စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, November 3, 2021

“ဗုဒ္ဓနည်းကျ လာဘ်ကောင်းစေသောအဆောင်ပစ္စည်းများ ပိုင်ဆိုင်အောင်လုပ်နည်း”

“ဗုဒ္ဓနည်းကျ လာဘ်ကောင်းစေသောအဆောင်ပစ္စည်းများ ပိုင်ဆိုင်အောင်လုပ်နည်း”

လုပ်နည်းလေးကို မပြောခင် လောကီအဆောင်အယောင်တွေ တကယ်ရှိ,မရှိ ဆိုတာကို အထောက်အထားနဲ့တကွ အရင်ပြောပြထားပါမယ်။

ငါးရာ့ငါးဆယ်ဇာတ်တော်ထဲက ‘သိရီ’ (သီရိ-မဟုတ်ပါ)၊ မြန်မာလို ‘ကျက်သရေ’ လို့နာမည်ပေးထားတဲ့ဇာတ်တော်ဆီကို ခဏလောက်သွားကြည့်ရအောင်။

‘သိရီ’ဇာတ်ကို ဟောကြားရခြင်းအကြောင်း
============================

အနာထပိဏ်သူဌေးကြီးဆီကို ‘ကျက်သရေ’ ခိုးမယ်ဆိုပြီးတော့ ‘ကျက်သရေ’လက္ခဏာကို နားလည်တဲ့ ပုဏ္ဏားတစ်ယောက်ရောက်လာပါတယ်။ ‘ကျက်သရေ’ ဘယ်မှာရှိလဲဆိုပြီးလိုက်ရှာကြည့်တော့ သူဌေးကြီးရဲ့ ကြက်ဖြူကြီး အမောက်မှာ ရှိနေတာကို တွေ့ပါတယ်။ အဲ့ဒါနဲ့ ကြက်ဖြူကြီးကို သူဌေးကြီးဆီက တောင်းတော့ သူဌေးကြီးက ‘ယူတော့’ လို့ပြောရုံရှိသေးတယ် ‘ကျက်သရေ’က ပတ္တမြားရတနာဆီ ရောက်သွားတယ်။ ပတ္တမြားကိုတောင်းလို့ ပေးပြန်တဲ့အခါ တောင်ဝှေးဆီကို ရောက်သွားတယ်။ တောင်ဝှေးကို တောင်းလို့ ပေးပြန်တဲ့အခါ ‘ကျက်သရေ’ က ပုညလက္ခဏာဒေဝီ လို့ခေါ်တဲ့ သူဌေးကတော်ကြီးဆီ ပြောင်းသွားပြန်တယ်။ အဲ့ဒီအခါကျတော့ မတောင်းသင့်တဲ့ အရာဖြစ်နေလို့ လက်လျှော့လိုက်ရပါတယ်။ ပုဏ္ဏားကြီးလည်း ခုနက သူတောင်းထားတဲ့ ပစ္စည်းတွေလိုချင်လို့မဟုတ်တဲ့အကြောင်း၊ ‘ကျက်သရေ’ ခိုးဖိုးလာတဲ့အကြောင်း ဝန်ခံပြီး ပစ္စည်းတွေပြန်ပေးကာ ပြန်သွားပါတယ်။

အဲ့ဒီအကြောင်းကို သူဌေးကြီးက ဘုရားရှင်ထံ လျှောက်ထားတဲ့အခါ ဒီလိုအဖြစ်အပျက်မျိုး ခုမှရှိတာမဟုတ်တဲ့အကြောင်း ရှေးကအဖြစ်အပျက်လေးတစ်ခုကို ဟောတော်မူပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ…

‘သိရီ’ဇာတ် 
========

ထင်းခွေသမားတစ်ယောက်ဟာ တောထဲကနေ ထင်းခွေပြီး အိမ်ကိုပြန်လာပါတယ်။ သူပြန်လာတဲ့အချိန်က နောက်ကျနေလို့ မြို့တံခါးက ပိတ်နေပါပြီ။ သူလည်း မြို့ပြင်နတ်စင်မှာပဲ အိပ်ရတော့တာပေါ့။ နတ်စင်နားက သစ်ပင်ပေါ်မှာ ဘေးမဲ့လွှတ်ထားတဲ့ ကြက်တွေလည်း အိပ်တန်းတက်နေကြပါတယ်။ အိပ်တန်းတက်နေတဲ့ကြက်တွေထဲက အပေါ်ကြက်က မစင်စွန့်ချတဲ့အခါ အောက်ကကြက်အပေါ်ကိုကျပါတယ်။ အဲ့ဒီမှာ အပေါ်ကကြက်နဲ့ အောက်ကကြက် ပြဿနာဖြစ်ကြပြီး စကားနိုင်လုကြပါတယ်။
အောက်ကြက်။ ။ ငါ့အသားကို မီးကျီးမှာ ကင်စားမယ်ဆိုရင် တစ်မနက်အတွင်း ငွေတစ်ထောင် ရမယ်။
အပေါ်ကြက်။ ။ အဲ့လောက်နဲ့ တက်မလာနဲ့။ ငါ့ ဝမ်းတွင်းသားကို စားရရင် ဘုရင်ဖြစ်မယ်။ အပြင်သားကို စားရရင် ယောကျာ်းဆို စစ်သူကြီး၊ မိန်းမဆို မိဖုရား ဖြစ်မယ်။ အရိုးမှာကပ်နေတဲ့အသားကို စားရရင် လူဆို ဘဏ္ဍာစိုး၊ ရဟန်းဆို မင်းဆရာဖြစ်မယ်။
အဲ့ဒီ့ ကြက်စကားနိုင်လုပွဲကို ကြားတဲ့ ထင်းခွေသမားက ‘ရှင်ဘုရင်ဖြစ်မယ်ဆိုမှတော့ ငွေတစ်ထောင်ရမဲ့ အောက်ကကြက်ကို ဘာလုပ်နေမှာလဲ’ လို့တွေးပြီး အပေါ်ကြက်ကို တက်ဖမ်းယူကာ မနက်လင်းတဲ့အခါ အိမ်ကို ပြန်ပါတယ်။
အမွှေးတွေနှုတ်၊ ဝမ်းတွင်းရှင်းပြီး သူ့မိန်းမကို ချက်ခိုင်းလိုက်ပါတယ်။
ကျက်တဲ့အခါ ‘ဒီအသားက တန်ခိုးကြီးတယ်။ ရေမိုးချိုးပြီးမှ စားကြစို့’ လို့ပြောပြီး ထမင်းအုပ်ကို ထည့်ကာ မြစ်ဘက်ကို သွားကြပါတယ်။ မြစ်ရောက်တော့ ထမင်းအုပ်ကို ကမ်းနံဘေးမှာချထားပြီး ရေချိုးကြပါတယ်။ အဲ့ဒီမှာ လေပြင်းမုန်တိုင်းတွေ ကျလာပြီး ထမင်းအုပ်ကို လှိုင်းရိုက်လို့ မြစ်ထဲမျောပါသွားပါတယ်။ ထမင်းအုပ်က မြစ်အောက်ဖက်မှာ ရေချိုးနေတဲ့ ဆင်ဆရာဆီကို ရောက်သွားပါတယ်။ ဖွင့်ကြည့်တော့ ကြက်သားဟင်းမှန်းသိလို့ တံဆိပ်နှိပ်ပြီး သူပြန်လာမှ ဖွင်ကြည့်ဖို့မှာပြီး အိမ်ကို အပို့ခိုင်းလိုက်ပါတယ်။ ဆင်ဆရာကိုးကွယ်နေတဲ့ ဒိဗ္ဗစက္ခုရသေ့ကလည်း ဒီကြက်သားဟင်းရဲ့အကြောင်းနဲ့ သူ့ ဒကာရဲ့အခြေအနေကိုသိတဲ့အတွက် အိမ်ကို ကြိုသွားထားပါတယ်။ ဆင်ဆရာက အိမ်ရောက်တဲ့အခါ ထမင်းအုပ်ကို ရသေ့ကို ကပ်ပါတယ်။ ရသေ့က ‘ဒီဟင်းကို ငါ စီမံခန့်ခွဲပေးမယ်’ဆိုပြီး ဝမ်းတွင်းသားတွေကို ဆင်ဆရာအတွက်၊ အပြင်သားတွေကို ဆရာကတော်အတွက်ပေးကာ သူကတော့ အရိုးမှာကပ်နေတဲ့ အသားကိုပဲ စားပါတယ်။ စားပြီးကြတဲ့အခါ ‘၃-ရက်ပြည့်ရင် ဘုရင်ဖြစ်လိမ့်မယ်၊ မမေ့စေနဲ့’လို့ မှာပြီး ရသေ့လည်း ပြန်ကြွသွားပါတယ်။

၃-ရက်မြောက်လို့ တခြားတိုင်းပြည်က စစ်လာတိုက်တဲ့အခါ ရှင်ဘုရင်က ဆင်ဆရာကို ဘုရင်ပုံစံအယောင်ဆောင်ခိုင်းပြီး သူကိုယ်တိုင်က စစ်သည်တွေကြားထဲမှာ မထင်မရှားပုံစံနဲ့ နေရင်း လက်နက်မှန်လို့ ကြွသွားပါတယ်။ ဆင်ဆရာလည်း ဆက်တိုက်တဲ့အခါ စစ်ပွဲက နိုင်သွားပြီး သူလည်း ဘုရင်ဖြစ်သွားပါတယ်။

ကျမ်းညွှန်း။ ။ ဇာတက(ဋ္ဌ)၊၂၊ ၃၆၉။

‘ကျက်သရေ’ နဲ့ ‘လာဘ်ကောင်းစေသောအဆောင်ပစ္စည်း’ အတူတူသာ
============================================

ဒီ အဖြစ်အပျက်လေးနှစ်ခုမှာတွေ့ရတဲ့ အနာထပိဏ်သူဌေးကြီးရဲ့ ကြက်ဖြူကြီးပေါ်ကအမောက်, ပတ္တမြားရတနာ, တောင်ဝှေး, သူဌေးကတော်နဲ့ ဆင်ဆရာတို့ စားလိုက်ရတဲ့ ကြက်သားဟင်းတွေကို ပါဠိစာပေမှာ ‘ကျက်သရေ’ လို့သုံးနှုန်းထားပါတယ်။ အဲ့ဒါက ခုခေတ်မှာပြောနေကြတဲ့ ‘လာဘ်ကောင်းစေတဲ့ အဆောင်ပစ္စည်း’ ဆိုတာနဲ့ သဘောအဓိပ္ပါယ်ချင်း အတူတူပါပဲ။ အဲဒါကြောင့် ‘လာဘ်ကောင်းစေသောအဆောင်ပစ္စည်း’ ဆိုတာကို ‘သိရီ’ သို့မဟုတ် ‘ကျက်သရေ’ ဆိုတဲ့စကားနဲ့ ဖလှယ်ပြီး နားလည်ထားရပါမယ်။ ‘ကျက်သရေ’ ဆိုတာကိုလည်း ထိုက်တန်သူနဲ့သာပတ်သက်နေတဲ့ အမှတ်လက္ခဏာတစ်ခုအဖြစ် နားလည်ထားသင့်ပါတယ်။

‘သိရီ’ သို့ ‘ကျက်သရေ’ ရဲ့ အဓိပ္ပါယ်
========================

1️⃣‘သိရီတိ ပညာပုညာနံ အဓိဝစနန်တိ ဝဒန်တိ’
‘ကျက်သရေ’ ဆိုတာ ပညာနဲ့ ကုသိုလ်ကောင်းမှုတွေကို ခေါ်တာ’ လို့ ဆရာ့ဆရာတွေ မိန့်ခဲ့ကြတယ်။

2️⃣’အထ ဝါ ပုညနိဗ္ဗတ္တာ သရီရသောဘဂ္ဂါဒိသမ္ပတ္တိ ကတညေ နိဿယတိ, ကတပုညေဟိ ဝါ နိဿီယတိီတိ သိရီ’
လိုရင်းအဓိပ္ပါယ်ကိုပြောရမယ်ဆိုရင်…
ရှေးက လုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုကြောင့် ရလာတဲ့ ရုပ်ချောခြင်း, အာဏာရှိခြင်း, အခြွေအရံပေါခြင်း, ဥစ္စာပေါခြင်း, ပညာကြီးခြင်းစတဲ့ ပြည့်စုံမှုအမျိုးမျိုးကို ကျက်သရေလို့ ခေါ်ပါတယ်။

ကျမ်းညွှန်း။ ။ ဓမ္မသင်္ဂဏီမူလဋီကာ၊ (ပ)၊ ၉။

လာဘ်ကောင်းစေမဲ့အဆောင်များပိုင်ဆိုင်အောင် လုပ်နည်း
==================================

အထက်မှာပြောခဲ့တဲ့ စကားတွေကို ခြေရာပြန်ကောက်ရရင်…
ရှေးကလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေက အကျိုးပေးလာတဲ့အခါ အနာထပိဏ်သူဌေးကြီးလိုမျိုး အဆောင်ကောင်းတွေက သူများတွေ ခိုးယူလို့မရအောင် ပိုင်ဆိုင်နေမှာပါ။
ဘုရင်ဖြစ်သွားတဲ့ ဆင်ဆရာလိုမျိုး အဆောင်ကောင်းတွေက ကိုယ့်ဆီ ကြံဖန်ရောက်လာမှာပါ။
ရှေးကောင်းမှုတွေ အကျိုးပေးဖို့ဆိုတာကလဲ လက်ရှိကုသိုလ်ကောင်းမှုတွေလုပ်နေခြင်းနဲ့ ဆက်စပ်နေတဲ့အတွက် အချုပ်အနေနဲ့ ပြောချင်တာက

လာဘ်ကောင်းစေမဲ့ အဆောင်ကောင်းတွေ ပိုင်ဆိုင်ချင်တယ်ဆိုရင်…
1️⃣ပညာရှိအောင်လုပ်ပါ။
2️⃣ကုသိုလ်လုပ်ပါ။
ဒါပါပဲ။

အားလုံပဲ အဆောင်ကောင်းတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဓမ္မမှတ်စု

Credit..

No comments:

Post a Comment