်နှာ မည်၏။

(၃) အိမ်သူမယား, သမီး, သား တို့သည်အနောက်အရပ်မျက်နှာမည်ကုန်၏။

(၄) မွေးချင်းပေါက်ဖော် ဆွေမျိုးဉာတိ မိတ်ဆွေ ခင်ပွန်းတို့သည် မြောက်အ ရပ် မည်၏။

(၅) ကျေးကျွန် အမှုလုပ်တို့သည် အောက် အရပ်မျက်နှာ မည်၏။

(၆) အကျင့်သီလ နှင့်ပြည်စုံကြသော ရသေ့,ရဟန်းတို့သည် အထက် အရပ် မည်၏။ ။

{ဥဒ္ဒေသသံပေါက် ၁၁-ပြီး၏။}

                                                          -----------

[နိဒ္ဒေသ သံပေါက်- ၂၈]

ယစ်မျိုးသောက်စားမှု အပြစ် ၆-ပါး အကျဉ်း

၁။   ဥစ္စာပျက်ပြား၊ ခိုက်ရန်ပွား၊ များတုံရောဂါစု။

သတင်းယုတ်မာ၊ အရှက်ကွာ၊ ပညာဆုတ်ယုတ်မှု။

ယစ်မျိုးကြူးငြား၊ သူတို့အား၊ ခြောက်ပါး အပြစ်ရှု။

(အဓိပ္ပါယ်)

(၁) သန္ဒိဋ္ဌိက ဓနဇာနီ။ ။ယခုမျက်မှောက် ဘဝမှာ ဥစ္စာ ပြုန်းတီးခြင်းတစ်ပါး။

(၂) ကလဟပ္ပ ဝဎုနီ ။ ။ ခိုက်ရန် ဒေါသ ပွားများခြင်း တစ်ပါး။

(၃) ရောဂါနံ အာယတနံ။ ။ ရောဂါဆိုး, အနာဆိုးတို့ ပေါ်ပေါက်ပွားများရန်အ ကြောင်းဖြစ်ခြင်း တစ်ပါး။

(၄) အကိတ္တိ သဉ္ဇနနီ။ ။ အကျော်အစော မဲ့ခြင်းကို ဖြစ်စေခြင်း တစ်ပါး။

(၅) ကောပီနဝိဒ္ဓံသနီ။ ။ အရှက်ကွဲရာ ကိုယ်အင်္ဂါကို ဖေါ်ပြခြင်း တစ်ပါး။

(၆) ပညာယ ဒုဗ္ဗလီကရဏီ။ ။အသိအလိမ္မာ ဉာဏ်ပညာယုတ်လျော့ခြင်းကို ပြုခြင်း တစ်ပါး။ ။

ညဉ့်အခါ လမ်လျှောက်မှု အပြစ် ၆-ပါးအကျဉ်း

၂။   မိမိ, သား, မယား၊ ဥစ္စာအား၊ သုံးပါး အစောင့်ဝေး။

မသင်္ကာဖွယ်၊ မှုရောက်လွယ်၊ သွယ်သွယ် ဒုက္ခရှေး။

ညဉ့်လမ်းလျှောက်သူ၊ မတော်လူ၊ ပြစ်မူ ခြောက်ပါးထွေ။

(အဓိပ္ပါယ်)

(၁) အတ္တ အဂုတ္တ။ ။ မိမိ၏ အသက်အန္တရာယ်မှ အစောင့်အရှောက် ကင်းခြင်း တစ်ပါး။

(၂) ပုတ္တဒါရ အဂုတ္တ။ ။ သား, သမီး, မယားတို့ ကသောက်ကရောက် ဖောက် ပြန်ပျက်ပြားခွင့်မှ အစောင့်အရှောက် ကင်းခြင်း တစ်ပါး။

(၃) သာပေတယ် အဂုတၱ။ ။ ဥစ္စာ ဓန အန္တရာယ်မှ အစောင့်အရှောက် ကင်းခြင်း တစ်ပါး။

(၄) သင်္ကိယ။ ။ ထိုသူ၌ သူတပါးတို့ မယုံသင်္ကာ များခြင်း တစ်ပါး။

(၅) အဘူတဝစန ရုဟနာ။ ။သူတပါးတို့ မဟုတ်မတရား စွဲဆိုသော်လည်း အ ဟုတ်ဖြစ်၍ မှုပြစ်မင်းဒဏ် ရောက်လွယ်ခြင်း တစ်ပါး။

(၆) ဗဟု ဒုက္ခ ပုရက္ခာရ။ ။ ဒုက္ခ အမျိုးမျိုး တွေ့ကြုံရန် ရှေ့ရှုလျက်ရှိနေခြင်း တစ်ပါး။ ။

ပွဲသဘင်ကြူးမှု အပြစ် ၆-ပါး အကျဉ်း

၃။  ကခြင်း, သီခြင်း, တီးမှုတ်ခြင်း၊သာခြင်းဇာတ်ဝတ္ထု။

လက်ခုတ်, အိုးစည်၊ သဘင်လည်၊ ခြောက်မည် အပြစ်စု။

(အဓိပ္ပါယ်)

(၁) ကွနစ္စံ။ ။ ကပွဲ, ခုန်ပွဲတို့၌ နေ့,ရက် ကုန်ဆုံး၍ နေသဖြင့် ကုသိုလ်ရေး၊ လိမ္မာရေး၊ ဥစ္စာ စီးပွားရေး လစ်လပ်ခြင်း တစ်ပါး။

(၂) ကွဂီတံ။ ။ သီချင်း သီပွဲ ဆိုပွဲတို့၌ နေ့,ရက် ကုန်ဆုံး၍ နေသဖြင့်ကုသိုလ် ရေး၊ လိမ္မာရေး, ဥစ္စာ စီးပွာရေး လစ်လပ်ခြင်း တစ်ပါး။

(၃) ကွဝါဒိတံ။ ။ တီးပွဲ, မှုတ်ပွဲတို့၌ နေ့,ရက် ကုန်ဆုံး၍ နေသဖြင့် ကုသိုလ် ရေး, လိမ္မာရေး,ဥစ္စာ စီးပွားရေး လစ်လပ်ခြင်း တစ်ပါး။

(၄) ကွ အက္ခာနံ။ ။ရာမ ဇာတ်ကဲ့သို့ သမ္ဖပ္ပလာပ အင်္ဂါ ဒဏ္ဋရီ ဇာတ်ဝတ္ထု တို့ကို ဖွဲ့ဆိုပြောဟောသော ပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍ နေသဖြင့် ကုသိုလ် ရေး, လိမ္မာရေး, ဥစ္စာ စီးပွားရေး လစ်လပ်ခြင်း တစ်ပါး။

(၅) ကွ ပါဏိဿရံ။ ။ လက်ခုတ်တီးနွှဲ အရပ်ပွဲတို့၌ နေ့, ရက် ကုန်ဆုံး၍ နေ သဖြင့် ကုသိုလ်ရေး, လိမ္မာရေး, ဥစ္စာစီးပွားရေး လစ်လပ်ခြင်း တစ်ပါး။

(၆) ကွ ကုမ္ဘထုနံ။ ။ အိုးစည်ပွဲတို့၌ နေ့,ရက် ကုန်ဆုံး၍ နေသဖြင့် အရေး သုံးပါး လစ်လပ်ခြင်း တစ်ပါး။ ။

လောင်းကစားကြူးမှု အပြစ် ၆-ပါး အကျဉ်း

၎။         နိုင်သူမှာ ရန်၊ ရှုံးပူပန်၊ အမှန် ဥစ္စာပြုန်း။

ပွဲလည် စကား၊ မတည်ငြား၊ ထိမ်းမြား ပယ်ရိုးထုံး။

မျိုးဆွေ နှိပ်စက်၊ အံကြူ နက်၊ ခြောက်ချက် အပြစ်နူန်း။

(အဓိပ္ပါယ်)

(၁) ဇယဝေရံ ပသဝတိ။ ။ နိုင်သောသူမှာ ရှုံးသောသူတို့က ငြိုးမှုအတွက်ရန် ပွား ခြင်းတစ်ပါး

(၂) ဇိနောဝိတ္တသောကီ။ ။ ရှုံးသောသူမှာ ကုန်သောဥစ္စာ အတွက်စိတ်မကျေ အေးနိုင် ခြင်းတစ်ပါး။

(၃) သန္ဒီဋ္ဌိက ဓနဇာနိ။ ။ ယခု မျက်မှောက်ဘဝမှာ ဥစ္စာ ပြုန်းတီးတတ်ခြင်း တစ်ပါး။

(၄) ဝစန နရုဟနာ။ ။ လွှတ်ရုံစသောသဘင် အလယ်၌ထိုသူ့စကားမအောင် ရာခြင်း တစ်ပါး။

(၅) မိတ္တာ မစ္စပရိဘူတ။ ။ ဆွေမျိုး ဉာတိတို့၏ ဂရုဏာဒေါသ ရှုတ်ချ နှိပ်နယ် မှုကို ခံရ ခြင်းတစ်ပါး။

(၆) အာဝါဟ ဝိဝါဟဝဇ္ဇနာ။ ။ ထိမ်းမြားမှုမှအပပြု၍ ကြဉ်ရှောင်ခြင်းတစ်ပါး။ ။

ပျင်းရိခြင်း ၆-ပါး အကျဉ်း

၅။   အေးသည်,ပူသည်၊ မိုးချူပ်သည်နှင့်၊ စောသည်,ဆာသည်၊

ပြည့်အင့်သည်၊ ခြောက်မည် လူပျင်းမျိုး။

(အဓိပ္ပါယ်)

(၁) အတိ သီတံ။ ။ချမ်းအေးလှသေးသည်ဟူ၍အလုပ်လစ်ဟင်းခြင်းတစ်ပါး။

(၂) အတိ ဥဏှံ။ ။ ပူလှသေးသည် ဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။

(၃) အတိသာယံ။ ။ မိုးချူပ်လှပြီ ဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။

(၄) အတိပါတော။ ။ စောလှသေးသည် ဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။

(၅) အတိ ဆာတော။ ။ ဆာမွတ်လှသေးသည် ဟူ၍ အလုပ်လစ်ဟင်းခြင်း တစ်ပါး။

(၆) အတိ ဓာတော။ ။ထမင်း စားပြီးခါစ ဖြစ်၍အလုပ်လစ်ဟင်းခြင်းတစ်ပါး။ ။

မိတ်မကောင်းနှင့် ပေါင်းဖော်ခြင်း အပြစ် ၆-ပါး အကျဉ်း

၆။        အံကြူး, ထိကြူး, ယစ်မျိုးကြူး၊ သုံးဦး လူပျက်မျိုး။

လိမ်လည် နှစ်ပါး၊ ခိုးသား, ဓါးပြ၊ ဤခြောက်ပါး၊ ပါပ မိတ်ဆွေမျိုး။

(အဓိပ္ပါယ်)

(၁) ဓုတ္တမိတ္တ။ ။အလောင်းအစား ကစားကြူးသူတို့နှင့်ပေါင်းဖက်ခြင်းတစ်ပါး။

(၂) သောဏ္ဋမိတ္တ။။မိန်းမကြူးသူ,အစားကြူးသူတို့နှင့်ပေါင်းဖက်ခြင်းတစ်ပါး။

(၃) ပိပါသမိတ္တ။ ။ အသောက်ကြူးသူတို့နှင့် ပေါင်းဖက်ခြင်း တစ်ပါး။

(၄) နေကတိကမိတ္တ။ ။ ရွှေတု, ငွေတု စသည်ပြု၍ လိမ်လည်လေ့ရှိသော လူ လိမ်တို့ နှင့်ပေါင်းဖက်ခြင်း တစ်ပါး။

(၅)ဝဉ္စကမိတ္တ။။ထိုမှတစ်ပါးသောစဉ်းလဲလှည့်ပတ်လေ့ရှိသောသူ လူကောက် လူ ညစ်တို့နှင့် ပေါင်းဖက်ခြင်း တစ်ပါး။

(၆) သာဟသိကမိတ္တ။ ။ ဓပြ, သူခိုး, လူဆိုး, လူသွမ်း, လူသရမ်းတို့နှင့်ပေါင်း ဖက်ခြင်း တစ်ပါး။ ။

မိတ်ဆိုး,မိတ်တု-၄-ယောက် အကျဉ်း

၇။   ယူမိတ်,နှုတ်မိတ်၊ ချစ်ယောင်မိတ်၊ ယုတ်မိတ်-မိတ်တု လေး။

ရန်သူ,မိတ်ဆွေ၊ ဤလေးထွေ၊ ရှောင်လေ ကင်းစင်ဝေး။

(အဓိပ္ပါယ်)

(၁) အညဒတ္ထုဟရမိတ်။ ။ စင်စစ် ယူဆောင်သော အဆွေခင်ပွန်း။ (မိမိက ပေး ကမ်းထောက်ပံ့ မည့်သူမဟုတ်၊ ယူမည်သူ သက်သက်သာဟူလိုသည်။)

(၂) ဝစီပရမမိတ်။ ။ စကားလျှင် အတိုင်းအရှည်ရှိသော အဆွေခင်ပွန်း။ (ပေး ကမ်းမှု ၌လက်ကား မပါ၊ ပါးစပ်ပြောသာ ကောင်းသော အဆွေခင်ပွန်းဟူ လို သည်။)

(၃) အနုပိယဘာဏီမိတ်။.    ။ ရှေ့မျက်မှောက်တွင်သာ ချစ်ခင်ယောင် ပြု၍ အလိုက် ပေါင်းသော အဆွေခင်ပွန်း။

(၄) အပါယဟာယမိတ်။.    ။ ယုတ်မာသော အမှုတို့၌ အဖော်သဟဲရသော အဆွေ ခင်ပွန်း။(သတ်ဖော်, ဖြတ်ဖော်, တိုက်ဖော်, မိုက်ဖော်, မဲဖော် အဆွေ ခင်ပွန်း ဟူလို သည်။) ဤ ၄-ယောက်သော သူတို့သည် မိတ်ဆွေ အစစ်မ ဟုတ်ကြကုန် မိတ် ဆွေ တု, မိတ်ဆွေယောင်ဆောင်ကြသော ရန်သူတို့ သာ တည်း၊ ဝေးစွာ ရှောင်ရှားရာ၏။ ။

အညဒတ္ထုဟရမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၈။   ဆောင်ဖို့သာခဲ၊ အနဲပေးမူ၊ အများယူ၊ ကြောက်မူလာ၍ကပ်။

သက်သက်ကိုယ်ကျိုး၊ ငဲ့သူမျိုး၊ မိတ်ဆိုး အညဒတ်။

(အဓိပ္ပါယ်)

(၁) ပေးမည်ဟူ၍ မကြံ၊ ရသာတိုင်း ဆောင်ယူခြင်း လက္ခဏာ တစ်ပါး။

(၂) အနည်းငယ် ပေး၍ အများယူခြင်း လက္ခဏာ တစ်ပါး။

(၃) မလွဲသာလှမှ ကိစ္စကို ဆောင်ရွက်ခြင်း လက္ခဏာ တစ်ပါး။

(၄) မိမိအကျိုးကို ငဲ၍သာ ပေါင်းဖော်ခြင်း လက္ခဏာ တစ်ပါး။ ။

ဝစီပရမမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၉။   အတိတ်, နာဂတ်၊ မိတ်စေ့စပ်၊ နိရတ် ချီးပင့်မ။

အကြောင်းရှိသော်၊ ဒုက္ခဖေါ်၊ လေးပေါ် ဝစီပရမ။

(အဓိပ္ပါယ်)

(၁) အတိတ်နှင့် လောကွတ်ပြုခြင်း- ဆိုသည်ကား မိတ်ဆွေဖြစ်သူက ကိစ္စ ဆိုက် တိုက်သည်နှင့် ပေးနှင့်ပါ, ချေးနှင့်ပါဟု လာလျှင် ရှိတုန်းအခါက သင့် ကို မျှော်ပါ၏။ သင် မလာခဲ၊ ယခုမှာ ကုန်၍ သွားပါပြီဟု ရှိသည်ကို မပေးလို, မချေးလို၍ အတိတ်နှင့် လောကွတ်ပြုခြင်းတည်း။

(၂) အနာဂတ်နှင့် လောကွတ်ပြုခြင်း- ဆိုသည်ကား ရှိလျက်နှင့် မပေးလို၍ ယခု မရှိခိုက်ကြုံရလေခြင်း, မပေးရလေခြင်း, နောင်ရှိသောအခါ လာခဲ့ပါဟု အနာဂတ်နှင့် လောကွတ်ပြုခြင်းတည်း။ နောင်လာပြန်လျှင်လည်း တစ်မျိုး လွဲ၍ ပြောလတ္တံ။

(၃) အကျိုးမရှိ နိရတ္ထက ဖြစ်သောအခွင့်နှင့် သင်္ဂြိုဟ်ချီးမြှင့်ခြင်း-  ဆိုသည် ကား ထိုသူ၌ ပြည့်ပြည့်စုံစုံ ရှိ၍ မယူလိုမှန်း သိသောအခါ ငါ့မှာငွေရှိပါသည်၊ အလိုရှိလျှင် ယူ၍သုံးနှင့်ပါဟု ပေး၏၊ ထိုသူ၌ ငွေလိုအပ်မှန်း သိသောအခါ ငွေမရှိဟု ဝှက်၏၊ အ ကြောင်းကိစ္စ မရှိသောအခါ ကိစ္စရှိလျှင် ဆောင်ရွက် လိုဟန် ပြု၍ တကယ် ကိစ္စရှိလာ လျင် ကိစ္စတပါးနှင့် အသံပေး၍ ဝေးရာသို့ ထွက်ရှောင်ရှား၏၊ ကိစ္စပြီးငြိမ်းမှ ပြန်လာ၍ ငါတို့မရှိခိုက် ကြုံကြိုက်ရလေ ခြင်းဟု နောင်တစကား များစွာပြောဆို၏။ စိတ်နှလုံး မဖြူဖြောင့် နှုတ်ပရိ ယာယ်ထူလှသော လူကောက်တို့ အမှုမျိုးတည်း။

(၄) မိတ်ဆွေဖြစ်သူ၌ ကူညီရန် အခွင့်ရှိလာလျှင် မိမိ၌ပျက်စီးမှုကို ပြခြင်းဆို သည် ကား ခေါင်းကိုက်လေဟန် ပြခြင်း၊ ဝမ်နာလေယောင် ပြခြင်း၊ စီးပွား ပျက်လေယောင်ပြ ခြင်း အစရှိသည်တည်း။ ။

အနုပိယမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၀။ မကောင်းလိုက်လျော၊ ကောင်းလိုက်လျော၊ ကောင်းပြော ရှေ့တွင်သာ၊

မျက်ကွယ်ဆိုးမှု၊ အင်လေးခု၊ အနုပိယသာ။

(အဓိပ္ပါယ်)

(၁) မကောင်းမှု၌လည်း ဤအမှုကို ပြုလိုသည်ဟု ဆိုလျှင် ပြုသာပြုဟုလိုက် လျောခြင်းတပါး။

(၂) ကောင်းမှု၌လည်း ပြုသာပြုဟု လိုက်လျောခြင်း တစ်ပါး။

(၃) မျက်မှောက်၌ ကောင်းစကား ပြောခြင်း တစ်ပါး။

(၄) မျက်ကွယ်၌ ဆိုးစကား ပြောခြင်း တစ်ပါး။ ။

အပါယသဟာယမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၁။ ယစ်မျိုးသောက်ခန်း၊ လမ်းလျှောက်ခန်း၊ ပွဲလမ်း တစ်ဌာန။

ကစားမှုဝယ်၊ မိတ်ဖေါ်နွယ်၊ အပါယ် သဟာယ။

(အဓိပ္ပါယ်)

(၁) ယစ်မျိုး သောက်စားခြင်း၌ အဖော်သဟဲရခြင်း တစ်ပါး။

(၂) ညဉ့် လမ်းလျှောက်မှု၌ အဖော်သဟဲ ရခြင်း တစ်ပါး။

(၃) သဘင်ပွဲလမ်းကို လိုက်စားမှု၌ အဖော်သဟဲ ရခြင်း တစ်ပါး။

(၄) အလောင်းအစား ကစားမှု၌ အဖော်သဟဲ ရခြင်း တစ်ပါး။အသက်ထက် ဆုံးဝေးစွာ ကြဉ်ရှောင်ရသော မိတ်ဆိုး, မိတ်တု ၄-ပါးပေတည်း။ ။

မိတ်ကောင်း မိတ်စစ် ၄-ယောက် အကျဉ်း
၁၂။ ပြုမိတ် တူမိတ်၊ ဆရာမိတ်၊ ညှာမိတ်-မိတ်စစ်လေး။

ချစ်ဖေါ် မိတ်ဆွေ၊ ဤလေးထွေ၊ မကွေ ပေါင်းဖို့ရေး။

(အဓိပ္ပါယ်)

မိတ်ဆိုး ၄-ပါးနှင့် စပ်လျဉ်း၍လည်းကောင်း၊ အသက်ထက်ဆုံးမကွေမ ကွာပေါင်း ဖော် ရသော မိတ်ကောင်း မိတ်စစ် ၄ပါးကိုလည်းဟောတော်မူ၏။

(၁) သမာနသုခ ဒုက္ခမိတ်။ ။ ချမ်းသာ ၏အတူ,ဆင်းရဲအတူ,ဆင်းရဲဖော်ချမ်း သာဖက် ဖြစ် သော အဆွေခင်ပွန်း။

(၂) မတ္တက္ခာယီမိတ်။ ။ မကောင်းမြစ်တာ ကောင်းရာပြညွန်းသော အဆွေ ခင်ပွန်း။

(၃) အနုကမ္ပကမိတ်။ ။ အခါခပ်သိမ်း မိမိကို ရင်ဝယ်သားကဲသို့ သနားညှာ တာခြင်း ရှိ သော အဆွေခင်ပွန်း။

(၄) ဥပကာရမိတ်။ ။မိမိအားကျေးဇူးပြုသမားကြီး သက်သက်ဖြစ်သောအ ဆွေခင်ပွန်း။ ။

သမာနသုခဒုက္ခမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၃။ လျှို့ဝှက်မရှိ၊ လျှိုဝှက်ဘိ၊ ဘေးရှိမစွန့်လေ၊

မိတ်အတိက်မှန်၊ သက်မချန်၊ သမာန် မိတ်ကြီးပေ။

(အဓိပ္ပါယ်)

(၁) သူ၏ လျှို့ဝှက်အပ်သော အမှုကို မိမိ၌ လျှို့ဝှက်ခြင်း တစ်ပါး။

(၂) မိမိလျှို့ဝှက်အပ်သော အမှုကိုသူတပါးတို့မသိရအောင်လျှို့ဝှက်ခြင်းတစ် ပါး။

(၃) ဘေးတွေ့သော အခါ မိမိကို မစွန့်ခြင်း တစ်ပါး။

(၄) သူ့အသက်ကိုပင် စွန့်၍ မိမိအကျိုးကို ရွက်ဆောင်ခြင်း တစ်ပါး။ ။

အတ္ထက္ခာယီမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၄။ မကောင်းမြစ်တား၊ ကောင်းရာထား၊ ဟောထားသိဖို့ရာ။

နတ်လမ်းပြညွန်၊ ဤလေးတန်၊ အမှန် အတ္ထက္ခာ။

(အဓိပ္ပါယ်)

(၁) မကောင်းမှုကို မပြုရအောင် တားမြစ်ခြင်း တစ်ပါး။

(၂) ကောင်းမှု၌ တည်စေခြင်း တစ်ပါး။

(၃) မကြားဖူး, မသိဖူးသော တရားကိုကြားဖိုသိဖိုရာဟောကြားခြင်းတစ်ပါး။

(၄) ဒါန, သီလ အစရှိသော နတ်ရွာလမ်းကြောင်းကို ညွှန်ပြခြင်း တစ်ပါး။ ။

အနုကမ္ပကမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၅။ မပွားလျှင်စိုး၊ ပွါးလျှင်ဖြိုး၊ ကျိုးမဲ ပြောမခံ။

အကောင်းပြောလျှင်၊ မနောရွှင်၊ မိတ်သင် အနုကံ။

(အဓိပ္ပါယ်)

(၁) မိမိ၌ အကျိုးစီးပွား မဖြစ်ထွန်းလျှင် သူမနှစ်သက်နိုင်ခြင်း၊ စိုးရိမ်ပူပန် ခြင်းတစ်ပါး။

(၂) မိမိ၌ အကျိုးစီးပွား ဖြစ်ထွန်းလျှင်သူနှစ်သက်ခြင်း၊ စိတ်အလို ပြည့်ဖြိုး ခြင်းတစ်ပါး။

(၃) မိမိ၏ ကျေးဇူးမဲကို သူတပါး ပြောဆိုလျှင် တားမြစ်ခြင်း တစ်ပါး။

(၄) မိမိ၏ ဂုဏ်ကျေးဇူးကို သူတပါး ပြောကြားလျှင် ပြောပသူကို ချီးမွှမ်းခြင်း တစ်ပါး။ ။

ဥပကာရမိတ် လက္ခဏာ ၄-ပါး အကျဉ်း

၁၆။ အသက် ဥစ္စာ၊ စောင့်ရှောက်လာ၊ ကြောက်ခါ ကယ်ဖေါ်ရ။
     ကူဖေါ်ရှိမူ၊ တပိုးကူ၊ စင်ဖြူ ဥပကာရ။

(အဓိပ္ပါယ်)

(၁) မေ့လျော့လျက် အသက်ခန္ဓာကို စိုးရိမ်ဖွယ် ရှိသောအခါ အသက်ခန္ဓာ ကိုစောင့်ရှောက် ခြင်း တစ်ပါး။

(၂) မေ့လျော့လျက် စည်းစိမ်ဥစ္စာ ပျက်စီးဖွယ်ရှိသော အခါ စည်းစိမ်ဥစ္စာကို စောင့် ရှောက်ခြင်း တစ်ပါး။

(၃) ကြောက်လန့်ခြင်း ရှိသောအခါ ကိုးကွယ်ရာ ဖြစ်ခြင်း တစ်ပါး။

(၄) ကိစ္စကြီးငယ်ရှိသောအခါ သူကပြုဖူးသောကျေးဇူးထက် ၂ဆ ပိုမို၍ကျေး ဇူးပြုခြင်း တစ်ပါး။ ဤတွင် အိမ်၌နေသူ လူဂဟဋ္ဌအပေါင်းတို့အားသူကောင်း စင်စစ် ဖြစ်ဖို့အမှန် ဆောင်ရန်, ရှောင်ရန် တရား ၁၆-ပါးကို ထုတ်ဖော်ဟော ကြားခဲသည်။ ။

အရပ်ဒိသာ ၆-မျက်နှာကို ရိုသေစွာ ရှိခိုးမှု

                            

သားသမီးတို့က ပြုရာသော ဝတ် ၅-ပါး အကျဉ်း

၁၇။ မွေးတုံ့မွေးမှု၊ ပြုဖွယ်ပြု၊ ကုလမျိုးနွယ်တည်။

ဆက်ခံအမွေ၊ သေလွန်ပေ၊ မျှဝေ ဝတ်ငါးမည်။

(အဓိပ္ပါယ်)

(၁) ကျွေးမွေးတုံ့ ကျွေးမွေးလှည့် ကျွေးမွေးရခြင်း တစ်ပါး။

(၂) မိ,ဖ တို့၌ ဆိုက်တိုက်၍ လာသောမင်းရေးစိုးခွင့် စသည်တို့ကို မိမိကိစ္စ ပြု၍ဆောင် ရွက်ရခြင်း တစ်ပါး။

(၃) အမျိုးအနွယ် အားဖြင့် အစဉ်လာသော ဒါနဝတ၊ သီလဝတ် အစရှိသော အလေ့ ကောင်းအကျင့်ကောင်း၊ အစဉ်ကောင်း၊ အရိုးကောင်းတို့ကို မပျက် စေရခြင်း တစ်ပါး။

(၄) လောကီမေ၊ ဓမ္မမွေ တို့ကို ကောင်းစွာ ခံယူရခြင်း တစ်ပါး။

(၅) သေလွန်သော မိ၊ဖ တို့ကို ရည်မှတ်၍ လှူဒါန်းပြီးလျှင် သေလွန်သော မိ,ဖ တို့ အား ကုသိုလ်အဖို့ကို ဝိသေသ ထုတ်ဖေါ်၍ ပေးဝေရခြင်း တစ်ပါး။ ။

မိဖတို့က ပြုရသော ဝတ် ၅-ပါး အကျဉ်း

၁၈။ မကောင်း မြစ်တား၊ ကောင်းရာထား၊ သင်ကြား တတ်ပညာ။

  လျော်ရာအိမ်ပေး၊ အမွေပေး၊ ကျင့်ရေး ဝတ်ငါးဖြာ။

(အဓိပ္ပါယ်)

(၁) ငယ်ရွယ်စဉ်ကစ၍ မကောင်းမှုဒုစရိုက် တို့ကိုမပြုမကျင့် ရအောင်တား မြစ်ရ ခြင်း တစ်ပါး။

(၂) ငယ်ရွယ်စဉ်ကစ၍ မိ၊ဖ တို့ကို ရိုသေခြင်း အစရှိသော ကောင်းသော အလိမ္မာတို့၌ တည်စေရခြင်း တစ်ပါး။

(၃) အပြစ်မရှိသော အတတ်တို့ကို သင်ကြားစေရခြင်း တစ်ပါး။

(၄) အမျိုးကောင်း အနွယ်ကောင်း သား၊သမီးတို့နှင့် ထိမ်းမြားမင်္ဂလာ ပြုရခြင်းတစ်ပါး။

(၅) အချိန်အခါကို ထောက်၍ အမွေဥစ္စာကို အပ်နှင်းရခြင်း တစ်ပါး။ ။

တပည့်တို့ကပြု ရာသော ဝတ် ၅-ပါး အကျဉ်း

၁၉။ ထကြွ, ခစား၊ ကြားနာ, လုပ်ကျွေး၊ သင်အံပေး၊ ကျင့်ရေး ဝတ် ငါးဖြာ။

(အဓိပ္ပါယ်)

(၁) မိမိရှိရာသို့ ဆရာလာသည်ကို မြင်လျှင် ရှေးဦးစွာ နေရာမှထ၍ ဆရာကို ကြိုဆို၍ ထီး၊ဖိနပ် စသည်ကိုယူ၍ နေရာထိုင်ခင်းပေးခြင်း၊ အိုက်ပူသောအခါ ဖြစ်ခဲ့လျှင် ယပ် လေးခတ်ရခြင်း တစ်ပါး။

(၂) တနေ့လျှင် သုံးကြိမ် ဆရာ၏အနီးအပါး၌ ခစားရခြင်း တစ်ပါး။

(၃) ဆရာ၏ ထံမှ ဆုံးမသွန်သင်သော စကားတို့ကို ကြားနာလိုခြင်း တစ်ပါး။

(၄) သာလျှင်သာလိုက် နာလျှင်နာလိုက် ချိုးရေ, သောက်ရေ, မျက်နှာသစ် ရေ, ဒန်ပူ စသည်တို့ဖြင့် လုပ်ကျွေးရခြင်း တစ်ပါး။

(၅) မတတ်သေးသည်ကို တတ်ရအောင်, တတ်ပြီးသည်ကို မပျောက်စေရ အောင်အတတ်ပညာကို ရိုသေစွာ သင်ကြားရခြင်း တစ်ပါး။ ။

ဆရာသမားတို့က ပြုရာသော ဝတ် ၅-ပါး အကျဉ်း

၂၀။ ယဉ်ကျေးစေမှု၊ မှတ်စေမှုနှင့်၊ တတ်မှုမချန်၊ ပြန်၍ဆောင်နှင်း၊

ဘေးကင်းစေမှု၊ ဝတ် ငါးခု၊ ပြုလေမြတ် ဆရာ။

(အဓိပ္ပါယ်)

(၁) လောကရေး၊ ဓမ္မရေးတို့၌ အပြုအမူ၊ အပြောအဆို၊ အချိုးအစား၊ ကျန် ယဉ်ကျေးမှု ရှိအောင် သွန်သင်ဆုံးမခြင်း တစ်ပါး။

(၂) လောက ဗဟုဿုတ, ဓမ္မဗဟုဿုတအမျိုးမျိုးတို့၌ ကြားဖူး နားဝရှိ အောင် မိမိအနီး အနားသို့ ရောက်လာတိုင်း ဆုံးမသင်ကြား မှတ်သားစေ ရခြင်း တစ်ပါး။

(၃) ဆရာတတ်သိသော အတတ်ပညာကို ဆရာစားမချန် အကုန်အစင် သင်ကြား ပြသခြင်းတစ်ပါး။

(၄) တတ်မြောက်လိမ္မာ ရှိသောအခါ၌ မိ, ဖ, မျိုးဆွေတို့အား သူတတ်သမျှ ကိုဖော်ပြ ၍ အပ်နှင်းခြင်း တစ်ပါး။

(၅) တပည့်တပန်းတို့အား အသက်ထက်ဆုံး ရောက်လေရာတို့၌ အန္တရာယ် ကင်း ရှင်းစေရန်မန္တာန်, မန္တရား, ဆေးဝါးအလျော ပရိတ်တော်, ဂုဏ်တော် များကို အသက်ထက်ဆုံး စွဲမြဲကြစေရန် သင်ကြားခြင်း တစ်ပါး။ ။

လင်ယောင်္ကျားတို့ ပြုရာသော ဝတ် ၅-ပါး အကျဉ်း

၂၁။ မပေါ့စားမှု၊ နာဖွယ်မှုနှင့်၊ သူ့ကို မကျူး၊ စိုးမှူး လွဲထား၊

ဝတ်စား ဆင်ယင်၊ ဤငါးအင်၊ လင်တို့ ပြုစမြဲ။

(အဓိပ္ပါယ်)

(၁) မင်း, ကွယ်, ကျူပ်, အမိ, အစ်မ အစရှိသည်ဖြင့် ချီးချီးပပ ချိုမြသာယာ သော ခေါ် ဝေါ်ပြောဆိုလေ့ ရှိခြင်း တစ်ပါး။

(၂) နင်, ဟယ်, ငါ, မိမည်သူ, မိမည်ဝါ အစရှိသဖြင့် ရိုင်းစိုင်းစွာမခေါ်မပြော ရခြင်း, မလေးမစား မပြုရခြင်း တစ်ပါး။

(၃) သူ မကြည်ဖြူက သူမှတစ်ပါး မသွားမလာ ရခြင်း တစ်ပါး။

(၄) ရရှိသမျှ စည်းစိမ်ဥစ္စာ အိပ်ရာခမ်းနားတို့ အပေါ်၌ အစိုးတရ ပြုလုပ်နိုင် သောအ ခွင့်ကိုပေးရခြင်း တစ်ပါး။

(၅) မိမိအခြေအနေ အားလျော်စွာ အိမ်သူသားမယား၌ ဝတ်စားတန်ဆာ တို့ကို မညှိုးမနွမ်းရအောင် ဆင်ယင်ရခြင်း တစ်ပါး။ ။

အိမ်သူ မယားတို့ ပြုရာသော ဝတ် ၅-ပါး အကျဉ်း

၂၂။ အိမ်ရေးတွင်ကျယ်၊ အိမ်ဝယ် လူပေါင်း၊ ကောင်းသားပြုအင်၊

စင်ကြယ် သီလ၊ ဓန စောင့်ထိန်း၊ မပြိန်း မပျင်း၊ အရင်း တရား၊ ဝတ်   ငါးပါး၊ မယား ပြုစမြဲ။

(အဓိပ္ပါယ်)

(၁)အိမ်တွင်း ကိစ္စဟူသမျှတို့၌ မလစ်မလပ် စေ့စပ်တွင်ကျယ်သော လုံးလ ဝီရိယ ရှိ ခြင်းတစ်ပါး။

(၂)အိမ်ရှိ အခြွေအရံ ပရိသတ်တို့၌ အပြုအစု အမှုအရ ကောင်းခြင်း တစ်ပါး။

(၃)မိမိအိမ်ရှင် လင်ယောက်ျားမှ တပါးသောသူတို့၌ စိတ်မနောမျှ မကျူးလွန် ခြင်းတစ်ပါး။

(၄)အိမ်ရှိပစ္စည်းဥစ္စာတို့ကို အထိန်းအသိမ်း ကောင်းခြင်း တစ်ပါး။

(၅)မိန်းမတို့ဆိုင်ရာ အမှုခပ်သိမ်းတို့၌ အစေ့အစပ် တတ်သိလိမ္မာခြင်း၊ အ ပျင်းအရိ မရှိ ခြင်းတစ်ပါး။ ။

အဆွေ ခင်ပွန်းတို့၌ အမျိုးသားတို့က ပြုကျင့်ရာသော ဝတ် ၅-ပါး အကျဉ်း

၂၃။ ပေးဝေမျှတ၊ ပီယနှုတ်ချို၊ ကျိုးလို ကျင့်မှု၊ ကိုယ်တူ ပြုခြင်း၊

မချွတ်ယွင်းစေ၊ ဤငါးထွေ၊ မိတ်ဆွေ ကျင့်ဝတ်မျိုး။

(အဓိပ္ပါယ်)

(၁) အခါအခွင့် အားလျော်စွာ ကျွေးမွေးပေးကမ်းခြင်း တစ်ပါး။

(၂) ချစ်ဖွယ် ကြင်ဖွယ်သော ခေါ်မှု၊ ပြောမှု ရှိခြင်း တစ်ပါး။

(၃) သူတို့အကျိုးကိုရိုးဖြောင့်သောစိတ်နှလုံးဖြင့် ကောင်းစွာကျင့်ခြင်းတစ်ပါး။

(၄) သူတို့အပေါ်၌ ဂုဏ်မလုပ်မူ၍ ကိုယ်တ၊ ကိုယ်မျှပြု

ညောင်ပင်အိုင်တောရဆရာတော် ဘုရားကြီး၏ တစ်ဘဝသာသနာ blog မှ ကူးယူတင်ပြပါသည်။

No comments:

Post a Comment