ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေပုံ
••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ကုသိုလ်ကနေ အကုသိုလ်ကို
ဘယ်လိုလုပ် ဖြစ်စေတာတုန်း။
တချို့က
ကုသိုလ်လုပ်တယ်ဆို
ကုသိုလ်ပဲ ရတယ်လို့ ထင်တယ်။
ဒီနေရာမှာ ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တာ ရှိတယ်။
ဘယ်လိုဖြစ်တုန်းဆိုရင် ဆိုပါစို့။
"သဒ်ဓါ ”
••••••••••
လူတစ်ယောက်မှာ လှူချင်တန်းချင်တဲ့
သဒ္ဓါတရားတွေ ဖြစ်လာတယ်။
အဲ့ဒီ သဒ္ဓါတရားဟာ ကုသိုလ်ပဲနော်။
သို့သော် " ငါ့သဒ္ဓါတရားဟာ
ကောင်းလိုက်တာ"လို့ သဒ္ဓါတရားကို တွယ်တာတဲ့
လောဘစိတ်နဲ့ ကြည့်တဲ့အခါ အဲ့ဒီကြည့်တဲ့ လောဘစိတ်ကျတော့အကုသိုလ်ပဲ။
ဒါ ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာလို့
ပြောတာ။ အဲ့ဒီတော့ ကုသိုလ်ကနေ အကုသိုလ်
ပြောင်းသွားနိုင်တာကို သတိထားဖို့နော်။
ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ်ဖြစ်တယ်။
"သီလ"
•••••••••••••
ကိုယ့်ရဲ့သီလစင်ကြယ်တာကို အကြောင်းပြုပြီးတော့ငါ့သီလက စင်ကြယ်တယ်ဆိုပြီး သီလကိုအကြောင်းပြုပြီး မာနဖြစ်ရင် သီလက "ကုသိုလ်"
မာနက အကုသိုလ်"
ဒါ "ဥပနိဿယပစ္စည်း"လို့ခေါ်တယ်။
သဒ္ဓါကို တွယ်တာမှုဖြစ်တယ်ရာဂဖြစ်တယ်။
တစ်ခါ ကိုယ့်သဒ္ဓါတရားကိုကြည့်ပြီးတော့ များများစားစား လှူလိုက်မိပြီး နောက်ကျတော့...
"ငါ့ သဒ္ဓါတရားကလည်းနော် ငါလှူလိုက်တာ မှားလိုက်တာ" ဆိုပြီး၊ သဒ္ဓါတရားကို ရှုတ်ချတဲ့
ဒေါသက မပေါ်နိုင်ဘူးလား။
သဒ္ဓါကိုအကြောင်းပြုပြီး
ဒေါသလည်း ဖြစ်နိုင်တာပဲ။
ထို့အတူပဲ ကိုယ့်သီလ ကိုယ်ကြည့်ပြီးတော့
ကျေနပ်နေတယ်။ နှစ်သက်နေတယ်။
ကျေနပ်တယ်ဆိုတာ တဏှာလောဘနဲ့
ကျေနပ်တာကို ပြောတာ။
ကုသိုလ်စိတ်နဲ့ ကျေနပ်တာကို ပြောတာ
မဟုတ်ဘူးနော်။
တဏှာစိတ်နဲ့ ကိုယ့်သီလကိုကိုယ်တွယ်တာပြီး ကျေနပ်နေပြီ။ သာယာနေပြီ၊ လောဘတွေဖြစ်နေတယ်ဆိုရင် ကုသိုလ်ကနေ အကုသိုလ်ကို ဖြစ်စေတယ်လို့ ဒီလိုပြောတာ။
"စာဂ"
••••••••••
ကိုယ့်ရဲ့စွန့်ကြဲမှုကို အကြောင်းပြုပြီး ငါလို
ဘယ်သူမှ မလှူနိုင်ဘူး။ငါက လှူနိုင်တယ်ဆိုပြီး …
ကိုယ့်အလှူဒါနပေါ်မှာကျေနပ်မက်မော
တွယ်တာနေမယ်ဆိုလို့ ရှိရင်"စာဂ"ဆိုတဲ့ ကုသိုလ်
အကြောင်းပြုပြီး အကုသိုလ်ဖြစ်ပြန်တာပဲ။
"သုတ"
••••••••••••••
ကိုယ်က တရားဓမ္မတွေ နာထားတယ်။
မှတ်လည်း မှတ်တယ်။
စာတွေလည်း တတ်တယ်။
ဗဟုသုတတွေလည်း များလာတယ်။
အဲ့ဒီ များလာတဲ့ ဗဟုသုတအပေါ်
မာန်မာနတွေ တက်လာတယ်။
ကိုယ့်ဗဟုသုတအပေါ် တွယ်တာမှု နှစ်သက်မှု
ရာဂတွေ ဖြစ်လာတယ်ဆိုလို့ရှိရင်၊ တရားဓမ္မသုတက "ကုသိုလ်" တွယ်တာမှုဖြစ်လာတာတို့
မာနတို့က "အကုသိုလ်"
ဒါကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ။
အဲ့ဒီလို ဖြစ်လာတာ။
တစ်ခါ စျာန်တရား အားထုတ်တယ်။
ကိုယ်ရထားတဲ့ စျာန်ကို သဘောကျ
တွယ်တာနေတယ်။
တပ်မက်တွယ်တာနေတယ်ဆိုရင်
စျာန်က "ကုသိုလ်" တွယ်တာ တပ်မက်တာက
"အကုသိုလ်" ကုသိုလ်ကနေ အကုသိုလ်ဖြစ်တာ။
သို့သော် ကိုယ်ရထားတဲ့ မဂ်စိတ် ဖိုလ်စိတ် ကိုတော့
ဒီလိုမဖြစ်ဘူး။
လောကုတ္တရာတရားက အလွန်သိမ်မွေ့တာ ဆိုတော့
လောဘနဲ့ အာရုံပြုလို့ မရဘူး။
အဲဒါကျတော့ လက်လှမ်းမမှီဘူးလို့
ပြောတယ်နော်။ ဘယ်လို လက်လှမ်းမမှီတုန်း ဆိုရင်
ယင်ကောင်ကြီးဟာ မီးကျီးခဲပေါ်မှာ
မနားဝံ့သလို …
မဂ်စိတ် ဖိုလ်စိတ်ပေါ်မှာလောဘက မတွယ်ဝံ့ဘူး။
လောကုတ္တရာစိတ်နား မကပ်နိုင်ဘူး။
တဏှာက လောကီစိတ်ကို နှစ်သက်နိုင်တာ။
လောကုတ္တရာစိတ်ကျတော့ သူနဲ့ဘက်မဟုတ်ဘူး။
ကုသိုလ်စိတ်ကို အကြောင်းပြုပြီးတော့
အကုသိုလ်တွေ ဖြစ်ကြသေးတယ်။
ဒါကို အကြောင်းပြုပြီး "ပုရိမာ ပုရိမာ
ကုသလာ ဓမ်မာ ပစ်ဆိမာနံ ပစ်ဆိမာနံ
အကုသလာနံ ဓမ္မာနံ ကေသဉ္စိ
ဥပနိဿယ ပစ္စယေန ပစ္စယော"
"ကေသဉ္စိ"ဆိုတဲ့စကားက
"အနန္တရ" တော့ မဖြစ်နိုင်ဘူး။
"အာရမ္မဏ"တော့ ဖြစ်နိုင်တယ်။
အာရုံပြုပြီးတော့ လောဘဖြစ်မယ်။
ဒေါသဖြစ်မယ်။ မာန်မာနတွေ ဖြစ်မယ်။
ဣဿတွေ ဖြစ်မယ်။
အယူမှားတဲ့ မိစ္ဆာဒိဋ္ဌိတွေ ဖြစ်မယ်။
နောက်က ဖြစ်လာသမျှသည်
အကုသိုလ်တွေချည်းပဲ
ဖြစ်လာသည့် အတွက်ကြောင့်
ကုသိုလ်ကို အကြောင်းပြုပြီး
အကုသိုလ် ဖြစ်တယ်လို့ ဒီလိုပြောတာ။
ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ
ပဋ္ဌာန်းမြတ်ဒေသနာ၊ တရားတော်မှ
ကောက်နုတ်ချက် ဖြစ်ပါသည်။
No comments:
Post a Comment