စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Monday, November 29, 2021

အနှောင့်အယှက် (၁၀)မျိုး

အနှောင့်အယှက် (၁၀)မျိုး
——————————-

(၁)   ပျင်းရိမှု ထကြွလုံ့လ မရှိမှုသည်
         "စည်းစိမ်ဥစ္စာတို့"၏
         အနှောင့်အယှက်တည်း၊

(၂)  တန်ဆာ မဆင်မှု ၊ 
         အတင့်အတယ် မပြုမှုသည်
        "အဆင်းလှခြင်း"၏ 
        အနှောင့်အယှက်တည်း၊

(၃)  မသင့်လျော်သော အပြုအမူသည်
        "အနာကင်းခြင်း"၏ 
         အနှောင့်အယှက်တည်း၊

(၄)   မိတ်ဆွေယုတ် ရှိမှုသည်
        "သီလ"တို့၏ 
         အနှောင့်အယှက်တည်း၊

(၅)  ဣနြေ္ဒတို့၌ မစောင့်စည်းမှုသည်
        "မြတ်သောအကျင့်"၏
         အနှောင့်အယှက်တည်း၊

(၆)  ချွတ်ယွင်းစေမှုသည်
        "မိတ်ဆွေ"တို့၏
         အနှောင့်အယှက်တည်း၊

(၇)   သရဇ္ဈာယ်မှုကို မပြုခြင်းသည်
         "အကြားအမြင်များခြင်း"၏
         အနှောင့်အယှက်တည်း၊

(၈)   မကြားနာလိုမှု မမေးမြန်းမှုသည်
          "ပညာ"၏
          အနှောင့်အယှက်တည်း၊

(၉)   မစိစစ်မှု မဆင်ခြင်မှုသည် 
          "တရား"တို့၏
          အနှောင့်အယှက်တည်း၊

(၁၀) အမှားကျင့်မှုသည်
          "နတ်ပြည်"တို့၏
         အနှောင့်အယှက်တည်း။

☸️ အင်္ဂုတ္တိုရ်ပါဠိတော် ၊ အာကင်္ခဝဂ် ဣဋ္ဌဓမ္မသုတ် ☸️
Credit...

ကောက်ဦးအလှူ (၉)မျိုး

ကောက်ဦးအလှူ ၉ မျိုး
🌷🌷🌷🌷🌷🌷🌷🌷🌷

၁။ စိုက်ပျိုးသောအခါ မျိုးစပါးတို့၏ အဦးအဖျားကို လှူခြင်း၊

၂။ စပါးနှံ ထွက်သောအခါ စပါးနှံအဦးအဖျား (မုန့်ဆန်း) အလှူကို လှူခြင်း၊

၃။ စပါးရိတ်သောအခါ ရိပ်၍ရသော စပါးတို့၏ အဦးအဖျားကို လှူခြင်း၊

၄။ ကောက်လှိုင်းထုံးသောအခါ အဦးအဖျား ဖြစ်သော ကောက်လှိုင်းထုံးကို လှူခြင်း၊

၅။ ကောက်လှိုင်းစည်းသောအခါ စသည် တို့၌လည်း အဦးအဖျားဖြစ်သော စပါးကို လှူခြင်း၊

၆။ စပါးနယ်သောအခါ တလင်းဦး စပါးကို လှူခြင်း၊

၇။ စပါးပုံသောအခါ စပါးပုံဦးကို လှူခြင်း၊

၈။ စပါးချင့်သောအခါ အဦးအဖျားချင့်သော စပါးကို လှူခြင်း၊

၉။ စပါးကျီသွင်းသောအခါ အဦးအဖျား ကျီသွင်းစပါးကို လှူခြင်း

အာဋာနာဋိယသုတ်ရွတ်ဖတ်ရခြင်းအကျိုး

အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်းအကျိုး
🌺🌺🌺🌺🌺🙏🙏🙏🙏🙏🌺🌺🌺🌺🌺

အာဋာနာဋိယသုတ်ကို ရွတ်ဖတ်ရခြင်းဖြင့် နတ်ဘီလူးတို့နှိပ်စက်ညှဉ်းပန်းခြင်းမှလည်းကောင်း ၊ စုန်းတစ္ဆေ ပယောဂများ၏ဘေးမှလည်းကောင်း ၊ မိစ္ဆာဝါဒီပညာသည်တို့ပြုစားခြင်းဘေးမှလည်း ၊မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း ကံကြံမ္မာဘေးတို့မှ လည်းကောင်းလွတ်မြောက်စေပြီး နတ်အပေါင်းတို့၏ ကြည်ညိုချစ်ခင်မူကို ခံယူရပါသည်။

အာဋာနာဋိယသုတ် ရွတ်ဖတ်သင့်သော အခါ
လူသူကင်းဆိတ်၍ ဝေးလံခေါင်းပါးသော အရပ်သို့ရောက်နေသော အခါ၌လည်းကောင်း၊
နတ်ဘီလူးသရဲတို့၏ နှောင့်ယှက်ပူး၀င်မူများနှင့်တွေ့ကြုံရသောအခါ၌ လည်ကောင်း၊
မကောင်းသော ဂြိုလ်စီး ဂြိုလ်ဖမ်းတို့မှ ကျရောက်သော အခါမျိုး၌လည်းကောင်း
ရွတ်ဖတ်သင့်သည့် အပြင် ဘုရားရှိခိုးနှင့် ဘုရားဂုဏ်တော်ဖွင့်ဂါထာများပါသောကြောင့် 
နေ့စဉ်မပြတ် ရွတ်ဖတ်နိုင်လျှင်လည်း ကောင်းမွန်ပါ၏ ။

အာဋာနာဋိယ - ရွတ်ဖတ်ကြလေ ၊ တစ္ဆေမှင်စာ ၊ မာကြမ်းမြေ ဘုတ် ၊ဖုတ်သဘက်ကျတ် ၊
နတ်ဆိုးမကျန် ၊ ကုမ္ဘဏ်ဘီးလူး ၊ ထူးထူးနှေင့်ယှက် ၊ နှိပ်စက်မရှိ ၊ ချမ်းသာဘိ၏ ။

      
အာဋာနာဋိယသုတ်တော်သည် အလွန်ဆောင်ယူပွားများသင့်သောပရိတ်တော်တစ်ခုဖြစ်ပါသည်။ အကြောင်းမူ ဤအာဋာနဋိယသုတ်တတော်တွင်၀ိပဿီ ၊ ဝေဿဘူ ၊ ကောဏာဂုံ ၊ ကကုသန် ၊ ကကုသန် ၊ ကဿပ ၊ ဂေါတမတည်းဟူသော ဘုရားရှင်ခုနစ်ဆူတို့အား ရှိခိုးခြင်း ၊ ရပာန္တာအရှင်မြတ်ကြီးတို့ရှိခိုးခြင်းတိုကိုပြု၏ ။ ထိုသို့ရှိခိုးခြင်းပြုရာတွင် သာမန်မဟုတ်၊ထထိုင်အိပ်သွား ဣရိယာပုတ်လေးပါးတို၌လည်း နူတ်ဖြင့်လည်းကောင်း ၊စိတ်ဖြင့်လည်းကောင်း ရှိခိုးခြင်းပြု၏ ။ ထိုဘုရားရှင်အပေါင်းတို့၏ ဘုန်းတန်ခိုးတေဇော်အာနုဘောတို့အားခံယူ၍လည်း ဆုတောင်းဆုယူပြု၏ ။ ထိုအပြင် အရပ်လေးမျက်နှာအသီးသီးတို့၌ ရှိကုန်သော်နဂါး ၊ ဘီးလူး ၊ ကုမ္ဘဏ် ၊ ဂန္ဓဗ္ဗ အစရှိသည်များနှင့် ယင်းတို့အား အသီးသီး အစိုးရသောဓတရဋ္ဌ ၊ ဝိရုပက္ခ ၊ ကုဝေရ အစရှိသော နတ်မင်းကြီးလေးပါးတို့၏ အစောင့်အရှောက်ကိုလည်း ခံယူထားသောပရိတ်တော်ဖြစ်လေရာ အလွန်တန်ခိုးအာနုဘော်ကြီးသော သုတ်တော်ဖြစ်၏ ။

Saturday, November 6, 2021

ဘောဇနသုတ်

၅။ ဇနသန္ဓဇာတ်
     ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

                           ★ပစ္စုပ္ပန်ဝတ္ထု★
     နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညု မြတ်စွာဘုရားသည် “ဒသခလု” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

     ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏၊ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

     ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း” ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ” ဟု နားတော် လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင် မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏၊ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏၊ ထိုတရားနှင့်အညီ မင်းပြုခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ” ဟု မိန့်တော်မူ၏၊ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

                          ★အတိတ်ဝတ္ထု★
     မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏၊ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

     ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏၊ 

အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သော အခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

** ငါးရာ့ငါးဆယ်ဇာတ်တော် ( မြန်မာပြန်)  မှ ကူးယူ၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

ဇနသန္ဓဇာတ်တော်

၅။ ဇနသန္ဓဇာတ်
     ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

                           ★ပစ္စုပ္ပန်ဝတ္ထု★
     နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညု မြတ်စွာဘုရားသည် “ဒသခလု” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

     ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏၊ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

     ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း” ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ” ဟု နားတော် လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင် မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏၊ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏၊ ထိုတရားနှင့်အညီ မင်းပြုခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ” ဟု မိန့်တော်မူ၏၊ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

                          ★အတိတ်ဝတ္ထု★
     မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏၊ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

     ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏၊ 

အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သော အခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

** ငါးရာ့ငါးဆယ်ဇာတ်တော် ( မြန်မာပြန်)  မှ ကူးယူ၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

သုမနာဒေဝီသူဌေးသမီးဝတ္ထု

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

၁၃။ သုမနာဒေဝီ သူဌေးသမီးဝတ္ထု
**************************************

          ဣဓ နန္ဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနာဒေဝီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ,အနာထပိဏ်တို့သည် ချစ်လှစွာသော သားမြေးတို့ကိုသာ ကုသိုလ်ရေး၌ ကိုယ်စားထားကြခြင်း

          သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးကြီး၏နေအိမ်၌ နေ့တိုင်း,နေ့တိုင်း ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌လည်း ထို့အတူ ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ သာဝတ္ထိပြည်၌ အကြင် အကြင်သို့သော သူသည် အလှူဒါနကို ပေးလှူခြင်းငှါ အလိုရှိ၏။ ထိုထိုသို့သောသူသည် ထိုနှစ်ဦးကုန်သော အနာထပိဏ်, ဝိသာခါတို့ထံမှ အခွင့်ကိုရမှသာလျှင် အလှူဒါနကို ပြုရလေ၏။ အဘယ့်ကြောင့်နည်းဟူမူကား “သင်တို့၏ အလှူလှူရာအရပ်သို့ အနာထပိဏ်သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း လာရောက်ပါ၏လော”ဟု မေးသောအခါ “မလာမရောက်”ဟု ဆိုသည်ရှိသော် “တစ်သိန်းသော အသပြာကို အကုန်ခံ၍ လှူသော်လည်း ဤအလှူဒါနမည်သည် အဘယ်သို့သော အလှူဒါနပေနည်း”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ နှစ်ယောက်ကုန်သော ထိုအနာထပိဏ်, ဝိသာခါတို့သည်ကား ရဟန်းသံဃာတော်မြတ် အပေါင်း၏ အလိုကိုလည်းကောင်း၊ လျောက်ပတ်သော အမှုတို့ကိုလည်းကောင်း အလွန်လျှင် သိတတ်ကြကုန်၏။ ထိုအနာထပိဏ်, ဝိသာခါတို့သည် ကြည့်ရှုစီရင်ကုန်သည်ရှိသော် ရဟန်းတို့သည် စိတ်တိုင်းကျကျ ဘုဉ်းပေးသုံးဆောင်တော်မူကြကုန်၏။ ထို့ကြောင့် အလုံးစုံကုန်သောသူတို့သည် အလှူဒါနကို ပေးလှူလိုကုန်သည်ရှိသော် ထိုအနာထပိဏ်, ဝိသာခါတို့ကို ဖိတ်ခေါ်၍သာလျှင် သွားကြလေကုန်၏။ ဤသို့လျှင် ထိုအနာထပိဏ်, ဝိသာခါတို့သည် မိမိတို့နေအိမ်၌ ရဟန်းတော်တို့ကို ကိုယ်တိုင် ဆွမ်းလုပ်ကျွေးခြင်းငှါ အခွင့်မရကြလေကုန်။

          ထိုသို့ အခွင့်မရခြင်းကြောင့် ဝိသာခါ ဒါယိကာမကြီးသည် “အဘယ်သူသည် ငါ့အရာ၌တည်၍ ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးနိုင်ပါအံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် သား၏သမီးဖြစ်သော မြေးမကိုမြင်၍ ထိုမြေးမကိုပင် မိမိ၏အရာ၌ ထားလေ၏။ ထိုမြေးမသည် အဘွားဖြစ်သော ဝိသာခါ ဒါယိကာမကြီး၏နေအိမ်၌ ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးရလေ၏။ အနာထပိဏ်သူဌေးကြီးသည်လည်း မဟာသုဘဒ္ဒါမည်သော မိမိ၏ သမီးအကြီးကို ထားလေ၏။ ထိုမဟာသုဘဒ္ဒါသည် ရဟန်းတော်တို့၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်ပြုစုလျက် တရားတော်ကိုနာရသဖြင့် သောတာပန်ဖြစ်၍ ခင်ပွန်းသည်ယောက်ျား အမျိုးသား၏အိမ်သို့ လိုက်ပါသွားရလေ၏။ ထို့နောက် စူဠသုဘဒ္ဒါမည်သောသမီးကို ထားပြန်၏။ ထိုစူဠသုဘဒ္ဒါသည်လည်း ထိုအစ်မနည်းတူသာလျှင် ပြုစုလျက် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား၏အိမ်သို့ လိုက်ပါသွားရပြန်လေ၏။ ထိုအခါ သုမနာဒေဝီ အမည်ရှိသော သမီးအငယ်ကို ထားရပြန်လေသတည်း။

ကိုယ်စားသမီးဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ဟု ဘုရားအား ဝမ်းနည်းစွာ လျှောက်ထားခြင်း

          ထိုသုမနာဒေဝီသည်ကား သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ သတို့သမီးပျို၏ အဖြစ်ဖြင့်သာလျှင် ထိုသို့သဘောရှိသော မချမ်းသာသောအနာ ပြင်းစွာနှိပ်စက်အပ်သဖြင့် အစားဖြတ်ခြင်းကိုပြုပြီးလျှင် ဖခင်ကို တွေ့မြင်လိုသောကြောင့် အခေါ်စေလိုက်လေ၏။ ထိုအနာထပိဏ် သူဌေးကြီးသည် တစ်ခုသော အလှူမဏ္ဍပ်ရုံ၌ သမီး၏မှာလိုက်သော သတင်းစကားကို ကြားသိရသည်ဖြစ်၍ ချက်ချင်းပြန်လာပြီးလျှင် “ချစ်သမီး သုမနာ- အဘယ်သို့ဖြစ်သနည်း”ဟု မေးလေ၏။ သုမနာဒေဝီသည်လည်း အနာထပိဏ်သူဌေးကို “ငါ့မောင်ကလေး- အဘယ်နည်း”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သော စကားကို ပြောဆို၍သာလျှင် ထိုသုမနာဒေဝီ သတို့သမီးသည် စုတေမနေ ကွယ်လွန်ရှာလေ၏။

          အနာထပိဏ်သူဌေးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်သော်လည်း သမီးကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုပြီးလျှင် ငိုကြွေးလျက် ဘုရားအထံသို့ သွားရောက်သဖြင့် မြတ်စွာဘုရားသည် “သူဌေးကြီး- အဘယ့်ကြောင့် နှလုံးဆင်းရဲခြင်း ရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာခဲ့ရသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား တပည့်တော်၏ သမီးငယ်ဖြစ်သော သုမနာဒေဝီသည် ကွယ်လွန်ပါလေပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အလုံးစုံသောသူတို့အား သေခြင်းသဘောသည် မလွဲဧကန် အမှန်ဖြစ်သည် မဟုတ်တုံလော”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အလုံးစုံသောသူတို့အား သေခြင်းသဘော ဧကန်ဖြစ်သည်ကို တပည့်တော် သိပါ၏၊ ဤသို့ သဘောရှိသော တပည့်တော်၏သမီးသည် အရှက်အကြောက်နှင့် ပြည့်စုံပါလျက် သေခါနီးအခါ၌ သတိကို မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ယောင်ယမ်းမြည်တမ်းကာ ကွယ်လွန်ရပါသည်။ ထို့ကြောင့် အတိုင်းမသိ များစွာသော နှလုံးမသက်သာခြင်းသည် တပည့်တော်အား ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဖခင်ထက် သမီး ဂုဏ်သိက္ခာကြီးခြင်း၊ တုသိတာနတ်ပြည်၌ ဖြစ်ခြင်းတို့ကို ဟောကြားခြင်း

          “သူဌေးကြီး- သင်၏သမီးသည် အဘယ်သို့သောစကားကို ဆိုသွားလေသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား၊ တပည့်တော်သည် ထိုသမီးကို “ချစ်သမီး သုမနာ”ဟု ရှေးဦးစွာ ခေါ်လိုက်ပါသည်။ ထိုအခါ တပည့်တော်ကို “ငါ့မောင်ကလေး အဘယ်နည်း”ဟု စကားတုံ့ပြန်ပါသည်။ ထို့နောက် “ချစ်သမီး ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောပါသည်။ “ချစ်သမီး ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သောစကားကို ပြောဆို၍သာလျှင် စုတေပျက်ပြား ကွယ်လွန်သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

          ထိုအခါ အနာထပိဏ်သူဌေးကြီးကို မြတ်စွာဘုရားသည် “သူဌေးကြီး- သင်၏သမီးသည် ယောင်ယမ်းမြည်တမ်းသည် မဟုတ်”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုသို့ မယောင်ယမ်းမမြည်တမ်းပါလျှင် အဘယ့်ကြောင့် ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- သင်၏ ငယ်ခြင်းကြောင့်သာလျှင် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ်ပြောဆိုလေ၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး- သင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင်သူဌေးကြီးထက် ကြီးပေသည်၊ သင်သည်ကား သောတာပန်ပုဂ္ဂိုလ်သာတည်း၊ သင်၏သမီးသည်ကား သကဒါဂါမ်ပုဂ္ဂိုလ်တည်း၊ ထိုသင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင့်ထက်ကြီးသည့်အဖြစ်ကြောင့် သင့်ကို ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုလေသည်”ဟူ၍ မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤအတိုင်းပင် ဟုတ်မှန်ပါသလားဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “သူဌေးကြီး- ဤအတိုင်းပင် ဟုတ်မှန်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်၏။ “တုသိတာနတ်ဘုံ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်၏သမီးသည် ဤလူ့ပြည်၌ ဆွေမျိုးတို့၏အလယ်၌ နှစ်သက်ဝမ်းမြောက်စွာ လှည့်လည်ပြီး၍ ဤပစ္စုပ္ပန်ဘဝမှ ပြောင်းသွားရပါသော်လည်း နှစ်သက်ဝမ်းမြောက်ရာ အရပ်၌ပင် ဖြစ်ပါပေသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သူဌေးကြီး- ရဟန်းဖြစ်စေ၊ လူဖြစ်စေ မမေ့မလျော့သော သူတို့မည်သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း နှစ်သက် ဝမ်းမြောက်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘာဝ

(၁၈) ဣဓ နန်ဒတိ ပစ်ေစ နန်ဒတိ၊

ကတပုညော ဥဘယတ်ထ နန်ဒတိ။

ပုညံ မေ ကတန်တိ နန်ဒတိ၊

ဘိယျော နန္ဒတိ သုဂတိံ ဂတော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန် လောက၌လည်း။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ ပေစ္စ၊ တမလွန်လောက၌လည်း။ နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောက၌။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတန္တိ၊ ပြုအပ်ပြီ ဟူ၍။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ သုဂတိံ၊ သုဂတိ ဘဝသို့။ ဂတော၊ ရောက်သည်ဖြစ်၍။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုမနာဒေဝီ သူဌေးသမီးဝတ္ထု ပြီး၏။

Friday, November 5, 2021

ကထိန်

.  🌺🙏🌺     ကထိန်    🌺🙏🌺

              ဗုဒ္ဓဘုရားသည် ဇေတဝန် ကျောင်းတော်မြတ်၌ ကိန်းဝပ် စံမ္ပာယ် တင့်တယ်စွာ သီတင်းသုံးနေတော်မူစဉ် သင်္ကန်းလျာ နွမ်းနယ် ရှားပါးသော ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂီညီနောင် သုံးကျိပ်တို့အား အကြောင်းပြု၍ ကထိန်အလှူ ဖြစ်ပေါ်လာသည်။

     သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူသော မြတ်စွာဘုရားသခင်အား ဖူးမြှော်ရန် ဘဒ္ဒဝဂ္ဂီ ရဟန်းသုံးကျိပ်တို့သည် မိမိတို့ ဝါဆိုဝါကပ်ရာ သာကေတမြို့မှ ဝါကျွတ်သောအခါ ခြေလျင်ခရီးဖြင့် ကြွလာကြ၏။ ထိုအခါ မိုးကြီး သည်းထန်စွာ ရွာသွန်းသဖြင့် ရဟန်းများ မိုးရေစိုစွတ် ကြကုန်သည်။ ထိုသို့ မိုးရေစိုစွတ်သော သင်္ကန်းဖြင့်ပင် ပူဇော်ကြရသည်ကို မြတ်စွာဘုရားသခင် မြင်တွေ့ရသောအခါ ထိုခရီးသည်ရဟန်းတို့ကို အကြောင်းပြု၍ ပူရိမ ဝါကပ်ခြင်း၌ ပြည့်စုံသော ရဟန်းတို့အား ကထိန်ခင်း ခွင့်ပြုကြောင်း ပညတ်တော်မူခဲ့သည်။

     ကထိန်ဖြစ်ပေါ်လာပုံ
      ***********************

      ညီနောင်သုံးကျိပ်
~~~~~~~~~~~~~~~~~

ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်တို့သည် မိဂဒါဝုန်တောတွင် ဇနီးမယားတို့ဖြင့် ပျော်ပါးနေ၏။ ထိုမင်းသားတို့သည် ကောသလမင်းကြီးနှင့် ဆွေမျိုးတော်စပ်ကြ၏။ ကောသလမင်းကြီး၏ အဖေတူ မအေကွဲတော်စပ်သည့် ညီတော်နောင်တော်များ ဖြစ်ကြသည်။ မင်းသားသုံးဆယ်တို့တွင် တစ်ပါးသော မင်းသားမှာ ဇနီးမယားမရှိသည့်အတွက် ရုပ်ရည်ချောမောပြေပြစ်သော ပြည့်တန်ဆာမ တစ်ဦးကို ငှားရမ်းကာ ပျော်ပါး၏။ ထိုပြည့်တန်ဆာမသည် မင်းသားများ ပျော်ပါးမေ့လျော့နေခိုက် ရွှေငွေလက်ဝတ်ရတနာများကို ခိုးယူထွက်ပြေးလေ၏။ မင်းသားသုံးဆယ်တို့သည်လည်း ပြည့်တန်ဆာမကို တောအတွင်း လိုက်လံရှာဖွေလေသည်။

မင်းသားတို့နှင့် မြတ်စွာဘုရားတွေ့ကြပုံ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
     ထိုအခါကာလသည် မြတ်စွာဘုရားသည် ဗာရာဏသီမြို့၊ မိဂဒါဝုန်တောတွင် သီတင်းသုံးတော်မူပြီး ဥရုဝေလတောသို့ ကြွတော်မူသည်။ ထို့နောက် တောအုပ်ထဲရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေချိန် ဖြစ်သည်။ လိုက်လံရှာဖွေနေစဉ် မင်းသားသုံးကျိတ်တို့သည် သစ်ပင်အောက်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားရှင်ကို မြင်သွားကာ အနားသို့ ချဉ်းကပ်ပြီး “ အရှင်ဘုရား၊ ဒီအနီးအနားတွင် မိန်းမတစ်ယောက်ကို မတွေ့မိဘူးလားဘုရား ” ဟုမေးသည်။ 

ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား “ မင်းသားတို့၊ ဘာအတွက်ကြောင့် မိန်းမကို လိုက်လံရှာဖွေနေကြသလဲ ” ဟုမေး၏။ ထိုအခါ မင်းသားတို့လည်း ရှာဖွေရခြင်း၏ အကြောင်းစုံကို ပြောလေသည်။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား 
“ (၁) ပျောက်သွားတဲ့ မိန်းမကိုရှာခြင်း
 (၂) မိမိကိုယ်ကို ရှာခြင်း စသည့် ရှာခြင်းနှစ်မျိုးတွင် ဘယ်ဟာက သင်တို့အတွက် ပို၍ မြတ်ပါသလဲ ” မေးလေ၏။ မင်းသားတို့သည် ပါရမီ ရင့်သန်သူများဖြစ်သည့်အားလျော်စွာ မိမိကိုယ်ကိုရှာခြင်းကသာ မြတ်ကြောင်း ပြောလေ၏။ ထိုအခါ မြတ်စွာဘုရားက မင်းသားတို့အား တရားဟောတော်မူလေ၏။ ပထမ အနုပုဗ္ဗီကထာတရား (၄) ပါးကို ဟောတော်မူ၏။ ထို့နောက် သာမုက္ကံသိက တရားဖြစ်သည့် သစ္စာလေးပါးတရားကို ဟောတော်မူ၏။ တရားဆုံးတော်မူသောအခါ မင်းသားတို့တွင် အချို့သည် သောတာပတ္တိမဂ်ဖိုလ်၊ အချို့သည် သကဒါဂါမိမဂ်ဖိုလ် တို့ကို အသီးသီး ရရှိသွားကြ၏။

မင်းသားများ ဧဟိဘိက္ခုရဟန်းအဖြစ် ရရှိကြပုံ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မင်းသားတို့သည် မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ရစေရန် ခွင့်ပန်လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် မင်းသားသုံးဆယ်တို့အား ပရိက္ခရာ ရှစ်ဖြာပြည့်စုံစွာဖြင့် မင်းသားတို့အား ရဟန်းဘဝကို ရရှိစေတော်မူ၏။ ထိုရဟန်းတော်တို့သည် ကောသလတိုင်း အနောက်အရပ်ရှိ ပါဝေယျတိုင်းတွင် သီတင်းသုံးတော်မူ၏။ ရဟန်းတော်တို့သည် အရညကင်ဓုတင်၊ ပိဏ္ဍိပါတ်ဓုတင်၊ ပံ့သုကူဓုတင်၊ တိစီဝရိတ်ဓုတင် ဆောင်ရဟန်းများ ဖြစ်တော်မူ ကြလေသည်။

သာဝတ္ထိမြို့သို့ ခြေလျင်ခရီး

      အခါတပါး၌ ရဟန်းတော် သုံးဆယ်တို့သည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားအား ဖူးမြော်ရန် ခြေလျင်ခရီးဖြင့် ကြွချီတော်မူ၏။ ရဟန်းတို့သည် သာဝတ္ထိသို့ရောက်ရန် လိုနေသေးချိန်တွင် ဝါကပ်ရမည့် အချိန်ဖြစ်သည့် ဝါဆိုလပြည့်ကျော် (၁) ရက်နေ့သည် နီးကပ်လာ၏။ ထို့ကြောင့် သာဝတ္ထိသို့ အရောက်ဆက်သွားရန် မဖြစ်နိုင်တော့သဖြင့် လမ်းခုလပ်ရှိ သာကေတမြို့တွင် ဝါကပ်တော်မူ၏။ မင်းသားတို့ ဝါကပ်တော်မူရာ သာကေတသည် မြတ်စွာဘုရားသီတင်းသုံးတော်မူနေသည့် သာဝတ္ထိမြို့နှင့် ခြောက်ယူဇနာသာ ဝေးတော့၏။ ထိုသို့ အနီးအနားတွင် သီတင်းသုံးရသော်လည်း မြတ်စွာဘုရားကို မဖူးမြော်ရလေခြင်းဟု ရဟန်းတော်တို့သည် တွေးတောကာ ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော် မူရလေသည်။

သာဝတ္ထိမြို့သို့ ခရီးဆက်ခြင်း
××××××××××××××××××××××××××

ရဟန်းတော်တို့သည် သာကေတမြို့၌ သီတင်းသုံး၍ သီတင်းကျွတ်လပြည့်နေ့တွင် မဟာပဝါရဏနေ့တွင် ပဝါရဏာပြုပြီးလျှင် သာဝတ္ထိသို့ ခရီးဆက်ခဲ့ကြသည်။ ထိုအချိန်သည် မိုးကာလ ဖြစ်သောကြောင့် ရဟန်းတော်တို့၏ နှစ်ထပ်သင်္ကန်းများတွင် ရေများဝင်ကာ လေးလံလာသည်။ ရဟန်းတော်များသည် ဓုတင်ဆောင် ရဟန်းများဖြစ်သောကြောင့် သပိတ်၊ နှစ်ထပ်သင်္ကန်း စသည်တို့ကို ပခုံးတစ်ဖက်စီမှာလွယ်၍ ဝန်စည် စလွယ်များဖြင့် ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပင် မြတ်စွာဘုရားထံသို့ ခရီးဆက်ခဲ့ကြသည်။

မြတ်စွာဘုရားထံသို့ ရောက်သောအခါ ရိုသေစွာရှိခိုး၍ သင့်တင့်လျောက်ပတ်သော နေရာတွင် ထိုင်ကြသည်။ မြတ်စွာဘုရားသည် ရဟန်းတို့အား “ရဟန်းတို့ ကျန်းမာကြရဲ့လား၊ မျှတကြရဲ့လား၊ ဝါတွင်း သုံးလပတ်လုံး ညီညီညွတ်ညွတ် ဝမ်းမြောက်ဝမ်းသာနဲ့ အငြင်းအခုံမရှိ ချမ်းသာစွာနေထိုင်ကြရဲ့လား၊ ဆွမ်းအတွက် မပင်မပန်း ချမ်းချမ်းသာသာ ရှိကြရဲ့လား” ဟု မေးတော်မူ၏။ ထိုအခါ ရဟန်းတို့ကလည်း ကျန်းမာကြောင်း၊ မျှတကြောင်း၊ ချမ်းသာစွာနေထိုင်ခဲ့ကြောင်း၊ ဆွမ်းအတွက် မပင်ပန်းကြကြောင်း ပြောကြားလေသည်။ ထို့နောက် ရဟန်းတို့သည် မိမိတို့ မြတ်စွာဘုရားထံသို့ လာရာတွင် ဖြစ်ပျက်ခဲ့ပုံများကို လျောက်ထားကြလေသည်။ မြတ်စွာဘုရားလည်း ရဟန်းသုံးဆယ်တို့အား အနမတဂ္ဂိယသုတ္တန်တရားတော်ကို ဟောကြားတော်မူလေ၏။ တရားဆုံးသောအခါ ရဟန်းသုံးဆယ်တို့သည် အရဟတ္တမဂ်ဖိုလ်၊ အရဟတ္တဖိုလ် ကိုရရှိတော်မူကြကာ ဈာန်ဖြင့် ပါဝေယျတိုင်းသို့ ပြန်ကြွလေသည်။

ကထိန်ခင်းရန် ခွင့်ပြုခြင်း
>>>>>>>>>>>><<<<<<<<<<<<<

ရဟန်းတော်များ ပြန်ကြွသွားပြီးနောက် မြတ်စွာဘုရားသည် ကထိန်ခင်းခြင်းကို ခွင့်ပြုပြီးဖြစ်မည်ဆိုပါက ဤရဟန်းတော် သုံးဆယ်တို့သည် နှစ်ထပ်သင်္ကန်းကို ထားပစ်ခဲ့ပြီး သင်းပိုင်၊ ဧကသီဟူသော နှစ်ထည်သော သင်္ကန်းဖြင့် လာမည်ဆိုပါက ဤကဲ့သို့ ပင်ပန်းမည်မဟုတ်။ ပွင့်တော်မူပြီးခဲ့သော ဘုရားရှင်တို့သည်လည်း ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူခဲ့သည် ဟုကြံစည်တော် မူလေသည်။ ထို့နောက် ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလိုသဖြင့် ရဟန်းတော်တို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ပုရိမဝါ (ပထမဝါ) သို့ ကပ်တော်မူလျက် ဝါမှ ကျွတ်တော်မူလာကြကုန်သော ရဟန်းတို့ကို ငါဘုရားခွင့်ပြုတော်မူ၏ ဟု မိန့်တော်မူကာ ကထိန်ခင်းခြင်းကို ခွင့်ပြုတော်မူလေသည်။ ဤသို့ဖြင့် ကထိန်ခင်းခြင်း ဖြစ်ပေါ်လာသည်။

ကထိန်ခင်းခြင်း
•••••••••••••••••••••••••••••

ဝါတွင်း သုံးလပတ်လုံး ဝါမကျိုးမပျက်ပဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်၌ ကထိန်ခင်းကြသည်။ ကထိန်ခင်းရာ၌ သင်္ကန်းတစ်ထည်ကို ဖြစ်စေ အများကို ဖြစ်စေ ’ဣမံစီဝရံ သံဃဿဒေမိ’ ဤသင်္ကန်းကို သံဃာတော်များအား လှူဒါန်းပါ၏ဟုလျှောက်ထား၍ ဆက်ကပ် လှူဒါန်းကြသည်။

       ကထိန်ပွဲတော်ကို ’မိုးလကုန်စဲ ကထိန်ပွဲ’ဟူသော ဆိုရိုးနှင့်အညီ၊ သီတင်းကျွတ် လပြည့်ကျော် တစ်ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ခင်းကျင်းရသည်။ မြန်မာနိုင်ငံတွင် ပုဂံခေတ်အခါကပင်လျှင် အစပြု၍ ကထိန်ခင်းပွဲ ကျင်းပခဲ့ကြသည်။ ယခုခေတ် ကထိန်ခင်းရာတွင် မရှိနွမ်းပါးသော ရဟန်းအားဖြစ်စေ၊ အကြီးဆုံး မထေရ်အားဖြစ်စေ ကပ်လှူရန် ဥတ်သင်္ကန်းအပြင် အခြံအရံ လှူဖွယ်ပစ္စည်းများကို ထည့်သွင်း လှူဒါန်းလေ့ရှိသည်။

     ကထိန်ခင်းရာ၌ သံဃိက စစ်စစ် ဖြစ်သင့်သည့်အတွက် အလှူ့ဒကာများက မည်သည့်ပစ္စည်းကား သံဃိကပစ္စည်း၊ မည်သည့်ပစ္စည်းကား ပုဂ္ဂလိကပစ္စည်း ဖြစ်သည်ဟု ခွဲခြားလျှောက်တင်ကြားသင့်ပေသည်။ ကထိန်ခင်း၍ သင်္ကန်းရရှိသော ရဟန်းတို့မှာ ကထိန်အာနိသင်ငါးပါး ခံစားရကြောင်း ကျမ်းဂန်များတွင် မိန့်ဆိုထားသည်။

ကထိန်ခင်းရန် ကိစ္စ ၈-ပါး
****************************

ကထိန်သင်္ကန်းကို အလှူခံမှု၊

ကထိန်ခံထိုက်သောပုဂ္ဂိုလ်ကို သံဃာတော်တို့က စိစစ်ရွေးချယ်ပေးမှု၊

ထိုရွေးချယ်ခံရသူအားသိမ်တွင်း၌ ကမ္မဝါဖတ်၍ ကထိန်သင်္ကန်းကို ပေးမှု၊

တိစီဝရိက် အဓိဋ္ဌာန်တင် သင်္ကန်းဟောင်းကိုပစ္စဒ္ဓိုရ်ပြု အဓိဋ္ဌာန်စွန့်မှု၊

ခင်းမည့် သင်္ကန်းသစ်ကို ကပ္ပဗိန္ဒုထိုးမှု၊

သင်္ကန်းအမည်ဖြင့်အဓိဋ္ဌာန်တင်မှု၊

နှုတ်မြွက်၍ ခင်းမှု၊

အနုမောဒနာပြုမှု။

ကထိန်ခင်းမည့်ရဟန်း၏ အင်္ဂါ ၈-ပါ
~~~~~~~~~~~××××××~~~~~~~~~~

၎င်းအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းမှသာကထိန်ခင်းထိုက်သည် ဆို၏။

ပုဗ္ဗကရဏံဇာနာတိ- ရှေးဦးစွာ ပြုလုပ်ရမည့်ကိစ္စရပ်တို့ကို သိရ ပြုရခြင်း၊

ပစ္စုဒ္ဓါရံ- ပစ္စုဒ္ဓိရ်ပြုတတ်ရခြင်း၊

အဓိဋ္ဌာနံ- အဓိဋ္ဌာန်တင်တတ်ရခြင်း၊

အတ္ထာရံ- ခင်းပုံခင်းနည်း သိထားရခြင်း၊

မာတိကံ- မာတိကာကို သိထားရခြင်း၊

ပလိဗောဓံ- ကြောင့်ကြကို သိထားရခြင်း၊

ဥဒ္ဓါရံ- ကထိန်နှုတ်ပုံကိုသိထားရခြင်း၊

အာနိသံသံ- အာနိသင်တို့ကို သိထားရခြင်း။

ကထိန်အာနိသင် ၅-ပါး
***=****=***=***=***=****

ကထိန်ခင်းရသော ရဟန်းတော်များ ခံစားရသည့် ကထိန်အကျိုး၅-ပါးဖြစ်သည်။

၁။အနာမန္တ စာရ- ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ မြို့တွင်းရွာတွင်း ဆွမ်းဖိတ်ရာအိမ်သို့သွားနိုင်ခြင်း၊

၂။အ သမာဒါန စာရ- အဓိဋ္ဌာန်တင်ပြီး ဆောင်သောသင်္ကန်းကို မယူမူ၍ သွားနိုင်နေနိုင်ခြင်း၊

၃။ယာဝ ဒတ္ထ စီဝရ- အလိုရှိတိုင်း သင်္ကန်းကို အဓိဋ္ဌာန် ဝိကပ္ပနာမပြုမူ၍ထားနိုင်ခြင်း၊

၄။ ဂဏ ဘောဇန- ထမင်းစားကြွပါ စသည်ဖြင့် မအပ်သောဖိတ်ခြင်းရှိသောဂဏဘောဇဉ်ကို စားနိုင်ခြင်း၊

၅။ ကထိန်ခင်းသော ကျောင်းတိုက်၌ ကထိန်ခင်းပြီးနောက် တပေါင်းလပြည့်နေ့အတွင်း သံဃာအားလှူသော သင်္ကန်းလျာပုဆိုးကိုလည်းကောင်း၊ သို့မဟုတ် သင်္ကန်းကိုလည်းကောင်း၊ ထိုကျောင်းတိုက်ရှိ ကထိန် အနုမောဒနာပြုသော ရဟန်းတို့သာ ရနိုင်ခြင်း။

သင်္ကန်းသုံးမျိုး
•••••••••••••••••••••••••

ကထိန်ခင်းရန်အတွက်ဘုရားရှင်ခွင့်ပြုတော်မူခဲ့သောသင်္ကန်းသုံးမျိုး ရှိသည်။

သံဃာဋိ- ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်းကြီး

ဥတ္တရာသင်္ဂ- ကိုယ်ဝတ်ခေါ် ဧကသီ

အန္တရ ဝါသက- ခါးဝတ်ခေါ် သင်းပိုင်

ကထိန်မြောက်သော သင်္ကန်းများပြင်ဆင်

အဟတေန အတ္တတံ ဟောတိ ကထိနံ

သင်္ကန်းအသစ်ဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အနိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဘယ်သင်္ကန်း၊ ဘယ်အမျိုးအစား သင်္ကန်း စသည်ဖြင့် နိမိတ်မပြပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းမှ ကထိန်မြောက်ပါသည်။

အပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်မဆိုပဲ အလိုလို ဖြစ်ပေါ်လာသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အကုက္ကုကတေန အတ္ထေတံ ဟောတိ ကထိနံ

မငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အသန္နိဓိကတေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မီ ကျောင်း၌ မသိုမှီး မထိန်းသိမ်းထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်ပါသည်။

အနိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ

ကထိန်ခင်းမည့် နေ့မရောက်မှီ ကျောင်းကို ကြိုတင် ပို့မထားသော သင်္ကန်း၊ ကထိန်ခင်းမည့် နေ့ရောက်မှ ကျောင်းကို ပို့သော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ပဉ်စကနေ ဝါ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဉ်ဆိန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ကထိနံ။

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက်ပိုအောင် ဖြတ်ချုပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မြောက်သည်။

ကထိန် မမြောက်သော သင်္ကန်းများ
***************************************

** န ဒဠှီကမ္မကရဏ မတ္တေန အတ္ထတံ ဟောတိ ကထိနံ

နှစ်လွှာစပ်ကာမျှဖြင့် နှစ်လွှာစပ်ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်ခင်းသည် မမည်။

** န နိမိတ္တကတေန အတ္ထတံ ဟောတိ ကထိနံ

ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု နိမိတ်ပြသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန်မမြောက်။

** န ပရိကထာကတေန အတ္ထတံ ဟောတိ ကထိနံ
ဤသင်္ကန်းဖြင့် ကထိန်ခင်းမည်ဟု ပရိယာယ်ဆို၍ ရသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န ကုက္ကုကတေန အတ္ထတံ ဟောတိ ကထိနံ
ခေတ္တ ငှားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န သန္နိကတေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်း၌ သိုမှီးထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န နိဿဂ္ဂိယေန အတ္ထတံ ဟောတိ ကထိနံ
ကထိန်ခင်းမည့် နေ့ မရောက်မီ ကျောင်းကို ကြိုတင်ပို့ထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

** န အညတွ ပဉ်စကနေ အတိရကေပဉ်စကနေ ဝါ တဒဟဝေ သဦ်ဆန်နနေ သမဏ်ဏလီကတနေ အတ်ထတံ ဟောတိ ကထိနံ

ကထိန်ခင်းသည့် နေ့တွင် အိမ်ကြီးအိမ်ငယ်နှင့်တကွ ငါးခန်း (သို့မဟုတ်) ငါးခန်းထက် ပိုအောင် ဖြတ်မထားသော သင်္ကန်းဖြင့် ကထိန်ခင်းလျှင် ကထိန် မမြောက်။

ကထိန်သင်္ကန်းအား ဉတ်သင်္ကန်း၊ ကထိန်လျာသင်္ကန်း၊ မိုးပေါ်ကျသင်္ကန်း၊ မသိုးသင်္ကန်းဟု အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

ကထိန် ဉတ်သင်္ကန်းဆိုသည်မှာ..
***********************************

ကထိန် ခင်းထိုက်သော ရဟန်းအား ကထိန်ခင်းမည့် သင်္ကန်းကို ဉတ္တိဒုတိယ ကမ္မဝါစာဖတ်ပြီး ပေးအပ်ရသည်ကို စွဲ၍ ကထိန် ဉတ်သင်္ကန်းကြီးဟု ခေါ်ကြသည်။ ကထိန်ခင်းမည့် သင်္ကန်းသည် ဒုကုဋ် နှစ်ထပ်သင်္ကန်းမှ ဉတ်သင်္ကန်းဟု မဆိုလိုပါ။ သင်းပိုင်၊ ဧကသီ တထည်ထည်ဖြင့် လည်းကောင်း၊ သင်းပိုင်၊ ဧကသီ ထွဲထားသည့် ဒွိစုံဖြင့် လည်း လှူဒါန်း နိုင်သည်။ 

သင်္ကန်းလှူသော အကျိုးတရားငါးပါး
******************************************

၁။အရပ် လေးမျက်နာ အရပ်ရှစ်မျက်နာ အရပ်ဆယ်မျက်နာသို့ လွတ်လွတ်လပ်လပ် ဘေးမသီရန်မခဘဲ အတားအဆီးမရှိ သွားလာနိူင်ခြင်း။

၂။မည်သည့်အရပ်ကိုမဆို တာဝန်ကိစ္စ ကြီးလေးမူမရှိဘဲ ပေါ့ပေါ့ပါးပါး သွားလာနိူငိခြင်း။

၃။အစာ အာဟာရများနင့် ပတ်သက်၍ အဆိပ်အတောက်/ အစာဆိပ်သင့်ခြင့် မှ ကင်းဝေးစေခြင်း

၄။မိမိ၏ စည်းစိမ်ဥစ္စာများကို ရန်သူမျိုး ငါးပါးတို့၏ ဖျက်စီးနောက်ယှက်ခြင်း အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးစေခြင်း။

၅။မိမိတို့၏စည်းစိမ်ဥစ္စာများကို သူတစိပါးတို့မှနိူင်ထက်စီးနင်း လုယက်ယူငင်ခြင်း အန္တရာယ်များမှ ကင်းဝေးစေခြင်း.....
စသည့်ကောင်းကျိုးတရား ငါးပါးကို
ကထိန်သက်န်းလှူသော တကာ တကာမများ/ ဥပါသိကာ ဥပါသိကာများ/သာသနာကို ကူညီထောက်ပံ့ကြသည့် အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ရရှိကြမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ကိုးကား
-----------

↑ ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ မဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဝိဇယာလင်္ကာရ။ ကထိန်အကြောင်းသိကောင်းစရာ။

↑ ဝိနည်းမဟာဝါ- ကထိနက္ခန္ဓက

↑ ၃.၀ ၃.၁ (မဟာဝဂ္ဂပါဠိတော်၊ စာမျက်နှာ ၃၅၃)

↑ (တိပိဋက ပါဠိ-မြန်မာ အဘိဓာန်၊ က-ဝဂ်၊ အတွဲ-၅၊ ၁၉၉။)

Credit.. blog Site မှကူးယူ၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

     မေတ္တာဖြင့်...
                          မြတ်ဗုဒ္ဓ၏သာသနာ page

ကိလေသာခေါင်းပါးကြောင်းတရား

🔴🛑 ကိလေသာ ခေါင်းပါးကြောင်းတရား ၄၄ ပါး 🛑🔴

🔴၁။မ ညှင်းဆဲခြင်း 
🔴၂။မ သတ်ဖြတ်ခြင်း
🔴၃။မ ခိုးယူခြင်း
🔴၄။မေထုန် မကျင့်ခြင်း
🔴၅။မုသား မပြောခြင်း
🔴၆။ကုန်းမတိုက်ခြင်း
🔴၇။ကြမ်းတမ်းရိုင်းပြသောစကား မပြောခြင်း
🔴၈။ပြိန်းဖျင်းစကား မပြောခြင်း
🔴၉။သူတပါးပစ္စည်း ရရှိရန် ရှေ့ရှုမကြံခြင်း
🔴၁၀။ဖျက်စီးလိုစိတ် မရှိခြင်း
🔴၁၁။အယူ မှန်ခြင်း
🔴၁၂။အကြံအစည် မှန်ခြင်း
🔴၁၃။အပြော မှန်ခြင်း
🔴၁၄။အပြု မှန်ခြင်း
🔴၁၅။အသက်မွေးမှု မှန်ခြင်း
🔴၁၆။အားထုတ်မှု မှန်ခြင်း
🔴၁၇။အောက်မေ့မှုသတိ မှန်ခြင်း
🔴၁၈။တည်ကြည်မှု မှန်ခြင်း
🔴၁၉။ဉာဏ်အမြင် မှန်ခြင်း
🔴၂၀။လွတ်မြောက်မှု မှန်ခြင်း
🔴၂၁။လေးလံထိုင်းမှိုင်းမှု ကင်းခြင်း
🔴၂၂။စိတ် မပြန့်လွှင့်ခြင်း
🔴၂၃။ယံုမှား သံသယ ကင်းခြင်း
🔴၂၄။အမျက် မထွက်ခြင်း
🔴၂၅။ရန်ငြိုး မဖွဲ့ခြင်း
🔴၂၆။ကေျးဇူး မကမ်းခြင်း
🔴၂၇။ဂုဏ် မပြိုင်ခြင်း
🔴၂၈။မ ငြူစူခြင်း
🔴၂၉။ဝန် မတိုခြင်း
🔴၃၀။မ စဥ်းလဲခင်း
🔴၃၁။မ လှည့်ပတ်ခြင်း
🔴၃၂။မ ခက်ထန်ခြင်း
🔴၃၃။မ မောက်မာခြင်း
🔴၃၄။ပြောဆိုဆုံးမ ခံယူလွယ်ခြင်း
🔴၃၅။မိတ်ဆွေ​ေကာင်း ရှိခြင်း
🔴၃၆။သတိ မမေ့ခြင်း
🔴၃၇။သဒ္ဓါတရား ရှိခြင်း
🔴၃၈။မကောင်းမှု ရှက်ခြင်း
🔴၃၉။မကောင်းမှုမှ ကြောက်ခြင်း
🔴၄၀။အကြားအမြင် များခြင်း
🔴၄၁။မ ပျင်ရိခြင်း
🔴၄၂။သတိ များခြင်း
🔴၄၃။ပညါ ပြည့်စုံခြင်း
🔴၄၄။အယူအစွဲအလမ်း မကြီးခြင်း

Forty-four ways of effacement (ways to get rid off mental defilements): 
🛑 1: No crulity,
🛑 2: not killing,
🛑 3: not stealing,
🛑 4: celibacy,
🛑 5: no false speech,
🛑 6: no malicious speech,
🛑 7: no harsh speech,
🛑 8: no vain talk,
🛑 9: uncovetousness,
🛑 10: non-ill will,
🛑 11: right view,
🛑 12: right thought,
🛑 13: right speech,
🛑 14: right action,
🛑 15: right livelihood,
🛑 16: right effort,
🛑 17: right mindfulness,
🛑 18: right concentration,
🛑 19: right knowledge,
🛑 20: right deliverance,
🛑 21: freedom from sloth and torpor,
🛑 22: non-restlessness,
🛑 23: doubtlessness,
🛑 24: non-anger,
🛑 25: non-revenge,
🛑 26: non-contempt,
🛑 27: non-domineering attitude,
🛑 28: non-envy,
🛑 29: non-avarice,
🛑 30: non-fraud, 
🛑 31: non-deceit,
🛑 32: non-obstinacy,
🛑 33: non-arrogance,
🛑 34: being easy to admonish,
🛑 35: having good friends,
🛑 36: diligence,
🛑 37: faithfulness,
🛑 38: moral shame,
🛑 39: moral dread,
🛑 40: great learning,
🛑 41: arousal of energy,
🛑 42: well established mind,
🛑 43: wisdom,
🛑 44: not holding a view stubbornly.

🙏🔵 ၈- သလ္လေခသုတ်(မြန်မာပြန်)🔵🙏

၈၁။ အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ်သော ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအခါ အသျှင် မဟာစုန္ဒသည် ညချမ်းအခါ တစ်ပါးတည်း ကိန်းအောင်းရာမှ ထ၍ မြတ်စွာဘုရားထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ထိုင်လျက် မြတ်စွာဘုရားအား-

''အသျှင်ဘုရား အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သောဤမိစ္ဆာဒိဋ္ဌိ အမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ပါကုန်၏။ အသျှင်ဘုရား နှလုံးသွင်းသောရဟန်းအား နှလုံးသွင်းစ၌ပင် ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်း စွန့်ခြင်းသည် ဖြစ်နိုင်ပါသလော'' ဟု လျှောက်၏။

၈၂။ စုန္ဒ အတ္တအယူဝါဒနှင့်လည်းကောင်း၊ လောကအယူဝါဒနှင့်လည်းကောင်း စပ်သော ဤ မိစ္ဆာဒိဋ္ဌိအမျိုးမျိုးတို့သည် လောက၌ ထင်ရှားဖြစ်ပေါ်ကုန်၏။ ဤ မိစ္ဆာဒိဋ္ဌိတို့သည် အကြင် ခန္ဓာငါးပါး၌ ဖြစ်ပေါ်လာကုန်၏၊ ကိန်းဝပ်နေကုန်၏။ ဖြစ်ပွားနေကုန်၏၊ ထိုခန္ဓာငါးပါးကို ''ဤခန္ဓာငါးပါးသည် ငါ့ဥစ္စာမဟုတ်၊ ဤခန္ဓာ ငါးပါးသည် ငါမဟုတ်၊ ဤခန္ဓာငါးပါးသည် ငါ့အတ္တမဟုတ်'' ဟု ဤသို့သော အခြင်းအရာအားဖြင့်ဟုတ်မှန်သောအတိုင်း မှန်ကန်သော ပညာဖြင့် ရှုမြင်သောသူအား ဤမိစ္ဆာဒိဋ္ဌိတို့ကို ပယ်ခြင်းစွန့်ခြင်းသည် ဖြစ်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ကာမဂုဏ်တို့မှ ကင်းဆိတ်၍သာလျှင် အကုသိုလ်တရားတို့မှ ကင်းဆိတ်၍သာလျှင်ကြံစည်ခြင်း 'ဝိတက်' နှင့် တကွဖြစ်သော သုံးသပ်ခြင်း 'ဝိစာရ' နှင့်တကွဖြစ်သော (နီဝရဏ) ကင်းခြင်းကြောင့်ဖြစ်သော နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသောပဌမ ဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟုစိတ်အကြံ အစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုမျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည်ကြံစည်ခြင်း 'ဝိတက်' သုံးသပ်ခြင်း 'ဝိစာရ'တို့၏ချုပ်ငြိမ်းခြင်းကြောင့် မိမိကိုယ်၌ စိတ်ကို ကြည်လင်စေတတ်သော၊ စိတ်၏ တည်ကြည်ခြင်း 'သမာဓိ' ကိုဖြစ်ပွားစေတတ်သော၊ ကြံစည်ခြင်း 'ဝိတက်' မရှိသော၊ သုံးသပ်ခြင်း 'ဝိစာရ' မရှိသော၊ တည်ကြည်ခြင်း 'သမာဓိ' ကြောင့် ဖြစ်သော၊ နှစ်သိမ့်ခြင်း 'ပီတိ' ချမ်းသာခြင်း 'သုခ' ရှိသော ဒုတိယဈာန်ကို ဝင်စား၍နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်းသည် ရှိပေ၏။ စုန္ဒ ဤ ဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟုခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် နှစ်သိမ့်ခြင်း 'ပီတိ' ကိုလည်း မတပ်မက်ခြင်း ကြောင့်လျစ်လျူရှု၍သာလျှင် နေ၏၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍ ဆင်ခြင်ဉာဏ်နှင့်ပြည့်စုံသည်ဖြစ်၍ ချမ်းသာခြင်း 'သုခ'ကိုလည်း ကိုယ်ဖြင့် ခံစား၏၊ အရိယာပုဂ္ဂိုလ်တို့သည် အကြင် တတိယဈာန်ကြောင့်ထိုသူကို ''လျစ်လျူရှုသူ သတိရှိသူ ချမ်းသာစွာ နေလေ့ရှိသူ'' ဟု ပြောကြားကုန်၏၊ ထိုတတိယဈာန်ကိုဝင်စား၍ နေရာ၏၊ 

ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု
စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာနေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ချမ်းသာခြင်း 'သုခ'ကိုလည်း ပယ်ခြင်းကြောင့်ဆင်းရဲခြင်း 'ဒုက္ခ' ကိုလည်း ပယ်ခြင်းကြောင့် ရှေးဦးကပင်လျှင် ဝမ်းသာခြင်း 'သောမနဿ' နှလုံးမသာခြင်း 'ဒေါမနဿ'တို့၏ ချုပ်နှင့်ခြင်းကြောင့် ဆင်းရဲလည်းမဟုတ် ချမ်းသာလည်းမဟုတ်သော လျစ်လျူရှုမှု 'ဥပေက္ခာ' ကြောင့်ဖြစ်သည့် စင်ကြယ်သော သတိရှိသော စတုတ္ထဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည်ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ့်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကို မျက်မှောက်ချမ်းသာစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ရူပသညာတို့ကို လုံးဝလွန်မြောက်၍ ပဋိဃသညာတို့ လုံးဝချုပ်သည့်ပြင် နာနတ္တသညာတို့ကို လုံးဝနှလုံးမသွင်းမူ၍ ''ကောင်းကင်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) အာကာသာနဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည်ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကာသာနဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''ဝိညာဏ်သည် အဆုံးမရှိ'' ဟု (နှလုံးသွင်းလျက်) ဝိညာဏဉ္စာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာ ခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသောအကြောင်း သည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ကိလေသာခေါင်းပါးရေး တရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာနေရရေးတရားတို့ဟု ခေါ်ဆိုရ ကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် ဝိညာဏဉ္စာယတနဈာန်ကို လုံးဝလွန်မြောက်၍ ''တစ်စုံတစ်ခုမျှ မရှိ'' ဟု (နှလုံးသွင်းလျက်) အာကိဉ္စညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်သမာပတ်တရားတို့ကို အရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ်မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

စုန္ဒ ဤသာသနာတော်၌ အချို့သော ရဟန်းသည် အာကိဉ္စညာယတနဈာန်ကို လုံးဝလွန်မြောက်၍နေဝသညာနာသညာယတနဈာန်ကို ဝင်စား၍ နေရာ၏၊ ထိုရဟန်းအား ''ငါသည် ကိလေသာခေါင်းပါးခြင်းဖြင့် နေ၏'' ဟု စိတ်အကြံအစည်ဖြစ်ရာသော အကြောင်းသည် ရှိပေ၏။ စုန္ဒ ဤဈာန်တရားတို့ကိုအရိယာ၏ အဆုံးအမ၌ ကိလေသာခေါင်းပါးရေးတရားတို့ဟု စင်စစ် မခေါ်ဆိုရကုန်၊ ဤဈာန်တရားတို့ကိုငြိမ်းချမ်းစွာ နေရရေးတရားတို့ဟု ခေါ်ဆိုရကုန်၏။

၈၃။ စုန္ဒ ဤဆိုလတ္တံ့သော အရာတို့၌ သင်တို့သည် ခေါင်းပါးခြင်းကို ပြုသင့်၏၊ အခြားသူတို့ သည်ညှဉ်းဆဲတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အသက်သတ်ခြင်းကို ပြုတတ်သူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မပေးသည်ကို ယူတတ်သူတို့
ဖြစ်ကြသော်လည်း

ငါတို့ကား ဤအရာ၌မပေးသည်ကို ယူခြင်းမှ ကြဉ်ရှောင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မမြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မြတ်သောအကျင့်ကို ကျင့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မဟုတ်မမှန်ပြောတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မဟုတ်မမှန်ပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကုန်းစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကုန်းစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ကြမ်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ကြမ်းသောစကားမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပြိန်ဖျင်းသောစကားကို ပြောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ပြိန်ဖျင်းသော စကားပြောခြင်းမှ ကြဉ်ရှောင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည့် (သူတစ်ပါး ပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ရှေးရှုမကြံစည် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့ဖျက်ဆီးလိုသောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဖျက်ဆီးလိုသောစိတ်မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်း ပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအယူရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အယူရှိကြသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အကြံအစည်ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အကြံ အစည်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော စကား ရှိကြသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ မှန်ကန်သော စကားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသောအမှု ရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ ကား ဤအရာ၌မှန်ကန်သောအမှု ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြား သူတို့သည်မှားယွင်းသော အသက်မွေးမှုရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန် သောအသက်မွေးမှုရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော လုံ့လရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော လုံ့လရှိကြ သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော အောက်မေ့ခြင်းရှိကြသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော အောက်မေ့ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သော တည်ကြည်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ အခြားသူတို့သည် မှားယွင်းသော ဉာဏ်ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မှန်ကန်သော ဉာဏ်ရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်မှားယွင်း သော လွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မှန်ကန်သောလွတ်မြောက်ခြင်းရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

အခြားသူတို့သည် လေးလံထိုင်းမှိုင်းခြင်း နှိပ်စက်ခံရသူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌လေးလံထိုင်းမှိုင်းခြင်းကင်းကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ပျံ့လွင့်သောစိတ် ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပျံ့လွင့်သောစိတ် မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုံမှားတတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ယုံမှားခြင်းကို လွန်မြောက်ကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အမျက်ထွက်လေ့ရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အမျက်ထွက်လေ့ မရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ရန်ငြိုးဖွဲ့တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရန်ငြိုးမဖွဲ့တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကိုပြုသင့်၏။ 

အခြားသူတို့သည် ဂုဏ်ကျေးဇူးကို ချေဖျက်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်ကျေးဇူးကို မချေဖျက်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဂုဏ်ပြိုင်တတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဂုဏ်မပြိုင်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ငြူစူတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မငြူစူတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ဝန်တိုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ဝန်မတိုတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် စဉ်းလဲတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌မစဉ်းလဲ တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် လှည့်ပတ်တတ့်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မလှည့်ပတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ 

အခြားသူတို့သည် ခက်ထန်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မခက်ထန် တတ်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်အလွန်မောက်မာသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အလွန်မမောက်မာသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အပြောအဆိုခက်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အပြော အဆို လွယ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် ယုတ်မာသော မိတ်ဆွေရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ကောင်းသော မိတ်ဆွေရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ 

အခြားသူတို့သည် သတိမေ့လျော့သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤ အရာ၌ သတိမမေ့မလျော့သူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သဒ္ဓါ တရားမရှိသူတို့ဖြစ်ကြသော်လည်းငါတို့ကား ဤအရာ၌ သဒ္ဓါတရားရှိကြသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အရှက်မရှိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ရှက်စိတ်ရှိသူတို့ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မကြောက်လန့်တတ်သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ကြောက်လန့်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် အကြားအမြင်မရှိကြသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ အကြားအမြင်များသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပျင်းရိသူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ လုံ့လစိုက် ထုတ်တတ်သူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် သတိလွတ်သောသူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ ထင်သော သတိရှိသူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည်ပညာမဲ့သူတို့ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ ပညာနှင့် ပြည့်စုံသူတို့ ဖြစ်ကြကုန်အံ့ဟုခေါင်းပါးခြင်းကို ပြုသင့်၏။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာယူကြကုန်လျက်ပြန်လည် မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ မိမိအယူကို လွန်စွာမစွဲလမ်းဘဲမြဲမြံစွာမယူကြကုန်ဘဲ ပြန်လည် စွန့်လွှတ်နိုင်သူတို့ ဖြစ်ကြကုန်အံ့ဟု ခေါင်းပါးခြင်းကို ပြုသင့်၏။

၈၄။ စုန္ဒ ငါဘုရားသည် ကုသိုလ်တရားတို့၌ စိတ်ဖြစ်ပေါ်ခြင်းမျှကိုလည်း ကျေးဇူးများ လှ၏ဟုဟော၏၊ ကိုယ်ဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ပြုလုပ် စီမံ စေခိုင်းခြင်း စသည်တို့၌ အဘယ်ဆိုဖွယ်ရာရှိအံ့နည်း။ စုန္ဒ ထို့ကြောင့် အခြားသူတို့သည် ညှဉ်းဆဲတတ်သူတို့ ဖြစ်ကြ သော်လည်း ငါတို့သည်ဤအရာ၌ မညှဉ်းဆဲတတ်သူတို့ ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ အခြားသူတို့သည်အသက်သတ်ခြင်းကို ပြုတတ်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကား ဤအရာ၌ အသက်သတ်ခြင်းမှကြဉ်ရှောင်သူတို့ ဖြစ်ကြ ကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။ပ။ အခြားသူတို့သည် မိမိအယူကို လွန်စွာစွဲလမ်းကာ မြဲမြံစွာ ယူကြ ကုန်လျက် ပြန်လည်မစွန့်လွှတ်နိုင်သူတို့ ဖြစ်ကြသော်လည်း ငါတို့ကားဤအရာ၌ မိမိအယူကို လွန်စွာ မစွဲလမ်းဘဲ မြဲမြံစွာမယူကြကုန်ဘဲ ပြန်လည်စွန့်လွှတ်နိုင်သူတို့ဖြစ်ကြကုန်အံ့ဟု စိတ်ကို ဖြစ်စေသင့်၏။

၈၅။ စုန္ဒ ဥပမာသော်ကား မညီညွတ်သော လမ်းရှိခဲ့သော် အခြားညီညွတ်သော လမ်းသည် ထို လမ်းကိုရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း၊ စုန္ဒ ဥပမာတစ်နည်းသော်ကား မညီညွတ်သော ဆိပ်ကမ်းရှိခဲ့သော်အခြားညီညွတ်သော ဆိပ်ကမ်းသည် ထိုဆိပ်ကမ်းကို ရှောင်လွှဲရန် ဖြစ်သကဲ့သို့လည်းကောင်း စုန္ဒဤအတူပင် ညှဉ်းဆဲတတ်သော ပုဂ္ဂိုလ်အား မညှဉ်းဆဲမှုသည် ရှောင်လွှဲရန် လမ်း ဖြစ်၏။ အသက်သတ်ခြင်းကို ပြုသော ပုဂ္ဂိုလ်အား အသက်သတ်ခြင်းမှ ရှောင်ကြဉ်မှုသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ မပေးသည်ကို ယူတတ်သော ပုဂ္ဂိုလ်အား မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်းသည့်ရှောင်လွှဲရန် လမ်းဖြစ်၏။ မမြတ်သောအကျင့်ကို ကျင့်တတ်သော ပုဂ္ဂိုလ်အား မမြတ်သောအကျင့်ကိုကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မဟုတ်မမှန် ပြောတတ်သော ပုဂ္ဂိုလ်အားမဟုတ်မမှန်ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကုန်းစကားကို ပြောတတ်သောပုဂ္ဂိုလ်အား ကုန်းစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ကြမ်းသောစကားကို ပြောသောပုဂ္ဂိုလ်အား ကြမ်းသောစကားမှ ရှောင်ကြဉ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပြိန်ဖျင်းသောစကားကို ပြောတတ်သော ပုဂ္ဂိုလ်အားပြိန်ဖျင်းသောစကားကို ပြောခြင်းမှ ရှောင်ကြဉ်ခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှုကြံစည်တတ်သော ပုဂ္ဂိုလ်အား (သူတစ်ပါးပစ္စည်းဘဏ္ဍာကို) ရှေးရှု မကြံစည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဖျက်ဆီးလိုသော စိတ်ရှိသောပုဂ္ဂိုလ်အား ဖျက်ဆီးလိုသောစိတ် မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အယူရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အယူသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အကြံအစည်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော အကြံအစည်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော စကားရှိသောပုဂ္ဂိုလ်အား မှန်ကန်သောစကားသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အမှုရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အသက်မွေးမှုရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော အသက်မွေးမှုသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လုံ့လရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လုံ့လသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော အောက်မေ့ခြင်း ရှိသော ပုဂ္ဂိုလ်အားမှန်ကန်သော အောက်မေ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော တည်ကြည်ခြင်းရှိသောပုဂ္ဂိုလ်အား မှန်ကန်သော တည်ကြည်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော ဉာဏ်ရှိသောပုဂ္ဂိုလ်အား မှန်ကန်သော ဉာဏ်သည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မှားယွင်းသော လွတ်မြောက်ခြင်းရှိသော ပုဂ္ဂိုလ်အား မှန်ကန်သော လွတ်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။

လေးလံထိုင်းမှိုင်းခြင်း အနှိပ်စက်ခံရသော ပုဂ္ဂိုလ်အား လေးလံထိုင်းမှိုင်းမှု ကင်းခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျံ့လွင့်သော စိတ်ရှိသော ပုဂ္ဂိုလ်အား မပျံ့လွင့်သော စိတ်သည် ရှောင်လွှဲရန်လမ်းဖြစ်၏။ ယုံမှားတတ်သော ပုဂ္ဂိုလ်အား ယုံမှားခြင်းကို လွန်မြောက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အမျက်ထွက်လေ့ရှိသော ပုဂ္ဂိုလ်အား အမျက်မထွက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ရန်ငြိုးဖွဲ့တတ်သော ပုဂ္ဂိုလ်အား ရန်ငြိုးမဖွဲ့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ကျေးဇူးကို ချေဖျက်သောပုဂ္ဂိုလ်အား ဂုဏ်ကျေဇူးကို မချေဖျက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဂုဏ်ပြိုင်တတ်သော ပုဂ္ဂိုလ်အား ဂုဏ်မပြိုင်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ငြူစူတတ်သော ပုဂ္ဂိုလ်အား မငြူစူခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ဝန်တိုတတ်သော ပုဂ္ဂိုလ်အား ဝန်မတိုခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ စဉ်းလဲတတ်သော ပုဂ္ဂိုလ်အား မစဉ်းလဲခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ လှည့်ပတ်တတ်သော ပုဂ္ဂိုလ်အား မလှည့်ပတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ခက်ထန်တတ်သော ပုဂ္ဂိုလ်အား မခက်ထန်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အလွန်မောက်မာခြင်းရှိသော ပုဂ္ဂိုလ်အား အလွန် မောက်မာမှု မရှိခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အပြောအဆိုခက်သောပုဂ္ဂိုလ်အား အပြောအဆိုလွယ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ ယုတ်မာသောမိတ်ဆွေရှိသော ပုဂ္ဂိုလ်အား ကောင်းသောမိတ်ဆွေသည် ရှောင်လွှဲရန်လမ်းဖြစ်၏။ သတိမေ့လျော့သော ပုဂ္ဂိုလ်အား သတိမမေ့မလျော့ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သဒ္ဓါတရားမရှိသော ပုဂ္ဂိုလ်အား သဒ္ဓါတရားရှိခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ 

အရှက်မရှိသောပုဂ္ဂိုလ်အား ရှက်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ မကြောက်လန့်တတ်သော ပုဂ္ဂိုလ်အား ကြောက်လန့်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ အကြားအမြင်မရှိသော ပုဂ္ဂိုလ်အား အကြားအမြင် များခြင်းသည်ရှောင်လွှဲရန် လမ်းဖြစ်၏။ ပျင်းရိသော ပုဂ္ဂိုလ်အား လုံ့လစိုက်ထုတ်ခြင်းသည် ရှောင်လွှဲရန် လမ်းဖြစ်၏။ သတိလွတ်သော ပုဂ္ဂိုလ်အား ထင်သော သတိသည်။
Org:unknown
သစ္စာရှင်
မြတ်ဗုဒ္ဓ၏သာသနာ page
တင်ဆက်သည်။

ဘုရားအဆုံးအမ

တချို့လူတွေက ပြောတယ်
ကရုဏာနဲ့ပြောတဲ့ ဒေါသ၊
စေတနာနဲ့ပြောတဲ့ ဒေါသတဲ့...
အပြစ်မရှိ သယောင်ယောင်ပြောတယ်...

ကောင်းကျိုးလိုလားတဲ့
စေတနာထားပေမယ့်
ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။

 ဓမ္မ နဲ့ ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး။

 ဘာကို အကြောင်းပြု ပြု
 အကုသိုလ် မဖြစ် သင့် ဘူး။

 ကောင်းကျိုးလိုလားတဲ့
 စေတနာထားပေမယ့်
 ဒေါသက ဒေါသ ပဲ။
 နှစ်ပိုင်းခွဲပြီး မှတ်ရမယ်။

" ကရုဏာဒေါသ "
 ကရုဏာကို အခြေခံပြီးတော့
 ဖြစ်ပေါ်လာတဲ့ ဒေါသ။
 ကရုဏာက ကောင်းတယ်။
 ဒေါသက မကောင်းဘူး၊
 အကောင်းအဆိုး ရော မနေ ဘူးလား။

 ဒေါသဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ်
 အကောင်း တရား မဟုတ်ဘူး အဆိုး တရား။

 ဒေါသဆိုတဲ့ အဓိပ္ပါယ်က
 ဖျက်ဆီးခြင်းလို့ အဓိပ္ပါယ် ရတယ်။

 ဘာတွေကို ဖျက်ဆီး ပစ်တာလဲဆိုတော့
 ဒေါသ ဖြစ် လာတဲ့ ပုဂ္ဂိုလ်ရဲ့အခြေအနေတွေဟာ
 ပျက် စီး မသွားဘူးလား။

 နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို 
 ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ။

 ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး။
 စိတ်ဓာတ် ကိုသာ ဖျက်ဆီးတာ မဟုတ်ဘူး၊
 ရုပ်ကို လည်း ဖျက် ဆီး တယ်။

 ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာကို ကြည့်ပေါ့။
 ဒေါသ ဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာသည်
 အရုပ်ဆိုး အကျည်းတန်သွားတယ်။

“ပင်ကိုယ်က ကြည့်ပျော် ရှုပျော် ရှိတဲ့
 ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား
 စိတ်ဆိုးနေတဲ့ မျက်နှာက
 ကြည့်ပျော် ရှုပျော် ရှိပါ့မလား။
 မရှိဘူးဆိုတော့ ဒေါသ ဟာ
 ရုပ်ကိုလည်း ပျက်စီးစေတယ်။
 ဒီထက် ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။
 ပြောတဲ့စကားကလည်း
 မကြားဝံ့မနာသာဖြစ်တယ်။
 လုပ်တဲ့အလုပ်ကလည်း
 ကြောက်စရာ ကောင်းတယ်။

 ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ
 ဘယ်အကုသိုလ်မှ မကောင်းဘူး။

 ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄ ပစ္စည်းမှာ
 ဥပနိဿ     ယပစ္စယောလို့ ဟောထားတာ ရှိတယ်။

 ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်။
 အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်။

 ဖြစ်စေတယ်ဆိုတာ
 အကြောင်းပြုတာကိုပြောတာ
 ကုသိုလ်ကို အကြောင်းပြု ပြီး
 အကုသိုလ်ဖြစ်တယ်၊
 အကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
 ကုသိုလ်ဖြစ်တယ်။

 အကုသိုလ်ကို အကြောင်းပြု ပြီး
 ကုသိုလ်ဖြစ်ရင် ကောင်းတယ်။
 ဘာကိုအကြောင်းပြု ပြီးဖြစ်ဖြစ်
 ကုသိုလ်ဖြစ်တာ ကောင်းတယ်။

 ကုသိုလ်ကို အကြောင်းပြု ပြီးတော့
 အကုသိုလ်ဖြစ်တာ ရှိတယ်၊
 ဒါနကောင်းမှုလုပ်ပြီးတော့ 
“အော် လှူ မိတာငါမှားလိုက်လေခြင်း”လို့
 စိတ်ဖြစ်တယ်။

“ဒါန” က ကုသိုလ်၊
“လှူ မိတာ ငါမှားလိုက်လေ ခြင်း”
 ဆိုတာက အကုသိုလ်။

 ကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
 အကုသိုလ်ဖြစ်တယ်။

 အကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
 ကုသိုလ်ဖြစ်တယ်။

 သို့သော် ဘုန်းကြီးတို့တတွေ
 မှတ်သားရမှာကတော့
 ကုသိုလ် ဖြစ်တာ ကောင်းတယ်။
 အကုသိုလ်ဖြစ်တာ ဘာကို
 အကြောင်းပြု ပြီး ဖြစ်ဖြစ် မကောင်းဘူး။

 တချို့က ကရုဏာဒေါသ ကို
 အကောင်း ပြောချင် တယ်။

 ဘာဒေါသမှ မကောင်းဘူး၊
 အကျိုးလိုလားလို့ ပြောတဲ့
 ဒေါသလည်း မကောင်းဘူး၊
 အကျိုး လိုလားတာက မေတ္တာစိတ်။

 တစ်ဖက်သားအပေါ်မှာ ငဲ့ညှာတယ်။
 ကြင်နာတယ် ဆိုတာက ကရုဏာ၊
 အားမလိုအားမရဖြစ်တာက ဒေါသ၊
 ဒေါသထွက်ရင် မကောင်းဘူးပေါ့။ ။

 အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင်
 ထိန်းရမှာ က ဘာလဲဆိုရင် အကုသိုလ်ပဲ။

 ဒါကြောင့်မို့ မြတ်စွာဘုရားက 
“ဝိဝါဒ - မတူညီတဲ့အပြောတွေဟာ 
“ဘယ- ကြောက်ဖို့ကောင်းတယ်၊
ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင်
 ပြဿ     နာ တွေ နောက်ကတသီကြီးလိုက်လာလို့ပဲ။
 ဒါ့ကြောင့် ဝိဝါဒ ဆိုတာကို ရှောင်ရမယ်။

 ဝိဝါဒကင်းပြီ ဆိုရင် အင်မတန် မှ ငြိမ်းချမ်းတယ်။

 ဒါကြောင့်မို့ မြတ်စွာဘုရား က
“သမဂ္ဂ` ညီညွတ်ကြ၊
"သခိလာ" တစ်ဦးနှင့် တစ်ဦး
 ပြေပြေပြစ်ပြစ် ဆက်ဆံ ကြ၊
“သမဂ္ဂါ သခိလာ ဟောထ"

 “ညီညီညွတ်ညွတ်
 ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်” လို့
“ဧသာ ဗုဒ္ဓါနုသာသနီ - 
‘ဒါဟာ ဘုရားသခင်ရဲ့အဆုံးအမပဲ” လို့

 ဘယ်လောက်ကောင်းတဲ့တရားလဲ 
- စဉ်းစားကြည့်ကြပေါ့။

       ပါမောက္ခချုပ်ဆရာတော်ကြီး 
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏

#credit🙏

မူရင်းရေးသားသူအားလေးစားစွာဖြင့်..

ဇောတိကသူဌေး

🌺🌺..ဇောတိကသူဌေး 🌺🌺
=============================

ဇောတိကသူဌေးဟာ ရာဇဂြိုဟ်မြို့သား ဖြစ်တယ်။ သူမွေးဖွားရာနေ့မှာ တစ်မြို့့လုံးက လက်နက်အားလုံးဟာ တောက်ပနေကြတယ်။

မြို့သူမြို့သားအားလုံးရဲ့ ကိုယ်မှာ ရောက်နေကြတဲ့ အဆင်တန်ဆာအားလုံးဟာလည်း အလျှံတောက်
သလိုဖြစ်ကာ အရောင်ကို လွှတ်ကြတယ်။

မြို့က တစ်ခဲနက်တောက်ပနေတယ်။ သူ့နာမည်ယူရာနေ့မှာ တစ်မြိုလုံးတစ်ခဲနက်တောက်ပနေတယ်။ ဒါကြောင့် ဇောတိက လို့နာမည်တွင်တယ်။

ဇောတိကမှာ ရတနာ ၇ပါးနဲ့ပြီးတဲ့ ဘုံ ၇ဆင့်ရှိပြသာဒ်ပေါ်ပေါက်လာသတဲ့။ ရတနာ ၇ပါးနဲ့ပြီးတဲ့ တံတိုင်း ၇ထပ်၊ တံခါး မုခ် ၇မုခ်၊ ရွှေအိုးကြီး ၄လုံး 
ပေါ်ပေါက်လာသတဲ့လို့ ဗိမ္ဗိသာရမင်းက ကြားရပြီး သူဌေးအဆောင်အယောင်ထီးကို ပို့လိုက်တယ်။

သူဟာ ဇောတိကသူဌေးအမည်တွင်သွားတယ်။ တံတိုင်းတွေအဆုံးမှာ ပဒေသာပင်တွေလည်း ပေါ်ပေါက်လာကြတယ်။

သူ့မယားက သတုလကာရီမည်တဲ့ မြောက်ကျွန်းသူဖြစ်ပါတယ်။ နတ်တွေက သူမကို ဆောင်ယူပေးကြပါတယ်။ သူတို့့ဟာ ပတ္တမြားအရောင်နဲ့ နေကြပါတယ်။

မီးအရောင်၊ ဆီမီးအရောင်ကို သူတို့မသိကြပါ။ ဇောတိကရဲ့ စည်းစိမ်းက ဒီလိုသဘောရှိသတဲ့ လို့ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးမှာ ထင်ရှားတယ်။ 
လူအများက ယာဉ်စသည်တွေကို 
တပ်ယှဉ်ပြီး ကြည့်ရှုဖို့ လာကြတယ်။

ဇောတိကသူဌေးက လာလာသမျှ လူတွေအား မြောက်ကျွန်းက ဆန်တွေနဲ့ ထမင်းချက်ခိုင်းပြီး 
ပေးခိုင်းတယ်။

ပဒေသာသစ်ပင်တွေက အဝတ်တွေကို ယူကြလော့၊ အဆင်တန်ဆာတွေကို ယူကြလော့လို့ စေခိုင်းတယ်။ ဇမ္ဗူဒိပ်တစ်ကျွန်းလုံးရှိ လူတွေက ဥစ္စာကိုယူပြီး 
သွားကြတဲ့အခါ ရွှေအိုးမှာလက်တစ်
ချောင်းစာလောက်တောင် လျော့မသွားပါ။

အဇာတသတ်မင်းသားက ဒေဝဒတ်နဲ့ ပေါင်းပြီး ဖခင်ကိုသတ်ကာ မင်းအဖြစ်မှာ တည်တဲ့အခါ  ဇောတိကသူဌေးရဲ့ ပြာသာဒ်ကြီးကို သိမ်းယူမယ်လို့ ကြံပြီး စစ်တပ်ကို့ ပြင်ဆင်ကာ ထွက်လာတယ်။

ပတ္တမြားတံတိုင်းမှာ အခြံအရံနဲ့တကွသော မိမိရဲ့အရိပ်ကို မြင်ရပြီး  ဇောတိကသူဌေးဟာ စစ်တပ်ကို 
ပြင်ဆင်ထားကာ စစ်သည်တော်အပေါင်းကို ခေါ်ပြီး ထွက်လာတယ်လို့ ထင်မှတ်ကာ မချဉ်းကပ်ဝံ့။

ဇောတိကသူဌေးကလည်း အဲဒီနေ့မွာ ဥပုသ်စောင့်ကာ နံနက်စောစောပဲ နံနက်စာစားပြီး ကျောင်းကိုသွားကာ ဘုရားရှင်ထံ တရားနာရင်း ထိုင်နေတယ်။

ပထမတံခါးမုခ်မှာ စောင့်ရှောက်တဲ့ ယမကောဠိ အမည်ရှိဘီလူးက အဲဒီအဇာတသတ်ကို မြင်ပြီး သင်ဘယ်သွားမလို့လဲလို့မေးကာ အခြံအရံပရိသတ်ပါ 
ဖျက်ဆီးပြီး အရပ် ၈မျက်နှာတွေမှာ နောက်က 
လိုက်တယ်။

အဇာတသတ်မင်းက ကျောင်းကိုပဲသွားတယ်။ အဲဒီအခါ ဇောတိကသူဌေးက အဇာတသတ်မင်းကို မြင်လျှင်မြင်ချင်းပဲ  အရှင်မင်း၊ ဘာပါလဲလို့ပြောကာနေရာမှထပြီး ရပ်တယ်။

အရှင်မင်းက ကျွန်ုပ်ရဲ့အိမ်ကို သိမ်းယူဖို့ လာတာပါလား၊ ဟုတ်တယ် ၊ ကျွန်ုပ်ရဲ့အလိုဆန္ဒမပါဘဲ ကျွန်ုပ်ရဲ့အိမ်ကို သိမ်းယူဖို့ မင်းတစ်ထောင်ကတောင် မစွမ်းနိုင်ပါ အရှင်မင်း ။

သင်က မင်းဖြစ်မှာလား (အဲဒီလိုပြောပြီး အဇာတသတ် စိတ်ဆိုးတယ်)

ကျွန်ုပ်က မင်းမဟုတ်ပါ၊ ကျွန်ုပ်ရဲ့ဥစ္စာကို အမြိတ်ဆာပါတဲ့ ချည်ကိုတောင်မှ ကျွန်ုပ်ရဲ့ အလိုဆန္ဒမပါဘဲ မင်းတွေ၊ သူခိုးတွေဟာ မယူနိုင်ကြပါ ။

ငါဟာ သင့်ရဲ့ကြိုက်နှစ်သက်မှုကို ယူရမှာလား 

အရှင်မင်း ဒီလိုဆိုရင် ကျွန်ုပ်ရဲ့ လက် ၁၀ချောင်းက ဒီလက်စွပ် ၂၀ကို သင့်အား မပေးပါ၊ စွမ်းနိုင်ရင် ယူပါ ။

အဲဒီအဇာတသတ်မင်းဟာ မြေကြီးပေါ် 
ဆောင့်ကြောင့်ထိုင်ပြီး ခုန်ရင် ၁၈တောင် 
ရှိရာအရပ်ကို တက်ရောက်တယ်။ ရပ်ပြီး 
ခုန်ရင် အတောင် ၈၀ ရှိအရပ်ကို 
တက်ရောက်တယ်။

အဲဒီလောက် အင်အားကြီးမားသူ
ဖြစ်ပေမယ့် နည်းမျိုးစုံနဲ့ ချွတ်ပေမယ့် 
လက်စွပ်တစ်ခုကိုတောင် မချွတ်နိုင်ပါ။

အဲဒီအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးက အရှင်မင်း၊အဝတ်ကိုဖြန့်ပါလို့ ပြောပြီး လက်ချောင်းတွေကို ဖြောင့်အောင်လုပ်လိုက်ပါတယ်။လက်စွပ် ၂၀လုံးပဲ ထွက်ကျလာကြတယ်။

အဲဒီအခါ အဇာတသတ်မင်းကို ဇောတိကသူဌေးက အရှင်မင်း၊ ကျွန်ုပ်ရဲ့ ဥစ္စာကို ကျွန်ုပ်အလိုဆန္ဒ
မပါဘဲ မယူနိုင်ပါလို့ပြောတယ်။

အဇာတသတ်မင်းရဲ့ အပြုအမူကြောင့် သံဝေဂဖြစ်ကာ အရှင်မင်း၊ ကျွန်ုပ်အား ရဟန်းဝတ်ဖို့ ခွင့်ပြုပါလို့ ပြောတယ်။

အဇာတသတ်မင်းက  ဒီဇောတိကသူဌေး 
ရဟန်းဝတ်ရင် ငါဟာ ချမ်းချမ်းသာသာ 
ပြသာဒ်ကို ယူမယ်လို့ကြံကာ စကားတစ်ခွန်းနဲ့ပဲ  သင်ဟာ ရဟန်းဝတ်ပါလို့ ပြောလိုက်တယ်။

ဇောတိကသူဌေးဟာ ဘုရားရှင်ထံ 
ရဟန်းဝတ်ပြီး မကြာခင်မှာပဲ ရဟန္တာဖြစ်တယ်။ ဇောတိကမထေရ်လို့ အမည်တွင်တယ်။

ဇောတိကမထေရ် ရဟန္တာဖြစ်ရာခဏမှာပဲ အဲဒီစည်းစိမ်းအားလုံးလည်း ကွယ်ပျောက်သွားတယ်။ သူ့ရဲ့ သတုလကာယီမည်တဲ့ မယားကိုလည်း နတ်တွေ
က မြောက်ကျွန်းကိုပဲ သယ်ဆောင်သွားကြပါတယ်။

တစ်နေ့မှာ ရဟန်းတွေက ဇောတိက
မထေရ်ကို ခေါ်ပြီးမေးလို့ဖြေပေးရတယ်။

ငါ့ရှင်ဇောတိက၊ အဲဒီပြသာဒ်နဲ့ ဒီမိန်းမအပေါ် တပ်မက်တွယ်တာမှုတဏှာ သင့်မှာရှိပါသလား 

ငါ့ရှင်တို့၊ တပည့်တော်မှာ မရှိပါ ။

ရဟန်းတွေက ဘုရားရှင်အား လျှောက်ထားလို့ ဘုရားရှင်ကမိန့်တော်မူတယ်။

မြတ်စွာဘုရား၊ ဒီဇောတိကရဟန်းဟာ မဟုတ်မမှန်တာကို ပြောပြီး အရဟတ္တဖိုလ်ကို ဖြေဆိုနေပါတယ် ။

ရဟန်းတို့၊ ငါ့ရဲ့သား ဇောတိကရဟန်းဟာ အဲဒီပြသာဒ်နဲ့ မိန်းမအပေါ် တဏှာမရှိတော့သည်သာ ။

ဒီလောကမှာ ဒွါရ ၆ပါးမှာဖြစ်တဲ့တဏှာနဲ့့မာနကို ပယ်စွန့်ပြီး လူဝတ်ကြောင်ဘဝကို အလိုမရှိလို့ ရဟန်းဝတ်လာတယ်။ တဏှာနဲ့ ဘဝကုန်ပြီးတဲ့ အဲဒီပုဂ္ဂိုလ်ကို ငါဘုရားက ရဟန္တာလို့ မိန့်တော်မူတယ်။ 

ဒီတရားဒေသနာအဆုံးမှာ လူအများဟာ သောတာပန် စသည်ဖြစ်ကြပါတယ်။

(ဓမၼပဒ၊ ႒၊ ဒု၊ ၄၃၆၊ ၄၄၆)
သာမဏေကျော်
Kht Ht - ရေးသားပူဇော်သည်။

ဇောတိကသူဌေး၏အတိတ်ဘဝ
ကုသိုလ်နှင့် ဆုတောင်း
******************

      အဇာတသတ်မင်းဟာ အလွန်အင်မတန်မှ ချမ်းသာကြွယ်ဝတဲ့ ဇောတိကသူဌေးရဲ့ စည်းစိမ် ဥစ္စာတွေကို လိုချင်မက်မောပြီးသိမ်းပိုက်ဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြံရွယ်ခဲ့ပေမယ့် မအောင်မြင်ပါဘူး ။ သူကိုယ်တိုင် ဇောတိကသူကြွယ်နဲ့ တွေ့တဲ့အခါမှာ ဒီအကြောင်းကို ပြောပြပါတယ် ။ 

       အဲဒီအခါမွာ ဇောတိကသူဌေးက အဇာတသတ်မင်းကို သူ့လက်မှာ ဝတ်ဆင်ထားတဲ့ လက်စွပ်ကို အရင်  ရအောင်ချွတ်ယူပါဦးလို့ ပြောပါတယ် ။ ဒါပေမယ့် ဇောတိကသူဌေးရဲ့လက်စွပ်ကို ဘယ်လိုချွတ်ယူယူ မရပါဘူး။ ဇောတိက
သူဌေးကသူ့စိတ်ကနေလက်စွပ်ကိုကျွတ်
ပါစေလို့ စိတ်ညွှတ်လိုက်တဲ့အခါမှာတော့ လက်စွပ်ဟာအလိုလိုကျွတ်ကျသွားတော့
တယ် ။ အားကောင်းတဲ့ ရှေးဘုန်းရှေးကံ ကုသိုလ်နဲ့ ဆုတောင်းတစ်ခုကြောင့် အခုဘဝမွာ ဇောတိကသူဌေးအဖြစ်နဲ့ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ချမ်းသာတွေကို ဘယ်သူမွ ခိုးယူ လုယူ တိုက်ယူလို့ မရနိုင်ပါဘူး ။ 

            ဇောတိကသူဌေးဟာ ဒီလို သူ့ရဲ့စည်းစိမ်ဥစ္စာတွေအပေါ်မှာ လိုချင်တက်မက်သူပေါများပြီး  အန္တရာယ်ပေးနိုင်တာရယ် ရှေးပါရမီတွေရဲ့အရှိန်အဟုန်တွေကြောင့် ကျွတ်ထိုက်ချိန်တန်ပြီမို့ အခုဖြစ်စဉ်အပေါ်မှာ သံဝေဂရပြီးတော့ ဘုရားရှင်ထံမှာ အပြီးတိုင် ရဟန်းပြုခဲ့ပါတယ် ။

      သူ့ရဲ့စည်းစိမ်ဥစ္စာတွေအပေါ်မှာ သူ့ရဲ့စိတ်က မတွယ်ငြိတော့ပဲ စွန့်လွှတ်လိုက်တဲ့စိတ်ဖြစ်ပေါ်လိုက်တာနဲ့ အလွန်များပြားတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သူ့ရဲ့စည်းစိမ်ဥစ္စာတွေဟာ အလိုအလျောက် ပျောက်ကွယ်သွားပါတော့တယ် ။ 

       တကယ်တော့ သူဟာ တစ်ခုသောရှေးဘဝမှာ ပစ္စေကဗုဒ္ဓတစ်ဆူကို ကြံချောင်းတစ်ချောင်း လှူဒါန်းခဲ့ပြီး ဤပြုသမျှကုသိုလ်ကြောင့် ဘဝဆက်တိုင်း လူ့စည်းစိမ် နတ်စည်းစိမ်ကို ခံစား စံစားရလျက် အဆုံးစွန်သော ဘဝတစ္ခုမွာ အရှင်ဘုရားကဲ့သို့သော အသိဉာဏ္ထူးကို ရရှိသိမြင်ရပါလို၏ လို့ ဆုတောင်းခဲ့ဖူးတာပါ ။ 

      သူတောင်းခဲ့တဲ့ဆုအတိုင်း  မရေတွက်နိုင်လောက်အောင် ဘဝပေါင်းများစွာ လူချမ်းသာ နတ်ချမ်းသာ စည်းစိမ်တို့ကို အကြိမ်ကြိမ်ခံစားရပြီး ယခု ဂေါတမမြတ်ဗုဒ္ဓ ဘုရားရှင်ပွင့်တော်မူတဲ့အခါမှာ ဇောတိကသူဌေးဖြစ်လာပြီး ဒီဘဝမွာပဲ မဂ် ဖိုလ္တရားထူးမ်ားကို ရရှိလျက် နိဗ္ဗာန်ကို မျက်မှောက်ပြုခွင့်ရခဲ့ပါတယ် ။

      ဤ ဇောတိကသူဌေး၏ ဘဝဖြစ်စဉ်ကို လေ့လာသုံးသပ်ခြင်းအားဖြင့် 

         ဗုဒ္ဓဘာသာတွင် ဆုတောင်းခြင်းဆိုသည်မှာ ရှိပါသည် ။ ဘာသာခြားများ ဆုတောင်းခြင်းနှင့် အနှစ်သာရ ပုံစံ လုံးဝ မတူပါပေ ။     

      ဗုဒ္ဓဘာသာဆုတောင်းခြင်းဆိုသည်မှာ ဆုတောင်းခြင်းနှင့်အတူ ကုသိုလ္တစ္ခုကို ပြုပေးရပါမည် ။ အလှူခံပုဂ္ဂိုလ်က သီလ သမာဓိ  ပညာတို့နှင့်ပြည့်စုံခြင်း l လှူသူက စေတနာ သဒ္ဓါတရားထက်သန်ခြင်း l သီလစင်ကျယ်ခြင်း l  လှူဖွယ်ပစ္စည်း မွန်မြတ်သန့်ရှင်းခြင်း စသောအချက်တို့နှင့် ပြည့်စုံမှုရှိလျင် ရှိသလောက် ကုသိုလ်အကျိုးပေးက ထက်မြက်ပါလိမ့်မည် ။

      လူ့စည်းစိမ် နတ်စည်းစိမ်တို့ကို ကုသိုလ်ပြုစဉ် အခါမွာ ဆုတောင်းယူက ပြည့်စုံနိုင်သလို  နိဗ္ဗာန်ဆုကိုတော့ တိုက်ရိုက်တောင်းယူ၍မရနိုင်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအတွက် ထိုကုသိုလ်များသည် ပါရမီအဖြစ် အထောက်အပံ့ကောင်းများကို တော့ပေးစွမ်းနိုင်ပါသည် ။ 

      နိဗ္ဗာန်သည် ကိုယ်တိုင် ကျင့်မှ ရမည်မှန်သော်လည်း ထိုကုသိုလ်များသည် နိဗ္ဗာန်အတွက် အချီးအနှီး မဖြစ်ပါပေ ။

       ရှေးဆုတောင်း ရှေးကုသိုလ်ဘုန်းကံတို့ကြောင့် ရရှိလာသော ကြွယ်ဝချမ်းသာမှုကို သူတစ်ပါးတို့က လုယူဖ်က်ဆီး၍ မရနိုင်ပါပေ ။ 

         ထို့ကြောင့် ဒါနကုသိုလ် သီလကုသိုလ် ဘာဝနာကုသိုလ်တို့ကို ပြုတိုင်းပြုတိုင်း မဂ်ဖိုလ်နိဗ္ဗာန်ကို ရည်စူးခါ ဆုတောင်းလျက် ကုသိုလ်ပြုလုပ်ကြပါဟု ဤစာစုငယ်ဖြင့် ဆန္ဒပြု ရေးသားပူဇော်လိုက်ပါသည် ။

ရိုသေလေးစားစွာဖြင့် ဗုဒ္ဓကို သက်ဝင်ကြည်ညို
သူတစ်ယောက် 
---------------

"ဇောတိကသူဌေး"

ဇောတိကအလောင်းသည် ကြံခင်းပိုင်ရှင် ဖြစ်ခဲ့၏။ တနေ့သ၌ ကြံတချောင်းကို ယူလာရာ လမ်းတွင် ဆုံမိသော ရှင်ပစ္စေကဗုဒ္ဓါတပါးကို လှူလိုက်၏။ ထိုကောင်းမှုကြောင့် နတ်ပြည်၌ အကြိမ်ကြိမ် ခံစား
ပြီးနောက် ဝိပဿီမြတ်စွာဘုရားပွင့်တော်
မူသောအခါ သူဌေးကြီးဖြစ်ပြီး ရတနာ
ခုနစ်ပါးအပြည့် ခင်းထားသော ကျောင်းတော်ကြီး ဆောက်လှူ၏။ ကျောင်းသို့ ရောက်လာသူတိုင်းကို အလိုရွိသမျှ ယူသွားစေ၏။ထိုအတွင်း ပုဏ္ဏားတယောက်သည် ဘုရားခြေတော်ရင်းကပတ္တမြားကို 
ခိုးယူပြီးဝှက်ထားသည်ကို မြင်သောအခါ စိတ်မကောင်းဖြစ်ရ၏။ မြတ်စွာဘုရားထံချဉ်းကပ်၍နောင်ဘ၀အဆက်ဆက်ဘုရာ
းတပည့်တော်၏ပစ္စည်းမှန်လျှင် ချည်မျှင်
တမျှင်မျှ မယူနိုင်ပါစေသတည်း- ဟုဆုတောင်းသည်။ ထိုအခါ ဘုရားရှင်ကခွင့်ပြုတော်မူ၏။

ဂေါတမဘုရားရှင်လက်ထက်တွင် အလွန်ကြွယ်၀ချမ်းသာသော သူဌေးကြီးဖြစ်လာပြန်၏။ မြတ်ဗုဒ္ဓ သီတင်းသုံးရန်အတွက် ကျောင်းဆောက်ရန်မြေရှာ၍ ပြုပြင်ရာ သိကြားမင်းသည် လက်သမားအသွင် ဖန်ဆင်း၍သူဌေးထံချဉ်းကပ်လာ၏။ဤတွင်မြေပြုပြင်ရေးအစစအရာရာ
လိုလေသေးမရှိ စီမံရေး၊ကျောင်းဆောက်
ရေးတို့ကို စီစဉ်၍ ပြီးစေ၏။ ပြီးလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော ဘုံခုနစ်ဆင့် ပြသာဒ်နှင့်တကွ ရတနာအမျိုးမျိုးဖြင့်စီခြယ်ထားသော အမိုးအကာ၊ နံရံ တံခါး လှေကား စသည်တို့ကို လိုလေသေးမရှိ 
ထူးခြားအံ့သြဘွယ် ဖြစ်ပေါ်စေ၏။ 

တနေ့သ၌ ဇောတိက၏ကျောင်းကို ကြည့်ရန် 
ကျောင်းတော်သို့ဗိမ္ဗိသာရမင်းကြီးရောက်လာ၏။သားတော်အဇာတသတ်မင်းသားငယ်ကိုလည်း လက်ဆွဲလျက် ခေါ်လာခဲ့၏။သားတော်သည်ချက်ချင်းအကြံပေါ်လာ၏။ ငါ၏ခမည်းတော်သည် ညံ့လှချေတကား၊ သူဌေးဆိုသူက ရတနာပြာသာဒ်နှင့် နေနိုင်ပါလျက် တို့ကတော့ သစ်သားနန်းတော်ဖြင့်သာ နေနိုင်၏။ ငါသာ မင်းဖြစ်ခဲ့လျှင် ဤအဆောက်အအုံကို သိမ်းယူမည်-ဟု စိတ်ကူးမိသည်။

အဇာတသတ်မင်းသားသည်ဖခင်မင်းကြီးကို သတ်ပြီးသောအခါ စစ်သည်ဗိုလ်ပါ စုဆောင်း၍ ဇောတိက နေအိမ်ကို တိုက်ခိုက်ရန် ရောက်လာ၏။ဤတွင် အရပ်လေးမျက်နှာ၌ နတ်ဘီးလူးများ ကာကွယ်
စောင့်ရှောက်နေသဖြင့် တံတိုင်းအနီးသို့ပင် ကပ်ရန် မတတ်နိုင်ပေ။ စိတ်ပျက်နေသော အဇာတသတ်သည် စစ်ရှုံး၍အပြန်တွင်ဝေဠု၀န်ကျောင်းတော်သို့၀င်ရာ ဇောတိကသူဌေးကို တွေ့ရသဖြင့် အမျက်ဒေါသ ဖြစ်သွားသည်။ သင်သည် 
သူတော်ကောင်းယောင်ဆောင်၍ ဘုရားအနားကပ်နေ၏။ သင့်စစ်သည်များကို ငါ့စစ်သည်များနှင့် တိုက်ခိုက်ရန် စီမံထားခဲ့သည်မဟုတ်လော-ဟု စွပ်စွဲ၏။ ဇောတိကသည် သူမရှိမီ သူ့အိမ်ကို တိုက်ခိုက်ရန် အဇာတသတ်မင်း သွားသည်ကို ရိပ်မိ
လိုက်၏။

သူဌေးက အဇာတသတ်မင်းကို 
"အရှင် ကျွန်တော်မျိုး သဘောမတူလျှင် ကျွန်တော်မျိုးပိုင်သောပစ္စည်း ချည်မျှင်တမျှင်မျှပင် ယူရန် မတတ်နိုင်ပါ။ ယခုကျွန်တော်မျိုး ၀တ်ထားသော လက်၀တ်ရတနာ စသည်တို့ကို အရှင်လိုချင်လျှင် 
ဖြုတ်ယူကြည့်ပါ"-ဟုပြော၏။ အဇာတသတ်မင်းသည် အဖိုးမဖြတ်နိုင်သော လက်စွပ် ကျောက် စသည်တို့ကို အားရှိသမျှ အတင်းကြိုးစားဖြုတ်ယူရာ ချွေးဒီးဒီးပင် ကျလာသည်။ သို့သော်လည်း 
ဇောတိကလက်ပေါ်ရှိ ပစ္စည်းများကားရွေ့လျား၍ပင် မလာပေ။ ထို့နောက် 
အဇာတသတ်မင်းကိုကြည့်၍ လက်စွပ်အားလုံး ယူလိုလျှင် လက်ဝါးဖြန့်တော်မူပါ-ဟု ပြောပြီး သူ၏ လက်ကိုလှုပ်ခါချလိုက်ရာ လက်စွမ်များ အလွယ်တူ လျှောကျကုန်သည်။ 

ထိုအခါ ဇောတိကသူဌေးသည် လောကကြီး၌နေထိုင်ရန်ငြီးငွေ့သဖြင့် မြတ်စွာဘုရားထံ ခွင့်ပန်ပြီးရဟန်းပြုသည်။ ထို့နောက် တရားအားထုတ််ရာ မကြာမီ ရဟန္တာအဖြစ် ရောက်တော်
မူလေသည်။ ရဟန္တာဖြစ်သည်နှင့် တပြိုင်
နက် သူဌေး၏ကြီးကျယ်ဆန်းကြယ်သောဗိမာန်ကြီးနှင့် ခြွေရံသင်းပင်း ဆင်မြင်း ကျွဲနွား ရထား ဥယျာဉ် စည်းစိမ်တို့သည် အားလုံးပျောက်ကွယ်ကြလေသည်။ သီတင်းသုံးဖော် ရဟန်းများက"သင်၏ 
စည်းစိမ် ဥစ္စာ ရတနာအလုံးစုံကို သတိရပါသေးသလား"ဟု မေးသောအခါ ဘုရားရှင်က ငါ၏ သားတော် ဇောတိကသည် အရဟတ္တဖိုလ်သို့ ရောက်ပြီးဖြစ်၍တဏှာလောဘ သံယောဇဉ် အားလုံး ကင်းရှင်းလေပြီ-ဟုပြောကာ အောက်ပါဂါထာကို ဟောတော်မူလေ၏။

( ပါဠိဂါထာ )
ယောဓ တဏှံ ပဟန္တွာန ၊
အနာဂါရော ပရိဗ္ဗဇေ ။
တဏှာဘ၀ ပရိက်ခီဏံ ၊
တမဟံ ဗြူမိ ဗြာဟ္မဏံ ။( ၄၁၇ )

( မြန်မာပြန် )
ဤလောက၌ အကြင်ပုဂ္ဂိုလ်သည် 
လူ့ဘောင်ကို စွန်ခွါ၍ရဟန်း ပြုလာ၏။
တဏှာကုန်ခန်းလေပြီးဖြစ်သော ထိုသူကို 
ဗြာဟ္မဏ (သူတော်စင်) ဟူ၍ ငါဘုရား 
ဟောတော်မူ၏။

( လင်္ကာ )
လူများဖြစ်ပွား၊ နှောင်ဖွဲ့များကို၊ 
ပယ်ရှားစွန့်ခွါ၊နတ်မှာဖြစ်ပွား၊ 
စည်းစိမ်များကို၊ ကျော်လွှား၍သာ၊ 
လွန်မြောက်လာလျက်၊
လေးဖြာယောဂ၊ ကင်းလွတ်ကမူ၊ 
ထိုသူကိုသာ၊ ငါက ဗြာဟ္မဏ၊ 
ခေါ်မြွက်ဟ၏။

( ဗြာဟ္မဏ၀ဂ် ဇောတိကတ္ထေရ၀တ္ထု )
ဓမ္မပျိုးခင်းမှ ကူးယူဝေငှပါသည်။
      

Credit..

.

သပ္ပုရိသဒါန ငါးပါး

***သပ်ပုရိသဒါန(၅)ပါး***
🌸🌸🌸🌷🌷🌷🌸🌸🌸

 (၁) သဒ်ဓါဒါန။   ။
                 (ကံနှင့် ကံ၏အကျိုးတရားတို့၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ထက်ထက်မြက်မြက် ထား၍ လှူဒါန်းခြင်း။)

(၂) သက်ကစ်စ ဒါန။   ။
                   (လှူဖွယ်ဝတ္ထုကို သပ်သပ်ရပ်ရပ် ပြု၍လည်းကောင်း၊ အလှူခံပုဂ္ဂိုလ်ကို အရိုအသေပြု၍ လည်းကောင်း လှူဒါန်းခြင်း။)

(၃) ကာလ ဒါန။   ။
                   (သူ့အခါနှင့်သူ သိ၍ လှူဒါန်းခြင်း။ ဥပမာ- ရဟန်း သံဃာအား နံနက်အခါဖြစ်လျှင် ဆွမ်း ခဲဖွယ် ဘောဇဉ်ကို လှူဒါန်းခြင်း၊ မွန်းလွဲအခါဖြစ်လျှင် အဖျော်ယာမကာ စတုမဓု စသည်ကို လှူဒါန်းခြင်းမျိုး ဖြစ်သည်။)

(၄) အနဂ္ဂဟိတဒါန။   ။
                    (လှူဖွယ်ဝတ္ထု၌ ငြိတွယ်သောစိတ် လုံးဝမရှိဘဲ မုတ္တစာဂ လွတ်လွတ် စွန့်ကြဲသော စေတနာ ရှေ့သွားပြု၍ လှူဒါန်းခြင်း။)

(၅) အနုပဟစ်စဒါန။   ။
                  (မိမိ-သူတစ်ပါး နှစ်ဦးသားတို့ကို မထိပါးမူ၍ လှူဒါန်းခြင်း။)

                  လောက၌ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည် ပြိုင်ဘက် ရှိတတ်သည်။ ထို လောကီစီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည်တို့၌ အပြိုင်အဆိုင်စိတ် ထားမှလည်း တိုးတက်ကြီးပွားနိုင်သည်။
                 ဒါနကောင်းမှု ကုသိုလ်ပြုရာ၌ကား ထို လောကီ အပြိုင်စိတ်ကို ဖယ်ရှားထားရမည်။

                 အကယ်၍ ဒါနကောင်းမှု မိမိကပြုသောအခါ ``ငါနှင့် စီးပွားပြိုင်ဘက် ငဖြူ ငါလိုလှူနိုင်သေးရဲ့လား´´ ဤသို့ စသည်ဖြင့် အောက်မေ့ နှလုံးသွင်း၍ လှူဒါန်းလျှင် မိမိကိုယ်ကိုကား မြှောက်ပင့်ခြင်း အတ္တုက္ကံသနလောဘ ဖြင့် ထိပါး၍ လှူသည်မည်၏။

                   ဤကဲ့သို့ မအောက်မေ့ဘဲ ``ငါသည် ဥစ္စာစီးပွား၏ အနှစ်သာရ ဒါနကောင်းမှုကို ပြုရပေပြီ´´ ဤသို့ စသည်ဖြင့် အောက်မေ့၍ လှူလျှင် မထိမပါး လှူသည် မည်၏။

                  ထိုကဲ့သို့သော အလှူမျိုးကို လှူရမည်ဟု ဆိုလို၏။ ထိုသပ္ပုရိသဒါန (၅)ပါး၏ အချုပ် လင်္ကာကား-
၁။ သဒ္ဓါကြည်ညို၊
၂။ ရိုသေလှစွာ၊
၃။ အခါကိုသိ၊
၄။ မစွန်းငြိဘဲ၊
၅။ မထိမပါး၊ လှူတုံငြား၊ ငါးပါးသပ္ပုရိသ မြတ်ဒါန။

                  ထိုသပ္ပုရိသ ဒါနအရာ၌ လှူဒါန်းခြင်းကြောင့် စီးပွား ဥစ္စာ ပေါများသော မင်း၊ ပုဏ္ဏား၊ သဌေး သူကြွယ် ဖြစ်ရ၏။

၁။ သဒ္ဓါကြောင့် ရုပ်ရည်အဆင်း တင့်တယ်လှပ၏။
၂။ သက္ကစ္စကြောင့် ထိုသူ့စကားကို အများက နာယူကြ၏။
၃။ အခါကို သိခြင်းကြောင့် လိုအပ်သော အချိန်၌ လိုအပ်သော ကောင်းကျိုးတို့ ဝှန်းဝှန်းဖြိုးဖြိုး အကျိုးပေး၏။
၄။ မစွန်းငြိခြင်းကြောင့် အကောင်းကို သုံးဆောင်ရ၏။
၅။ မထိပါးခြင်းကြောင့် ထိုသူ၏ စည်းစိမ်များကို ရန်သူမျိုး ၅-ပါးတို့ အန္တရာယ် မပြုနိုင်ခြင်း အကျိုးများကို ထူး၍ ရရှိ၏။

                 ထို၏ဆိုင်ရာ လင်္ကာအချုပ်ကား-

၁။ သဒ္ဓါကြည်ရွှင်၊
      လှူဒါန်းလျှင်၊ ရုပ်သွင် အဆင်းလှ။
၂။ ရိုသေလှူငြား၊
      သူ့စကား၊ အများ နာယူကြ။
၃။ အခါသိသဖြင့်၊
      လှူတုံလင့်၊ ချိန်သင့် ကောင်းကျိုးရ။
၄။ မစွန်းငြိတောင်း၊
      လှူတုံရှောင်း၊ အကောင်းသုံးဆောင်ရ။
၅။ မထိမပါး၊ လှူတုံငြားမူ၊
      ထိုသည့်သူ၏၊ ပြောထူများပြား
      စည်းစိမ်အား၊ ငါးပါး ရန်မခ။   ။

      သပ္ပုရိသ၊ ဒါနကျိုးဆက်
      ဤငါးချက်၊ နှုတ်တက် ဆောင်ကုန်ကြ။   ။

သပ္ပုရိသဒါနသုတ်နှင့်အညီ ဖွဲ့စီထားသည်။

                ဦးဝိစိတ်တသာရဘိဝံသ
                (၂-၇-၄၂)
      (မင်းကွန်းဆရာတော်ဘုရားကြီးရေးသော စာတမ်းတိုကို ပြန်လည်ကူးယူ ပူဇော်ပါသည်။) 

(မေတ္တာနှလုံး အစဉ်သုံး ရွှင်ပြုံးကြပါစေ)

Credit...

အခါကောင်း

အခါကောင်းတာက 
ဘုရားပွင့်တော်မူတဲ့အခါ သာသနာရှိတဲ့အခါ။

ဘဝကောင်းတာက
လူ့ဘဝ နတ်ဘဝ သုဂတိဘဝ။

ဝီရိယကောင်းတာကတော့ 
ဘုရားရှင်ဆုံးမတော်မူတဲ့အတိုင်း မှတ်သားပြီး 
မချသောဝီရိယနဲ့ ထူထောင်ပြီး လေးပါးသော
ဣရိယပုတ်ထဲမှာ ယူကြ ဖြည့်ကျင့်ကြတော့ 
ဆုတောင်းပြည့်စုံကြပါရောဗျား။

#ဝေဘူဆရာတော်ကြီး

Wednesday, November 3, 2021

" ဝဋ်ကြွေး "..

🌿🌿.. " ဝဋ်ကြွေး "..🌿🌿

ကံကြမ္မာဝဋ်ကြွေးဆိုတာ
အနှိုင်းမဲ့မြတ်ဗုဒ္ဓပင်
ရှောင်၍မလွတ်နိုင်ပါဘူး...

ဒီကနေ့ကာလမှာ
သူတစ်ပါးအသက်ကို
အလွယ်တကူပဲ
နည်းလမ်းပေါင်းစုံနဲ့
သတ်ဖြတ်နေကြတာတွေ
မြင်နေကြားနေရတယ်...

ကဿ ပဘုရားရှင်လက်ထက်က
ရှင်ဘုရင်စားတော်ပွဲအတွက်
နေ့စဉ်ငှက်သားဆက်သရတဲ့
ငှက်မုဆိုးတစ်ယောက်
ရှိခဲ့ဘူးတယ်...

မုဆိုးဟာ
စားတော်ပွဲဆက်ပြီး
ပိုလျှံ တဲ့ငှက်တွေကို
ရောင်းလိုရတာရောင်းတယ်၊
ကျန်တဲ့ငှက်တွေ
ထွက်မပြေးနိုင်အောင်
အတောင်နဲ့ခြေထောက်ကို
ချိုးထားတယ်တဲ့...

ရက်အတော်ကြာတဲ့အထိ
ရောင်းမထွက်တဲ့
ငှက်တွေကတော့
အလွန်ကြီးတဲ့ဆင်းရဲဒုက္ခကို
နေ့စဉ်ခံစားရတာပေါ့...

သူဟာတစ်နေ့မှာ
ရဟန်းတစ်ပါးကို
အရသာကောင်းမွန်တဲ့
ဆွမ်းနဲ့ဆွမ်းဟင်းများ
လောင်းလှူခဲ့ပြီး
နိဗ္ဗာန်ဆုကိုတောင်းခဲ့တယ်...

လက်ရှိဘဝကသေတော့
အပါယ်ငရဲမှာ
နှစ်ပေါင်းများစွာ
ငရဲကျ ခံရပြီးနောက်
ဗုဒ္ဓဘုရားရှင်လက်ထက်မှာ
ဇေတဝန်ကျောင်းတော်မှာ
ရဟန်းဖြစ်ခဲ့တယ်...

ဒါပေမဲ့ အတိတ်ကပြုခဲ့တဲ့
အကုသိုလ်ဝဋ်ကြွေးကြောင့်
ခန္ဓာကိုယ်မှာ
သွေး၊ပြည်တွေပြည့်နေတဲ့
ဇီးသီး၊ဥသျှစ်သီးအရွယ်
အနာလုံးကြီးတွေကြောင့်
ဒုက္ခကြီးစွာခံနေရပြီး
အပုပ်နံ့တွေတောင်
ထွက်နေတယ်တဲ့...

ရဟန်းဘဝမှာပဲ
ဘုရားရှင်ရဲ့
သစ္စာလေးပါးတရားတော်ကို
နာကြားလိုက်ရလို့
အရဟတ္တဖိုလ်ဉာဏ်ရပြီး
ပရိနိဗ္ဗာန်ပြုသွားတယ်တဲ့...

ဘယ်လိုပုဂ္ဂိုလ်ဖြစ်စေ
မိမိပြုခဲ့တဲ့
အကုသိုလ်ဝဋ်ကြွေးက
သံသရာတစ်လျှောက်မှာ
ကြေအောင်ပေးဆပ်ရမှာ
မလွဲပါဘူး...

* ချမ်းမြေ့ဆရာတော်

Credit...

“ဗုဒ္ဓနည်းကျ လာဘ်ကောင်းစေသောအဆောင်ပစ္စည်းများ ပိုင်ဆိုင်အောင်လုပ်နည်း”

“ဗုဒ္ဓနည်းကျ လာဘ်ကောင်းစေသောအဆောင်ပစ္စည်းများ ပိုင်ဆိုင်အောင်လုပ်နည်း”

လုပ်နည်းလေးကို မပြောခင် လောကီအဆောင်အယောင်တွေ တကယ်ရှိ,မရှိ ဆိုတာကို အထောက်အထားနဲ့တကွ အရင်ပြောပြထားပါမယ်။

ငါးရာ့ငါးဆယ်ဇာတ်တော်ထဲက ‘သိရီ’ (သီရိ-မဟုတ်ပါ)၊ မြန်မာလို ‘ကျက်သရေ’ လို့နာမည်ပေးထားတဲ့ဇာတ်တော်ဆီကို ခဏလောက်သွားကြည့်ရအောင်။

‘သိရီ’ဇာတ်ကို ဟောကြားရခြင်းအကြောင်း
============================

အနာထပိဏ်သူဌေးကြီးဆီကို ‘ကျက်သရေ’ ခိုးမယ်ဆိုပြီးတော့ ‘ကျက်သရေ’လက္ခဏာကို နားလည်တဲ့ ပုဏ္ဏားတစ်ယောက်ရောက်လာပါတယ်။ ‘ကျက်သရေ’ ဘယ်မှာရှိလဲဆိုပြီးလိုက်ရှာကြည့်တော့ သူဌေးကြီးရဲ့ ကြက်ဖြူကြီး အမောက်မှာ ရှိနေတာကို တွေ့ပါတယ်။ အဲ့ဒါနဲ့ ကြက်ဖြူကြီးကို သူဌေးကြီးဆီက တောင်းတော့ သူဌေးကြီးက ‘ယူတော့’ လို့ပြောရုံရှိသေးတယ် ‘ကျက်သရေ’က ပတ္တမြားရတနာဆီ ရောက်သွားတယ်။ ပတ္တမြားကိုတောင်းလို့ ပေးပြန်တဲ့အခါ တောင်ဝှေးဆီကို ရောက်သွားတယ်။ တောင်ဝှေးကို တောင်းလို့ ပေးပြန်တဲ့အခါ ‘ကျက်သရေ’ က ပုညလက္ခဏာဒေဝီ လို့ခေါ်တဲ့ သူဌေးကတော်ကြီးဆီ ပြောင်းသွားပြန်တယ်။ အဲ့ဒီအခါကျတော့ မတောင်းသင့်တဲ့ အရာဖြစ်နေလို့ လက်လျှော့လိုက်ရပါတယ်။ ပုဏ္ဏားကြီးလည်း ခုနက သူတောင်းထားတဲ့ ပစ္စည်းတွေလိုချင်လို့မဟုတ်တဲ့အကြောင်း၊ ‘ကျက်သရေ’ ခိုးဖိုးလာတဲ့အကြောင်း ဝန်ခံပြီး ပစ္စည်းတွေပြန်ပေးကာ ပြန်သွားပါတယ်။

အဲ့ဒီအကြောင်းကို သူဌေးကြီးက ဘုရားရှင်ထံ လျှောက်ထားတဲ့အခါ ဒီလိုအဖြစ်အပျက်မျိုး ခုမှရှိတာမဟုတ်တဲ့အကြောင်း ရှေးကအဖြစ်အပျက်လေးတစ်ခုကို ဟောတော်မူပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ…

‘သိရီ’ဇာတ် 
========

ထင်းခွေသမားတစ်ယောက်ဟာ တောထဲကနေ ထင်းခွေပြီး အိမ်ကိုပြန်လာပါတယ်။ သူပြန်လာတဲ့အချိန်က နောက်ကျနေလို့ မြို့တံခါးက ပိတ်နေပါပြီ။ သူလည်း မြို့ပြင်နတ်စင်မှာပဲ အိပ်ရတော့တာပေါ့။ နတ်စင်နားက သစ်ပင်ပေါ်မှာ ဘေးမဲ့လွှတ်ထားတဲ့ ကြက်တွေလည်း အိပ်တန်းတက်နေကြပါတယ်။ အိပ်တန်းတက်နေတဲ့ကြက်တွေထဲက အပေါ်ကြက်က မစင်စွန့်ချတဲ့အခါ အောက်ကကြက်အပေါ်ကိုကျပါတယ်။ အဲ့ဒီမှာ အပေါ်ကကြက်နဲ့ အောက်ကကြက် ပြဿနာဖြစ်ကြပြီး စကားနိုင်လုကြပါတယ်။
အောက်ကြက်။ ။ ငါ့အသားကို မီးကျီးမှာ ကင်စားမယ်ဆိုရင် တစ်မနက်အတွင်း ငွေတစ်ထောင် ရမယ်။
အပေါ်ကြက်။ ။ အဲ့လောက်နဲ့ တက်မလာနဲ့။ ငါ့ ဝမ်းတွင်းသားကို စားရရင် ဘုရင်ဖြစ်မယ်။ အပြင်သားကို စားရရင် ယောကျာ်းဆို စစ်သူကြီး၊ မိန်းမဆို မိဖုရား ဖြစ်မယ်။ အရိုးမှာကပ်နေတဲ့အသားကို စားရရင် လူဆို ဘဏ္ဍာစိုး၊ ရဟန်းဆို မင်းဆရာဖြစ်မယ်။
အဲ့ဒီ့ ကြက်စကားနိုင်လုပွဲကို ကြားတဲ့ ထင်းခွေသမားက ‘ရှင်ဘုရင်ဖြစ်မယ်ဆိုမှတော့ ငွေတစ်ထောင်ရမဲ့ အောက်ကကြက်ကို ဘာလုပ်နေမှာလဲ’ လို့တွေးပြီး အပေါ်ကြက်ကို တက်ဖမ်းယူကာ မနက်လင်းတဲ့အခါ အိမ်ကို ပြန်ပါတယ်။
အမွှေးတွေနှုတ်၊ ဝမ်းတွင်းရှင်းပြီး သူ့မိန်းမကို ချက်ခိုင်းလိုက်ပါတယ်။
ကျက်တဲ့အခါ ‘ဒီအသားက တန်ခိုးကြီးတယ်။ ရေမိုးချိုးပြီးမှ စားကြစို့’ လို့ပြောပြီး ထမင်းအုပ်ကို ထည့်ကာ မြစ်ဘက်ကို သွားကြပါတယ်။ မြစ်ရောက်တော့ ထမင်းအုပ်ကို ကမ်းနံဘေးမှာချထားပြီး ရေချိုးကြပါတယ်။ အဲ့ဒီမှာ လေပြင်းမုန်တိုင်းတွေ ကျလာပြီး ထမင်းအုပ်ကို လှိုင်းရိုက်လို့ မြစ်ထဲမျောပါသွားပါတယ်။ ထမင်းအုပ်က မြစ်အောက်ဖက်မှာ ရေချိုးနေတဲ့ ဆင်ဆရာဆီကို ရောက်သွားပါတယ်။ ဖွင့်ကြည့်တော့ ကြက်သားဟင်းမှန်းသိလို့ တံဆိပ်နှိပ်ပြီး သူပြန်လာမှ ဖွင်ကြည့်ဖို့မှာပြီး အိမ်ကို အပို့ခိုင်းလိုက်ပါတယ်။ ဆင်ဆရာကိုးကွယ်နေတဲ့ ဒိဗ္ဗစက္ခုရသေ့ကလည်း ဒီကြက်သားဟင်းရဲ့အကြောင်းနဲ့ သူ့ ဒကာရဲ့အခြေအနေကိုသိတဲ့အတွက် အိမ်ကို ကြိုသွားထားပါတယ်။ ဆင်ဆရာက အိမ်ရောက်တဲ့အခါ ထမင်းအုပ်ကို ရသေ့ကို ကပ်ပါတယ်။ ရသေ့က ‘ဒီဟင်းကို ငါ စီမံခန့်ခွဲပေးမယ်’ဆိုပြီး ဝမ်းတွင်းသားတွေကို ဆင်ဆရာအတွက်၊ အပြင်သားတွေကို ဆရာကတော်အတွက်ပေးကာ သူကတော့ အရိုးမှာကပ်နေတဲ့ အသားကိုပဲ စားပါတယ်။ စားပြီးကြတဲ့အခါ ‘၃-ရက်ပြည့်ရင် ဘုရင်ဖြစ်လိမ့်မယ်၊ မမေ့စေနဲ့’လို့ မှာပြီး ရသေ့လည်း ပြန်ကြွသွားပါတယ်။

၃-ရက်မြောက်လို့ တခြားတိုင်းပြည်က စစ်လာတိုက်တဲ့အခါ ရှင်ဘုရင်က ဆင်ဆရာကို ဘုရင်ပုံစံအယောင်ဆောင်ခိုင်းပြီး သူကိုယ်တိုင်က စစ်သည်တွေကြားထဲမှာ မထင်မရှားပုံစံနဲ့ နေရင်း လက်နက်မှန်လို့ ကြွသွားပါတယ်။ ဆင်ဆရာလည်း ဆက်တိုက်တဲ့အခါ စစ်ပွဲက နိုင်သွားပြီး သူလည်း ဘုရင်ဖြစ်သွားပါတယ်။

ကျမ်းညွှန်း။ ။ ဇာတက(ဋ္ဌ)၊၂၊ ၃၆၉။

‘ကျက်သရေ’ နဲ့ ‘လာဘ်ကောင်းစေသောအဆောင်ပစ္စည်း’ အတူတူသာ
============================================

ဒီ အဖြစ်အပျက်လေးနှစ်ခုမှာတွေ့ရတဲ့ အနာထပိဏ်သူဌေးကြီးရဲ့ ကြက်ဖြူကြီးပေါ်ကအမောက်, ပတ္တမြားရတနာ, တောင်ဝှေး, သူဌေးကတော်နဲ့ ဆင်ဆရာတို့ စားလိုက်ရတဲ့ ကြက်သားဟင်းတွေကို ပါဠိစာပေမှာ ‘ကျက်သရေ’ လို့သုံးနှုန်းထားပါတယ်။ အဲ့ဒါက ခုခေတ်မှာပြောနေကြတဲ့ ‘လာဘ်ကောင်းစေတဲ့ အဆောင်ပစ္စည်း’ ဆိုတာနဲ့ သဘောအဓိပ္ပါယ်ချင်း အတူတူပါပဲ။ အဲဒါကြောင့် ‘လာဘ်ကောင်းစေသောအဆောင်ပစ္စည်း’ ဆိုတာကို ‘သိရီ’ သို့မဟုတ် ‘ကျက်သရေ’ ဆိုတဲ့စကားနဲ့ ဖလှယ်ပြီး နားလည်ထားရပါမယ်။ ‘ကျက်သရေ’ ဆိုတာကိုလည်း ထိုက်တန်သူနဲ့သာပတ်သက်နေတဲ့ အမှတ်လက္ခဏာတစ်ခုအဖြစ် နားလည်ထားသင့်ပါတယ်။

‘သိရီ’ သို့ ‘ကျက်သရေ’ ရဲ့ အဓိပ္ပါယ်
========================

1️⃣‘သိရီတိ ပညာပုညာနံ အဓိဝစနန်တိ ဝဒန်တိ’
‘ကျက်သရေ’ ဆိုတာ ပညာနဲ့ ကုသိုလ်ကောင်းမှုတွေကို ခေါ်တာ’ လို့ ဆရာ့ဆရာတွေ မိန့်ခဲ့ကြတယ်။

2️⃣’အထ ဝါ ပုညနိဗ္ဗတ္တာ သရီရသောဘဂ္ဂါဒိသမ္ပတ္တိ ကတညေ နိဿယတိ, ကတပုညေဟိ ဝါ နိဿီယတိီတိ သိရီ’
လိုရင်းအဓိပ္ပါယ်ကိုပြောရမယ်ဆိုရင်…
ရှေးက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ရလာတဲ့ ရုပ်ချောခြင်း, အာဏာရှိခြင်း, အခြွေအရံပေါခြင်း, ဥစ္စာပေါခြင်း, ပညာကြီးခြင်းစတဲ့ ပြည့်စုံမှုအမျိုးမျိုးကို ကျက်သရေလို့ ခေါ်ပါတယ်။

ကျမ်းညွှန်း။ ။ ဓမ္မသင်္ဂဏီမူလဋီကာ၊ (ပ)၊ ၉။

လာဘ်ကောင်းစေမဲ့အဆောင်များပိုင်ဆိုင်အောင် လုပ်နည်း
==================================

အထက်မှာပြောခဲ့တဲ့ စကားတွေကို ခြေရာပြန်ကောက်ရရင်…
ရှေးကလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေက အကျိုးပေးလာတဲ့အခါ အနာထပိဏ်သူဌေးကြီးလိုမျိုး အဆောင်ကောင်းတွေက သူများတွေ ခိုးယူလို့မရအောင် ပိုင်ဆိုင်နေမှာပါ။
ဘုရင်ဖြစ်သွားတဲ့ ဆင်ဆရာလိုမျိုး အဆောင်ကောင်းတွေက ကိုယ့်ဆီ ကြံဖန်ရောက်လာမှာပါ။
ရှေးကောင်းမှုတွေ အကျိုးပေးဖို့ဆိုတာကလဲ လက်ရှိကုသိုလ်ကောင်းမှုတွေလုပ်နေခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် အချုပ်အနေနဲ့ ပြောချင်တာက

လာဘ်ကောင်းစေမဲ့ အဆောင်ကောင်းတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်…
1️⃣ပညာရှိအောင်လုပ်ပါ။
2️⃣ကုသိုလ်လုပ်ပါ။
ဒါပါပဲ။

အားလုံပဲ အဆောင်ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဓမ္မမှတ်စု

Credit..

Tuesday, November 2, 2021

မအားတဲ့ကြားက ကုသိုလ်ပြု

🌿 မအားတာတော့ မအားဘူးပေါ့။
ဒါပေမယ့် မအားတဲ့ကြားကပဲ 
ထားသွား ရတာ မဟုတ်လား။

🌿 မရှိတာတော့ မရှိဘူးပေါ့။
ဒါပေမယ့် မရှိတဲ့ကြားကပဲ 
ရှိအောင်လှူသွားရမှာ မဟုတ်လား။

🌿 မကြိုက်တာတော့ မကြိုက်ဘူးပေါ့။
ဒါပေမယ့် မကြိုက်တဲ့ကြားကပဲ 
မခိုက်အောင်ကြိုးစားရမှာ မဟုတ်လား။

🌿 မမြဲတာတော့ မမြဲဘူးပေါ့။
ဒါပေမယ့် မမြဲတဲ့ကြားကပဲ 
အလွဲမများအောင်နေထိုင်ရမှာ မဟုတ်လား။

🌿 ဒုက္ခတော့ ဒုက္ခပေါ့။
ဒါပေမယ့် ဒုက္ခကြားကပဲ 
သုခတရားကိုရအောင်ရှာရမှာ မဟုတ်လား။

🌿 အနတ္တတော့ အနတ္တပေါ့။
ဒါပေမယ့် အနတ္တတွေကြားကပဲ 
အတ္တတွေမများအောင်လျှော့ချရမှာ မဟုတ်လား။

🌿 ဘဝဆိုတာ ဒါပါပဲ။ 

🌿 အဆင်မပြေတာတွေကြားကပဲ 
ပြေသလို ကြိုးစားကြရမှာပဲလေ။ 

🌿 စိတ်တိုင်းမကျတာတွေကြားကပဲ 
စိတ်ရိုင်းလေးတွေချနိုင်အာင် 
လေ့ကျင့်ရမှာပဲလေ။ 

🌿 အမှားတွေကြားကပဲ တရားတွေ မရှားဖို့ 
သတိပြုရမှာပဲလေ။ 

🌿 အဓိကကတော့... 
အမှားလေးတွေကနေ 
အမှားကြီးတွေ မဖြစ်အောင်၊ 

🌿 အပြစ်လေးတွေကနေ 
အပြစ်ကြီးတွေမဖြစ်အောင်၊ 

🌿 ကိုယ့်ဘဝကိုယ် တဖြည်းဖြည်းချင်း 
ပုံဖော်ထုဆစ်ပြီး ဘဝအနှစ်မမဲ့အောင် 
ဓမ္မအသိဆောင်ကြဖို့ပဲ မဟုတ်လား။

မေတ္တာဖြင့်
မနာပ ဒါယီ အရှင်ဝိစိတ္တ🙏🏻

Credit...

သံဃာဂုဏ်တော်ကိုးပါးမှ အဆက်

.     သံဃာဂုဏ်တော် ၉ပါးမှ အဆက်..


.     မြတ်စွာဘုရားလက်ထက်တော်က သံဃာတော်များ

အရှင်ကောဏ္ဍည

အရှင် ကောဏ္ဍည အလောင်းအလျာသည် ပဒုမုတ္တရ မြတ်စွာဘုရား လက်ထက်တော်၌ ဟံသာဝတီ ပြည်ဝယ် သဌေးမျိုး၌ဖြစ်၍ တနေ့တွင် မြတ်စွာဘုရားက ရဟန်းတော်တပါးကို ရှေးဦးစွာ တရားရသော အရာ၌ ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်သည်ကို တွေ့မြင်ရသဖြင့် အားကျကာ မြတ်စွာဘုရားနှင့်တကွ သံဃာတော်များအား ခုနစ်ရက်ပတ်လုံးယာဂုဆွမ်းနှင့် တိစီဝရိတ်သင်္ကန်း လှူဒါန်းပြီးလျှင် ” နောင်တဆူဆူသော ဘုရားရှင်အထံတော်၌ ထိုရဟန်းကဲ့သို့ ရှေးဦးစွာ တရားရမှုတွင် ဧတဒဂ် ရပါလို၏ ” ဟု ဆုတောင်းခဲ့၏။

ကောက်ဦး အလှူ

ဝပဿီ မြတ်စွာဘုရား လက်ထက်၌လည်း မဟာကာဠ သူကြွယ် ဖြစ်လာ၍ ကောက်စပါး တကြိမ်စိုက်ပျိုးလျှင် စပါးနှံ ဖုံးတုန်းလုံးတုန်း အချိန်မှစ၍ ကျီတွင်းသို့ သွင်းသည်အထိ အချိန်အတွင်း၌ အဖုံးအလုံးဝတ်ဆံဦးအလှူ၊ မုန့်ဆန်းဦးအလှူ လှူလေ့ရှိ၏။ ယင်းသို့ လှူပြီးလျှင် ကောက်ဦးလှူခြင်းကြောင့် သူတပါးတို့ထက် ရှေးဦးစွာတရားရလိုကြောင်း ဆုတောင်းလေ့ရှိ၏။

ဗေဒင်ပါရဂူ

ဤသို့ ကောင်းမှု ကုသိုလ်များကို ပြုရင်း လူ့ပြည်၊ နတ်ပြည်တို့၌ ကျင်လည်ပြီးနောက် ဂေါတမ ရှင်တော်မြတ်ဘုရား လက်ထက်တော်တွင် ဗေဒင်အရာပါရဂူရောက် တတ်မြောက် ကျွမ်းကျင်သော ကောဏ္ဍည ပုဏ္ဏားဖြစ်လာ၏။ ဖွားခါစ ဘုရားလောင် သိဒ္ဓတ္ထ မင်းသားကလေးကို ” ဘုရားစင်စစ် ဧကန်ဖြစ်မည် ” ဟု တခွန်းတည်း အတပ်ဟောခဲ့၏။

ရသေ့ပြု

သိဒ္ဓတ္ထ ဘုရားလောင်း တောထွက်သောအခါ ဘုရားလောင်းအား ဗေဒင်ဟောဖက် ဖြစ်သော ကွယ်လွန်သွားကြပြီ ဖြစ်ကြသည့် ပုဏ္ဏားလေးယောက်၏ သားလေးယောက်ကို အတူခေါ်၍ ရသေ့ပြုပြီးလျှင် ဥရုဝေလတော၌ ဘုရားလောင်း တရားကျင့်နေစဉ် ဘုရားဖြစ်လျှင် တရားဦးနာရန် စောင့်ယင်း ဝတ်ကြီးဝတ်ငယ် ပြုနေခဲ့၏။ သူတို့ကို ပဉ္စဝဂ္ဂီငါးဦးဟု ခေါ်ကြ၏။

အစာမစားပဲ ပြင်းပြင်းထန်ထန် ကျင့်နေသော ဘုရားလောင်းသည် လက်ရှိကျင့်နေဆဲ ဒုက္ကရစရိယာအကျင့် မှားမှန်း သိသဖြင့် အစာအာဟာရကို ပြန်၍ မှီဝဲသောအခါ သိဒ္ဓတ္ထ ဘုရားဖြစ်မည် မဟုတ်တော့ဟု အတွေးချော်ကာ ဘုရားလောင်းထံမှ ခွာသွားပြီးလျှင် ဣသိပတန မိဂဒါဝုန်တော၌ အဖော်ရသေ့ လေးဦးနှင်အတူ သွားရောက်နေထိုင်ကြ၏။

ဧတဒဂ်ရ

မြတ်စွာဘုရား မိဂဒါဝုန်သို့ ကြွ၍ ဓမ္မစကြာတရားဟောပြတော်မူသောအခါ ရှေးဦးစွာ မဂ်ဉာဏ် ဖိုလ်ဉာဏ်ရ၍ နောင်သောအခါ ရှင်တော်မြတ်ဘုရားက ရှေးဦးတရားရမှုတွင် ဧတဒဂ် ဘွဲ့ထူးကို ချီးမြှင့် ပေးအပ်တော်မူသည်။

အရှင်သာရိပုတ္တရာ

အဂ္ဂသာဝကဆုတောင်း

အရှင်သာရိပုတ္တရာ အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သူကြွယ်မျိုးမှ ပစ္စည်းဥစ္စာတို့ကို စွန့်လှူ၍ တောထွက်ကာ ရသေ့ပြုနေ၏။ သူ၏ အမည်ကား သရဘ ရသေ့တည်း။ အနောမဒဿီ မြတ်စွာဘုရား သူ၏ အထံသို့ ကြွလာသောအခါ သူ၏ တပည့် ရသေ့များနှင့်အတူ အမျိုးမျိုးသော သစ်သီးများနှင့် ပန်းအခင်းများကို လှူကြ၏။ အနောမဒဿီ မြတ်စွာဘုရားက နိသဘ မထေရ်ကို လက်ယာတော်ရံ အဂ္ဂသာဝက အရာ၌ ထားတော်မူသည်ကို သရဘ ရသေ့ အားကျ၍လက်ယာတော်ရံ အဂ္ဂသာဝက ဆုကို တောင်းခဲ့၏။

ဥပတိဿ

ထိုဘဝမှစ၍ ကောင်းမှု အမျိုးမျိုးတို့ကို ပြုယင်း လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ရာမှ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူသောအခါ ရာဇဂြိုဟ် ပြည်နှင့် မဝေးလှသော နာလန္ဒမြို့၏ အနီးမှ သပတိဿရွာ တွင် သာရီပုဏ္ဏေးမ၏သား ဖြစ်လာ၏။ ဥပတိဿ ဟု အမည်တွင်၏။ သူသည် ပွဲလမ်းသဘင် ကြည့်ရှုရာမှ သံဝေဂ ဉာဏ်ဖြစ်ပေါ်လာ၍ ဝဋ်ဆင်းရဲမှ လွတ်ရေးအတွက် ဆရာရှာရာ သိဉ္စည်း ဆရာကြီးနှင့် တွေ့၍ သူ့ထံ၌ တပည့်ခံလျက် နေခဲ့၏။

တရားရ

တနေ့တွင် မြတ်စွာဘုရား၏ ပဉ္စဝဂ္ဂီ တပည့်တဦးဖြစ်သော အရှင်အဿဇိ ရာဇဂြိုဟ်မြို့တွင်း ဆွမ်းခံနေသည်ကို တွေ့မြင်ရာ ဣန္ဒြေသိက္ခာ အမူအရာ အသွင်အပြင်ကို ကြည့်၍ တရားထူးရှိသူဟု အကဲခတ်မိသဖြင့် အကျိုးအကြောင်းမေးမြန်းကြည့်လေ၏။ အရှင်အဿဇိ က ဂေါတမ မြတ်စွာဘုရား၏ တပည့်ဖြစ်ကြောင်း၊ မြတ်စွာဘုရား၏ဝါဒမှာ ” လောကကြီးသည် ကြောင်းကျိုးဖြစ်စဉ်မျှသာ ဖြစ်သည် ” ဟူသော ဝါဒဖြစ်ကြောင်း ဟောပြရာ ဥပတိဿ တရားသဘောပေါက်ကာ သောတာပန် ဖြစ်သွား၏။

ရဟန္တာဖြစ်

မကြာမီပင် မိတ်ဆွေဖြစ်သူ ကောလိတနှင့် တပည့်များကိုခေါ်ကာ ဝေဠုဝန် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားအား ရဟန်းပြုပေးပါရန် လျှောက်ထားသဖြင့် ဧဟိဘိက္ခု ရဟန်းအဖြစ်ကို ရလေ၏။ ရဟန်းဖြစ်ပြီးနောက် အထက်မဂ်ဖိုလ်များအတွက် သူကရခတ ခေါ်သည့် ဝက်တူးလိုဏ် ၌ တရားအားထုတ်ရာ တူဖြစ်သူ ဒီဃနခ ပရဗိုဇ်အား မြတ်စွာဘုရားဟောကြားသော ဝေဒနာပရိဂ္ဂဟိတ တရားကို ကြားနာရ၍ ( ရဟန်းဖြစ် အပြီး ၁၅ ရက် အကြာတွင် ) အထက်မဂ် ၃ ခု၊ ဖိုလ် ၃ ခုတို့ကို ရပြီးလျှင် ရဟန္တာ ဖြစ်လေ၏။

အရှင်မောဂ္ဂလ္လာန်

အဂ္ဂသာဝကဆုတောင်း

အရှင်မောဂ္ဂလ္လာန် အလောင်းအလျာသည် အနောမဒဿီ မြတ်စွာဘုရား လက်ထက်တော်၌ သရဘ ရသေ့ (အရှင်သာရိပုတ္တရာ အလောင်း) ၏မိတ်ဆွေရင်း သိရီဝဍ္ဎန သူဌေးဖြစ်လာ၏။ သရဘ ရသေ့၏ တိုက်တွန်းချက်ကို နှစ်ခြိုက်သဘောကျ၍ အနောမဒဿီ မြတ်စွာဘုရားကို သံဃာတော်များနှင့်တကွ ခုနစ်ရက်ပတ်လုံး ဆွမ်းခဲဖွယ် ဘောဇဉ်များ၊ အဝတ်သင်္ကန်းများကို မြောက်များစွာ လှူဒါန်းပြီးလျှင် ဒုတိယ အဂ္ဂသာဝကဆုကို တောင်းခဲ့၏။

ကောလိတ

ထိုအချိန်မှစ၍ လူ့ပြည် နတ်ပြည် ကျင်လည်နေခဲ့ပြီးနောက် ဂေါတမမြတ်စွာဘုရား ပွင့်တော်မူသောအခါ ကောလိတ ရွာတွင် ကြွယ်ဝသော မောဂ္ဂလိပုဏ္ဏေးမကြီး၏ သား ကောလိတ ဖြစ်လာ၏။ ဥပတိဿ နှင့် အလွန်ခင်မင်သော မိတ်ဆွေရင်းများ ဖြစ်ကြ၍ သွားအတူ လာအတူ စားအတူ နေကြ၏။ ဥပတိဿ ကဲ့သို့ပင် ပွဲကြည့်ယင်း သံဝေဂဉာဏ် ဖြစ်ပေါ်၍ ဥပတိဿနှင့်အတူ သိဉ္စည်းဆရာကြီးထံ တပည့်ခံ၍ နေခဲ့၏။

တရားရ

ဥပတိဿ သည် ရာဇဂြိုဟ် မြို့တွင်း၌ အရှင်အဿဇိနှင့်တွေ့၍ တရားထူးရပြီးနောက် သိဉ္စည်း ကြီး၏ကျောင်းအရာမ်သို့ ပြန်လာပြီးလျှင် မိတ်ဆွေ ကောလိတအား မိမိသိခဲ့ရသော တရားထူးကို ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်သွား၏။

ရဟန္တာဖြစ်

ထို့နောက် မကြာမီပင် တပည့်တို့ကိုခေါ်ကာ သူငယ်ချင်း နှစ်ယောက် မြတ်စွာဘုရား အထံတော်သို့သွားရောက်၍ ရဟန်းပြုကြပြီးလျှင် အရှင်မောဂ္ဂလ္လာန်သည် မဂဓ တိုင်းအတွင်းရှိ ကလ္လဝါလပုတ္တရွာ အနီးတောထဲ၌ အထက်မဂ်ဉာဏ်များအတွက် အားထုတ်ရာ စင်္ကြံအလျှောက်များ၍ ခုနစ်ရက်မြောက်၌ ထိနမိဒ္ဓ ဖိစီးနှိပ်စက်သဖြင့် ငိုက်မျဉ်းလျက် နေ၏။ သူ၏ အခြေအနေကို မြတ်စွာဘုရား သိတော်မူ၍ ကြွရောက်ကာ အငိုက်ဖြေတရား ပစလာယမာနသုတ် ကိုဟောကြားမှပင် အငိုက်ပြေကာ တရား အဆင့်ဆင့် တက်၍ ရဟန္တာ ဖြစ်သွား၏။

ဧတဒဂ်ရ

နောင်သောအခါ အရှင် မောဂ္ဂလ္လာန် ဟူသောဘွဲ့တော်ဖြင့် အလွန်ထင်ရှားသော လက်ဝဲတော်ရံ အဂ္ဂသာဝက ဖြစ်လာပြီးလျှင် တန်ခိုးအရာ၌ ဧတဒဂ် ရတော်မူ၏။

အရှင်အာနန္ဒာ

အရှင် အာနန္ဒာ ၏ အလောင်းအလျာသည် ပဒုမုတ္တရ ဘုရားရှင် လက်ထက်တော်၌ နန္ဒ မင်းကြီး၏ သားတော်ဖြစ်၍ မြတ်စွာဘုရား၏ အလုပ်အကျွေးဖြစ်သော သုမနထေရ် ကို အားကျကာ မြတ်စွာဘုရားနှင့် သံဃာတော်များကို မိမိ၏သစ်တပ်၌ ဆွမ်းဆက်ကပ် လှူဒါန်း၏။ ထိုမျှနှင့် အားမရသေးပဲ မိမိနေရာမြို့သို့ ပင့်ဆောင်၍ တသိန်းတန် ဥယျာဉ်တော်အတွင်း၌ တသိန်းတန် ကျောင်းကြီးကိုဆောက်လုပ် လှူဒါန်း၏။ မြတ်စွာဘုရားနှင့် သံဃာတော်များကို သူမတူသော အလှူကြီး ပေးလှူ၍ တဝါတွင်းလုံးလည်း ပစ္စည်းလေးပါးဖြင့် လုပ်ကျွေး ပြုစု လှူဒါန်း၏။

ဝါကျွတ်ခါနီး ခုနစ်ရက်ပတ်လုံးလည်း အကြီးအကျယ် အလှူကြီး ပေးလှူပြန်၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားနှင့် သံဃာတော်များအား တိစီဝရိက် သင်္ကန်းများကို လှူဒါန်းပြီးလျင် ” တပည့်တော် ပြုပြုသမျှ ကုသိုလ် အစုစုကြောင့် တဆူဆူသော ဘုရားရှင်၏ အထံ၌ အရှင် သုမနထေရ် ကဲ့သို့ ရင်းနှီးကျွမ်းဝင်သော အလုပ်အကျွေး မထေရ် ဖြစ်ရပါလို၏ ” ဟု ဆုတောင်းခဲ့၏။

ထိုအချိန်မှ စ၍ လူ့ရပ်နတ်ရွာ ကြိမ်ဖန်များစွာ ကျင်လည်ပြီးနောက် ဂေါတမ မြတ်စွာဘုရား လက်ထက်တော်တွင် ကပ္ပိလဝက် ပြည်၌ အမိတ္တောဒန သာကီဝင်မင်း၏ သားဖြစ်လာ၍ အာနန္ဒာ ဟု အမည်တွင်၏။ မြတ်စွာဘုရား ပထမဆုံးအကြိမ် ကပ္ပိလဝက် သို့ ကြွတော်မူသောအခါ၌ မြတ်စွာဘုရားကို သာကီဝင်မင်းမျိုး ရဟန်းတော်များ ခြံရံနိုင်ရန် ရဟန်းပြုကြသော ဘဒ္ဒိယ၊ ဒေဝဒတ္တ၊ ကိမိလ၊ ဘဂု၊ အနုရုဒ္ဓ တို့နှင့်အတူ မြတ်စွာဘုရား အထံ၌ ရဟန်းပြုပြီးနောက် မန္တာဏီပုဏ္ဏေးမ၏ သား အရှင်ပုဏ္ဏ ထေရ်၏ တရားကို ကြားနာရ၍ သောတာပတ္တိမဂ်ဉာဏ်ကို ရတော်မူ၏။

အလုပ်အကျွေး

မြတ်စွာဘုရား ဝါတော် နှစ်ဆယ်ကျော်တွင် အလုပ်အကျွေး ရဟန်းတော် ရွေးချယ်တော်မူသောအခါ အရှင် အာနန္ဒာ အရွေးခံရ၏။ အရှင် အာနန္ဒာသည် မြတ်စွာဘုရားကို နေ့ည မပြတ် ဝတ္တရား မချွတ်ယွင်းရအောင် သဒ္ဓါ မေတ္တာ စေတနာ အရင်းခံ၍ ပြုစုလုပ်ကျွေး၏။

ပထမ သံဂါယနာ

သို့သော်လည်း မြတ်စွာဘုရား ဝါတော် ၄၅ ဝါရ၍ ပရိနိဗ္ဗာန် စံတော်မူပြီးသည်အထိ အရှင် အာနန္ဒာ အထက် မဂ်ဖိုလ်များကို မရသေး။ ပရိနိဗ္ဗာန် စံတော်မူပြီး ၃ လ အကြာ အရှင် မဟာကဿပ ဦးဆောင်၍ ပထမ သံဂါယနာ တင်ဖို့ စီစဉ်ကြသည့် အခါ သံဂါယနာ အကြိုနေ့ညကျမှသာ အထက်မဂ် အားလုံးကို ရ၍ ရဟန္တာ ဖြစ်သွား၏။

ရဟန္တာဖြစ်ပုံထူးဆန်း

အရှင် အာနန္ဒာ အထက်မဂ်ဖိုလ်များကို ရပုံမှာလည်း အံ့ဘနန်း ဖြစ်၏။ အရှင်မြတ်သည် စင်္ကြံလျှောက်လျက် ညောင်စောင်းပေါ်၌ ထိုင်ရာမှရှုမှတ်မှုဖြင့်ပင် ခေါင်းအုံးပေါ်သို့ တဖြည်းဖြည်း လှဲချလိုက်ရာ မြေကြီး၌ ထိထားသောခြေ မြေမှ ကြွခါစ ခေါင်းအုံးသို့ဦးခေါင်းတော် မကျမီ အထက် မဂ်သုံးဆင့် ဖိုလ်သုံးဆင့်ကိုရတော် မူလေသည်။ ထို့ကြောင့် သွား ရပ် ထိုင် လျောင်း ဣရိယာပုထ် လေးပါးမှ လွတ်လျက် ရဟန္တာ ဖြစ်သည်မှာ အရှင် အာနန္ဒာ တပါးတည်းသာဖြစ်ကြောင်း သိမှတ်ကြရ၏။

ဧတဒဂ်ရ

နောင်သောအခါ မြတ်စွာဘုရားက အရှင်အာနန္ဒာအား အလုပ်အကျွေးဧတဒဂ် ဘွဲ့ထူးအပြင် သတိမန္တ၊ ဂတိမန္တ၊ ဗဟုဿုတ ဧတဒဂ် ဘွဲ့ထူးများဖြင့်လည်း ချီးမြှင့်တော်မူ၏။

မြတ်စွာဘုရား လက်ထက်တော်၌ အရိယာသံဃာတော်ပေါင်း မြောက်မြားစွာ ရှိသော်လည်း ဤ အရှင်မြတ်ကြီး လေးပါး၏ အကြောင်းအရာ အကျဉ်းချုပ်ကိုသာ သံဃာတော်၏ သဘာဝကို သိသာရုံမျှ ဖော်ပြပါသည်။

ကိုးကား

သံဃာ့ဂုဏ်တော် ၉ ပါး – csvbooks.blogspot.com