တချို့လူတွေက ပြောတယ်
ကရုဏာနဲ့ပြောတဲ့ ဒေါသ၊
စေတနာနဲ့ပြောတဲ့ ဒေါသတဲ့...
အပြစ်မရှိ သယောင်ယောင်ပြောတယ်...
ကောင်းကျိုးလိုလားတဲ့
စေတနာထားပေမယ့်
ဒေါသဟာ ဒေါသပဲ၊ မကောင်းဘူး။
ဓမ္မ နဲ့ ပတ်သက်ပြီး အကုသိုလ် မဖြစ်သင့်ဘူး။
ဘာကို အကြောင်းပြု ပြု
အကုသိုလ် မဖြစ် သင့် ဘူး။
ကောင်းကျိုးလိုလားတဲ့
စေတနာထားပေမယ့်
ဒေါသက ဒေါသ ပဲ။
နှစ်ပိုင်းခွဲပြီး မှတ်ရမယ်။
" ကရုဏာဒေါသ "
ကရုဏာကို အခြေခံပြီးတော့
ဖြစ်ပေါ်လာတဲ့ ဒေါသ။
ကရုဏာက ကောင်းတယ်။
ဒေါသက မကောင်းဘူး၊
အကောင်းအဆိုး ရော မနေ ဘူးလား။
ဒေါသဆိုတာ ဘယ်နေရာပဲ ဖြစ်ဖြစ်
အကောင်း တရား မဟုတ်ဘူး အဆိုး တရား။
ဒေါသဆိုတဲ့ အဓိပ္ပါယ်က
ဖျက်ဆီးခြင်းလို့ အဓိပ္ပါယ် ရတယ်။
ဘာတွေကို ဖျက်ဆီး ပစ်တာလဲဆိုတော့
ဒေါသ ဖြစ် လာတဲ့ ပုဂ္ဂိုလ်ရဲ့အခြေအနေတွေဟာ
ပျက် စီး မသွားဘူးလား။
နဂိုက ငြိမ်သက်အေးချမ်း တည်ငြိမ်နေတဲ့စိတ်ကို
ဖျက်ဆီးပစ်လိုက်တာဟာ ဘယ်ကောင်းမလဲ။
ဒါကြောင့်မို့ ဒေါသဆိုတာ မကောင်းဘူး။
စိတ်ဓာတ် ကိုသာ ဖျက်ဆီးတာ မဟုတ်ဘူး၊
ရုပ်ကို လည်း ဖျက် ဆီး တယ်။
ဒေါသဖြစ်နေတဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာကို ကြည့်ပေါ့။
ဒေါသ ဖြစ်တဲ့ ပုဂ္ဂိုလ်ရဲ့မျက်နှာသည်
အရုပ်ဆိုး အကျည်းတန်သွားတယ်။
“ပင်ကိုယ်က ကြည့်ပျော် ရှုပျော် ရှိတဲ့
ပုဂ္ဂိုလ်ပင် ဖြစ်လင့်ကစား
စိတ်ဆိုးနေတဲ့ မျက်နှာက
ကြည့်ပျော် ရှုပျော် ရှိပါ့မလား။
မရှိဘူးဆိုတော့ ဒေါသ ဟာ
ရုပ်ကိုလည်း ပျက်စီးစေတယ်။
ဒီထက် ပိုဆိုးရင် ရုပ်ပျက်ဆင်းပျက်ဖြစ်တယ်။
ပြောတဲ့စကားကလည်း
မကြားဝံ့မနာသာဖြစ်တယ်။
လုပ်တဲ့အလုပ်ကလည်း
ကြောက်စရာ ကောင်းတယ်။
ဒါ့ကြောင့်မို့ အကုသိုလ်ဆိုတာ
ဘယ်အကုသိုလ်မှ မကောင်းဘူး။
ဘုန်းကြီးတို့ ပဋ္ဌာန်း ၂၄ ပစ္စည်းမှာ
ဥပနိဿ ယပစ္စယောလို့ ဟောထားတာ ရှိတယ်။
ကုသိုလ်ကလည်း အကုသိုလ်ကို ဖြစ်စေတယ်။
အကုသိုလ်ကလည်း ကုသိုလ်ကို ဖြစ်စေတယ်။
ဖြစ်စေတယ်ဆိုတာ
အကြောင်းပြုတာကိုပြောတာ
ကုသိုလ်ကို အကြောင်းပြု ပြီး
အကုသိုလ်ဖြစ်တယ်၊
အကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
ကုသိုလ်ဖြစ်တယ်။
အကုသိုလ်ကို အကြောင်းပြု ပြီး
ကုသိုလ်ဖြစ်ရင် ကောင်းတယ်။
ဘာကိုအကြောင်းပြု ပြီးဖြစ်ဖြစ်
ကုသိုလ်ဖြစ်တာ ကောင်းတယ်။
ကုသိုလ်ကို အကြောင်းပြု ပြီးတော့
အကုသိုလ်ဖြစ်တာ ရှိတယ်၊
ဒါနကောင်းမှုလုပ်ပြီးတော့
“အော် လှူ မိတာငါမှားလိုက်လေခြင်း”လို့
စိတ်ဖြစ်တယ်။
“ဒါန” က ကုသိုလ်၊
“လှူ မိတာ ငါမှားလိုက်လေ ခြင်း”
ဆိုတာက အကုသိုလ်။
ကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
အကုသိုလ်ဖြစ်တယ်။
အကုသိုလ်ကို အကြောင်းပြု ပြီးတော့လည်း
ကုသိုလ်ဖြစ်တယ်။
သို့သော် ဘုန်းကြီးတို့တတွေ
မှတ်သားရမှာကတော့
ကုသိုလ် ဖြစ်တာ ကောင်းတယ်။
အကုသိုလ်ဖြစ်တာ ဘာကို
အကြောင်းပြု ပြီး ဖြစ်ဖြစ် မကောင်းဘူး။
တချို့က ကရုဏာဒေါသ ကို
အကောင်း ပြောချင် တယ်။
ဘာဒေါသမှ မကောင်းဘူး၊
အကျိုးလိုလားလို့ ပြောတဲ့
ဒေါသလည်း မကောင်းဘူး၊
အကျိုး လိုလားတာက မေတ္တာစိတ်။
တစ်ဖက်သားအပေါ်မှာ ငဲ့ညှာတယ်။
ကြင်နာတယ် ဆိုတာက ကရုဏာ၊
အားမလိုအားမရဖြစ်တာက ဒေါသ၊
ဒေါသထွက်ရင် မကောင်းဘူးပေါ့။ ။
အဲဒီတော့ ကိုယ့်သန္တာန်မှာ မဖြစ်အောင်
ထိန်းရမှာ က ဘာလဲဆိုရင် အကုသိုလ်ပဲ။
ဒါကြောင့်မို့ မြတ်စွာဘုရားက
“ဝိဝါဒ - မတူညီတဲ့အပြောတွေဟာ
“ဘယ- ကြောက်ဖို့ကောင်းတယ်၊
ဘာဖြစ်လို့ ကြောက်ဖို့ကောင်းလဲဆိုရင်
ပြဿ နာ တွေ နောက်ကတသီကြီးလိုက်လာလို့ပဲ။
ဒါ့ကြောင့် ဝိဝါဒ ဆိုတာကို ရှောင်ရမယ်။
ဝိဝါဒကင်းပြီ ဆိုရင် အင်မတန် မှ ငြိမ်းချမ်းတယ်။
ဒါကြောင့်မို့ မြတ်စွာဘုရား က
“သမဂ္ဂ` ညီညွတ်ကြ၊
"သခိလာ" တစ်ဦးနှင့် တစ်ဦး
ပြေပြေပြစ်ပြစ် ဆက်ဆံ ကြ၊
“သမဂ္ဂါ သခိလာ ဟောထ"
“ညီညီညွတ်ညွတ်
ပြေပြေပြစ်ပြစ် ဆက်ဆံရမယ်” လို့
“ဧသာ ဗုဒ္ဓါနုသာသနီ -
‘ဒါဟာ ဘုရားသခင်ရဲ့အဆုံးအမပဲ” လို့
ဘယ်လောက်ကောင်းတဲ့တရားလဲ
- စဉ်းစားကြည့်ကြပေါ့။
ပါမောက္ခချုပ်ဆရာတော်ကြီး
🙏ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🙏
#credit🙏
No comments:
Post a Comment