“ သာဓု ခေါ်ဆိုရခြင်း အကျိုး ”
---------------------------------
ခုခေတ်လူတွေ ခဏခဏ
‘သာဓု’ခေါ်နေကြတာ
ဘာလို့ မရတာတုန်းလို့
မေးကောင်း မေးလိမ့်မယ်။
ရေထဲမိုးရွာနေတာလေ။
ဆိုပါစို့ ---
ပစ္စည်းဥစ္စာရှိနေတဲ့ လူတွေကို
ထမင်းတစ်နပ် ခေါ်ကျွေးတော့
သူ့မှာ ...
စားရလည်း သိပ်ပြီး မထူးခြားဘူး။
မစားရလည်း သိပ်ပြီး မထူးခြားဘူး။
ဘာဖြစ်လို့တုန်းဆိုတော့ ပြည့်စုံနေတာကိုး။
မပြည့်စုံတဲ့ လူတွေကျတော့ အင်မတန်မှ ကွာခြားသွားတယ်။
ပြိတ္တာဘုံရောက်နေတဲ့
ပုဂ္ဂိုလ်တွေအဖို့တော့
အကျွတ်အလွတ်ပွဲတွေ လုပ်ပြီး
အမျှအတန်း ပေးဝေတာ
အင်မတန်မှ ကောင်းတဲ့
လုပ်ငန်းတစ်ခုပဲ။
သူတို့အတွက်
ချက်ချင်း အကျိုးရှိတယ်။
အဲဒီတော့
လူသားတစ်ယောက်
ဒီလို ‘သာဓု’ခေါ်ရုံနဲ့
ကောင်းကျိုးချမ်းသာတွေ ရတာ
မရှိဘူးလားဆိုတော့..
‘ငါးရာ့ငါးဆယ်ဇာတ်တော်’ထဲမှာ
‘သင်္ခဇာတ်’ဆိုတာ ရှိတယ်။
ဘုရားအလောင်း
‘သင်္ခပုဏ္ဏားကြီး’က
ကုသိုလ်ကောင်းမှုတွေ လုပ်တယ်။
တစ်နေ့ ပင်လယ်ခရီးထွက်တဲ့အခါ
သင်္ဘာပျက်လို့ သူ့နောက်က ပါလာတဲ့ တပည့်တစ်ယောက်နဲ့ သူတို့နှစ်ယောက်
ပျဉ်ချပ်တစ်ခုပေါ်မှာ မျောပါပြီး
ခုနှစ်ရက်လုံးလုံး ပင်လယ်ထဲမှာ
ဒုက္ခရောက်နေကြတယ်။
သူလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ပင်လယ်စောင့်နတ်သမီးက လာပြီး
သူ့ကိုကယ်တယ်။
ကယ်တဲ့အခါ ‘သင်္ခပုဏ္ဏား’
တစ်ယောက်ထဲပဲ ကယ်တယ်။
သူ့တပည့်ကို မကယ်ဘူး။
ဘာဖြစ်လို့ မကယ်လဲဆိုတော့
သူ့မှာ ဘာကုသိုလ်မှ မရှိဘူးတဲ့။
👉‘ကုသိုလ်ရှိမှ ကယ်လို့ရတာ’👈
လူဆိုတာ သနားချင်ပေမယ့်
သနားလို့ မရဘူးဆိုတာ ရှိတယ်။
ကံမပါရင် သနားလို့ မရဘူး။
ဆိုပါစို့---
မြတ်စွာဘုရားက
အင်မတန်ကြီးမားတဲ့
တန်ခိုးရှင်ဖြစ်ပေမယ့် လူတိုင်းကို
“ဧဟိဘိက္ခူ ” ခေါ်ပြီး
တန်ခိုးနဲ့ပြီးတဲ့
သင်္ကန်း,သပိတ်ပေးလို့ မရဘူး။
ကုသိုလ်ကံရှိတဲ့ ပုဂ္ဂိုလ်ကိုသာ
ကံလမ်းဖွင့်ပေးတဲ့ သဘောပဲ။
အတိတ်ဘဝတုန်းက
သင်္ကန်း,သပိတ်လှူပြီး
ဆုတောင်းခဲ့တဲ့ ပုဂ္ဂိုလ်မဟုတ်ရင်
မြတ်စွာဘုရားကတောင်
သပိတ်,သင်္ကန်းရအောင်
လုပ်ပေးလို့ မရဘူး။
အဲဒီတော့ တပည့်က
ကုသိုလ်ကံ မရှိသည့်အတွက်
နတ်သမီးက လျစ်လျူရှုထားတော့
ဘုရားအလောင်း ‘သင်္ခပုဏ္ဏား’က
သူ့ကို ကုသိုလ်ရှိအောင်
ဘယ်လို လုပ်ပေးတုန်းဆိုရင်
“လမ်းမှာတုန်းက ဖိနပ်တို့ ထီးတို့
လှူခဲ့တဲ့ ငါ့ရဲ့ ကုသိုလ်ကောင်းမှူရှိတယ်။
အဲဒီကုသိုလ်ကောင်းမှုကို မင်းအတွက်
အမျှပေးဝေပါတယ်”လို့
ပြောပြီး အမျှဝေပေးတယ်။
ဟိုလူက ‘သာဓု’ခေါ်တယ်။
သာဓုခေါ်လိုက်တဲ့ အခါမှ
သူ့ကို ကယ်လို့ရသွားတယ်။
👉သာဓုခေါ်တဲ့ ကုသိုလ်က
လူသားစင်စစ် အပေါ်မှာလည်း
အကျိုးသက်ရောက်မှု ရှိတယ်နော်👈
ဒါကို သတိထားရမယ်။
■ဒေါက်တာနန္ဒမာလာဘိဝံသ■
No comments:
Post a Comment