စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Tuesday, November 2, 2021

ဘုရားဂုဏ်တော် ( ၉) ပါး

🙏🌷🙏 ဘုရားဂုဏ်တော်(၉)ပါး 🙏🌷🙏

၁။ အရဟံ ဂုဏ်တော်
*************************

အရဟံ – လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ ပူဇော်အထူးကို ခံယူတော်မူထိုက်ခြင်း။
အ-ရဟံ – မကောင်းမှုပြုရန် ဆိတ်ကွယ်ရာ ရှိတော်မမူခြင်း။
အရ-ဟံ – သံသရာစက် အကန့်ကို ဖျက်ဆီးတော်မူတတ်ခြင်း။ (သံသရာ၌ နောက်ထပ်တစ်ဖန် ပြန်မဖြစ်တော့ခြင်း)

ဝိသုဒ္ဓိမဂ်လာ ၂ ချက်နှင့်ပေါင်းက အရဟံအနက် ၅ ချက်ဖြစ်သည်။

အရဟံ – ကိလေသာတို့မှ ဝေးကွာတော်မူခြင်း။

အရဟံ – ကိလေသာရန်သူတို့ကို သတ်တော်မူခြင်း။

၂။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော်
******************************

သင်္ခါရ (စိတ် စေတသိက်ဟူသော နာမ်တရားနှင့် နိပ္ဖန္နရုပ်များ)
ဝိကာရ (လဟုတာ မုဒုတာ ကမ္မညတာ ကာယဝိညတ် ဝစီဝိညတ် ဟူသော ဝိကာရရုပ် ၅ပါး)

လက္ခဏ (ဥပစယ သန္တတိ ဇရတာ အနိစ္စတာ ဟူသော လက္ခဏရုပ် ၄ပါး)

ပညတ် (လူ နတ် ဗြဟ္မာ ဆင် မြင်း ကျွဲ နွား တော တောင် ရေ မြေ စသောပညတ်များ)

နိဗ္ဗာန် (ကိလေသာ အညစ်အကြေး ကင်းစင်ပြီး ရုပ် ၂၈ပါး နာမ်တေပညာသ ၅၃ပါးနှင့် ပညတ်မှ တစ်ပါးသော ငြိမ်းအေးချမ်းသာမှု ဓာတ်ကြီးတစ်မျိုး)

ဟူသော ဉေယျဓံတရား (၅)ပါးကို မဖောက်ပြန်တတ်သော သယမ္ဘူဉာဏ်ဖြင့် မိမိအလိုလို ကိုယ်တော်တိုင် သိမြင်တော်မူခြင်း။ ။

ဤ၌ အနိပ္ဖန္နရုပ်တစ်ပါးဖြစ်သော ပရိစ္ဆေဒရုပ်မှာ ရုပ်ကလာပ်တို့ကို တစ်ခုနှင့်တစ်ခု မရောယှက်လေအောင် ပိုင်းခြားတတ်သော အာကာသ (အကြား) ကိုသာ ပရိစ္ဆေဒရုပ်ဟု ခေါ်သဖြင့် ပရမတ်အစစ် မဟုတ်ပါ။ ရုပ်ကလာပ်နှစ်ခု ဖြစ်ပေါ်သောအခါ အလိုလိုပေါ်လာသော ပညတ်မျှသာ ဖြစ်သည်။ သို့ဖြစ်၍ ၎င်းရုပ်ကို ‘ပညတ်’ဟူသော ဉေယျဓံတရား၌ ပါဝင်ပြီးဖြစ်၍ သီးခြားမဖော်ပြတော့ခြင်း ဖြစ်သည်။

၃။ ဝိဇ္ဇာစရဏသမ္ပန္န ဂုဏ်တော်
***********************************

ပုဗ္ဗေနိဝါသာနုဿတိဉာဏ် ဒိဗ္ဗစက္ခုဉာဏ် အာသဝက္ခယဉာဏ် ဟူသော ဝိဇ္ဇာ(၃)ပါး။
ပုဗ္ဗေနိဝါသာနုဿတိ ဒိဗ္ဗစက္ခု အာသဝက္ခယ ဝိပဿနာ စေတောပရိယ မနောမယိဒ္ဓိ ဒိဗ္ဗသောတ ဣဒ္ဓိဝိဓဉာဏ် ဟူသော ဝိဇ္ဇာ(၈)ပါး။
သဒ္ဓါ သတိ ဟိရိ သြတ္တပ္ပ ဝီရိယ သုတ ပညာ ဘောဇနေ မတ္တညုတာ ဇာဂရိယာနုယောဂ သီလ ဣန္ဒြိယသံဝရ ပထမဈာန်ုတိယဈာန် တတိယဈာန် စတုတ္ထဈာန် ဟူသော စရဏတရား(၁၅)ပါးနှင့် ပြည့်စုံတော်မူခြင်း။

၄။ သုဂတ ဂုဏ်တော်
*************************

ရှေးရှေးကဘုရားများကဲ့သို့ ကောင်းသောအလာဖြင့် လာတော်မူခြင်း။  ကောင်းသောစကား (မှန်,အကျိုးရှိ) သူတစ်ပါးနှစ်သက်စကား (မှန်,အကျိုးရှိ) စကားနှစ်ခွန်းကိုသာ ဆိုတော်မူတတ်ခြင်း။

၅။ လောကဝိဒူ ဂုဏ်တော်
****************************

သက်ရှိ(သတ္တလောက) သတ္တဝါများတည်ရာ သက်မဲ့ (သြကာသလောက) နှင့် ယင်း သတ္တလောက သြကာသလောကတို့ ဖြစ်ခြင်း ပျက်ခြင်း (သင်္ခါရလောက)တည်းဟူသော လောက(၃)ပါးကို သိတော်မူခြင်း။

၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
************************************************

သတ္တလောက သတ္တဝါဟူသမျှ၏ လိုအင်ဆန္ဒနှင့် သဒ္ဓါ ပညာစသော ဣန္ဒြေတို့၏ အနုအရင့်ကို နှိုင်းချင့်ခွဲခြမ်း သိနိုင်စွမ်းတော်မူကာ ထိုသတ္တဝါများ၏ အလိုကျအောင် သင့်လျော်သော တရားတော်ကို ဟောပြောပြသ ဆုံးမတော်မူနိုင်ခြင်း (ဝါ) မယဉ်ကျေးသောသူတို့အား ယဉ်ကျေးအောင် ဆုံးမတော်မူတတ်ခြင်း။

၇။ သတ္ထာ ဒေဝမနုဿန ဂုဏ်တော်
****************************************

မကောင်းမြစ်တာ ကောင်းရာညွန်ကြားတော်မူသဖြင့် တစ်နည်းအားဖြင့် လူ နတ် ဗြဟ္မာ သတ္တဝါတို့၏ အဇ္ဈာသယကိုလိုက်၍ ကောင်းကျိုးဆိုက်အောင် ဟောပြောတော်မူတတ်သဖြင့် သတ္တဝါတို့၏ ဆရာဖြစ်တော်မူခြင်း။

၈။ ဗုဒ္ဓ ဂုဏ်တော်
*********************

သုမေဓာရသေ့ဘဝက ဒီပင်္ကရာဘုရားရှင်ကို ဖူးတွေ့ခါစ၌ သတ္တဝါတို့ကို ကယ်တင်လိုသော ဆန္ဒာဓိပတိ ပြင်းပြမှုရှိသဖြင့် “တရားကို ကိုယ်တိုင်သိသောအခါဝယ် သတ္တဝါတို့ကိုလည်း သိစေတော်မူမည်” ဟူသော အဓိဋ္ဌာန်ချက်ဖြင့် ဒုက္ခ သမုဒယ နိရောဓနှင့် မဂ္ဂမည်သော (၄)သစ္စာကို ဦးစွာပိုင်ပိုင် သိမြင်နိုင်ပြီး သုံးဆိုင်ဝေနေ များဗိုလ်ခြေကို မကွေအတူ သိစေတော်မူခြင်း။

၉။ ဘဂဝါ ဂုဏ်တော်
**************************

(က) ဣဿရိယ ဘုန်းတော်
••••••••••••••••••••••••••••••••••••••••

သိမ်မွေ့သောရုပ်အဆင်းကို ဖန်ဆင်းနိုင်သော အဏိမာဘုန်း။

ကောင်းကင်၌ ဈာန်ပျံကြွသွားနိုင်သော လဃိမာဘုန်း။

ကိုယ်တော်ပုံကို ကြီးမားစွာဖန်ဆင်းနိုင်သော မဟိမာဘုန်း။

လိုရာခရီးကို တစ်ခဏဖြင့် ကြွရောက်နိုင်သော ပတ္တိဘုန်း။

အဆင်းပုံသဏ္ဍာန် အမျိုးမျိုးဖြင့် ဖန်ဆင်းနိုင်သော ပါကမ္မဘုန်း။

လူမင်း နတ်မင်း တို့၏ စိတ်ဓာတ်ကို အုပ်စိုးလွှမ်းမိုးနိုင်သော ဣသိတာဘုန်း။

အဘိညာဉ် ဈာန်သမာပတ် ဖလသမာပတ်ကို တစ်ခဏဖြင့် ဝင်စားလိုက ဝင်စားနိုင်သော ဝသိတာဘုန်း။

ကိစ္စတစ်ခုကို ပြီးစေလိုလျှင် တစ်ခဏဖြင့် ပြီးစေနိုင်သော ယတ္ထကာမာဝသာယိတာဘုန်း။ ။

ဤ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။

(ခ) ဓမ္မ ဘုန်းတော်
•••••••••••••••••••••••••••••••
ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။

(ဂ) ယသ ဘုန်းတော်
••••••••••••••••••••••••••••••••••
ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။

(ဃ) သီရိ ဘုန်းတော်
•••••••••••••••••••••••••••••••••••
ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။

(င) ကာမ ဘုန်းတော်
•••••••••••••••••••••••••••••••••••
အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။

(စ) ပယတ္တ ဘုန်းတော်
•••••••••••••••••••••••••••••••••••••
တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။ ။

ယင်း ဘုန်းတော် ၆ပါးနှင့် ပြည့်စုံတော်မူခြင်း။

ကိုးကား
-----------

ကမ္ဘာပတ်၍ဘုရားရှာခြင်း – ဦးစိန်ထွန်း(မာမက - သုတေသီ)

credit.. ဝင်းမေတ္တာ blog မှကူးယူ၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်...
 မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment