မြတ်ဗုဒ္ဓ၏ မဟာပုရိသ လက္ခဏာတော်ကြီး (၃၂)ပါး
🌺🌺🌺☘☘☘🙏🙏🙏☘☘☘🌺🌺🌺
မြတ်စွာဘုရားဟာ အတိတ်ဘဝများစွာက ပြုခဲ့တဲ့ပါရမီ ကံကြောင့် ယောက်ျားမြတ်ဟူ၍ (ဘုရားလောင်းဟူ၍) သိမြင် ကြောင်း အမှတ်အသား လက္ခဏာတော်ကြီး (၃၂)ပါးတို့သည် မွေးကတည်းက ပါလာ၏။
၁။မြေ၌နင်းသောအခါ ကောင်းစွာတည်ထိသော ညီညွတ် သည့် ဖဝါးတော်အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂။နှစ်ဖက်သော ခြေဖဝါးတော်အပြင်တို့၌ တစ်ထောင် သောအကန့်အကွက် ပုံတောင်းအချက်နှင့်တကွ ခပ်သိမ်းသော အခြင်းအရာ တို့နှင့်ပြည့်စုံသော (၁ဝ၈) ကွက် စက်အင်္ဂါ အမှတ်အသားပါရှိခြင်း။
၃။ရှည်လျားသောဖနောင့်တော်ရှိခြင်း လက္ခဏာတော် တစ်ပါး။
၄။ရှည်သွယ်သော ခြေချောင်းတော် လက်ချောင်းရှိခြင်း လက္ခဏာတော်တစ်ပါး။
၅။နူးညံ့သိမ်မွေ့လှစွာသော လက်ဖဝါးတော် ခြေဖဝါးတော် အပြင်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၆။လေသွန်နန်းတံခါး၌ စိုက်စီ၍ထားအပ်သော ရွှေ ပွတ်လုံးတိုင်ကဲ့သို့ ညီညွတ်စွာ အချောင်း အချောင်း အကြားစိပ်သော လက်ချောင်းတော်၊ ခြေချောင်းတော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၇။မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ခြေဖမျက်တော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၈။ဧဏီမည်သော သားကောင်၏ သလုံး မြင်းခေါင်းနှင့် တူသော သလုံးမြင်းခေါင်းတော်ရှိခြင်း လက္ခဏာတော် တစ်ပါး။
၉။ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ဘဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ် ဒူးဝန်းတော် နှစ်ဖက်ကို သုံးသပ်ထိတွေ့နိုင်ခြင်း လက္ခဏာတော် တစ်ပါး။
၁ဝ။ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၁၁။သိင်္ဂီနိက်ရွှေစင်အဆင်းကဲ့သို့ ဝါဝင်းသော အရေတော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၁၂။သိမ်မွေ့သော အရေတော်ရှိခြင်း လက္ခဏာတော် တစ်ပါး။
(ဤလက္ခဏာတော်ကြောင့် မြူအညစ်အကြေးတို့ မလိမ်းမကပ်နိုင်။)
၁၃။မွေးညှင်းတွင်း တစ်တွင်း တစ်တွင်းလျှင် မွေးညှင်းတော် တစ်ပင်စီ တစ်ပင်စီသာ ပေါက်ရောက်ခြင်း လက္ခဏာ တော်တစ်ပါး။
၁၄။မျက်နှာတော်ကိုမော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် မွေးညှင်းတော်ရှိခြင်း လက္ခဏာတော် တစ်ပါး။
၁၅။ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၁၆။ခြေဖမိုးတော်နှစ်ဖက်၊ လက်ဖမိုးတော်နှစ်ဖက်၊ ပခုံးတော် နှစ်ဖက်၊ လည်ကုပ်တော် ဟုဆိုအပ်သော ဤ (၇)ဌာနတို့၌ ပြည့်ဖြိုးသော အသားတော်ရှိခြင်း လက္ခဏာ တော်တစ်ပါး။
၁၇။ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်း ပြည့်ဝသည့် ကိုယ်တော်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၁၈။ရွှေပျဉ်ချပ်ပမာ ခါးတော်မှစ၍ အထက် လည်ကုပ် တော်တိုင်အောင် ရေစီးကြောင်း (အကြား)မထင် ပြည့်ဖြိုးစင်သော ကျောက်ကုန်းတော်ရှိခြင်း လက္ခဏာ တော်တစ်ပါး။
၁၉။အရပ်တော်နှင့် အလံတော်ညီမျှသဖြင့် ပညောင်ပင် အဝန်းကဲ့သို့ ဝန်းသော(လုံးချောသော) ကိုယ်တော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂ဝ။ညီလည်းညီညွတ် လုံးလည်းလုံးသော လည်တိုင်တော် ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂၁။နှမ်းလုံးခန့်မျှ နည်းလှ ငယ်လှသော အရသာကို သော်လည်း တစ်ကိုယ်တော်လုံး ပျံ့နှံ့အောင် ဆောင်နိုင် သည့် ခုနှစ်ထောင်သော အရသာကြောတို့ အဖျားချင်း အပ် လည်မှာစွပ်လျက်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂၂။ခြင်္သေ့မင်း၏ မေးကဲ့သို့သော (ပြုံးတော့မည့်အရိပ် သွေးနေသည့်)မေးတော်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂၃။သွားတော်ချောင်းရေ (၄ဝ)အစေ့အင ရှိတော်မူခြင်း လက္ခဏာတော်တစ်ပါး။
၂၄။ညီညွတ်သော သွားတော်ရှိခြင်း လက္ခဏာတော် တစ်ပါး။
၂၅။သွားတော် မကျဲမကွာ စေ့စပ်စွာရှိခြင်း လက္ခဏာတော် တစ်ပါး။
၂၆။သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ်ဖြူဝင်းသော အရောင်တလက်လက်ထွက်သည့် စွယ်တော်လေးဆူ ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂၇။ရှည်လျားနူးညံ့ ပြန့်သောလျှာတော်ရှိခြင်း လက္ခဏာ တော်တစ်ပါး။
၂၈။ဗြဟ္မာမင်း၏အသံကဲ့သို့ အင်္ဂါ(၈)ပါးနှင့်ပြည့်စုံသည့် အသံတော်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၂၉။အလွန်ကြည်ညိုသည့်မျက်လုံးတော်ရှိခြင်း လက္ခဏာ တော်တစ်ပါး။
၃ဝ။ဖွားသစ်စနွားသူငယ်၏ မျက်မွေးကဲ့သို့ အလွန်နူးညံ့ နုပျိုသည့် မျက်မွေးတော်ရှိခြင်း လက္ခဏာတော်တစ်ပါး။
၃၁။မျက်မှောင်(မျက်ခုံး)တော်နှစ်ဖက် အလယ်ချက်၌ ဥဏ္ဏလုံ-မွေးရှင်တော် ပေါက်ရောက်ခြင်း လက္ခဏာ တော်တစ်ပါး။
၃၂။နဖူးတော်ဝယ် ပကတိပင်ကိုယ်အားဖြင့်ပင် သင်းကျစ် ရွှေပြားတပ်စီ၍ထားသကဲ့သို့ သင်းကျစ်တော် အသား လွှာပါရှိခြင်း လက္ခဏာတော်တစ်ပါး။
--------------------------------------------
No comments:
Post a Comment