☘🌷 ဘုရား ဂုဏ်တော် ၉ ပါး☘🌷
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
ဣတိပိသောဘဂဝါ-
(၁) အရဟံ၊
(၂) သမ္မာသမ္ဗုဒ္ဓေါ၊
(၃) ဝိဇ္ဇာစရဏသမ္ပန္နော၊
(၄) သုဂတော၊
(၅) လောကဝိဒူ၊
(၆) အနုတ္တရောပုရိသဓမ္မသာရထိ၊
(၇) သတ္ထာဒေဝမနုဿာနံ၊
(၈) ဗုဒ္ဓေါ၊
(၉) ဘဂဝါ။
အဓိပ္ပာယ်များ
၁။ အရဟံ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁
အရဟံ – ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူနတ်ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။
(က) အရဟံ – ဒေါသ၊ မောဟအစရှိသော စိတ်အညစ်အကြေးတို့မှ ကင်းဝေးစင်ကြယ်တော်မူသောမြတ်စွာဘုရား။
(ခ) အရ+ဟံ – ကိလေသာရန်သူတို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်သတ်တော်မူ ပြီးသော မြတ်စွာဘုရား။
(ဂ) အရ+ဟံ – ဘဝသံသရာစက်၏အကန့်တို့ကို အရဟတ္တမဂ်ဉာဏ်ဖြင့် ဖျက်ဆီးတော်မူပြီးသော မြတ်စွာဘုရား။
(ဃ) အ+ရဟံ – ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။
၂။ သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(က) သမ္မာသမ္ဗုဒ္ဓေါ – သိစရာအားလုံးကို အမှန်အတိုင်း ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူသော မြတ်စွာဘုရား။ မဖေါက်မပြန် သယမ္ဘူဉာဏ်ဖြင့် ကိုယ်တော်တိုင်သာ အလုံးစုံသောတရားတို့ကို သိတော်မူပြီးသော မြတ်စွာဘုရား။
(ခ) သမ္မာသမ္ဗုဒ္ဓေါ – ကိုယ်တော်တိုင်သာလျှင် ဝါသနာနှင့်တကွ မောဟတည်းဟူသော အိပ်ပျော်ခြင်းမှ နိုးတော်မူပြီးသော မြတ်စွာဘုရား။
(ဂ) သမ္မာသမ္ဗုဒ္ဓေါ – အရဟတ္တမဂ်ဉာဏ်နှင့်ပေါင်းဖော်ရခြင်းကြောင့် သဗ္ဗညုတဉာဏ်သို့ရောက်သဖြင့် အသင့်အားဖြင့် ကိုယ်တော်တိုင်သာ ပွင့်တော်မူပြီးသော မြတ်စွာဘုရား။
၃။ ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
ဝိဇ္ဇာဉာဏ် ၃ ပါး (၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
(က) ဝိဇ္ဇာစရဏသမ္ပန္နော – ဝိဇ္ဇာဉာဏ်သုံးပါး၊ ဝိဇ္ဇာဉာဏ်ရှစ်ပါး၊ စရဏတဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ခ) ဝိဇ္ဇာစရဏသမ္ပန္နော – (အသိ/အကျင့်ဘက်စုံမြင့်) အသိဉာဏ်ရော အကျင့်ပါပြည့်စုံတော်မူသော မြတ်စွာဘုရား။
၄။ သုဂတော ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁
အကျိုးရှိသော ဟုတ်မှန်သောစကားကိုသာ ကောင်းစွာဆိုတတ်သောမြတ်စွာဘုရား။
(က) သုဂတော – တင့်တယ်သော အရိယာမဂ်တည်းဟူသော သွားခြင်းရှိတော် မူသော မြတ်စွာဘုရား။
(ခ) သုဂတော – ကောင်းသောနိဗ္ဗာန်သို့ ကြွသွားတော်မူသော မြတ်စွာဘုရား။
(ဂ) သုဂတော – ပယ်ပြီးသောကိလေသာတို့ထံသို့ တစ်ဖန်ပြန်မလာဘဲ ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား။
(ဃ) သုဂတော – ဒီပင်္ကရာမြတ်စွာဘုရား၏ခြေတော်ရင်းမှစ၍ ဗောဓိမဏ္ဍိုင် ထိအောင် ပါရမီဖြည့်ကာ ကောင်းစွာ ကြွသွားတော်မူသော မြတ်စွာဘုရား။
(င) သုဂတော – စကားခြောက်ခွန်းအနက် နှစ်ခွန်းသော သင့်လျော်သည့် စကားကိုသာ ပြောဆိုတော်မူတတ်သော မြတ်စွာဘုရား။ (အသိ/အကျင့်ဘက်စုံမြင့်တဲ့ပုဂ္ဂိုလ်ဟာ ကောင်းသောစကားကိုသာ ဆိုပါတယ်။) ကောင်းသောစကား၊ မှန်ကန်အကျိုးရှိသောစကားကိုသာ ဆိုတော်မူသော မြတ်စွာဘုရား။
၅။ လောကဝိဒူ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
(က) လောကဝိဒူ – (လောကအကြောင်းကောင်းကောင်းသိမှ ကောင်းသောစကားကိုဆိုနိုင်မှာပါ။) လောကသုံးပါးလုံးကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား။
၆။ အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
အတုမရှိ မြတ်တော်မူသည်ဖြစ်၍ မယဉ်ကျေးသောသူတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
(က) အနုတ္တရော – သီလ သမာဓိ ပညာ ဂုဏ်တော်အားဖြင့် မိမိထက် လွန်မြတ်သောသူ ရှိတော်မမူသော မြတ်စွာဘုရား။ (လောကကိုသိမြင်ပြီး လောကကိုကယ်တင်၊ တစ်လောကလုံးမှာ အနှိုင်းမဲ့ပင်) အနှိုင်းမဲ့စံပြပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
(ခ) ပုရိသဒမ္မသာရထိ – မယဉ်ကျေးသော လူယောကျာ်း၊ နတ်ယောကျာ်း၊ တိရစ္ဆာန်ယောကျာ်းတို့ကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။ (သူ့ကိုယ်ပြင်ချင် ကိုယ့်ကိုအရင်ပြင်၊ ကိုယ်ကိုယ်တိုင်စံပြဖြစ်ပြီးမှ သူတပါးကို ပြုပြင်ပေးနိုင်တာပါ။) ဆုံးမထိုက်သူတို့ကို အတုမရှိ ဆုံးမတော်မူတတ်သော မြတ်စွာဘုရား။
၇။ သတ္တာ ဒေဝမနုဿာနံ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
(က) သတ္ထာ ဒေဝမနုဿာနံ – နတ်လူတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား။ (ဆုံးမတယ်ဆိုတာ လမ်းညွှန်ပေးခြင်းတစ်မျိုးပါ။) နတ်၊ လူ၊ သတ္တဝါအပေါင်းတို့အား ကောင်းရာကောင်းကြောင်း ညွှန်ပြတော်မူသော မြတ်စွာဘုရား။
(ခ) သတ္ထာ ဒေဝမနုဿာနံ – လူနတ်ဗြဟ္မာ သတ္တဝါတို့ကို သံသရာခရီးခဲမှ ကယ်တင်တော်မူတတ်သော မြတ်စွာဘုရား။
၈။ ဗုဒ္ဓေါ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁
သစ္စာလေးပါးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သောမြတ်စွာဘုရား။
(က) ဗုဒ္ဓေါ – (သစ္စာသိအောင်ညွှန်ပြတော်မူ) သစ္စာလေးပါး အမှန်တရားကို ကိုယ်တိုင်လည်းသိ သူတစ်ပါး တို့ကိုလည်း သိစေတော်မူတတ်သော မြတ်စွာဘုရား။
(ခ) ဗုဒ္ဓေါ – (သစ္စာသိရင် ကိလေသာစင်/နိဗ္ဗာန်ဝင်) – ကိုယ်တော်တိုင်လည်း စိတ်အေးချမ်းတည်ကြည်၊ သူတပါးကိုလည်း စိတ်အေးချမ်းတည်ကြည်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ကြည်လင်သန့်ရှင်း သူတပါးကိုလည်း စိတ်ကြည်လင်သန့်ရှင်းအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ရွှင်လန်းချမ်းသာ၊ သူတပါးကိုလည်း စိတ်ရွှင်လန်းချမ်းသာအောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။ ကိုယ်တော်တိုင်လည်း စိတ်ဖြူစင်၊ သူတပါးကိုလည်း စိတ်ဖြူစင်အောင် ဆောင်ရွက်တော်မူသော မြတ်စွာဘုရား။
(ဂ) ဗုဒ္ဓေါ – သတ္တဝါအပေါင်းတို့ကို တရားရေအေးအမြိုက်ဆေး တိုက်ကျွေးတော်မူသော မြတ်စွာဘုရား။
(ဃ) ဗုဒ္ဓေါ – (တရားရေအေးအမြိုက်ဆေးသောက်သုံးရင် မွေး/အို/နာ/သေ/မွေး၊ ဆိုတဲ့ သံသရာစက်ဝန်းကြီးကနေ အပြီးတိုင်လွတ်ကင်းနိုင်ပါပြီ။) မွေးခြင်း/သေခြင်း လွတ်ကင်းရာ နိဗ္ဗာန်ချမ်းသာကို ပေးတော်မူတတ်သော မြတ်စွာဘုရား။
(င) ဗုဒ္ဓေါ – (နိဗ္ဗာန်ချမ်းသာဟာ အကောင်းဆုံးချမ်းသာ၊ အကောင်းဆုံးချမ်းသာကိုပေးတာ အကောင်းဆုံးအလုပ်)
ကောင်းမှုများကို အကောင်းဆုံးလုပ်ဆောင်တော်မူသောမြတ်စွာဘုရား။
(ဃ) ဗုဒ္ဓေါ – (မေတ္တာကရုဏာများလေလေ ကောင်းတာတွေများများလုပ်နိုင်လေလေ) အတုမရှိသော မေတ္တာ၊ ကရုဏာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၉။ ဘဂဝါ ဂုဏ်တော်
🍁🍁🍁🍁🍁🍁🍁🍁
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
(က) ဘဂဝါ – ဘုန်းကံပါရမီ ရှိတော်မူသော မြတ်စွာဘုရား။
(ခ) ဘဂဝါ – မာရ်ငါးပါးဟူသော ဘေးရန်တို့ကို ချိုးဖျက်တော်မူပြီးသော မြတ်စွာဘုရား။
(ဂ) ဘဂဝါ – ဣဿရိယ ဓမ္မ ယသ သိရီ ကာမ ပယတ္တတည်းဟူသော ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဃ) ဘဂဝါ – ကုသိုလ်အစရှိသော အလုံးစုံသောတရားတို့ကို ဝေဘန်၍ ဟောတော်မူတတ်သော မြတ်စွာဘုရား။
(င) ဘဂဝါ – လောကီ လောကုတ္တရာတရားတို့ကို မှီဝဲတော်မူတတ်သော မြတ်စွာဘုရား။
(စ) ဘဂဝါ – ဘဝသုံးပါးတို့၌ သွားကြောင်းတဏှာကို ထွေးအန်တော် မူပြီးသော မြတ်စွာဘုရား။
(ဆ) ဘဂဝါ – (မိမိစိတ်ကိုအစိုးရ = ကိုယ်တော်တိုင် မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပြည့်စုံ တစ်လောကလုံးကိုအစိုးရ = သူတစ်ပါးကိုလည်း မဂ်၊ ဖိုလ်၊ နိဗ္ဗာန်နဲ့ပြည့်စုံအောင်ဆောင်ရွက်နိုင်) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဇ) ဘဂဝါ – (မေတ္တာကရုဏာများလေလေ လောကကိုအစိုးရလေလေ) မိမိစိတ်ကိုရော၊ တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
(ဈ)ဘဂဝါ – (မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနဲ့ပြည့်စုံစေကြောင်း တရားကောင်းတွေကို ဖော်ထုတ်ဟောကြားပေးနိုင်လို့ အခြံအရံ၊ အကျာ်အစာကြီးမားပါတယ်။) များပြားသော အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ည) ဘဂဝါ – (လောကအကျိုး ဆောင်ရွက်နိုင်လေလေ ကျက်သရေရှိလေလေ) အတုမရှိသော ကျက်သရေမင်္ဂလာတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(တ) ဘဂဝါ – (ကျက်သရေမင်္ဂလာနဲ့ပြည့်ဝတဲ့ မေတ္တာကရုဏာဆန္ဒတော်) လိုအင်ဆန္ဒမှန်သမျှ ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
(ထ) ဘဂဝါ – (လုံ့လဝီရိယကြီးမားမှ ဆန္ဒပြည့်ဝ) အတုမရှိသော လုံလဝီရိယတော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဒ) ဘဂဝါ – (လုံ့လဝီရိယကြီးမားလှစွာ ပါရမီဖြည့်ခဲ့) ပါရမီတော်အနန္တ၊ ဘုန်းကံတော်အနန္တ၊ ဉာဏ်တော်အနန္တ၊ တန်ခိုးတော်အနန္တနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
(ဓ) ဘဂဝါ – အခက်အခဲအားလုံးကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
(မ) ဘဂဝါ – သံသရာဝဋ်ဆင်းရဲဒုက္ခအပေါင်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။ ကိလေသာဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီး ဖြစ်တော်မူသော မြတ်စွာဘုရား။ ဘေးရန်အန္တရာယ်အားလုံး ကင်းစင်ပြီးဖြစ်တော်မူသော မြတ်စွာဘုရား။
အဓိပ္ပါယ်ရှင်းလင်းချက်
****************************
ဝိဇ္ဇာ ၃-ပါး
☘☘☘☘☘
ပုဗ္ဗေနိဝါသာနုဿတိဉာဏ် – ရှေးရှေးဘဝ၌ နေထိုင်တွေ့ကြုံခဲ့သမျှကို ပြန်၍ အောက်မေ့နိုင် သောဉာဏ်။
ဒိဗ္ဗစက္ခုဉာဏ် – နတ်မျက်စိကဲ့သို့ ဝေးကွာသောအရာ၊ သေးငယ်သောအရာကို မြင်နိုင်သော ဉာဏ်။
အာသဝက္ခယဉာဏ် – ကိလေသာအာသဝေါကို ကုန်စင်စေနိုင်သော အရဟတ္တမဂ်ဉာဏ်။
ဝိဇ္ဇာ ၈-ပါး
☘☘☘☘☘
ဝိပဿနာဉာဏ် – အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု ရုပ်နာမ်တရားအားလုံးကို သိသောဉာဏ်။
စေတောပရိယဉာဏ် – သူများစိတ်ကို သိနိုင်သောဉာဏ်။
မနောမယိဒ္ဓိဉာဏ် – မိမိခန္ဓာကိုယ်အတွင်း၌ အလားတူကိုယ်တစ်မျိုးကို စိတ်ဖြင့်ဖန်ဆင်းနိိုင် သောဉာဏ်။
ဒိဗ္ဗသောတဉာဏ် – နတ်တို့နားကဲ့သို့ ဝေးသောအသံ၊ သေးငယ်သောအသံကို ကြားနိုင် သောဉာဏ်။
ဣဒဉာဏ် – မြေလျှိုး၊ မိုးပျံစသည်ဖြင့် တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းနိုင်သောဉာဏ်။
မှတ်ချက်။
ရှေ့ ဝိဇ္ဇာ ၃-ပါးတွင် ဤ ၅-ပါးကိုထည့်လျှင် ဝိဇ္ဇာ ၈-ပါးဖြစ်၏။
. စရဏ ၁၅–ပါး
☘☘☘☘☘
သဒ္ဓါ – ကုသိုလ်၊ အကုသိုလ်ကံရှိသည်၊ ထိုကံ၏ ကောင်းကျိုး၊ မကောင်းကျိုး ရှိသည်၊ ရတနာသုံးပါးရှိသည်၊ နောင်ဘဝရှိသည်ဟု ယုံကြည်မှု။
သတိ – ကုသိုလ်ကောင်းမှုဆိုင်ရာ၌ အမှတ်ရမှု။
ဟိရီ – မကောင်းမှု ဒုစရိုက်မှ ရှက်မှု။
သြတ္တပ္ပ – မကောင်းမှု ဒုစရိမှ ကြောက်လန့်မှု။
ဝီရိယ – ကုသိုလ်ကောင်းမှုကိစ္စများ၌ အားထုတ်မှု။
သုတ – အကြားအမြင်များမှု။
ပညာ – အရာရာ၌ တတ်သိလိမ္မာမှု။
ဘောဇနေ မတ္တညုတာ – စားသောက်ရာ၌ ကိုယ်နှင့် သင့်၊ မသင့် နှိုင်းချင့်၍ အတိုင်းအရှည်ကို သိမှု။
ဇာဂရိယာနုယောဂ – နိုးနိုးကြားကြားအိပ်မှု၊ အအိပ်အနေ နည်းမှု။
သီလ – နေ့စဉ် ဆိုင်ရာသီလကို စောင့်ထိန်းမှု။
ဣနြယသံဝရ – တွေ့မြင် ကြားသိသမျှ၌ လောဘ ဒေါသမဖြစ်စေဘဲ မျက်စီ၊ နား၊ နှာစသော ဣန္ဒြေများကို ငြိမ်သက်အောင် စောင့်စည်းမှု။
ပထမဈာန်
ဒုတိယဈာန်
တတိယဈာန်
စတုတ္ထဈာန်
. စကား ၆–ခွန်း
☘☘☘☘☘☘
မှန်လည်းမမှန်၊ သူများလည်း မနာကြားလို၊ အကျိုးမရှိသောစကား။
မှန်ကားမှန်၊ သူများ မနာကြားလို၊ အကျိုးမရှိသောစကား။
မှန်ကား မမှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
မှန်ကား မှန်၊ သူများ နာကြားလို၊ အကျိုးမရှိသောစကား။
မှန်လည်းမှန်၊ သူများ မနာကြားလို၊ အကျိုးရှိသောစကား။
မှန်လည်းမှန်၊ သူများ နာကြားလို၊ အကျိုးရှိသောစကား။
ဘုရားရှင်တို့သည် ရှေ့ ၄-မျိုး လုံးဝ မပြောဘဲ၊ နောက် ၂-မျိုး (မှန်လည်းမှန်၊ မနာကြားလို/နာကြားလို၊ အကျိုးရှိသောစကား) ကိုသာ ပြောသည်။
. လောက ၃–ပါး
☘☘☘☘☘☘☘
သတ္တလောက – အသက်ရှိသော သတ္တဝါအပေါင်းသည် သတ္တလောကမည်၏။
သြကာသလောက – သတ္တဝါတို့၏တည်နေရာဘုံဌာနသည် သြကာသလောကမည်၏။
သင်္ခါရလောက – လောကီရုပ်တရား၊ နာမ်တရားအပေါင်းသည် သင်္ခါရလောကမည်၏။
သစ္စာ ၄–ပါး
☘☘☘☘☘☘
ဒုက္ခသစ္စာ – (ဒုက္ခ-ဆင်းရဲခြင်း + သစ္စာ-အမှန်) မိမိ၏ ရုပ်ခန္ဓာနှင့် စိတ်,စေတသိက် ဟူသောနာမ်တရားများ ပေါင်းစပ်နေသည်ကို ခန္ဓာကိုယ်ဟုခေါ်၏၊ ဤခန္ခာကိုယ်သည် ဒုက္ခတုံး၊ ဒုက္ခခဲ၊ ဆင်းရဲခြင်းအမှန်ဖြစ်သည်။
သမုဒယသစ္စာ – (သမုဒယ-ဒုက္ခဖြစ်ကြောင်း+သစ္စာ-အမှန်) ထိုဒုက္ခ၏အကြောင်းရင်းကား ”တဏှာ လောဘ”ဟု ခေါ်ဆိုအပ်သော နှစ်သက်ခင်မင်မှု၊ လိုချင်တပ်မက်မှု သည် ဒုက္ခဖြစ်ကြောင်းအမှန်ဖြစ်သည်။
နိရောဓသစ္စာ – (နိရောဓ-ဒုက္ခ၏ ချုပ်ဆုံးရာ + သစ္စာ-အမှန်) ထိုဒုက္ခအားလုံး၏ ချုပ်ဆုံးရာ အမှန်ကား နိဗ္ဗာန် ဖြစ်သည်။
မဂ္ဂသစ္စာ – (မဂ္ဂ-နိဗ္ဗာန်ရောက်ကြောင်းလမ်းကောင်း + သစ္စာ-အမှန်) နိဗ္ဗာန်ရောက် ကြောင်း လမ်းကြောင်းအမှန်ကား မဂ္ဂင် ရှစ်ပါး ဖြစ်သည်။
မဂ္ဂင် ၈–ပါး
☘☘☘☘☘☘☘
သမ္မာဒိဋ္ဌိ – ကောင်းသောအလိမ္မာ ဉာဏ်ပညာ။
သမ္မာသင်္ကပ္မ – ကောင်းသောအကြံအစည်။
သမ္မာဝါစာ – ကောင်းသော စကားကို ပြောဆိုခြင်း။
သမ္မာကမ္မန္တ – ကောင်းသောအမှုကို ပြုခြင်း။
သမ္မာအာဇီဝ – ကောင်းသောအသက်မွေးခြင်း။
သမ္မာဝါယာမ – ကောင်းသောအားထုတ်ခြင်း။
သမ္မာသတိ – ကောင်းသော အမှတ်ရခြင်း။
သမ္မာသမာဓိ – ကောင်းသော တည်ကြည်ခြင်း။
မာရ် ၅ –ပါး
☘☘☘☘☘☘☘
ဒေဝပုတ္တမာရ် – မာရ်နတ်
ကိလေသာမာရ် – ကိလေသာ ၁ဝ-ပါး၊
ခန္ခမာရ် – ခန္ခာ ၅-ပါး၊
မစ္စုမာရ် – သေခြင်းတရား၊
အဘိသင်္ခါရမာရ် – ပြုပြင်စီရင်မှု။
ဘုန်းတော် ၆-ပါး
☘☘☘☘☘☘☘
ဣဿရိယ ဘုန်းတော် – ကိုယ်တော်၏စိတ်နှင့် သတ္တဝါတို့ကို အစိုးရခြင်း၊ အုပ်စိုးတော် မူနိုင်ခြင်း။ အဏိမာ၊ လဃိမာ၊ မဟိမာ၊ ပတ္တိ၊ ပါကမ္မ၊ ဣသိတာ၊ ဝသိတာ၊ ယတ္ထကာမာ ဝသာယိတာ ဘုန်းတော်(၈)ပါးကို အစိုးရနိုင်ခြင်းဟူသော ဣဿရိယဘုန်းတော်။
ဓမ္မ ဘုန်းတော် – မဂ်တရား ၄-ပါး၊ ဖိုလ်တရား ၄-ပါး၊ နိဗ္ဗာန် ပေါင်း ၉-ပါး။ ကိလေသာရန်ကို ပယ်ဖျက်နိုင်သည့် မဂ်(၄)တန် ဖိုလ်(၄)တန် နိဗ္ဗာန်ဖြစ်သော လောကုတ္တရာတရား (၉)ပါးဟူသော ဓမ္မဘုန်းတော်။
ယသ ဘုန်းတော် – ပျံ့နှံ့ကျော်စောသော ဂုဏ်သတင်း။ ဟုတ်တိုင်းမှန်စွာ ဖြစ်ပေါ်လာသော ကမ္ဘာတိုက်ပေါင်း သောင်းလောကဓာတ် ပဲ့တင်ထပ်မျှ နှံ့စပ်သတင်း ကျော်ဇောနိုင်ခြင်းဟူသော ယသဘုန်းတော်။
သိရီ ဘုန်းတော် – လွန်စွာသပ္ပါယ်သော ကိုယ်တော်၏ ကျက်သရေမင်္ဂလာ။ ကိုယ်တော်ပုံနေ ကျက်သရေမင်္ဂလာ စုဝေးကာဖြင့် လွန်စွာတင့်တယ် သပ္ပာယ်တော်မူသော သီရိဘုန်းတော်။
ကာမ ဘုန်းတော် – ရှင်တော်မြတ်အလိုရှိလေသမျှ လုံးဝဥဿုံ အကုန်ပြီးစီးနိုင်ခြင်း။ အလိုတော်အတိုင်း တောင့်တတိုင်းပင် မဆိုင်းမတွ ပြီးစီးရသည့် ကာမဘုန်းတော်။
ပယတ္တ ဘုန်းတော် – ကြီးမားလှစွာသော လုံ့လဝီရိယ။ တစ်လောကလုံး ညွှတ်ရုံးကိုးစား အားထားဖို့ရာ လွန်စွာကြိုးကုတ် အားထုတ်တော်မူသော ပယတ္တဘုန်းတော်။
ဣဿရိယ ဘုန်းတော်(၈)မျိုး
☘☘☘☘☘☘☘☘☘☘☘☘☘
စိတ်ကို အစိုးရတော်မူခြင်း တန်ခိုး အာဏိမာစသော ဣဿရိယ ဘုန်းတော် တစ်ခုတည်းမှာပင် အစွမ်းသတ္တိ အားဖြင့် ရှစ်မျိုး ခွဲပြထားလေသည်။
(၁) အာဏိမာ – ကိုယ်တော်ကို အလိုရှိသလောက် အဏုမြူမှုန်ကလေးတမျှ သေးငယ်သွားအောင် ဖန်ဆင်းနိုင်ခြင်း ဘုန်းတော်။
(၂) မဟိမာ – ကိုယ်တော်ကို အလိုရှိသလောက် ကြီးအောင် ဖန်ဆင်းနိုင်သောဘုန်းတော်။
(၃) လဃိမာ – ပေါ့ပေါ့ပါးပါး ကူးလွှားပျံသန်းနိုင်အောင် ပြုနိုင်သောဘုန်းတော်။
(၄) ပတ္တိ – ရောက်လိုရာအရပ်သို့ ချက်ချင်း ကြွရောက်နိုင်သောဘုန်းတော်။
(၅) ပါကမ္မ – အဆင်းသဏ္ဌာန် အသွင်အပြင်အမျိုးမျိုး ဖန်ဆင်းနိုင်သော ဘုန်းတော်။
(၆) ဣသိတာ – မိမိစိတ်တော်မှစ၍ လောကအားလုံးကိုပါ ပိုင်ပိုင်နိုင်နိုင် စိုးမိုးအုပ်ချုပ်တော်မူနိုင်သောဘုန်းတော်။
(၇) ဝသိတာ– ဈာန် သမာပတ် အဘိညာဉ်တို့ကို ခဏခြင်း ဝင်စားနိုင်သော ဘုန်းတော်။
(၈) ယတ္ထ ကာမာ ဝသာယိတာ – အလိုရှိသလောက် အဓိဋ္ဌာန်သောအတိုင်း ဆိုင်းငံ့တော်မမူဘဲ တစ်ပြိုင်တည်း ထိုကိစ္စကို ပြီးစေနိုင်သော ဘုန်းတော်။
🙏🌹🙏 ဘုရားဂုဏ်တော်ပွားရကျိုး🙏🌹🙏
၁။ သံသရာဝဋ်ဆင်းရဲ၌ အမှန်စင်စစ်ငြီးငွေ့ခြင်း၊
၂။ သံသရာဝဋ်ဆင်းရဲ၌ တပ်မက်မှုကင်းခြင်း၊
၃။ ရာဂစသော ကိလေသာများ ကင်းခြင်း၊
၄။ ရာဂစသည်တို့၏ ချုပ်ငြိမ်းခြင်း၊ မဖြစ်ခြင်း၊
၅။ ဝဋ်ဆင်းရဲ၏ချုပ်ခြင်း၊
၆။ ကိလေသာတို့ ၏ငြိမ်းခြင်း၊
၇။ သင်္ခါရတရားတို့ကို အနိစ္စစသည်ဖြင့် လက္ခဏာယာဉ်တင်၍ အထူးသိခြင်း၊
၈။ သစ္စာလေးပါးတို့ ကို ကောင်းစွာသိခြင်း၊
၉။ မဂ်ဉာဏ်လေးပါးကို ထိုးထွင်း၍သိခြင်း၊
၁၀။ နိဗ္ဗာန်ကို မျက်မှောက်ပြုရခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ၁၊ ၃၂။)
၁။ ရာဂထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၂။ ဒေါသထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၃။ မောဟထကြွသောင်းကျန်းသောစိတ်မဖြစ်ခြင်း၊
၄။ ဂုဏ်တော်များကို အာရုံပြု၍ ဖြောင့်မတ်သောစိတ်သာလျှင် ဖြစ်ခြင်း၊
၅။ ဂုဏ်တော်များ၏အနက်ကို မှီ၍ဖြစ်သောဝမ်းမြောက်မှုဖြစ်ခြင်း၊
၆။ ဂုဏ်တော်များ၏ပါဠိကို မှီ၍ဖြစ်သော ဝမ်းမြောက်မှုဖြစ်ခြင်း၊
၇။ တရားနှင့်စပ်သော ဝမ်းမြောက်ခြင်း၊
၈။ နှစ်သက်မှုဖြစ်ခြင်း၊
၉။ ကိုယ်ငြိမ်းချမ်းခြင်း၊
၁၀။ ချမ်းသာကို ခံစားရခြင်း၊
၁၁။ စိတ်တည်ကြည်ခြင်း။
(အင်္ဂုတ္တိုရ်ပါဠိတော်၊ ၂။ ၂၅၂၊ ၂၅၃။)
Credit.. ဝင်းမေတ္တာ blog မှ ကူးယူ၍ ထပ်ဆင့်ဓမ္မဒါနပြုပါသည်။
မေတ္တာဖြင့်...
မြတ်ဗုဒ္ဓ၏သာသနာ page
No comments:
Post a Comment