စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, November 6, 2021

ဇနသန္ဓဇာတ်တော်

၅။ ဇနသန္ဓဇာတ်
     ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

                           ★ပစ္စုပ္ပန်ဝတ္ထု★
     နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညု မြတ်စွာဘုရားသည် “ဒသခလု” အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

     ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏၊ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

     ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း” ဟု မိန့်တော်မူသည်ရှိသော် “အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ” ဟု နားတော် လျှောက်သည်ရှိသော် “မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညုမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင် မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏၊ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏၊ ထိုတရားနှင့်အညီ မင်းပြုခြင်းသည် အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ” ဟု မိန့်တော်မူ၏၊ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

                          ★အတိတ်ဝတ္ထု★
     မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏၊ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

     ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏၊ 

အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သော အခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

** ငါးရာ့ငါးဆယ်ဇာတ်တော် ( မြန်မာပြန်)  မှ ကူးယူ၍ထပ်ဆင့်ဓမ္မဒါနပြုပါသည်။

မေတ္တာဖြင့်..
                    မြတ်ဗုဒ္ဓ၏သာသနာ page

No comments:

Post a Comment