🌷🌷သာဓုခေါ်ရကျိုး 🌷🌷
***********🌸🌸🌸***********
“နာကိုး တောင်းရှစ်၊ သာဓုတစ်၊ ဟောလှစ် အသင်္ချေ” ။
“တရားနာယူသည့်အတွက် ကိုးကမ္ဘာတိုင်တိုင် အပါယ်မလားနိုင်၊ သာဓုခေါ်သည့်အတွက် တစ်ကမ္ဘာ အပါယ်မလားနိုင်၊
တရားဟောသည့်အတွက် ကမ္ဘာအသေချေၤတိုင် အပါယ်မလားနိုင်”ဟုဆိုပါသည်။
“နာကိုး တောင်းရှစ်၊ သာဓုတစ် ဟောလှစ် အသင်္ချေ”ဟူသည်-
“နဝကပ်ပံ သုတဓမ်မံ၊
အဋ္ဌကပ္ပဉ္စ ယာစိတော။
ဧကော ကပ္ပော နုမောဒနာ၊
ဒေသိတောစ အသချေၤယော။” ဆိုသည့် ဂါထားကလေးကို မြန်မာမူပြုထားသည့် ဓမ္မစာစုကလေးဖြစ် ကြောင်း သိနိုင်ပါသည်။
နာကိုး တောင်းရှစ် သာဓုတစ်"- မေးခွန်း အဖြေ။ ။
“နာကိုးတောင်းရှစ်၊ သာဓုတစ်၊ ဟောလစ်အသချေၤ” ဟူသောစကားကို ပါဠိတော် အဋ္ဌကထာတို့၌ မပါကြောင်း ရှေးယပ်လှဲတရားစာ စသည်တို့၌သာတွေ့မိကြောင်း ပညာရှင်တို့ ဖြေကြားဖူးလေပြီ။
ရှေးဦးစွာ လင်္ကာပါအတိုင်း အကျိုးရနိုင်,မရနိုင် မစိစစ်မှီ၊ ပါဠိတော် အဋ္ဌကထာတို့၌ လာသော တရားနာခြင်း စသည်တို့၏ အကျိုးတရားတို့ကို ဖော်ပြချင်ပါသည်။
နာ-ကိုး။
*******
အင်္ဂုတ္တိုရ် ပါဠိတော်၊ ဓမ္မဿဝန သုတ်တွင် တရားနာခြင်းဖြင့် အကျိုးငါးပါး ရနိုင်ကြောင်း အောက်ပါ အတိုင်းဟောတော်မူထား၏။
ရဟန်းတို့ တရားနာခြင်း၌ ၊ အာနိသင်တို့သည် ဤငါးမျိုးတို့တည်း-
အဘယ်ငါးမျိုးတို့နည်းဟူမူ-
၁။ မကြားဘူးသည်ကို ကြားနာရ၏၊
၂။ ကြားဘူးသည်ကို ဖြူစင်စေ၏၊
၃။ ယုံမှားမှုကို ကူးမြောက်နိုင်၏၊
၄။ အယူကိုဖြောင့်မှတ်စွာ ပြုနိုင်၏၊
၅။ ထိုသူ၏ စိတ်သည် ကြည်လင်၏။
ရဟန်းတို့ တရားနာခြင်း၌ အာနိသင်တို့သည် ဤငါးမျိုးတို့တည်းဟု-မိန့်တော်မူ၏။
(အင် ၊မြန်၊၂၊၂၇၂)
ထို့ပြင် တရားတော်ကို ကြားနာခြင်းဟူသော သောတသာဝန၊ နှုတ်ဖြင့် သရဇ္ဈာယ်ခြင်းဟူသော ပရိစိတ၊ စိတ်ဖြင့် အဖန်ဖန်ကြံစည်ခြင်းဟူသော မနသာအနုပေက္ခိတ၊ ပညာဖြင့် ကောင်းစွာထိုးထွင်း၍ သိခြင်းဟူသော ဒိဋ္ဌိယာသုပနိဝိဒ္ဓ၊ ဤလေးပါးသောကိစ္စတို့ဖြင့် ကောင်းစွာ အားထုတ် အပ်သည်ရှိသော် လေးပါးသော အကျိုး တရားတို့ကို ရနိုင်ကြောင်း အင်္ဂုတ္တိုရ်၊ စတုက္ကနိပါတ်၊ သောတာနုဂတသုတ်တွင် ဟောတော်မူထား၏။ (အင်၊မြန်၊၁၊၅၁၉)
လေးပါးဟူသော်ကား-....
၁။မေ့လျော့သည်ဖြစ်၍ လုုူ့အဖြစ်ကို စွန့်ရသည်ရှိသော် အထက်နတ်ပြည်၌ ဖြစ်ရ သဖြင့် ရှေးဘဝ၌ကြားနာအပ် အားထုတ် အပ်သော ပရိ ယတ္တိတရားရှိသောပုဂ္ဂိုလ်သည် ကြည်လင်သောကြေးမုံပြင်၌ထင်သော မျက်နှာ ရိပ်ကဲသို့ အလိုလိုပင် ထင်ခြင်းသို့ ရောက်သဖြင့် မဂ်
ညဏ်၊ ဖိုလ်ညဏ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်းတစ်ပါး။
၂။မိမိအလိုလိုပင် တန်းခိုးကြီးသောရဟန်းတို့ဟောပြော၍ ထပ်မံနာရ ပြန်သောအခါ၌ လိမ္မာသောယောကျ်ား သည် အရပ်တစ်ပါး၌ စည်ကြီး သံကိုကြားသည်ရှိသော် ကြားသောခဏ၌ စည်းကြီးသံဟု မတွေမေ၀ သိနိုင် သကဲ့သို့ တရားသံကိုကြားရသောခဏ၌ မတွေမဝေသိသဖြင့်
လောကုတ္တရာ တရားအထူးကို ရခြင်းတစ်ပါး။
၃။တန်းခိုးကြီးသောရဟန်း မဟောသော်လည်း သုဓမ္မာသဘင်၌ သနင်္ကုရဗြဟ္မာ သိကြားမင်းတို့ ဟောပြော၍ ကြားနာရသော ခဏ၌ မဂ်ဖိုလ်ရခြင်းတစ်ပါး။
၄။ထို့သို့ပင် မဟုတ်သော်လည်း အပေါင်းအဖော်နတ်တို့ သတိပေး၍ မဂ်ဖိုလ်ရခြင်းတစ်ပါး။ ဤလေးပါးတို့တည်း။
အထက်ပါဖော်ပြချက်တို့တွင် ဓမ္မဿဝနသုတ်လာ ငါးပါးသောအကျိုး တရားတို့သည် ယခု မျက်မှောက်ဘဝအတွက်ဖြစ်၏။ သောတာနုဂတသုတ်လာ လေးပါးသောအကျိုး တရားတို့သည် နောင်တမ လွန်ဘ၀ အတွက်ဖြစ်၏။
သို့သော် ထိုအကျိုးတရားတို့ကို လူတိုင်း မုချ အလွယ်တကူ ရနိုင်ကြသည် မဟုတ်ကုန်။
အင်္ဂုတ္တိုရ်၊ ပဉ္စကနိပါတ်၊ ဒုက္ကထာသုတ်၌ ဟောတော်မူသည့်အတိုင်း သဒ္ဒါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ မရှိသူတို့အား ထိုသဒ္ဓါစသောတရား တို့သည် မကောင်းသော စကားတို့သာဖြစ်၏။
ထို့ကြောင့် ထိုသူမျိုးတိုု့အား ထိုသဒ္ဓါတရားစသည်နှင့်စပ်သော တရားစကားတို့ကို ကြားနာရသော အခါ နှစ်သက်ဝမ်းမြောက်ခြင်း ပီတိပါမောဇ္ဇ စသည်မဖြစ်၊ နှလုံးမသာယာခြင်း ဒေါမနဿ စသည် တို့သာဖြစ်၏။ ထို့
ကြောင့် ထိုသူမျိုးတို့အား တရားနာရခြင်း အကျိုးတရားတို့ ပြည့်ပြည့်၀၀ မဖြစ်ပွားကြကုန်။
အကျိုးတရားခံစားကြရသူတို့တွင်လည်း ဤဘဝမဂ်ဖိုလ် ရထိုက်သုူတို့သည် ဤဘဝ၌ပင် မဂ်ဖိုလ်ကို ရနိုင်ကြကုန်၏။ ဤဘဝ၌ မဂ်ဖိုလ်မရထိုက်သူ အချို့သည် နောက်ဘဝ၌ မဂ်ဖိုလ်ရနိုင်ကြ ကုန်၏။ အချိုသူတို့အား အထုံဝါသနာ အနေအားဖြင့်သာ ဖြစ်ကုန်၏။ သို့ရကား တရားနာရခြင်း၏ အကျိုးတရားတို့ကို ဘဝဖြင့်ပိုင်းခြား၍ မဖြစ်နိုင် ပါချေ။
တောင်း ရှစ်။ ။
******************
မြန်မာနိုင်ငံတွင် တရားမဟောမီ ဝတ်အဖွဲ့ ၊ နိဗ္ဗာန်ဆော်၊ ပန်းဒကာ စသူတို့က မိမိတို့ရရှိထားသော တရားတောင်းလင်္ကာများဖြင့် တရားဒေသနာများ ချီးမြှင့်ဟောကြားတော်မူပါရန် ရွတ်ဆိုတောင်းပန်ကြကုန် ၏။ သို့ရာတွင် ထိုသူတို့အား တရားတောင်းသူ အစစ်ဟု မဆိုနိုင်ကုန်။ ထိုသူတို့ မတောင်းပန်လျှင်လည် း တရား ပွဲဖြစ်မြောက်အောင်တာဝန်ယူပင့်ဖိတ်သူ၊ စီစဉ်ဆောင်ရွက်သူ အလှူရှင် တို့က လျှောက်ထားတောင်းပန်ပြီး ဖြစ်သောကြောင့် ဟောမည်ပင်ဖြစ်၏။ ထိုကြောင့် ထိုဓမ္မဒါန ကုသိုလ်ရှင် စီၤစဉ်ဆောင်ရွက် သူတို့သာ မူလတရားတောင်းသူတို့ ဖြစ်ကုန်၏။ ထိုသူတို့သည် တရားဟော သူနှင့်မခြား ဓမ္မဒါန ကုသိုလ်တရားတို့ ဖြစ်ပွားရရှိကြကုန်၏။ မှန်၏။ ကုသိုလ်အမှု၌ဖြစ်စေ၊ အကုသိုလ်အမှု၌ဖြစ်စေ ကိုယ်တိုင်ပြုသူ (သာဟတ္တိက) စေခိုင်းတိုက်တွန်းသူ (အာဏတ္တိက) အကျိုးပြ၍ ချီးမွမ်းသူ (ဝဏ္ဏဘာသန) ကျေနပ်သဘောကျသူ(သမနုညာ)တို့အား ထပ်တူ အကျိုးရနိုင်ကြော င်း အဖွင့်အဋ္ဌကထာများ နှင့်အညီ ရှေးဆရာတို့ ဤသို့လင်္ကာဖွဲ့ဆိုပြတော်မူထား၏။
“ကမ္မပထ၊ ဆယ်ပါးပြ၌၊ နှစ်၀ ဒု-သု၊ ကိုယ်တိုင်ပြုနှင့်၊ သူတို့စေငြား၊ ရွှင်အားနှစ်သက်။ ချီးမွမ်းမြွက် ဟု၊ လေးချက်ဆီလီ၊ လေးဆယ်စီတည်း၊ မျှညီ ပြစ်ကျိုး၊ တူရိုးအဟုတ်၊မြတ်သမ္ဗုဒ်တို့၊ မယုတ်မပို၊ ဟောမိန့်ဆိုခဲ့။
(မဃဒေဝ၊၂၃၀)
ဓမ္မဒါနကုသိုလ်ရှင်ဟု ခေါ်ဆိုကြသော တရားပွဲဖြစ်မြောက်ရန် မတည် လှူဒါန်းသူ အလှူရှင်သည် ဓမ္မကထိက ပုဂ္ဂိုလ်အားလည်း ဓမ္မဒေသနာ ကုသိုလ်ဖြစ်စေသူ တရားနာပရိသတ်အပေါင်း သူတော်ကောင်းတို့အားလည်း ဓမ္မဿဝနကုသိုလ်ဖြစ်စေသူ တရားဟောသူ တရားနာသူ စီစဉ်သူ အားလုံးတို့အား အာမိသဒါန ဓမ္မဒါန တို့ကို ဖြစ်ပွားစေသူ ဖြစ်သဖြင့် လွန်စွာကျေးဇူးများလှ၏။
သို့ရာတွင် ထိုသို့တောင်းပန်သူ တိုက်တွန်းသူများ ဘဝပေါင်းမည်မျှအ ကျိုးပေးနိုင်၏ ဟု ဘဝဖြင့် ပိုင်းခြား၍ ဟောပြသော ဒေသနာတို့ကို မတွေ့ရပေ။ မေးခွန်းပါ တရားနာခြင်း၊ ဟောခြင်း တောင်းပန်းခြင်း သာဓုခေါ်ခြင်း အမှုတို့သည် ဒါန သီလ ဘာဝနာ ဟု ကုသိုလ်အမှု့ သုံးခုရှိရာတွင် ဘာဝနာကုသိုလ်တွင် စာရင်းဝင်၏၊ ဘာဝနာကုသိုလ်၏ ပန်းတိုင်သည်လည်း မဂ်ဖိုလ်နိဗ္ဗာန် မြန်မြန်ရရန်ဖြစ်၏။ ထို့ကြောင့် အကျိုး တရားတို့ကို ဘဝဖြင့် ပိုင်းခြားပြစရာ မလိုဟု ယူဆပါသည်။
သာဓု တစ်။ ။
*****************
တရားနာရာ၌ သာဓုခေါ်ရခြင်း၏ အကျိုးပြ ဝတ္ထုသက်သေတစ်ခုကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှ ထုတ်နှုတ်ပြပါမည်။
မြတ်စွာဘုရားသခင် သာဝတ္ထိပြည်မွန် ဇေတဝန်ကျောင်းတော်၌ ကိန်းအောင်းမွေ့လျော် စံပျော်တော်မူခို က် တစ်ယောက်သော သူဌေးသမီး၏ လင်ယောက်ျားသည် မြတ်စွာဘုရား၏ တရားဒေသနာကို ကြားနာရ၍ “ ဤတရားကို လူ့ဘဝဖြင့် ဖြည့်ကျင့်ခြင်းငှါ မလွယ်ကူ” ဟု ယူဆကာ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါး၏ အထံ၌ ရဟန်းပြုလေ၏။
ထိုသူ၏မယားကို ပသေနဒီကောသလမင်းကြီးက သိမ်းပိုက်ကာ ကိုယ်လုပ်မောင်းမအရာ၌ ထားလေ၏။ တနေ့သောအခါ ကြာညိုပန်းတစ်စည်းကို ယူ၍ မောင်းမတစ်ယောက်စီအား ကြာညိုပန်း တစ်ပွင်စီပေးစေ၏။ ထိုသို့ဝေဘန်ရာတွင် ထိုရဟန်းဝတ်သွားသူ၏ မယားဟောင်းသည် ပန်းနှစ်ပွင့်ရလေ၏- ထိုမောင်းမသည် ပြုံးပျော်ကြည်နူးကာ ပန်းတို့ကို နမ်းရိူက်လျှင် လင်ဟောင်းဖြစ်သော ရဟန်းကို အောက်မေ့သတိရသဖြင့် ငိုကြွေးမိလေ၏။ မင်းကြီးသည် ထိုမိန်းမ၏ ပြုံးရီလိုက် ငိုလိုက် ဖြစ်နေပုံ ကို တွေ့မြင်၍ ခေါ်ကာမေးလေလျှင် “ကြာညိုပန်း နှစ်ပွင့်ရသဖြင့် ဝမ်းသာကာ ပြုံးရယ်မိကြောင်း ကြာပန်းကို နမ်းရှိုက်စဉ် ခံတွင်းမှ ကြာညို ပန်းနံထွက်သော ယခုရဟန်းပြုသွားပြီဖြစ်သော လင်ဟောင်းကို သတိရသဖြင့် ငိုကြွေးမိကြောင်း အကြောင်းစုံကို လျှောက်တင်လေ၏။
ပသေနဒီကောသလမင်းကြီးသည် သုံးကြိမ်တိုင်တိုင်မေးမြန်း စစ်ဆေး၍ မယုံကြည်သေးသဖြင့် နောက်နေ့တွ င် နန်းတော်သို့ ဘုရားအမှူးရှိသော ရဟန်းသံဃာတို့ကို ပင့်ဖိတ်၍ အလှူကြီးပေးကာ ဆွမ်းကိစ္စပြီးသောအခါ၌ ထိုမောင်းမကို မေးမြန်းမှတ်သား၍ ဘုရားရှင်အား ရှိခိုးကာ “အရှင်ဘုရား၊ ရဟန်းအပေါင်းနှင့် တကွ ပြန်ကြွတော် မူပါ။ တပည့်တော်တို့အား ဤမည်သောရဟန်း တရားဟောပါလိမ့်မည်”ဟု လျှောက် ထားလေ ၏။ မြတ်စွာဘုရားသည် (သူဌေးသမီး၏ လင်ယောကျ်ားဖြစ်ဘူးသော) ထိုရဟန်းကို ချန်ထား၍ ပြန်ကြွတော်မူ၏။
မထေရ်သည် အနုမောဒနာတရား ဟောအံ့သောငှါ ပါးစပ်ဟလိုက်လျှင်ပင် နန်းတော်တစ်ခုလုံး နံ့သာကြုတ် ကဲ့သို့ဖြစ်၍ အလွန်မွှေးကြိုင်သွား၏။ မင်းကြီးသည် မောင်းမ၏ စကားကို ယုံကြည် သွားပြီး နောက်နေ့၌ ဘုရားရှင်ကို မေးလျှောက်လေ၏၊
မြတ်စွာဘုရားသည် “ဤရဟန်းကား အတိတ်ဝေးစွာ ရှေးအခါတုန်းက တရားစကား နာကြားရသည်ရှိသော် “သာဓုသာဓု” ဟု ကောင်းချီးနုမော် သာဓုခေါ်လျက် ပတ္တာနုမောဒန ကုသိုလ်ကို အရိုအသေ ဖြစ်စေခဲ့ဖူးလေပြီ ။
ထိုကုသိုလ် အကြောင်းရင်းကြောင့် ဤသို့သော အကျိုးအာနိသင်ကို ရရှိခြင်းဖြစ်၏။ ဟု မိန့်တော်မူ၏။ (အံ၊ ဋ္ဌ၊ ၁၊ ၂၂ )
“သတည်း” ချတိုင်း ဝတ္တရားအရ သာဓုခေါ်ရခြင်းမျိုးမဟုတ်ပဲ တရားတော်၌ နားစိုက်ကာ ဓမ္မရသ သောက်သုံးရသဖြင့် အားရရွှင်လန်း ဝမ်းမြောက်သည့်အနေ ချီးမွမ်းသည့်အနေဖြင့် သာဓုခေါ်နိုင်လျှင် ဝဏ္ဏဘာသန ပတ္တာနုမောဒန ကုသိုလ်တရားများ ဟောသူနှင့်မခြား အလားတူ ရရှိနိုင်သည်။
ဟောလစ် အသခေင်္ျ ။ ။
**************************
သံယုတ်ပါဠိတော် ကိံဒဒသုတ်တွင် “ အမတံဒဒေါ စ သော ဟောတိ ၊ ယော ဓမ္မမနုသာသတိ။ “အကြင်သူသည် တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမ၏။ ထိုသူသည် အမြိုက်နိဗ္ဗာန်ကို ပေးလှူသည်မည်၏” ဟု ဘုရား ရှင်ဟောတော် မူပါသည်။( သံ၊ ၁၊ ၂၉)
ယင်းသုတ်၏ အဋ္ဌကထာ အဖွင့်တွင် “ တရားတော်ကို ဟောဖော်ညွှန်ပြ ဆုံးမခြင်း- အရ အကြောင်းအကျိုးကို အစဉ်အားဖြင့် ဆုံးမခြင်း ပိဋကတ်သုံးပုံ၏ အဋ္ဌကထာကို ဖွင့်ဆိုပြသခြင်း၊ ပါဠိတော်ကို ပို့ချခြင်း၊ ကမ္မဋ္ဌာန်းတရား ညွှန်ကြားပြသခြင်း၊ သူတစ်ပါးတို့အား တရားနာအောင် သွေးဆောင်တိုက်တွန်းခြင်းတို့ ပါဝင်ကြောင်း ဖွင့်ဆို ရှင်းပြထား၏။ (သံ၊ ဋ္ဌ၊၁၊၇၉)
တဖန် အများသိပြီးဖြစ်သော ဓမ္မပဒပါဠိတော်လာ “ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” (ခပ်သိမ်း ဒါန ဟူသမျှတွင် ဓမ္မဒါန တရားအလှူ မြတ်ဆုံးဟူ၏။ ) ဟူသော ဂါထာပါဒ၏ အဋ္ဌကထာအဖွင့်ကို အဓိပ္ပယ်သိသာရုံမျှ ဘာသာပြန်ပြရလျှင်-ဤစြက်ာဝဠာတိုက်အတွင်းမှသည် ဗြဟ္မာပြည်တိုင်အောင် စည်ဝေးတည်နေ တော် မူကုန်သော ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာအရှင်မြတ်တို့အား မွန်မြတ်ကုန်သော ဆွမ်း ၊သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါးတို့ကို ပေးလှူရာ၏ ။
ထိုပေးလှူအပ်သော အာမိသဒါန ကုသိုလ်သည် ထိုအစည်း အဝေး၌ လေးပါဒ မျှရှိသော ဂါထာတစ်ပုဒ်ကို ဟောကြားအပ်သော ပုဂ္ဂိုလ်၏ ဓမ္မဒါနကုသိုလ်ကို ၁၆-စိတ်(ဝါ) ၂၅၆ စိတ် စိတ်၍ တစ်စိတ်ကိုမျှ မမှီနိုင်။ အဘယ်ကြောင့်ဆိုသော် ထိုဆိုအပ်ပြီးသော ကုသိုလ်ကြီးတို့ကို ပြုလုပ်နိုင်ကြခြင်း သည် တရားတော်ကို နာရ၍သာ ပြုလုပ်နိုင်ကြခြင်း ဖြစ်၏။
အကယ်၍သာ တရားတော်ကို မနာရသဖြင့် အကျိုးအကြောင်းကို မသိမြင် မယုံကြည်နိုင်ကြလျှင် ယာဂုတစ်ရှုတ် ဆွမ်းတစ် လုပ်ကိုမျှ လှူနိုင်ကြလိမ့် မည်မဟုတ်ကုန်၊ ဤအကြောင်းကြောင့် ဓမ္မဒါနသည် ခပ်သိမ်းသော ဒါနတို့ထက် သာလွန်မွန်မြတ်၏။
တစ်နည်းလည်း ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါတို့မှ တစ်ပါး ရွာသွန်းနေသော မိုးရေမိုးပေါက် တို့ကို ရေတွက်ခြင်းငှါ စွမ်းနိုင်သော ပညာနှင့်ပြည့်စုံသော အရှင်သာရိပုတ္တရာအစရှိသော ပုဂ္ဂိုလ်တို့သည်ပင် မိမိတို့ အလိုလို သောတာ ပတ္တိဖိုလ်စသည်တို့သို့ ရောက်ခြင်းငှါ မတတ်နိုင်ကုန် ။ အရှင်အဿဇိ မထေရ် စသော ပုဂ္ဂိုလ်များ ဟောကြားတော်မူအပ်သော တရားဒေသနာများ ကို နာကြားရမှသာ မဂ်ဖိုလ်ရနိုင်ကြပါသည် ။ ဤအကြောင်းကြောင့်လည်း အလှူအားလုံးထက် တရားအလှူက သာ၍မြတ်၏ ။
ဤမျှဖြင့် ဟောခြင်း နာခြင်းတို့၏ အကျိုးတရားတို့ကို အမြွက်မျှသိရပေပြီ။ နာကိုးတောင်းရှစ် စသည်ဖြင့် ဘဝဖြင့် ပိုင်းခြားပြသော အကျိုးတရားတို့ကို ပိဋကတ်တော်၌ တိုက်ရိုက် မတွေ့ရသော်လည်း မဖြစ်နိုင်ဟု မမှတ်ယူစေလို၊ ထိုထက်သာ၏-ဟုပင် ဆိုနိုင်ပါသည်။ အကြောင်းမှာ တရားနာရခြင်း ဟောရခြင်းတို့ကြောင့် ဘဝကိုမုန်းကာ ဘဝဆုံး အောင် အားထုတ်သဖြင့် မြန်မြန် နိဗ္ဗာန်ရနိုင်သောကြောင့် ဖြစ်ပါသည် ။
No comments:
Post a Comment