ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့
သတ်မှတ်ထားရင် ခံစားကြရမယ်.။
ဘဝတစ်ခုမှာ တွေ့ဆုံကြုံ ကြိုက်ရတဲ့
သားသမီး ဇနီးခင်ပွန်းတွေကို လူတွေက
ကိုယ့်အပိုင်လို့ ထင်နေကြတယ်၊
တကယ်က ဘယ်သူကမှ ဘယ်သူ့ကိုမှ
မပိုင်ပါဘူး။
ကိုယ့်ခန္ဓာကိုယ်တောင်
ကိုယ်မပိုင်ပါဘူးနော်၊
အကြောင်းသင့်တုန်းလေးမို့
ပေါင်းဆုံနေကြရတာဖြစ်တယ်၊
အကြောင်းမသင့်တဲ့တစ်နေ့ ခွဲကြရမှာပဲ။
ဒါက ကိုယ့်တစ်ယောက်တည်းပဲ
ဖြစ်နေတာလားဆိုတော့ မဟုတ်ဘူး၊
( ၃၁ ) ဘုံလုံး ဖြစ်နေကြတာ။
ကိုယ့်တစ်ယောက်တည်းဖြစ်နေတာ
မဟုတ်ပါဘူး၊ ဒါက သတ္တဝါတွေအတွက်
ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှ သာ ဖြစ်တယ်။
သတင်းစာ နောက်ကျောဘက်ကို
ဖတ်မိတဲ့အခါ ဘာခံစားရလဲ?
ဘာမှမခံစားရဘူး၊
ကိုယ်ဆိုင်တယ် ကိုယ်ပိုင်တယ်လို့
သတ်မှတ်မထားလို့နော်။
ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်လို့
သတ်မှတ်ထားရင် ခံစားကြရတယ်။
ဒီတော့ သားသမီး ဇနီးခင်ပွန်းတွေကို
ကိုယ်ပိုင်တယ် ကိုယ်ဆိုင်တယ်ဆိုတဲ့
အထင်အမြင်မှားမှုကို သတိလေးနဲ့
လျှော့ချရမယ်။
ကိုယ်မထားခဲ့လည်း သူတို့ကကိုယ့်ကို
ထားခဲ့မှာပဲ၊ ဒီသဘာဝကို
နားလည်လက်ခံနိုင်ရမယ်။
ကိုယ်တကယ်ပိုင်တာ
ကိုယ်တကယ်ဆိုင်တာက
ကိုယ်ပြုထားတဲ့
ကုသိုလ် အကုသိုလ်ကံတွေပဲဖြစ်တယ်။
ကိုယ့်ဘဝရဲ့အဖော်မွန်အစစ်ဆိုတာ
ကိုယ်ပြုထားတဲ့
ကုသိုလ် အကုသိုလ်ကံတွေသာ
ဖြစ်တယ်။
သားသမီး ဇနီးခင်ပွန်းဆိုတာက
သုဿ န် ဟိုဘက်ထိ လိုက်လို့မရဘူး၊
ကိုယ်ပြုထားတဲ့ကံတွေကတော့
ကိုယ်သွားရာကို နိဗ္ဗာန်မရမချင်း
အရိပ်လို လိုက်ပါနေကြမှာ ဖြစ်တယ်။
လူဆိုတာ အကြောင်းဆုံလို့
ပေါင်းဆုံရတဲ့အခါမှာ
အကောင်းဆုံး ပေါင်းဆုံခဲ့ကြသလို
အကြောင်းမဆုံတော့လို့
ခွဲကြရတော့မယ်ဆိုရင်လည်း
အကောင်းဆုံးခွဲနိုင်ဖို့ လိုတယ်။
ကိုယ်က သားသမီး ဇနီးခင်ပွန်းကို
စွဲလမ်းတပ်မက်စိတ်နဲ့ သေတယ်ဆိုရင်
မကောင်းတဲ့ဘုံဘဝကို
လားရောက်ရမယ်။
ကိုယ့်ရဲ့ စွဲလမ်းတပ်မက်စိတ်က
သူတို့ကို ကောင်းကျိုးတစ်စုံတစ်ရာ
ပြုနိုင်သလားဆိုတော့ မပြုနိုင်ဘူး၊
ကိုယ့်အတွက် ကောင်းကျိုးပြု သလား
ဆိုတော့လည်း မပြုပါဘူး၊
နှစ်ဘက်ရှုံး ရှုံးစေတယ်နော်။
ဒါကြောင့် နှစ်ဘက်ရှုံး မရှုံးရအောင်
ဒီအချိန်ကစလို့ မိသားစုကို
ငါတကယ်မပိုင်
ငါတကယ်မဆိုင်ဘူးလို့
နားလည်လက်ခံပါ။
မိသားစုကိုချစ်သလို
ငါ့ကိုငါလည်း ချစ်မှတော်မယ်လို့ တွေးပြီး
ဒါန သီလ ဘာဝနာအမှုတို့ကို
စွမ်းအားရှိသလောက်
ပြုလုပ်အားထုတ်ကြပါ။
ပါမောက္ခချုပ်ဆရာတော်ကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
No comments:
Post a Comment