စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, October 6, 2021

ဗောဇ္ဈင်( ၇) ပါး

🌸🌸🌸 ဗောဇ္ဈင်( ၇) ပါး 🌸🌸🌸


ဗောဇ္ဈင် (၇) ပါး ဟူသည် သစ္စာ (၄)ပါး မြတ်တရားကို သိမြင်တတ်သော မဂ်ဉာဏ်၏ အတောင်အလက် အစိတ်အပိုင်းဟု အဓိပ္ပာယ်ရရှိသည်။ ဗောဇ္ဈင် (၇) ပါးမှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) သတိသမ္ဗောဇ္ဈင် = သတိပဋ္ဌာန်၊ သတိန္ဒြေ၊ သတိဗိုလ်၊ သမ္မာသတိမဂ္ဂင်ခေါ်သော သတိစေတသိက်

(၂) ဓမ္မဝိစယသမ္ဗောဇ္ဈင် = hဝီမံသိဒ္ဓိပါဒ်၊ ပညိန္ဒြေ၊ ပညာဗိုလ်၊ သမ္မာဒိဋ္ဌိမဂ္ဂင်ခေါ် ပညာစေတသိက် (တနည်း) ဒိဋ္ဌိဝိသုဒ္ဓိ အစရှိသော ပညာဝိသုဒ္ဓိ (၅) ပါး၊ အနုပဿနာဉာဏ် (၃) ပါးနှင့် ဝိပဿနာဉာဏ် (၁၀) ပါးသည် ဓမ္မဝိစယသမ္ဗောဇ္ဈင် မည်၏။

(၃) ဝိရိယသမ္ဗောဇ္ဈင် = သမ္မပ္ပဓာန် (၄) ပါး၊ ဝီရိယိဒ္ဓိပါဒ်၊ ဝီရိယိန္ဒြေ၊ ဝီရိယဗိုလ်၊ သမ္မာဝါယာမခေါ်သော ဝီရိယစေတသိက်။

(၄) ပီတိသမ္ဗောဇ္ဈင် = ကာယဂတာသတိ(ထွက်သက်ဝင်သက်) စသည်ကို တည်ထောင်မိ၍ ထင်မှုမြင်မှု တိုးပွားလာသောအခါ ဝမ်းမြောက်ခြင်း၊ နှစ်သက်ခြင်း ပီတိစေတသိက်။

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင် = စိတ်မငြိမ်သက်မှု၊ စိတ်အကြံများမှုကြောင့်ဖြစ်သော ကိုယ်စိတ်ပူပန်ခြင်းများ၏ ငြိမ်းချမ်းခြင်း။

(၆) သမာဓိသမ္ဗောဇ္ဈင် = သမာဓိန္ဒြေ၊ သမာဓိဗိုလ်၊ သမာဓိမဂ္ဂင်ဟူသော သမာဓိတရား။

(၇) ဥပေက္ခာသမ္ဗောဇ္ဈင် = ကမ္မဋ္ဌာန်းအလုပ်တွင်း၌ အချိုးအစားမကျနိုင်သေး၍ ကြောင့်ကြစိုက်ရသော ဗျာပါဒအမှုများစွာရှိသည်။ အချိုးအစားကျလာသောအခါ၌ ကြောင့်ကြစိုက်ရမှု ကင်းရှင်းလာခြင်းဟူသော တတြမဇ္ဈတ္တတာ စေတသိက်။ စကြာရတနာ (၇) ပါးနှင့် ပြည့်စုံသော စကြာမင်းသည် အတုမရှိသော စည်းစိမ်ကို ခံစားရသကဲ့သို့ ဗောဇ္ဈင် (၇) ပါးပြည့်စုံသော ယောဂီသည်လည်း သာသနာတော်အစီးအပွားတွင် အတုမရှိသော သမဏစည်းစိမ်ကို ခံစားရ၏။ 

မဟာဝဂ္ဂသံယုတ် ပါဠိတော်၊ စာမျက်နှာ (၆ဝ)။ အဋ္ဌကထာ၊ စာမျက်နှာ (၁၇၈)၌ အကျယ်ရှု။

ဗောဓိဿ+အင်္ဂါ=ဗောဇ္ဈင်္ဂါ
ဗောဓိဿ-သစ္စာလေးပါးတရားအပေါင်းကို သိခြင်း မဂ်, ဖိုလ် ဉာဏ်၏၊
အင်္ဂါ- အကြောင်းတို့တည်း၊ ဝါ, အစိတ်အပိုင်းတို့တည်း၊
ဗောဇ္ဈင်္ဂါ- သစ္စာလေးပါး သိကြောင်းမဂ်ဉာဏ် ဖိုလ်ဉာဏ်၏ အကြောင်း၊ သို့မဟုတ် အစိတ်အပိုင်းဖြစ်သော တရား ၇-ပါး၊ ၎င်းတို့ကိုပွားစီးစေရသည် ဟူ၏။

ဗောဇ္ဈင် ၇-ပါး
******************

(၁) သတိသမ္ဗောဇ္ဈင်- အောက်မေ့ခြင်း မဂ်ဖိုလ်ဉာဏ် အစိတ်'သတိ စေတသိက်'၊

(၂) ဓမ္မဝိစယ သမ္ဗောဇ္ဈင်- တရား စိစစ်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ်'ပညာ စေတသိက်'၊

(၃) ဝီရိယသမ္ဗောဇ္ဈင်- လုံ့လစိုက်ခြင်း မဂ် ဖိုလ်ဉာဏ်အစိတ် 'ဝီရိယစေတသိက်'၊

(၄) ပီတိသမ္ဗောဇ္ဈင်- နှစ်သက်ခြင်း မဂ် ဖိုလ် ဉာဏ်အစိတ် 'ပီတိ စေတသိက်'၊

(၅) ပဿဒ္ဓိသမ္ဗောဇ္ဈင်- အေးမြခြင်း မဂ်ဖိုလ်ဉာဏ်အစိတ် ' ကာယ, စိတ္တ ပဿဒ္ဓိ စေတသိက်'၊

(၆) သမာဓိသမ္ဗောဇ္ဈင်- စိတ်၏တည်ကြည်ခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'ဧကဂ္ဂတာစေတသိက်'၊

(၇) ဥပေက္ခာသမ္ဗောဇ္ဈင်- လျစ်လျူရှုခြင်း မဂ်, ဖိုလ် ဉာဏ်အစိတ် 'တတြမဇ္ဈတ္တတာစေတသိက်'။

ကိုးကား

↑ ဗုဒ္ဓဘာသာကောင်းတစ်ယောက် − သာသနာရေးဝန်ကြီးဌာန

↑ ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း



🙏🌸🙏 ဗောဇ္ဈင်ခုနစ်ပါး 🙏🌸🙏

သတိသမ္ဗောဇ္ဈင်
္*******************

၁. အတွင်းသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း။
၂. ပြင်ပသင်္ခါရတရားတို့၌ အောက်မေ့မှု ‘သတိ’ သည်လည်း သတိသမ္ဗောဇ္ဈင်တည်း။
၃. သတိကိုကား အလုံးစုံ (စိတ်ဆုတ်နစ်ရာ စိတ်ပျံ့လွင့်ရာ) ၌ အလိုရှိအပ်ပေ၏ဟု ငါဘုရားဆို၏။
၄. ရဟန်းတို့ မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ အောက်မေ့မှု သတိသမ္ဗောဇ္ဈင်၏ တည်ရာ အာရုံဖြစ်ကုန်သော (ဗောဓိပက္ခိယတရားလောကုတ္တရာ) တရားတို့သည်ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော အောက်မေ့မှု သတိသမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)

၂။ဓမ္မဝိစယသမ္ဗောဇ္ဈင်
**************************

၁. အတွင်းသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်း စုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။
၂. ပြင်ပသင်္ခါရတရားတို့၌ ပညာဖြင့် ဆင်ခြင်ခြင်း သုံးသပ်ခြင်းစုံစမ်းခြင်းသို့ ရောက်ခြင်းသည်လည်း ဓမ္မဝိစယသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ်ပျံ့လွင့်သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။
၄. စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို ပွါးများရန်အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ကုသိုလ် အကုသိုလ်တရား၊ အပြစ်ရှိ အပြစ်မဲ့ တရား၊ အယုတ်အမြတ်တရား၊ အကျိုးတူ အဖို့ရှိသည့် အမည်း အဖြူဖြစ်သော တရားတို့သည် ရှိကုန်၏။ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်း ပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဓမ္မဝိစယ သမ္ဗောဇ္ဈင်ကို ပွားများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)

၃။ဝီရိယသမ္ဗောဇ္ဈင်
***=****=***=******

၁. ကိုယ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း။
၂. စိတ်၌ ဖြစ်သောအားထုတ်မှုသည်လည်း ဝီရိယသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ်ပျံ့လွင့်သောအခါ၌ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။
၄. စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကိုပွားများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ရှေးဦးစွာ အားထုတ်မှု ‘အာရမ္ဘဓာတ်’၊ ပျင်းရိခြင်းမှ ထွက်မြောက်မှု ‘နိက္ကမဓာတ်’၊ အဆင့်ဆင့် အားထုတ်မှု ‘ပရက္ကမဓာတ်’ တို့ ရှိကုန်၏။ ထိုအားထုတ်မှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဝီရိယသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဝီရိယသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (သန ၄၆.၅၁)

၄။ပီတိသမ္ဗောဇ္ဈင်
******************

၁. ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့နှင့် တကွဖြစ်သော နှစ်သိမ့်မှု ‘ပီတိ’ သည်လည်းပီတိသမ္ဗောဇ္ဈင်တည်း။
၂. ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ မရှိသော နှစ်သိမ့်မှု ‘ပီတိ’သည်လည်း ပီတိသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ်ပျံ့လွင့်သောအခါ၌ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။
၄. စိတ်တွန့်တို (ဆုတ်နစ်) သောအခါ၌ ပီတိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင်ကို ပွါးများမှုပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ပီတိသမ္ဗောဇ္ဈင်၏ တည်ရာ(အာရုံ) ဖြစ်သောတရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပီတိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပီတိသမ္ဗောဇ္ဈင် ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)

၅။ ပဿဒ္ဓိသမ္ဗောဇ္ဈင်
************************

၁. ကိုယ်၏ ငြိမ်းချမ်းမှု ‘ကာယပဿဒ္ဓိ’သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။
၂. စိတ်၏ ငြိမ်းချမ်းမှု ‘စိတ္တပဿဒ္ဓိ’ သည်လည်း ပဿဒ္ဓိသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါမဟုတ်။
၄. စိတ်ပျံ့လွင့်သောအခါ၌ ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ကိုယ်၏ ငြိမ်းချမ်းမှု၊ စိတ်၏ ငြိမ်းချမ်းမှုတို့သည် ရှိကုန်၏။ ထိုငြိမ်းချမ်းမှုတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ပဿဒ္ဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)

၆။သမာဓိသမ္ဗောဇ္ဈင်
***********************

၁. ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’ တို့နှင့် တကွဖြစ်သော တည်ကြည်မှု ‘သမာဓိ’သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း။
၂. ကြံစည်မှု ‘ဝိတက်’ သုံးသပ်မှု ‘ဝိစာရ’တို့ မရှိသော တည်ကြည်မှု ‘သမာဓိ’ သည်လည်း သမာဓိသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။
၄. စိတ်ပျံ့လွင့်သောအခါ၌ သမာဓိသမ္ဗောဇ္ဈင် ကိုပွါးများရန် အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ (ကိလေသာမှ) ငြိမ်းကြောင်း သမထ၏အာရုံ၊ မပျံ့လွင့်သော သမာဓိ၏ အာရုံတို့သည် ရှိကုန်၏။ ထိုအာရုံတို့၌ သင့်လျော်သောအားဖြင့်နှလုံးသွင်းမှုကို ကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော သမာဓိသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော သမာဓိသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန် အကြောင်းတည်း။ (သန ၄၆.၅၁)


၇။ဥပေက္ခာသမ္ဗောဇ္ဈင်
************************

၁. အတွင်းသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။
၂. ပြင်ပသင်္ခါရတရားတို့၌ အညီအမျှ ရှုမှု ‘ဥပေက္ခာ’ သည်လည်း ဥပေက္ခာသမ္ဗောဇ္ဈင်တည်း။ (သန ၄၆.၅၂)
၃. စိတ် တွန့်တို (ဆုတ်နစ်) သောအခါ၌ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါ မဟုတ်။
၄. စိတ်ပျံ့လွင့်သောအခါ၌ ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများရန် အခါတည်း။ (သန ၄၆.၅၃)
၅. ရဟန်းတို့ မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကိုပွါးများမှု ပြည့်စုံစေရန် အကြောင်းကား အဘယ်နည်း။
ရဟန်းတို့ ဥပေက္ခာသမ္ဗောဇ္ဈင်၏ တည်ရာ(အာရုံ)ဖြစ်သော တရားတို့သည် ရှိကုန်၏၊ ထိုတရားတို့၌ သင့်လျော်သောအားဖြင့် နှလုံးသွင်းမှုကိုကြိမ်ဖန်များစွာ ပြုလုပ်ခြင်းပင်တည်း။ ဤသည်ကား မဖြစ်သေးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ဖြစ်စေရန်၊ ဖြစ်ပြီးသော ဥပေက္ခာသမ္ဗောဇ္ဈင်ကို ပွါးများမှု ပြည့်စုံစေရန်အကြောင်းတည်း။ (သန ၄၆.၅၁)

Credit.. Myanmarsutta.net 

No comments:

Post a Comment