လူပျိုဘုရား / ရှိပါသလား
□■□■□■□■□■□
★ အထက်ပါခေါင်စဉ်နဲ့ပတ်သက်၍
ဗုဒ္ဓဘာသာအနွယ်ဝင်သူတော်ကောင်းများ၏ရင်ထဲ
သံသယဆူးများဝင်လေ့ရှိသောအရာတစ်ခုလည်းဖြစ်၏
သိချင်သောအရာလည်းဖြစ်၏ / သိသင့်သော
အကြောင်းရာကြီးလည်းဖြစ်၏၊
အဘယ့်ကြောင့်နည်း …… ဗုဒ္ဓဘာသာကောင်း -
တစ်ယောက်ဖြစ်ဖို့ရန်အခြေခံတစ်ရပ်လည်း
ဖြစ်နေလို့သာဖြစ်၏။ ကိုယ်ကိုးကွယ်သောဘုရားသည်
လူပျိုလား - လူအိုလားဆိုတာ သေချာဂဃဏန
သိရှိထားရမှားကားအမှန်ပင်ဖြစ်ပေ၏။
★စာရေးသူအရှင်တို့ကိုးကွယ်သော ဗုဒ္ဓသည်ကား
လူပျိုဘုရားမဟုတ် / လူအိုဘုရားဖြစ်သည်ဟု
လိုရင်းအတိုကောက်အနေနဲ့မှတ်၍သိရှိထားရပါမည်
အဘယ့်ကြောင်းနည်းဆိုသော် ……
ဒီအကြောင်းနဲ့ပတ်သက်၍ ရှေးပညာရှိဆရာတော်
ကြီးများ အမိန့်ရှိထားသည့် စကားအရာမှာ __
ဗောဓိ /ကုက္ကို / ညောင်ထိုထိုဝယ် /
လူပျိုဘုရား / မရှိငြားဟူသော စကားသာဖြစ်၏
မှန်၏ စာရေးသူတို့ကိုးကွယ်ဆည်းကပ်သော
ဘုရားရှင်သည် ဘုရားမဖြစ်ခင်ကာလပတ်လုံး
အလောင်းဘဝက ကျင့်သုံးခဲ့သည့်
ပါရမီ [ ၁၀ ] ပါးကိုကြည့်က သိနိုင်ပါ၏
ထိုပါရမီဆယ်ပါးထဲမှာ နေက္ခမ္မပါရမီဆိုတာတစ်ခုရှိ၏
နေက္ခမ္မပါရမီဆိုသည်မှာလည်း __
၁။ရိုးရိုးနေက္ခမ္မပါရမီ၊
၂။အင်္ဂါစွန့်နေက္ခမ္မပါရမီ၊
၃။အသက်စွန့် နေက္ခမ္မပါရမီရယ်လို့
သုံးမျိုးသုံးစားရှိ၏
ထိုပါရမီ [ ၃ ] မျိုးတို့၏လိုရင်းအဓိပ္ပါယ်မှာ
၁။တွယ်တာစွဲမက်စရာ
ကာမဂုဏ်အနှောင်အဖွဲ့
အထူးအထွေ မရှိဘဲ စွန့်လွှတ်တောထွက်တာကို
‘ရိုးရိုးနေက္ခမ္မပါရမီ’ဖြစ်၏။
၂။မိဘဆွေမျိုး၊ အိုးအိမ်တိုက်တာ၊
ရတနာရွှေငွေ၊တိုင်းပြည်ထီးနန်း စတဲ့
ပိုင်ဆိုင်မှုအရပ်ရပ်ကိုမစွဲမတွယ် မငြိမကပ်ဘဲ
စွန့်လွှတ်တောထွက်တာကိုတော့‘
အင်္ဂါစွန့် နေက္ခမ္မပါရမီ’ဖြစ်၏။
၃။ကိုယ့်အသက်နှင့်ဥပမာတူသော
ကိုယ့်အသက်နဲ့ထပ်တူထပ်မျှ မြတ်နိုးစုံမက် နှစ်သက်ချစ်ခင်ရတဲ့ ဇနီးမယား၊ သမီး / သားကို
င်္သယောဇဉ်ကြိုး ရိုက်ဖြတ်ချိုးပြီး ငဲ့ကွက်ကင်းစွာ
စွန့်လွှတ်တော်ထွက်တာသည်
‘အသက်စွန့် ပရမတ္တနေက္ခမ္မပါရမီ’ဖြစ်၏။
★ထိုပါရမီ [ ၃ ] မျိုးတို့ကို
ဘုရားဖြစ်ဖို့ရန်အတွက် အလောင်းတော်တိုင်း
မဖြစ်မနေဖြည့်ကျင့်ရသောပါရမီများသာဖြစ်ပေ၏
ဖြည့်ကျင့်ဆည်းပူးခဲ့လို့လည်း လောက၌
ဗုဒ္ဓဆိုတာသည်ပေါ်ထွန်းလာခဲ့သည်ကိုထောက်၍
စာရေးသူတို့မြတ်ဗုဒ္ဓသည် လူပျိုဘုရား
မဟုတ်ဖူးဆိုတာ သိသာထင်ရှားလောက်ပေမည်
ထို့ထက်ခိုင်လုံသော အခြေခံကျကျကို
သိရှိမှတ်ထားလိုပါက ___
"စတ်တာရိ နိမိတ်တာနိ ဒိသှာ ဇာတမတ်တပုတ်တာနံ
မဟာသတ္တာနံ မဟာဘိနိက္ခမနံ" အဓိပ္ပါယ်မှာ
"နိမိတ်ကြီးလေးပါးကိုမြင်ပြီး၍
သားတော်ဖွားပြီးစဖြစ်ကုန်သော
မြတ်သောဘုရားလောင်းတို့တောထွက်ခြင်းသည်-
ပြုကျင့်ကြလေကုန်၏ [ ဗုဒ္ဓဝံသအဋ္ဌကထာ"၃၅၂" ]
ထိုအချက်သည်
ဘုရားရှင်တိုင်း ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပေါင်း
[ ၃၀ ] ထဲမှ [ ၆ ] ခုမြောက်ဖြစ်သော
ဓမ္မတာတစ်ခုလည်းဖြစ်၏။
★ထို [ ၃၀ ] တို့အား ဗဟုသုတရအောင်
ဖော်ပြလိုက်ပါအံ့၊
ဘုရားရှင်တိုင်း ဖြစ်ရိုးဖြစ်စဉ်
ဓမ္မတာပေါင်း(၃၀) ဟူသည်မှာ =
(၁)နောက်ဆုံးအလောင်းတော်ဟာ
မယ်တော်ဝမ်း၌သာ ပဋိသန္ဓေနေရခြင်း။
(၂)မယ်တော်ဝမ်းမှာ တင်ပျဉ်ခွေ၍
အရှေ့ကို မျက်နှာပြုနေရခြင်း။
(၃)မယ်တော်ဟာ အလောင်းတော်ကိုရပ်ပြီးဖွားရခြင်း
(၄)တောအရပ်မှာသာဖွားရခြင်း။
(၅)ဖွားလျှင် ဖွားခြင်း မြောက်ဘက်သို့
ခုနှစ်ဖဝါးလှမ်းပြီး သီဟနာဒကြုံးဝါးရခြင်း။
(၆)နိမိတ်ကြီးလေးပါးမြင်ပြီး
သားတစ်ယောက်ရမှ တောထွက်ရခြင်း။
(၇)ကြာသင်္ကန်းဖြင့် ဒုက္ကရစရိယာ
အနည်းဆုံးခုနှစ်ရက်ကျင့်ရခြင်း။
(၈)ဘုရားဖြစ်မည့်နေ့ နို့ဃနာ ဘုဉ်းပေးရခြင်း။
(၉)မြတ်ခင်းပေါ်မှာ ဘုရားအဖြစ်ရောက်ရခြင်း။
(၁၀)ဗောဓိပလ္လင်ပေါ်မှာအာနာပါန
ကမ္မဋ္ဌာန်းစီးဖြန်းရခြင်း။
(၁၁) မာရ်စစ်သည်ကို အောင်မြင်ရခြင်း။
(၁၂)ဗောဓိပလ္လင်ထက်မှာ ဝိဇ္ဇာသုံးပါရခြင်း
(၁၃)သတ္တ သတ္တာဟ စံတော်မူရခြင်း။
(၁၄)တရားဟောရန် ဗြဟ္မာတောင်းပန်ခံရခြင်း။
(၁၅)ဓမ္မစကြာ တရားဦး ဟောရခြင်း။
(၁၆)တပိုတွဲလပြည့်နေ့မှာ
သြဝါဒ ပါတိမောက်ပြုရခြင်း။
(၁၇)ဇေတဝန်ကျောင်းတော်မှာ အမြဲနေရခြင်း။
(၁၈)သာဝတ္ထိမြို့ တံခါးမှာ တန်ခိုးပြရခြင်း။
(၁၉)တာဝတိံသာမှာ အဘိဓမ္မာဟောရခြင်း။
(၂၀)သင်္ကဿမြို့တံခါးသို့
တာဝတိ ံသာကဆင်းရခြင်း။
(၂၁)ဖလသမာပတ်ကို မပြတ်ဝင်စားရခြင်း။
(၂၂)ကျွတ်ထိုက်သော ဝေနေယျကို ကြည့်ရခြင်း။
(၂၃)အကြောင်းပေါ်လျှင် ဝိနည်းပညတ်ရခြင်း။
(၂၄)အကြောင်းဖြစ်လာလျှင်ဇာတ်တော် ဟောရခြင်း။
(၂၅)ဆွေမျိုး အစည်းဝေးမှာ ဗုဒ္ဓဝင်ကိုဟောရခြင်း။
(၂၆)အာဂန္တုရဟန်းများနှင့်ပဋိသန္ဓာရဟောပြောရခြင်း။
(၂၇)ဒါယိကာတို့ပင့်၍ ဝါဆိုလျှင်
ဝါကျွတ်တဲ့ခါ ပန်ကြားပြီးမှ သွားရခြင်း။
(၂၈)ဗုဒ္ဓကိစ္စငါးပါးကို ပြုရခြင်း။
(၂၉)ပရိနိဗ္ဗာန်ဝင်စံမည့်နေ့
သားပြွမ်းဆွမ်းကိုဘုဉ်းပေးရခြင်း။
(၃၀)ကုဋေနှစ်သန်းလေးသိန်းသောသမာပတ်တို့ကို
ဝင်စားပြီး ပရိနိဗ္ဗာန်ပြုရခြင်း။
ဖေါ်ပြခဲ့သောတရားသုံးဆယ်သည်
ဘုရားရှင်တိုင်းဖြစ်ရိုးဖြစ်စဉ်
သဘောဖြစ်လို့ ဓမ္မတာ [ ၃၀ ] ဟုခေါ်၏။
★သံသယများရှင်း၍ ဗဟုသုတများမှတ်ယူကာ
ရတနာသုံးပါး မှ အခြားကိုးကွယ်ခြင်းကင်းသော
ဗုဒ္ဓဘာသာကောင်းဖြစ်နိုင်ပါစေ ဆုမွန်ကောင်းဖြင့် ★
ဖန်ခါးမြေအရှင်
No comments:
Post a Comment