စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Wednesday, June 22, 2022

ဝိပါတ်တော် (၁၂)ပါး

ဝဋ်ကြွေးတော် ၊ ဝိပါတ်တော် (၁၂)ပါး
***********************

၁။ ဒုက္ကရ ၊ ကဿပဘုရားလက်ထက် ဇောတိပါလပုဏ္ဏားဖြစ်စဉ် ဘုရားဖြစ်မည်ဆိုလျှင် ခြောက်လမဟုတ် ခြောက်နှစ် ဒုက္ကရစရိယာကျင့်ပါမည် ဆိုသော ဝစီဝိပါက်တော်၊

၂။ စိဉ္စမာဏ ၊ ရှေးအခါ သေသောက်ကြူးဖြစ်စဉ် ပစ္စေကဗုဒ္ဓါတစ်ပါးအား ဆွမ်းရပ်နေတော်မူရာ အကျင့်ယုတ်ဟု ပြောမိခြင်း ဝိပါက်တော်၊

၃။ သုန္ဒရီ ၊ ရှေးအခါ မုနာဠိအမည်နှင့် လူဖြစ်စဉ် ပစ္စေကဗုဒ္ဓါအား အကျင့်ယုတ်ဟု စွပ်စွဲခဲ့ခြင်း ဝိပါက်တော်၊

၄။ ၊ အလောင်းတော် ရသေ့ဖြစ်စဉ် ဈာန်ပျံရသေ့တစ်ဦးအား ငြူစူခဲ့ဖူးသော ဣဿာဝိပါက်တော်၊

၅။ ဒေဝဒတ် ကျောက်တုံး ၊ သူကြွယ်မျိုးဖြစ်စဉ် ညီကို လှည့်ဖြားခေါ်သွား၍ ကျောက်လွှာဖြင့် ဖိညှပ်ထုသတ်ခဲ့မိသော ဝိပါက်တော်၊

၆။ ကျောက်လွှာထိ ၊ ရှေးက သူငယ်ဖြစ်စဉ် ပစ္စေကဗုဒ္ဓါ တစ်ပါးအား ခဲဖြင့် ပစ်ရာ ခြေတွင် သွေးယိုခဲ့ဖူးသော ဝိပါက်တော်၊

၇။ နာဠာဂီရိဆင် ၊ ရှေးအခါ ဆင်ထိန်းဖြစ်စဉ် ရှင်ပစ္စေကဗုဒ္ဓါတစ်ပါးအား ဒေါသနှင့် ဆင်နှင့် လိုက်၍ တိုက်ခဲ့သော ဝိပါက်တော်၊

၈။ ခြေမဓားနဲ့ခွဲ ၊ ပဒေသရာဇ်မင်း ဖြစ်စဉ် မူးယစ်ယောက်စား၍ လူအရှင်လတ်လတ်ကို ဓားဖြင့် ထိုးဖြတ်ခြင်း ပြုခဲ့သော ဝိပါက်တော်၊

၉။ ရံဖန်ရံခါ ခေါင်းခဲတော်မူရခြင်း၊ ရှေးအခါ တံငါဖြစ်စဉ် ငါးဦးခေါင်းကို ထုရိုက်ရာတွင် ဝမ်းမြောက်ခဲ့ဖူးသော ဝိပါက်တော်၊

၁၀။ မုယောဆွမ်း၊ မထင်မရှားသော အမျိုးသားဖြစ်စဉ် ရဟန်းတော်များ ဆွမ်းစားနေသည်ကို ဆွမ်းကြမ်းစားဟု ပြစ်မှားပြောဆိုခဲ့ဖူးသော ဝိပါက်တော်၊

၁၁။ ခါးကိုက်၊ ရှေးအခါ လက်ဝှေ့သမားဖြစ်စဉ် နိုင်လျှင် ခါးရိုးကို မြေနှင့်ကိုင်ရိုက်ခဲ့ဖူးသော ဝိပါက်တော်၊

၁၂။ ဝမ်းတော်သွန်၊ ဆေးဆရာဖြစ်စဉ် သူဌေးသားတစ်ယောက်အား ကုစားရာ အခမပေးလို၍ မသက်သာသေးဟု လိမ်လည်ပြောဆိုရာတွင် ဝမ်းလားဆေး (ဝမ်းနုတ်ဆေး)ကို တိုက်ကျွေး ခဲ့ဖူးသော ဝိပါက်တော်။

#တိပိဋကမြန်မာပြန်

သမ္မာသမ္ဗုဒ္ဓဿ

အရှင်ဘုရား !

သမ္မာသမ္ဗုဒ္ဓဿ- ကို ရွတ်ဖတ်တဲ့အခါ တစ်ချို့က သမ္မာသမ္ဗုဒ် + ဓဿ လို့ ဖတ်တာ ကြားရပါတယ်ဘုရား၊

တစ်ချို့ကလည်း သမ္မာသမ်+ ဗုဒ္ဓဿ လို့ ဖတ်တာ ကြားရပါတယ်ဘုရား။

အဲ့ဒါ ဘယ်ဟာအမှန်လို့ ယူဆရမလဲဘုရား
~~~~~~~~~~~~~~~~~~~~~~~~~~~~

သမ္မာသမ္ဗုဒ္ဓဿ- ဆိုတာ သမ္မာ + သံ + ဗုဒ္ဓဿ လို့ သုံးပုဒ် ပေါင်းစပ်ထားတာ ဖြစ်ပါတယ်၊

သမ္မာ- မဖောက်မပြန်၊

သံ- ကိုယ်တိုင်၊

ဗုဒ္ဓဿ- သိတော်မူသော ဘုရား 

ဒီလို ဆိုလိုပါတယ်၊

သမ္မာသမ္ဗုဒ် + ဓဿ လို့ ဖတ်ရင် မှန်ကန်တဲ့ အနက်အဓိပ္ပါယ် မရတော့ပါဘူး။

 သမ္မာ + သံ + ဗုဒ္ဓဿ လို့ ဖတ်တာက မှန်ကန်တဲ့ အနက်အဓိပ္ပါယ်ရရှိစေပါတယ်။

ဒါ့ကြောင့် သမ္မာ + သံ + ဗုဒ္ဓဿ လို့ ဖတ်တာက သင့်လျော်ပါတယ်။

credit.. ဓမ္မဝိနယ pg 

Monday, June 13, 2022

ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်...

ဥပုသ်စောင့်ခြင်း အဓိပ္ပါယ်.....
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဥပုသ်စောင့်တယ်ဆိုတာ....
ကိုယ်ကျင့်တရားတွေနဲ့နေတာ။
ကိုယ်ကျင့်တရားတွေ၊ 
ကိုယ်ကျင့်သီလတွေကို" ဥပုသ် " လို့ ခေါ်တယ်။

စောင့်တယ်ဆိုတာ.... 
အဲဒီကိုယ်ကျင့်သီလတွေကို ထိန်းသိမ်းတာ။
မကျိုးမပေါက် မပျောက်မကြားရအောင် 
ထိန်းသိမ်းစောင့်ရှောက်တာ၊ဒီလိုအဓိပ္ပါယ်ရတယ်။

နာမည်အားဖြင့် ....
ဥပုသ်စောင့်တယ်လို့ဆိုပေမယ့် ...
အနှစ်သာရပိုင်းကွာခြားသွားလို့ရှိရင် 
အကျိုးပေးခြင်းကလည်း ကွာခြားသွားနိုင်တယ်။

ဒီတော့ နံနက်အချိန်မှာ ရှစ်ပါးသီလကို 
ခံယူ ဆောက်တည်လိုက်ကြတယ်။

ဆောက်တည်တယ် ဆိုတာ 
ဒီအတိုင်း လိုက်နာမယ်လို့ စိတ်ကို 
ဒုန်းဒုန်းချပြီးတော့ သတ်မှတ်တာ။

ဒီကနေ့ ဒီရက်မှာ ဒီအင်္ဂါရှစ်ပါးအတိုင်း 
ဒီစည်းကမ်းချက်အတိုင်း 
ငါလိုက်နာမယ်လို့ ကိုယ့်ကိုယ်ကို 
စည်းကမ်းချပြီးတော့ 
ကိုယ်၊နှုတ်၊နှလုံး သုံးပါးလုံး 
ချုပ်တည်းပြီးတော့ 
စောင့်စည်းတဲ့သဘော ဖြစ်တယ်။

အဓိကအားဖြင့် ကာယကံနှင့် ဝစီကံ နှစ်ခုကို 
ထိန်းသိမ်းစောင့်ရှောက်တဲ့ သဘော။

ဘာဖြစ်လို့ ဒီလို လုပ်ရတုန်းဆိုတော့ 
ကာယကံမှု၊ဝစီကံမှု ဆိုတာ 
သာမန်အားဖြင့် နေလိုက်လို့ရှိရင် 
လွယ်လွယ်ကူကူနဲ့ ကျူးလွန်မိတတ်ကြတယ်။

အဲဒီ လွယ်လွယ်ကူကူနဲ့ 
ကျူးလွန်မိတတ်တာတွေကို 
မကျူးလွန်ရအောင်လို့ စည်းကမ်းချပြီးတော့ 
ထိန်းသိမ်းစောင့်ရှောက်ပြီးတော့
နေတာမျိုး၊ ဒီလိုဆိုလိုတာ။

ဥပုသ်စောင့်သုံးခြင်းရဲ့ 
ရည်ရွယ်ချက်ကတော့-

လောဘတွေ လျော့ကျဖို့၊
ဒေါသတွေ လျော့ကျဖို့၊ 
မောဟတွေ လျော့ကျဖို့။

ဆိုလိုတာက အကုသိုလ်တွေ
လျော့နည်းသွားပြီးတော့ 
ကုသိုလ်ဘက်က တိုးပွားအောင် 
အကျင့်တရားတစ်ခုကို 
ဒီနေ့၊ဒီရက် အချိန်ကန့်သတ်ပြီးတော့
စောင့်သုံးကြတာ။

အဲဒီလို စောင့်သုံးတဲ့ 
ဥပုသ်ရဲ့ အကျိုးကလည်းပဲ 
အင်မတန်မှ ကြီးမားတယ်။

မှန်မှန်ကန်ကန်စောင့်သုံးလို့ ရှိရင် ရရှိအပ်တဲ့အကျိုးက အင်မတန်မှ ကြီးမားတယ်။

ဒါကြောင့်မို့ မှန်ကန်တဲ့နည်းလမ်းနဲ့ 
အဓိပ္ပါယ်ရှိရှိ ဥပုသ်စောင့်တတ်ဖို့
ပိုအရေးကြီးပါတယ်။

ဥပုသ်စောင့်တယ်ဆိုပြီးတော့....
မှန်ကန်တဲ့ ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင် ထိုဥပုသ်စောင့်ခြင်းရဲ့အကျိုးဟာ များစွာရမှာ မဟုတ်ပါဘူး။

ဒေါက်တာ နန္ဒမာလာဘိဝံသ

ဥပုသ်သီလ ယူမှရပါသလား

ဥပုသ်သီလ ယူမှရပါသလား
═══════════════════════
မေး။ ။ ဥပုသ်သီလဆောက်တည်ရာတွင်
ဘုန်းတော်ကြီးပေးသော ဥပုသ်သီလကိုစောင့်ထိန်းမှသာလျှင် ဥပုသ်စောင့်ခြင်းမည်ပါသလော။

မိမိဘာသာ ဘုရားစင်ရှေ့တွင် ခံယူဆောက်တည်ကောင်းပါသလော။ ဥပုသ်သီလကိုလပြည့်လကွယ်နှင့် လဆန်း(၈)ရက်၊ လပြည့်
ကျော် (၈)ရက်နေ့တို့၌ မဟုတ်ဘဲ စောင့်ထိန်းလိုသည့်နေ့တွင် စောင့်ထိန်းသင့်ပါသလော။ရှင်းလင်းဖြေကြားပေးတော်မူပါဘုရား။

ခင်စပယ်၊ ပြည်။

ဖြေ ။ ။ ဤမေးခွန်းသည် အလွန်တန်ဖိုးရှိ
သော မေးခွန်းဖြစ်ပါသည်။ ဥပုသ်စောင့်သုံး
ရာ၌ သံဃာတော်များထံ သီလယူခြင်းသည်
လေးစားမှုနှင့် လေးနက်မှုသဘောသက်
ရောက်စေရန်ဖြစ်ပါသည်။ အမှန်စင်စစ်
သီလစောင့်ထိန်းခြင်းမှာ မိမိကိုယ်တိုင်၏
အလုပ်သာဖြစ်ပါသည်။ ဆိုင်ရာသိက္ခာပုဒ်များကို မကျိုးမပေါက် မကျား မပြောက်ရအောင် ထိန်းသိမ်းခြင်းသာ လိုရင်းဖြစ်ပါသည်။ထို့ကြောင့် ဘုရားရှေ့မှာလည်း ခံယူဆောက်တည်ကောင်းပါသည်။

ထို့ပြင် သီလသဘောမှာ ဆောက်တည်ခံယူ
ထားခြင်းမရှိသော်လည်း အကုသိုလ်ဒုစရိုက်
မှုများ ကျူးလွန်ဖို့ရာတွေ့ကြုံလာလျှင်ရှောင်
ကြဉ်ပါက သမ္ပတ္တဝိရတီသီလမျိုးပင် ဖြစ်နေပါသည်။ သီလသည် စောင့်ထိန်းဖို့ ရှောင်ကြဉ်ဖို့သာ လိုရင်းဖြစ်ပါသည်။

မကြာခင်က ရွာတစ်ရွာတွင် ဥပုသ်နေ့၌သီလ
ပေးသော ဘုန်းကြီးကိုသီလမရှိဟုယူဆ၍
အခြားဘုန်းကြီးတစ်ပါးကိုပင့်၍ သီးသန့်သီလယူကြသော ဟူ၏။ ထိုပုဂ္ဂိုလ်များမှာ မကြာခဏအရက်မူးနေကြသော ပုဂ္ဂိုလ်များဖြစ်ကြသော ဟူ၏။ မသင့်ပါ။ သီလသည် ထိန်းသိမ်းရှောင်ကြဉ်မှ ရပါသည်။

ဥပုသ်သီလသည် မည်သည့်ရက်မဆိုဆောက်တည်အပ်သော သီလဖြစ်ကြောင်း ဒီ၊ ဋီ၊ ၂။၁၉၃ မ-ဋီ၊ ၃၊ ၃၅၅ တို့၌ ဆိုထားပါသည်။

လူအများယခုလက်ရှိစောင့်ထိန်းနေကြသော
လပြည့် လကွယ်၊ လဆန်း၊ လဆုတ် ၈ ရက်
နေ့များကို ပကတိ စာရိတ္တဥပုသ်နေ့ဟုခေါ်
သည်။ ၄င်း ၄ ရက်၏ ရှေ့နောက် လဆန်း၊
လဆုတ် (၇) ရက်၊ (၉) ရက်နေ့နှင့် လပြည့်
လကွယ်တို့၏ ရှေ့နောက် ၁၃ ရက် သို့မဟုတ်
၁၄ ရက်၊ လပြည့်ကျော် ၁ ရက်နေ့တို့ကိုအပို
အကြိုဥပုသ်နေ့အဖြစ်သတ်မှတ်၍လည်း
ဆောက်တည်ကြပါသည်။

ထို့ပြင် ကျမ်းဂန်များ၌ နယုန်လပြည့်ကျော်တစ်ရက်မှ ဝါဆိုလပြည့်အထိ (၁) လကိုလည်းကောင်း၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ(၁)လကိုလည်းကောင်း၊ဝါတွင်း(၃)လကိုလည်းကောင်း၊ တပို့တွဲလပြည့်ကျော်တစ်ရက်မှ တပေါင်းလပြည့်နေ့အထိ (၁)လကိုလည်း ကောင်း ပါဋိဟာရိယဥပုသ်နေ့များအဖြစ် သတ်မှတ်၍လည်းဆောက်တည်ကြပါသည်။မိမိတို့နှစ်သက်သလိုဆောက်တည်နိုင်ပါသည်။

ယခုအခါ လပြည့်လကွယ်နှင့်လဆန်း(၈)
ရက်လဆုတ်(၈)ရက်ပေါင်း (၄)ရက်၌ အများစု ဆောက်တည်နေကြသည်။ (၈)ရက်ဥပုသ်နေ့များတွင် နတ်မင်းကြီး(၄)ပါးတို့၏ အစေ
အပါးနတ်တို့သည် လည်းကောင်း၊ (၁၄)ရက်ဥပုသ်နေ့များတွင် နတ်မင်းကြီး(၄)ပါး၏ သားတော်များသည်လည်းကောင်း၊ (၁၅)ရက်ဥပုသ်နေ့များတွင် နတ်မင်းကြီး(၄)ပါးတို့ကိုယ်တိုင်သည်လည်းကောင်း လူ့ပြည်သို့လှည့်လည်၍ ဥပုသ်သီတင်းသီလ ဆောက်တည်သူ မိဘဆရာသမားတို့အား
လုပ်ကျွေးသူ၊ ကောင်းမှုအမျိုးမျိုးပြုလုပ်သူတို့ကို ရွှေပေလွှာဖြင့် စာရင်းကောက်ယူ
မှတ်သား၍ နတ်သဘင်အစည်းအဝေး၌
တင်ပြရန် သိကြားမင်းကြီးက အမိန့်
တော်ချမှတ်တာ၀န်ပေးထားကြောင်း အံ၊ ၁၊
၁၄၁၊ စတုမဟာရာဇသုတ်၌ လာရှိပါသည်။
ထို့ကြောင့် နတ်မင်းတို့၏ ရွှေပေလွှာ၌ သူ
တော်ကောင်းစာရင်း ပါ၀င်နိုင်စေရန်ဖော်ပြပါ (၄)ရပ်တို့၌ အများအားဖြင့် ဥပုသ်စောင့်ခြင်း ကုသိုလ်ကောင်းမှုအမျိုးမျိုးပြုလုပ်ခြင်းတို့ကို ဗုဒ္ဓဘာသာ၀င်များပြုကြကုန်၏။
═══════════════════════

မှတ်ချက်

ပုံများဖန်တီးသူကတော့ Bone Myat Thu ဖြစ်ပါသည် ။ အပင်ပန်းခံ၍ ရေးထားသူများ၏ အမည်များကို ဖော်ပြလို သော်လဲ မတွေ့ပါ ။ မေတ္တာဖြင့် ဘာညာဟု မိမိ အမည်တပ်ထားသူအများစုသာ တွေ့ရ၍ စာရေးတင်သူ အစစ် အမည်များကို မဖော်ပြနိူင်ခြင်းဖြစ်ပါသည် ။ ဦးဇင်း အယူ အဆက တော့ ကိုယ်ရေးတဲ့ စာမဟုတ်ရင် မိမိ အမည်ကို မထည့်သင့်ပါ ။

Credit..

ဥပုသ်သီလ စောင့်တည်ခြင်း၏ အကျိုးကျေးဇူ

ဥပုသ်သီလ စောင့်တည်ခြင်း၏ အကျိုးကျေးဇူး
************************************
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းလိုလိုပင် လောကုတ္တရာလမ်းစဉ် ဖြစ်သော အယူဝါဒဆိုင်ရာ ကိစ္စများကို ဆောင်ရွက်ရာတွေ နေ့ထူးနေ့မြတ်လည်း ဖြစ်ပေသည်။ ထိုကဲ့သို့သောနေ့မျိုးကို သီတင်းနေ့ (သို့မဟုတ်) ဥပုသ်နေ့ဟု ခေါ်လေသည်။ ဥပုသ် ဟူသောစကားသည် ဥပေါသထ ဟူသော ပါဠိမှ ကူးစက်လာပါသည်။ 

ဥပုသ်စောင့်ခြင်း၏ အနက်အဓိပ္ပါယ်အနေဖြင့် မိမိ စိတ်မှာ စင်ကြယ်လာအောင် အင်္ဂါရှစ်တန် သီလခံ၍ ခြိုးခြံ အောင့်အည်း တဖြည့်တည့်းဖြင့်၊ စောင့်စည်း အားထုတ် တရားကုတ် ဥပုသ်စောင့် ဟုမှတ်သားထားပါသည်။

 ဥပုသ်သီလ စောင့်ခြင်း၏ အကျိုးကျေးဇူးဟာ ဘယ်လောက်များလဲလို့ရှိရင်၊ ကမ္ဘာလောကကြီးအတွင်းမှာရှိတဲ့ အဖိုးတန်ရတနာတွေကို စုလိုက်၊ အဲ့ဒီ အဖိုးတန်ရတနာတွေရဲ့ တစ်ကြိမ်တစ်ခါ စောင့်လိုက်ရတဲ့ အခုလို မွန်မြတ်တဲ့ စည်းစနစ်ကျတဲ့ ဥပုသ်၊ အဓိပ္ပါယ်ရှိရှိ စောင့်လိုက်တဲ့ ဥပုသ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုလို့ရှိရင် ရတနာတွေရဲ့ တန်ဖိုးဟာ ဥပုသ်တစ်ခါ စောင့်ရတဲ့ ကုသိုလ်တန်ဖိုးရဲ့ ၁၆- ပုံပုံ ၁-ပုံတောင် မရှိဘူးလို့ ကြားထားပါသည်။ 

ဥပုသ်စောင့်ခြင်း၏ အကျိုးကျေးဇူးအနေဖြင့် ငါးပါးသီလရဲ့ အကျိုးကို အပြန်အလှန်အကျိုးကျေးဇူး ရပါသည်။ အသက်ရှည်စွာနေရခြင်း၊ ပစ္စည်းဥစ္စာတိုးပွားခြင်း၊ တစ်ပါးသူပြစ်မှားအနိုင်အထက် အပြုနိုင်ခြင်း၊ ကောက်ကျစ်ယုတ်မာမှု မခံရခြင်း၊ စိတ်တည်ငြိမ်ချမ်းသားပြီး ရူးသွပ်မှုကင်းဝေးခြင်း စသည့် အကျိုးကျေးဇူးကို ရရှိခံရမည် ဖြစ်ပါသည်။

-----------------------

မှတ်ချက်

ပုံများဖန်တီးသူကတော့ Bone Myat Thu ဖြစ်ပါသည် ။ အပင်ပန်းခံ၍ ရေးထားသူများ၏ အမည်များကို ဖော်ပြလို သော်လဲ မတွေ့ပါ ။ မေတ္တာဖြင့် ဘာညာဟု မိမိ အမည်တပ်ထားသူအများစုသာ တွေ့ရ၍ စာရေးတင်သူ အစစ် အမည်များကို မဖော်ပြနိူင်ခြင်းဖြစ်ပါသည် ။ ဦးဇင်း အယူ အဆက တော့ ကိုယ်ရေးတဲ့ စာမဟုတ်ရင် မိမိ အမည်ကို မထည့်သင့်ပါ ။

Credit...

ဥပုသ်သီလ၏ တန်ဖိုး"

"ဥပုသ်သီလ၏ တန်ဖိုး"
<><><><><><><><><>

ဝိသာခုပေါသထ သုတ်မှာ 
မြတ်စွာဘုရားက ဟောတယ် …

ဥပုသ်သီလ ခံယူဆောက်တည်ပြီး 
ကိုယ့်ကိုကိုယ် ဆင်ခြင် သုံးသပ်ကြည့်တဲ့ …

" ငါဟာ ဒီကနေ့ ရဟန္တာ ပုဂ္ဂိုလ်တွေ 
ကျင့်တဲ့ အကျင့်ကို ကျင့်ရပေပြီလို့ စိတ်ထဲမှာ 
ဝမ်းမြောက် ကြည်နူးအောင် နှလုံးသွင်းပါ " တဲ့ …

ရဟန္တာတွေ
ကျင့်ရတဲ့အကျင့်ကို တို့ကျင့်ရတယ် …

ဒါကြောင့် …

တို့ရဲ့ ကျင့်စဉ်ဟာ 
သီလ အနေအထား အားဖြင့်
ရဟန္တာတွေနဲ့တန်းတူ အဆင့်ရောက်သွားတဲ့ 
အနေအထား မျိုးဆိုတော့ 
အလွန်ကျေနပ်အာရစရာ ဖြစ်တယ် …

ပီတိသောမနဿတွေ 
ဖြစ်လာနိုင်တယ် …

အဲဒီလို 
ပီတိသောမနဿတွေ ဖြစ်လာခြင်းဟာ 
ကိုယ်၏ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းကို
ဖြစ်ပေါ်စေပြီး နောက်ဆုံးမှာ 
စိတ်တည်ငြိမ်မှုကို ဖြစ်ပေါ်စေတယ် …

စိတ်တည်ငြိမ်မှု ရပြီဆိုတော့မှ 
ယထာဘူတဉာဏဒဿန အမှန်အကန်တွေကို 
သိနိုင်တဲ့ အကျိုးကျေးဇူးတွေကို 
ဖြစ်ပေါ်စေမှာ ဖြစ်တယ် …

ဒါကြောင့် …

#ဥပုသ်သီလဟာအလွန်တန်ဖိုးရှိတယ် …

မြတ်စွာဘုရား
မိန့်ကြားတဲ့စကားနဲ့ပြောရမယ်ဆိုရင်
ဥပုသ်သီလဖြစ်တဲ့ ရှစ်ပါးသီလရဲ့
တန်ဖိုးဟာ အင်မတန်မှ ကြီးမားတယ် …

ဘယ်လောက်ထိ 
ကြီးမားသလဲ ဆိုရင် …

ကမ္ဘာ လောကမှာရှိတဲ့ 
စိန်ရွှေ ရတနာတွေရဲ့ တန်ဖိုးဟာ
ဥပုသ်သီလစောင့်ထိန်းတဲ့
ကုသိုလ်ကို ၁၆_ စိတ် စိတ်ပြီးတော့ 
တစ်စိတ်ရဲ့တန်ဖိုးလောက်တောင် မရှိပါဘူးလို့
မြတ်စွာဘုရားက ရှင်းပြတယ် …

ဘာကြောင့်
ဒီလောက်တန်တယ်လို့
ပြောရတာတုန်းဆိုရင် …

အဲဒီ စိန်ရွှေရတနာတွေကို အသုံးပြုပြီး 
နိဗ္ဗာန်ဆိုတာ မရောက်နိုင်ဘူး …

ဥပုသ်သီလစောင့်သုံးခြင်းဖြင့်သာ 
နိဗ္ဗာန်ချမ်းသာထိအောင် ရောက်နိုင်တယ် …

ဒါကြောင့် 
တန်ဖိုးချင်းကွာခြားတယ်လို့ ဆိုလိုတာ …

ငွေကြေးဓန တန်ဖိုးဆိုတာ 
ကိုယ်ပေးလိုက်တဲ့ ငွေကြေးကြောင့်
ရလာတဲ့ ပစ္စည်းဥစ္စာရဲ့ တန်ကြေးလို့ 
ဒီလို ဆုံးဖြတ်ကြတာ …

အဲဒီတော့ …

ဥပုသ်သီလကို 
ငွေကြေးဓနလို သဘောထားအသုံးချပြီး
နတ်ချမ်းသာဆိုတာ ရနိုင်တယ် …

အဲဒီထက်အဆင့်မြင့်တဲ့ နိဗ္ဗာန်
ချမ်းသာကိုလည်း ရနိုင်တယ် …

ဒါကြောင့် 
ဥပုသ်သီလရဲ့တန်ကြေးဟာ 
အလွန်ကြီးမားတယ်လို့ ပြောတာ …

စိန်ရွှေ ရတနာတွေနဲ့ နိဗ္ဗာန်ချမ်းသာကို 
ဝယ်လို့မရဘူး …

နတ်ချမ်းသာကို ဝယ်လို့မရဘူး
ဒီလိုဆိုလိုတာ …

ပါချုပ်ဆရာတော်ဘုရား..
Credit..

Wednesday, June 8, 2022

စိတ်ကိုစောင့်ကြည့်မြဲသတိ

နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ် ပြိုင် နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံး သွားပြီ ...

အဲဒီလို ဒေါသဆိုတာ ကောင်းသလားမကောင်းဘူး လားဆိုတာ ကိုယ်တိုင်သိတာပဲ ...

အမှန်နဲ့အမှားကို ဆုံးဖြတ်တဲ့အခါမှာ အားကိုး ယုံကြည် လောက်တဲ့ အကြောင်းဆိုတာဘာလဲ။

ကိုယ်တိုင် လက်တွေ့သိတဲ့ အသိဉာဏ်ပဲ ဖြစ် တယ်။

ကိုယ်တိုင်သိအောင်လုပ်၊ကိုယ်တိုင် သိတဲ့ အချက် ဟာ အသေချာဆုံးပဲ။ 

ဥပမာ - လောဘဆိုတဲ့ သဘောတရား၊ ဒေါသ ဆို တဲ့ သဘောတရား၊မောဟဆိုတဲ့ သဘော တရား ဟာ အပြစ်ရှိတဲ့အရာလား။

အပြစ်မရှိတဲ့ အရာလား။ မြန်မာလို ပြောမယ် ဆို ရင် ငရဲကြီးသလား။မကြီးဘူးလား။

ကိုယ့်ဟာကိုယ် စဉ်းစားကြည့်ပေ့ါ။ငရဲကြီးတာ မကြီးတာ အပြစ်ရှိတာ မရှိတာ ဘာနဲ့ တိုင်းတာ မှာ လဲ။

ထင်ရှားတာ တစ်ခုပြောမယ်။ဥပမာ ကိုယ့်စိတ် ထဲ နှလုံးသား ထဲမှာ ဒေါသဆိုတာ ဝင်လာတာနဲ့ တစ် ပြိုင် နက် စိတ်နှလုံး အေးချမ်းမှုတွေ လက်လွှတ် ဆုံးရှုံးသွားတယ်။ အဲဒါဟာ ဒေါသရဲ့ အပြစ်ပဲ။

ပင်ကိုယ်တည်ငြိမ်တဲ့ စိတ်လေးပျက်စီးသွားပြီး ပူလောင် တဲ့ စိတ်တွေ ဖြစ်ပေါ်လာတာဟာ ဒေါသ ရဲ့ ဆိုးကျိုးပဲ။

နောင်ဘဝ ငရဲရောက်တာ မရောက်တာ အသာ ထား။

ဒေါသဟာ ကောင်းသလား မကောင်းဘူးလား ဆိုတာ အခုဘဝမှာပဲ ကြည့်လို့ရတယ်။ 

ဒေါသ ဖြစ်လာတဲ့အချိန်မှာ ဒေါသက နှလုံးသားကို ပူလောင်တယ်။ 

အရာရာကို မကျေမနပ်တာတွေ ဖြစ်လာတယ်။ 

အတွေးကလည်း ရိုင်းစိုင်းတဲ့ အတွေးမျိုးတွေ တွေးလာတယ်။ 

ဒေါသ ဖြစ်လာလို့ရှိရင် ပြုံးရွှင်တဲ့မျက်နှာ ပျက်စီးသွားတယ်။

ပြင်းထန်လာလို့ရှိရင် တစ်ကိုယ်လုံး အသား ဆတ် ဆတ် တုန်လာတယ်။
 
ပါးစပ်က ပြောပြီ ဆိုလို့ရှိရင်လည်း ကြင်နာတဲ့ စကားလုံး တွေ မထွက်ဘူးတဲ့။ 

မကြားဝံ့ မနာ သာ စကားမျိုးတွေပဲ ထွက်လာ တယ်။

အဲဒီလို စကားမျိုးတွေ ပြောရဲလာတယ်။

လုပ်တဲ့ အလုပ်တွေကလည်း ကိုယ့်အတွက် နစ်နာ မယ့် အလုပ်တွေ၊ သူများအတွက် နစ်နာမယ့် အလုပ် တွေ လုပ်လာတယ်။

ယခုလို လက်တွေ့ကျကျ စဉ်းစားပြီးတော့ ကြည့် လိုက် လို့ ရှိရင် ဒေါသရဲ့အပြစ်တွေ ဆိုးကျိုး တွေ ကို ကိုယ်တိုင်သိနိုင်တယ်။

ဒေါသကြောင့် သူများကို တစ်ခုခု လုပ်တာ မလုပ် တာ အသာထား။

ကိုယ်ရဲ့နှလုံးသားထဲ ဒေါသ ဖြစ်လာတဲ့ အချိန် က စပြီး တည်ငြိမ်မှုတွေ ဆုံးရှုံးသွားတာ သေချာ တယ်။ဒါ လူတိုင်းသိတာပဲ။ 

ပျော်ရွှင်နေတာတွေ အားလုံး ဆုံးရှုံးသွားပြီ။ ငြိမ်း ချမ်း နေတဲ့ စိတ်လေး ဆုံးရှုံးသွားပြီ။ နောက်ဆုံး မှာ သွေးတိုး ရောဂါရှိရင် သွေးတက်သွားမယ်။

နှလုံးရောဂါ ရှိတယ် ဆိုလို့ရှိရင် heart attck ရ သွားမယ်။ ဒေါသက ချက်ချင်း ဒုက္ခပေးတယ်။ ဒါ ထင်ရှားတဲ့ သာဓက တစ်ရပ်ပဲ။

အဲဒီလို ဒေါသဆိုတာ ကောင်းသလား မကောင်း ဘူးလား ဆိုတာ ကိုယ်တိုင်သိတာပဲ။

ဒေါသ မကောင်းဘူး ဆိုတာ ကိုယ်တိုင် ဆုံးဖြတ် ချက်ချနိုင် တယ်။

မြတ်စွာဘုရားက အဲဒါကို ဟောလိုတာဖြစ် ပါ တယ်။

သဘာဝတရား ဆိုတာ သူ့သဘော သူဆောင်တာ။

ဘုရားက မကောင်းဘူးဟောလို့ မကောင်းတာ ဖြစ် ရတာ မဟုတ်ဘူး။

အေး လုပ်ချင်တာတွေလုပ်၊ ငါ့ရှေ့ ဝန်ခံလိုက်လို့ ရှိရင် အပြစ်တွေ အကုန်ပျောက်မယ်ဆိုတာ မဖြစ် နိုင်ပါဘူး။

ဖြစ်ပြီးသားအပြစ်တွေ ဘယ်လိုလုပ် ပျောက်မလဲ၊ ဒေါသကြောင့်ဖြစ်လာတဲ့ ဆုံးရှုံးမှုတွေက ဖြစ်ပြီး သွားပြီလေ။

နှလုံးသားထဲမှာ အမုန်းတရား ဝင်လာတာနဲ့ တစ်ပြိုင်နက် အေးငြိမ်းတဲ့ စိတ်နှလုံးတွေဟာ ဆုံးရှုံးသွားပြီ။

မပြောသင့်တာတွေ ပြောမိသွားပြီ။ မလုပ်သင့်တာ တွေ လုပ်မိသွားပြီ။ ပြင်လို့ ရသလား။ မရတော့ ဘူး။

(What should be done, can not be undone) လုပ်ပြီးသား တစ်ခုဟာ မလုပ်ဘူးလို့ ပြောလို့မရတော့ဘူး။

အဲဒီကတည်းက မှားယွင်းချွတ်ချော်တဲ့ အရာ တစ်ခုဖြစ် သွားတယ်။

အဲဒီတော့ ဒီ ဒေါသ ဆိုတဲ့ သဘာဝတရားဟာ အပြစ်ရှိသလား မရှိဘူးလားဆိုရင် ဒီနေရာမှာ အပြစ်ဆို ဘာတုန်း။

မကောင်းတဲ့ အကျိုးတွေပေးတာ အပြစ်ပဲ။

အပြစ်ရှိသလား မရှိဘူးလားဆိုရင် ရှိတာပေါ့။ ပညာရှိတွေက ချီးမွမ်းသလား ကဲ့ရဲ့သလားဆိုရင် ကဲ့ရဲ့တာပေ့ါ။

ဒေါသကို ဘယ်သူကမှ မချီးမွမ်းဘူး။ ဘယ် ပညာရှိ ကမှ ဟေ့ ဒေါသဆိုတာ ကောင်းတယ်။

စိတ်ဆိုးတာ ကောင်းတယ်လို့ ဘယ်သူမှ မပြော ဘူး။ 

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ

#ပါချုပ်ဆရာတော် #တရားမှတ်စု #🙏🏻🙏🏻🙏🏻
Credit..

အမြတ်ဆုံးအောင်ပွဲ

💦💦💦 အမြတ်ဆုံးအောင်ပွဲ 💦💦💦

ဒါနလေးလုပ်လိုက်မယ်လို့အားခဲထားတာ၊စိတ်မနိုင်တာနဲ့ပဲ
အို...နောက်မှလုပ်တော့မယ် ။

ဒီနေ့ ဥပုသ်စောင့်မယ်လို့  အားခဲထားတယ်၊
အင်း...နောက်မှပဲ...စိတ်မနိုင်ပြန်ဘူး ။

ခန္ဓာဉာဏ်စိုက်ပြီး  အနည်းဆုံးတစ်နာရီလောက် 
ဝိပဿနာတရားအားထုတ်မယ်လို့  အားခဲထားတာ၊
တစ်မိနစ်တောင် မလုပ်ဖြစ်ဘူး၊  
နောက်မှပဲ...လုပ်တော့မယ်ပေါ့ ။

ကိုယ့်ဟာကိုယ်ပဲ (၅)မိနစ်လောက်
စမ်းကြည့်၊
ကိုယ့်စိတ်ကိုဘယ်လောက်နိုင်သလဲလို့၊
မနိုင်လို့လွှတ်ချလိုက်ရတာ ဘယ်လောက်ပါသလဲလို့ ။

တစ်ခါတစ်ရံ 
(၅)မိနစ်လုံးလုံးမမိဘူးဗျာ၊
တစ်ခါတစ်ရံ 
သတိထားလွန်းလို့(၁)မိနစ်လောက် 
မိလိုက်တယ်၊
တစ်ခါတစ်ရံ
ဘာလုပ်နေမှန်းကို မသိလိုက်ဘူး ။

ဒါနနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
ဒါနအလုပ်ကို လုပ်နိုင်ကြတယ် ။

သီလနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
သီလ စောင့်ထိန်းနိုင်ကြတယ် ။

သမာဓိနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
သမာဓိ ပွားများနိုင်ကြတယ် ။

ဝိပဿနာနဲ့ တန်အောင်
စိတ်ကိုနိုင်တဲ့ပုဂ္ဂိုလ်က
ဝိပဿနာ ပွားနိုင်ကြတယ် ။

ဒါကြောင့်...
လောကရှုံးပွဲဟူသမျှတို့မှာ... 
ကိုယ့်ဟာကိုယ် ရှုံးရတဲ့ပွဲသာ အနစ်နာဆုံးပါ ။

လောကအောင်ပွဲမှန်သမျှတို့တွင်...
ကိုယ့်ဟာကိုယ် အနိုင်ရတဲ့ အောင်ပွဲကသာ 
အမြင့်မြတ်ဆုံးပါ ။

🙏🙏🙏 ယောဆရာတော်ဘုရားကြီး အရှင်သိရိန္ဒာဘိဝံသ 
( တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက အဂ္ဂမဟာပဏ္ဍိတ 
အဂ္ဂမဟာအကျော် ဝိနယပါဠိပါရဂူ ပဋိသမ္ဘိဒါမဂ္ဂပါဠိပါရဂူ ) 🙏🙏🙏

#KZMT

အပြုံးချင်းမတူဘူး

 ♥  အပြုံးချင်း မတူဘူး  ♥
   *****************************
   📖 ပစ္စည်းရှိလို့ ပြုံးတာနဲ့ တရားရှိလို ပြုံးတာ
    အပြုံးချင်း မတူဘူး ✍

📖 ပစ္စည်းရှိလို့ ပြုံးတာက
     အဆိပ်ပါတယ် ၊ လောဘအငွေ့ပါတယ် ၊ 
     နောက်က ပြန်ရုပ်သိမ်းမယ့် ခြိမ့်ခြောက်မှုလည်း
     ပါတယ် ✍

📖 စိတ်ချလက်ချ ပြုံးနိုင်သော
      အပြုံး မဟုတ်ဘူး✍

📖 အချိန်မရွေး ရှုံ ၊ မဲ့ပြီးချူံချ ၊ ငိုနိုင်သော 
      အပြုံးပါ ✍

 📖 တရားရှိလို ပြုံးတာက နောက်က
       ခြိမ့်ခြောက်မှု မပါဘူး အဆိပ့်ငွေ့ လုံးဝ ပါဘူး .
       သဘာဝ အေးချမ်းတဲ့ အပြုံးပါ.✍

📖 စိတ်ချမ်းသာတယ် ဆိုတဲ့ နေရာမှာလည်း 
      ပစ္စည်းရှိလို့ စိတ်ချမ်းသာတာနဲ့ ၊တရားရှိလို
      စိတ်ချမ်းသာတာဟာ မတူပါဘူး ✍

📖 ပစ္စည်းရှိလို့ စိတ်ချမ်းသာတယ် ဆိုတာက.
      လောဘအငွေ့ လေးပါတယ် 
      နောက်မှ ပြန်ရုပ်သိမ်းမယ့် ခြိမ့်ခြောက်မှုလည်း
      ပါတယ်✍

📖 အချိန်မရွေး ချူံချငိုရလောက်အောင်
      ဒုက္ခပေးနိုင်တယ်
      အချိန်မရွေး သောက ပရိဒေဝမီး 
      ထတောက် လာနိုင် သေးတယ် ✍

📖 တရားရှိလို ချမ်းသာတာက မှ တကယ်ချမ်းသာ
     အစစ်ပါ ၊ အပူ ၊အခို ၊အငွေ့ ၊ လုံးဝမပါ 
     တည်ငြိမ် ၊ ရင့်ကျက်တယ် ၊ အေးချမ်းတယ်✍

     ယောဆရာတော်ဘုရားကြီး 
        အရှင်ဝေပုလ္လ မှ ကူးယူ ပူးဇော်ပါ၏ဘုရား🙏

📖📖📖📖📖📖📖📖📖📖📖📖📖📖📖📖
Credit...

လှူရုံသာမက

🌻လှူရုံသာမက🌻
➖➖➖➖➖➖
            
၁။ လှူ သာ လှူပြီး မတိုက်တွန်းဘူးဆိုရင်
ဖြစ်လေရာဘဝမှာ ချမ်းသာကြွယ်ဝ
သော်လည်းအပေါင်းအသင်းအခြံအရံ 
နည်းတယ်။

၂။ တိုက်တွန်းသာ တိုက်တွန်းပြီး
ကိုယ်တိုင်မလှူဘူး ဆိုရင် ဖြစ်လေရာဘဝမှာ
အပေါင်းအသင်းအခြံအရံ များသော်လည်း
ပစ္စည်းဥစ္စာရှားပါတယ်။

၃။ လှူလည်းမလှူဘူး၊ တိုက်လည်းမတ်ိုက်
တွန်းဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘဝမှာ 
ဆင်းရဲတယ်။

၄။လှူ လည်း လှူ တယ် ။
တိုက်လည်းတိုက်တွန်းတယ်ဆိုတဲ့
ကုသိုလ်နှစ်မျိုးလုံး စုံအောင်လုပ်တဲ့ 
ပုဂ္ဂိုလ်ကဖြစ်လေရာဘဝမှာ 
ပစ္စည်းဥစ္စာလည်းရတယ်။
မိတ်ဆွေအပေါင်းအသင်းလည်း 
များတယ်ဆိုတဲ့အကျိုးကိုရတယ်။

💥အဲဒီလိုလှူခြင်းရဲ့အကျိုးကျေးဇူးနဲ့
     တိုက်တွန်းခြင်းရဲ့အကျိုးကျေးဇူး
     ဒီနှစ်ခုကို ကဿပဘုရားက 
     ပရိတ်သတ်မှာဟောလိုက်တာ...

💥တရားနာပရိတ်သတ်
      ထဲက အသိပညာကြွယ်ဝတဲ့
      ပုဂ္ဂိုလ်တစ်ယောက်က စိတ်ဝင်စားတယ်။

💥ငါဟာဖြစ်လေရာဘဝမှာ ပစ္စည်းဥစ္စာ
      ချမ်းသာကြွယ်ဝပြီးအပေါင်းအသင်းများတဲ့ 
      ပုဂ္ဂိုလ်ဖြစ်အောင်လုပ်မယ်လို့ဆိုပြီး

💥သူကကိုယ်တိုင်လည်းလှူတယ်၊
     တိုက်လည်းတိုက်တွန်းတယ်ဆိုတဲ့
     အလုပ်ကိုလုပ်တယ် - - -။

#ဆရာတော်အရှင်နန္ဒမာလာဘိဝံသ(Ph.D

သံသရာဝဋ်ကလွတ်တဲ့နည်း

"သံသရာဝဋ်ကလွတ်တဲ့နည်း"
~~~~~~~~~~~~~~~

မြတ်စွာဘုရားရဲ့တရားတော်ဟာ
ကိလေသာဝဋ်,ကမ္မဝဋ်,ဝိပါကဝဋ်လို့ဆိုတဲ့လည်ပတ်ပြီးဖြစ်နေတဲ့
သဘာဝတရားတွေဖြစ်တယ်...။

ပဋိစ္စသမုပ္ပါဒ်အရပြောရရင်
အကြောင်းတရားတစ်ခုကိုအမှီပြုပြီး
အကျိုးတရားတွေကိုထုတ်လုပ်နေတဲ့
အကြောင်းတရားတွေ၊
အကြောင်းတရားကထုတ်လုပ်ထားတဲ့
အကျိုးတရားတွေဖြစ်တယ်...။

ဒါတွေဟာ
စဉ်ဆက်မပြတ်ဖြစ်နေသည့်အတွက်
ဘဝဆိုတာဖြစ်တယ်လို့
မှန်ကန်တဲ့အမြင်နဲ့သိဖို့လိုတယ်...။

အကြောင်းနဲ့အကျိုးဆက်စပ်ပြီး
ဖြစ်နေတာဆိုရင်
အကျိုးက်ုိမလိုချင်တဲ့အခါ
အကြောင်းကိုဖယ်ရှားဖို့လိုတယ်ပေါ့...။

အကြောင်းတွေဖယ်ရှားနိုင်ဖို့
နည်းစနစ်တွေကိုလည်း
မြတ်စွာဘုရားကဟောပြောခဲ့တယ်...။

ဘာကြောင့်ဖြစ်တယ်ဆိုတာလည်း
ဟောထားတယ်၊
ဖြစ်တာတွေကိုမလိုချင်တော့ဘူး
ဆိုရင်လည်း ဘယ်နည်းနဲ့
ချုပ်ငြိမ်းအောင်လုပ်လို့ရတယ်
ဆိုတာကိုလည်းဟောထားတယ်၊
အင်မတန်မှပြီးပြည့်စုံတဲ့
တရားဓမ္မတွေပဲ...။

သံသရာကလွတ်ဖို့ဆိုတာ
တရားမကျင့်ဘဲနဲ့
လွတ်နိုင်တာမဟုတ်ဘူး၊
အကြောင်းကိုဖယ်ရှားဖို့ဆိုတာ
မှန်ကန်တဲ့နည်းလမ်းကိုမသုံးဘဲနဲ့
ဖယ်ရှားလို့ရတာမဟုတ်ဘူး၊
ဖယ်ရှားလို့ရမယ်ဆိုရင်
လူတိုင်းအလွယ်တကူဖယ်ရှားမှာပေါ့...။

မှန်ကန်တဲ့အကျင့်လို့ခေါ်တဲ့
ဗြဟ္မစရိယမြတ်သောအကျင့်ကို
ကျင့်သုံးခြင်းဖြင့်
ဆိုင်ရာဆိုင်ရာအကြောင်းတရားတွေကို
ဖယ်ရှားနိုင်တယ်...။

ဆိုပါစို့ -
သံသရာဝဋ်ကလွတ်ချင်တယ်ဆိုရင်
ကိလေသာတွေကိုဖယ်ရှားရမယ်၊
ကိလေသာတွေကိုဖယ်ရှားခြင်းဖြင့်
ကံကိုဖယ်ရှားပြီးသားဖြစ်သွားမယ်...။

ကိလေသာနဲ့ကံကိုဖယ်ရှားခြင်းဖြင့်
ဝိပါကဆိုတဲ့အကျိုးတရားတွေ
မလာတော့ဘူး၊
ဒါသံသရာဝဋ်ကလွတ်တဲ့နည်းပဲ...။

(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ)

🙏🙏🙏🙏🙏🙏🙏🙏🙏

စရိုက်လက္ခဏာများ

ကိုယ့်ကိုယ်ကို ဖျက်ဆီးသူများတွင် 
ရှိတတ်သော  စရိုက် လက္ခဏာများ "
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

၁။" လောဘကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖
သင့်တင့်တဲ့ လောဘသို့ 
အပြုသဘောဆောင်တဲ့ 
မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက် 
အားပေးသော အချက်ဖြစ်သော်လည်း 
တစ်ချို့လူများဟာ လွန်ကဲတဲ့ 
အတ္တလောဘစိတ်ကြောင့် လမ်းမှားကို
ရောက်သွားတတ်ကြပါတယ်။

၂။ "အချိန်မလေးစားခြင်း"
➖➖➖➖➖➖➖➖
တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ 
အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ 
ဖြစ်ဖြစ် အချိန်မလေးစားမှုဟာ ရေရှည်မှာ 
ကိုယ့်ကိုယ် ဂုဏ်သိက္ခာကျဆင်းပြီး 
လူအများ၏ လေးစားမှုကို 
ကျဆင်းစေပါလိမ့်မယ်။

၃။" အကောင်းမြင်စိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
အချို့သော အခြေအနေတွေဟာ 
အကောင်းမြင်လို့ မရလောက်အောင် 
ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။ 
ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ 
သင်ရှာဖွေကြည့်ရမယ်။

၄။" အားနာခြင်း "
➖➖➖➖➖➖
ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ 
စားချင်လို့၊ လုပ်ချင်လို့ပဲ လုပ်ပါ။ 
အခြားသူကို အားနာလို့ လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ။

၅။" ဒေါသကြီးခြင်း"
➖➖➖➖➖➖
အချို့သောသူများဟာ 
လမ်းဘေးက ခွေးဟောင်လည်း 
စိတ်တိုသလို မိုးရွာနေပူရင်လည်း 
စိတ်တိုတတ်ကြတယ်။ 
အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ 
ဘာမဟုတ်တာလေးနဲ့
စိတ်တိုတတ်တာဟာ ပတ်၀န်းကျင်ကို 
အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း 
အသက်တိုစေနိုင်ပါတယ်။

၆။ "လောင်းကစား ကျူခြင်း"
➖➖➖➖➖➖➖➖➖
လောင်းကစားလုပ်ခြင်းဟာ 
သင်တစ်ဦးတည်း မဟုတ်ပဲ သင့်မိသားစု ပတ်၀န်းကျင်ကိုပါ အောက်ကို 
ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။

၇။" အပျင်းကြီးခြင်း"
➖➖➖➖➖➖➖
သင်အပျင်းကြီးနေသမျှ 
ကာလပတ်လုံး လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို 
သင်သိထားရင် အပျင်းမကြီးပါနဲ့။ 
အချိန်နဲ့အလုပ်ပြီးအောင် လုပ်ပါ။

၈။ "ကျန်းမားရေး မလိုက်စားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သေတဲ့သူတွေဟာ ထပ်ပြီး 
ဘာမှ မလုပ်နိုင်တော့ပါဘူး။ 
အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ 
ဆက်လက်အသက်ရှင်ဖို့ လူအများကို 
ကူညီနိုင်ဖို့  ကျန်းမာရေးကို လိုက်စားပါ။ 
လွယ်ပြီး ထိရောက်တာလေးတွေကနေ စပါ။

၉။" မာနကြီးခြင်း"
➖➖➖➖➖➖
သင်မာနကြီးရင် 
သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။ 
မာနကြီးရင် အခြားသူတွေကို သင်နဲ့ အတူ 
အလုပ်လုပ်ဖို့ အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ 
ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက
သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။

၁၀။" အမှားအမှန်မခွဲခြားနိုင်ခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်ဗဟုသုတနည်းတဲ့အခါ 
အမှားအမှန်ကို မသိဘူး ဖြစ်လာမယ်။ 
အဲဒါကြောင့် စာများများ ဖတ်ပါ၊ 
ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

၁၁။" အယုံလွယ်ခြင်း "
➖➖➖➖➖➖➖
ချမ်းသာနည်းတို့ 
အောင်မြင်နည်းတို့  ပေးမယ်လို့
ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့ 
စျေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင် 
သင်အလိမ်ခံရနိုင်တယ်ဆိုတာကို 
သတိလေးထားပြီး လေ့လာကြည့်ပါ။

၁၂။" ကတိ မတည်ခြင်း"
➖➖➖➖➖➖➖➖
ကတိမတည်တဲ့သူကို ဘယ်သူမှ 
ခေါင်းဆောင်မတင်ချင်ဘူး။ 
ကတိမတည်တဲ့သူဆီက 
ဘယ်သူမှ မ၀ယ်ချင်ဘူး။ အဲဒါကြောင့် 
သင့်လုပ်ငန်းကို အောင်မြင်ချင်ရင် ကတိတည်ပါ။

၁၃။" အသုံးအဖြုန်းကြီးခြင်း"
➖➖➖➖➖➖➖➖➖
လိုအပ်တဲ့နေရာမှာ သုံးပါ၊ 
မလိုအပ်တဲ့နေရာတွေမှာ မဖြုန်းပါနဲ့ ။ 
ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ 
မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

၁၄။" အပေါင်းအသင်း မှားခြင်း"
➖➖➖➖➖➖➖➖➖➖
Jim Ron က ပြောတယ်။ 
သင်အများဆုံးတွဲတဲ့ 
လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။ 
အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။
ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ 
ကြိုးစားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

၁၅။" စည်းကမ်း မရှိခြင်း"
➖➖➖➖➖➖➖➖
စိတ်အားတက်ကြွမှုရှိရင် 
လူတစ်ယောက်ဟာ စပြီးသွားတယ်။ 
စည်းကမ်းရှိရင် ဝေးဝေးကို 
သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် 
စည်းကမ်းတွေ သတ်မှတ်ထားပါ။ 
သင်ကိုယ်တိုင်ပဲ ထိန်းသိမ်းပါ။

၁၆။" အပျော်အပါး မက်လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
လူငယ်တွေဆိုရင် 
အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ 
ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် 
တိုးတက်ရာ တိုးတက်ကြောင်းအတွက် 
အချိန်မပေးနိုင် ဖြစ်လာပါလိမ့်မယ်။

၁၇။" မူးယစ်ဆေးဝါး သုံးစွဲခြင်း"
➖➖➖➖➖➖➖➖➖➖
မူးယစ်ဆေးဝါးသုံးစွဲတာဟာ 
ဥပဒေကြောင်းအရ  ရင်ဆိုင်ရရုံမျှမက 
ကျန်းမာရေး၊ စီးပွားရေး၊ 
လူမှုရေး အကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် 
ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

၁၈။" သံသယစိတ် များလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
ယုံလွယ်လွန်းတာဟာ ပြဿနာဖြစ်သလို 
သံသယ များလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။
သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ 
လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ 
ကိုယ်ရေးကိုယ်တာဘ၀မှာ ဖြစ်ဖြစ် 
အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်။

၁၉။" မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမ၀င်တော့သလို
အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို 
နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

၂၀။" ဆုံးဖြတ်ချက် မပြတ်သားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ 
မပြတ်သားကြတဲ့သူတွေ 
တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ 
ထိရောက်မှု မရှိတဲ့သူတွေ ဖြစ်ပါတယ်။

၂၁။" လုံ့လဝိရိယ အားနည်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်လိုချင်တဲ့ 
ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။ 
အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့ 
ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ 
သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

၂၂။" ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ 
Transformation လို့ ပြောရင် 
တိုးတက်ပြောင်းလဲမှုလို့ 
နားလည်ရမယ်။ ပြောင်းလဲလိုစိတ် မရှိရင် 
တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။

၂၃။" လေ့လာသင်ယူမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် 
စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။
သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့
အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ 
ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

၂၄။" နှမြောလွန်းခြင်း"
➖➖➖➖➖➖➖
ချွေတာတတ်တာဟာ 
ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ 
နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို 
အသုံးမချတတ်သလို ဖြစ်လာမယ်။ 
သုံးသင့်တဲ့နေရာမှာ သုံးပါ။

၂၅။" အစွန်းရောက် လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖
သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ 
တစ်ခါတစ်ရံမှာ 
သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား 
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ 
ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို 
လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့ သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

၂၆။" ရည်မှန်းချက် မရှိခြင်း"
➖➖➖➖➖➖➖➖➖
ရည်မှန်းချက် မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ 
ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။ 
သင့်လုပ်ငန်း၊ ဘ၀၊ အလုပ်အကိုင်၊ မိသားစု
အားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။

၂၇။" မိမိကိုယ်ကိုယ် သုံးသပ်မှုမရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
လူတိုင်းလူတိုင်းဟာ 
အချိန်ကာလတစ်ခုရောက်တိုင်းမှာ 
ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ 
လိုအပ်နေတယ်ဆိုတာကို
ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ 
အဲဒီလိုသုံးသပ်မှုဟာ 
သင့်ကို ပိုမိုမြင့်မားတဲ့ အသိဥာဏ်တွေကို ရရှိပါစေလိမ့်မယ်။

၂၈။" တာဝန်ယူမှု/တာဝန်ခံမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် 
၁၀၀ ရာခိုင်နှုန်း တာ၀န်ယူမှု 
တာ၀န်ခံမှု လိုလာပါတယ်။ အဲဒီလို 
မဟုတ်ပဲ အခြားသူတွေကို လက်ညှိူးထိုးနေသမျှ 
ကာလပတ်လုံး ထောင်ချောက်မိနေတဲ့ 
သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့ 
အခက်အခဲကနေ လွန်မြောက်မည့်နည်းကို 
ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ 
နောက်ထက်အောင်မြင်မှု 
အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။

၂၉။" ပူပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
စိတ်နေသဘောထားကောင်းပြီး 
အရည်အချင်းရှိသူတွေ 
အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှု
မရှိတာကြောင့် လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ
ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့် 
လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့
ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့ 
လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။

၃၀။" တစ်ကိုယ်ကောင်းဆန်ခြင်း"
➖➖➖➖➖➖➖➖➖➖➖
အတ္တစိတ်လွန်ကဲခြင်းဟာ 
လူအများနဲ့ ကင်းကွာခြင်းရဲ့
အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ 
သင့်ဖက်ကိုသာ သင်ကြည့်နေသမျှ 
ကာလပတ်လုံး ပတ်၀န်းကျင်က
သူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို 
ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။

၃၁။" ကိုယ်ချင်းစာစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လူမှုဆက်ဆံရေးမှာ 
ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။ 
အဲဒါကတော့ သင့်ကို လာလုပ်ရင် 
သင်မကြိုက်သောအရာကို အခြားသူများကို 
မလုပ်ဖို့ ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ် ဆိုတာဟာ
ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ 
စိတ်နေစိတ်ထား ဖြစ်ပါတယ်။

၃၂။" အလိုက် မသိခြင်း"
➖➖➖➖➖➖➖➖
အလိုက်ကန်းဆိုးနားမလည်ခြင်း၊ 
အခြေအနေကို မကြည့်ပဲ လုပ်ချင်ရာ 
လုပ်ခြင်းတို့ကြောင့် သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင် 
ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့် ရွေးချယ်မှုသာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿Credit.

မေတ္တာဓာတ်နည်းနေလို့

တချို့ကပြောတယ်။ကိုယ် နဲ့ မ တန်တဲ့သူ ကို ဘယ် လို မှ မေတ္တာထားလို့ မရဘူးတဲ့။

ဒါဟာ “အမုန်းတရားကို အရှုံးပေးနေတာပါပဲ” လေ။ 

အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ဖြစ်မယ်။

လူတွေရဲ့မွေးရာပါသန္တာန်မှာ အကောင်းနဲ့ အဆိုး (၂) မျိုးပဲရှိတယ်။

သဘာဝ (၂) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက လွှမ်းမိုးနေလို့ မေတ္တာဓာတ်တွေ အားနည်းနေတာ ဖြစ်တယ်။

ဒါဆို ဘယ်လိုလုပ်ရမလဲဆိုရင် မေတ္တာ ဓာတ် တွေ ရလာ အောင် လို့ တစ်ဖြည်းဖြည်းနဲ့ လေ့ကျင့် ယူ ရမှာပေါ့။

မလေ့ကျင့်ဘဲနဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ် ပါ ဘူး။

တောင်တက်သမားတွေ ဆိုရင်လည်း လေ့ကျင့် ရ တာပါပဲ။

ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့် ကြရ တာ ပါပဲ။

ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ။

လေ့ကျင့်တယ်ဆိုရင် စွမ်းရည် တတ်လာတာပါပဲ။

စိတ်ကိုလည်း လေ့ကျင့်ပေးရင် စွမ်းရည် တတ် လာ မှာ ပါပဲ။

အဲဒီပုဂ္ဂိုလ်ကို ပဲ ဦးတည်ပြီးတော့ မေတ္တာ ပွား ရုံနဲ့တော့ မလုံလောက်သေးပါဘူး။

အဲဒီတော့ မေတ္တာကို ထပ်ပြီးတော့ တိုးချဲ့ လိုက် ပါဦးတဲ့။

သတ္တဝါအားလုံးရဲ့ အပေါ်မှာ မေတ္တာ ပွားများ လိုက် ပါ။

မေတ္တာဓာတ် ကို ပိုပြီးတော့ ခိုင်မာအောင် တိုးချဲ့ လိုက်တာ။

ဘုရားဟောတဲ့ စိတ်ထားလေးတွေ ဘယ် လောက် ကောင်းလိုက် သလဲ နော်။

ပထမအချက်အနေနဲ့ ကိုယ့်အပေါ်မှာ မကောင်း သတင်း ပြောလာတဲ့ အခါမှာ မိမိစိတ်ကို ပြောင်း လဲ မသွားအောင် စိတ်ကို မဆိုးအောင် ထိန်း လိုက် ပါ။

တကယ်လို့ စိတ်ဆိုးမိပြီဆိုရင်လည်း ကြမ်းတမ်း တဲ့ စကားလုံးတွေ နဲ့ မတုံ့ပြန်မိပါစေနဲ့။

အဲဒီလို ပြောလာတဲ့သူအပေါ်မှာ ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်ကလေးမွေးလိုက်ပါ။

နောက်ဆုံးမှာ မေတ္တာပွားများပေးပါ။

နောက်တစ်ခု အဲဒီလူအပေါ်ကနေ မေတ္တာစိတ် ကလေး ထား နေရာကနေ ပိုပြီး ကျယ်ပြန့်တဲ့ မေတ္တာ နဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့် ကျက်လိုက်ပါ။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ

ပါချုပ်ဆရာတော် #တရားမှတ်စု # 🙏🏻🙏🏻🙏🏻
cardit

Monday, June 6, 2022

စိတ်ညစ်နေလျှင်

ကိုယ့်ဘဝထဲက 
စိတ်ညစ်စရာအတွေးတွေကို
ဖယ်ထုတ်ပစ်ဖို့ထက်
ထပ်တလဲလဲတွေးပြီးတော့
ပူဆွေးနေကြတာများပါတယ်။

အဲဒီလိုတွေးပြီးတော့

စိတ်ဆင်းရဲနေတာကြောင့်
ကိုယ့်ဘဝမှာ 
ပျော်ရွင်မှုတွေနဲ့ဝေးကွာစေပါတယ်။

စိတ်ညစ်စရာ အတွေးတွေနဲ့
ကိုယ့်ဘဝကို အချိန်မဖြုန်းနဲ့။။

ကိုယ်လုပ်ရမဲ့ အလုပ်ကို
ကိုယ်ကပဲ တန်ဖိုးထားလုပ်ရမယ်။

စိတ်ညစ်ရတဲ့ အချိန်ဆိုတာ
ဘဝမှာ ခဏလေးပါပဲ ။

ကိုယ့်ရဲ့ အားနည်းချက်ကို 
ပြင်ဆင်ပြီးတော့
ကိုယ်ရွေးချယ်ထားတဲ့ 
ဘဝကို ပိုမိုလှပနေလိုက်အောင်
ကြိုးစားပစ်လိုက်စမ်းပါ။

ငိုချင်နေရတဲ့ အချိန်တွေမှာ
ဟာသတပုဒ်ရှာဖွေပြီးတော့
ဖတ်လိုက် ကြည့်လိုက်ပါ။
အားရအောင် ရယ်ပစ်လိုက်ပါ။
စိတ်ဆင်းရဲစရာတွေက
တဖြည်းဖြည်းပျောက်ကွယ်လိမ့်မယ်။

ဒါမှမဟုတ်ရင်
ဘုရားတရား ကုသိုလ်ဘာဝနာနဲ့
ကိုယ့်စိတ်ကို ချမ်းသာအောင်
ပြုပြင်ဆောင်ရွက်ပေးရမှာဖြစ်တယ်။

ကိုယ် အောင်မြင်ချိန်ရောက်ရင်
ကိုယ် ကြုံတွေ့ခဲ့ရသော
စိတ်ညစ်စရာ အရာအားလုံးဟာ 
ဟာသတပုဒ်ဖြစ်ကာနေလိမ့်မယ်။

ကိုယ့်ရဲ့အတွေ့အကြုံတွေဟာ
ကိုယ့်ဘဝကို
မြင့်မားတိုးတက်စေဖို့အတွက် 
လှေကားထစ်တွေပဲ ဖြစ်ပါတယ်။

စိတ်ညစ်စရာတွေကို ဖယ်ထုက်ပစ်ပါ။
စိတ်ချမ်းသာပျော်ရွှင်မှုရအောင်
ကိုယ့်ဘဝကို တည်ဆောက်လိုက်ပါ။

   Credit.. မာဃအရှင်(အညာမြေ)

ကုသိုလ်ပြုပြီး ဆုတောင်းဖို့လိုပါသလားဘုရား

အရှင်ဘုရား !

ကုသိုလ်လုပ်ပြီးရင် ဆုတောင်းဖို့ လိုပါသလားဘုရား
တစ်ချို့က မလိုဘူး ပြောနလို့ပါဘုရား။

~~~~~~~~~~~~~~~~~~~~~~~~~~~~

 အကုသိုလ်တွေလုပ်ပြီးရင် ငရဲကျပါစေလို့ ဘယ်သူမှ ဆုမတောင်းကြဘူးမလား၊

ဆုမတောင်းပေမယ့်လည်း အကုသိုလ်က အကျိုးပေးခွင့်ရရင် အပါယ်ကို ရောက်စေနိုင်တာပါပဲ။

ဒီလိုပဲ ကုသိုလ်ဆိုတာလည်း ဆုမတောင်းပေမယ့်လည်း အကျိုးပေးခွင့်ရရင် ကောင်းရာသုဂတိကို ရောက်စေနိုင်တာပါပဲ။

ဒါပေမယ့် ဥပရိပဏ္ဏာသအဋ္ဌကထာ၊ ၁၀၄ မှာ ကုသိုလ်လုပ်ပြီးရင် ဆုတောင်းဖို့ တိုက်တွန်းထားတာတွေ့ရတယ်။

ဆုမတောင်းလည်း ကုသိုလ်က အကျိုးပေးနိုင်တယ်ဆိုပေမယ့် ဦးတည်ရာမရှိ အကျိုးပေးချင်တာ ပေးနေတတ်တယ်တဲ့။

အပေါ်ကို ဒုတ်ချောင်းတစ်ချောင်း ပစ်တင်လိုက်လို့ ပြန်ကျလာတဲ့အခါ အဖျားနဲ့ ကျချင်ကျမယ်၊ အရင်းနဲ့ ကျချင်ကျမယ်၊ အလယ်ပိုင်းနဲ့ ကျချင်ကျမယ်၊ သတ်သတ်မှတ်မှတ် မရှိသလိုပေါ့တဲ့။

ဆုမတောင်းဘူးဆိုရင် ကိုယ့်ရဲ့ ကိုလ်သိုလ်က အကျိုးပေးတဲ့အခါ သတ်သတ်မှတ်မှတ် မရှိတဲ့အတွက် ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်တဲ့အနေနဲ့ ဆုတောင်းသင့်ပါတယ်တဲ့။

သတိပြုစရာကတော့ ဗုဒ္ဓဘာသာမှာ ဆုတောင်းခြင်းပြုတာနဲ့ အခြားဘာသာမှာ ဆုတောင်းခြင်းကို ပြုတာက မတူပါဘူး။

အခြားဘာသာမှာ ဆုတောင်းခြင်းက ဘုရားသခင်က တန်ခိုးတော်နဲ့ ကူညီပေးဖို့ ဆုတောင်းတာမျိုးပါ။

ဗုဒ္ဓဘာသာမှာ ဆုတောင်းတာက ဘုရားက တန်ခိုးနဲ့ ကူညီဖို့ မဟုတ်ပါဘူး၊ 

မိမိလုပ်ထားတဲ့ ကုသိုလ်ရဲ့ အကျိုးကိုပဲ တောင်းတတာမျိုးပါ။

Credit..ဓမ္မဝိနယ pg

Saturday, June 4, 2022

ဘုရားခန်း၏တန်ဖိုး

🙏🙏ဘုရားခန်း၏ တန်ဖိုး 🙏🙏

" အိမ်ဦးခန်း  ဘုရားခန်း ' တစ်ခုတည်းဖြင့် ကုသိုလ်ရေးကိစ္စ ပါရမီကိစ္စ အားလုံး ပြီးစီး နိုင်ပါတယ် "

မိမိတို့ အိမ်ဦးခန်းရှိ ဘုရားခန်း၌
"သက်တော်ထင်ရှား မြတ်စွာဘုရား၌ လည်းကောင်း၊
ပရိနိဗ္ဗာန် စံတော်မူ သွားကုန်သော ဘုရားရှင်တို့၌ လည်းကောင်း၊
စိတ် စေတနာ တူမျှသည် ရှိသော် တူသောအကျိုး  ပေး၏  "  ...ဟူသော ဒေသနာတော်ကို ယုံကြည် မြတ်နိုး၍ ပုံတော်ကို ဂုဏ်တော်သွင်းပြီး

(၁) ဒါနပါရမီ
ဘုရား၌ ဆွမ်း , ရေချမ်း , ပန်း စသည်တို့ကို လှူဒါန်းခြင်းစသော ဒါနပါရမီ ။

(၂)သီလပါရမီ 
ဘုရားရှေ့၌ သက်တော်ထင်ရှား မြတ်စွာဘုရား ထံတော်ပါး ကဲ့သို့ 'သီလ' ကို ရိုသေစွာ ခံယူ ဆောက်တည်ခြင်းစသော သီလပါရမီ ။

(၃) နေက္ခမပါရမီ
ဘုရားခန်းရှေ့၌ မကောင်းသော အကြံအစည် အကုသိုလ်များမှ ခေတ္တ ရုန်းထွက်၍ မေတ္တာ ဘာဝနာ စသည် တို့ကို ပွားများနေခြင်း စသော နေက္ခမပါရမီ ။

(၄) ပညာပါရမီ
ဘုရားခန်းရှေ့၌ အာနာပါန သမထ ဝိပဿနာ စသည်တို့ကို အားထုတ်ခြင်း စသော ပညာပါရမီ ။

(၅) ဝီရိယပါရမီ 
ဘုရားခန်းရှေ့၌  ဒါန ,သီလ ,သမာဓိ, ပညာ ဖြင့် အကုသိုလ်များ မဖြစ်ပွားဘဲ ကုသိုလ်တရား ဖြစ်ပွားအောင် ကြိုးစား အားထုတ်ခြင်း စသော ဝီရိယပါရမီ ။

(၆)ခန္တီပါရမီ 
ဘုရားခန်းရှေ့၌ ညောင်းညာခြင်း , ပျင်းရိခြင်း , ခြင်ကိုက်ခြင်း စသည်တို့ကို သည်းခံ၍  ကုသိုလ်တရားတို့ကို ကြိုးစားခြင်း စသော ခန္တီပါရမီ ။

(၇)သစ္စာပါရမီ 
ဘုရားခန်းရှေ့၌ ဘုရားစာဆိုခြင်း ,ပရိတ် ပဋ္ဌာန်းတရားများ ရွတ်ဖတ်ခြင်း စသော သစ္စာပါရမီ ။

(၈)အဓိဋ္ဌာန်ပါရမီ
ဘုရားခန်းရှေ့၌ ဝတ္တရားမပျက် ကုသိုလ်တရားတို့ကို ခိုင်မြဲစွာ ပြုလုပ် ဆောက်တည်ခြင်းစသော အဓိဋ္ဌာန်ပါရမီ။

(၉)မတ်တောပါရမီ 
ဘုရားရှေ့၌ သတ္တဝါများအား မေတ္တာပို့ခြင်း , မေတ္တာပွားများခြင်း စသော မေတ္တာပါရမီ။

(၁၀) ဥပက္ခောပါရမီ
ဘုရားခန်းရှေ့၌ “သဗ္ဗေသတ္တာ ကမ္မသကာ” အကြောင်းကံ ကို နှလုံသွင်း ဆင်ခြင်ခြင်း - ဥပေက္ခာပါရမီတည်းဟူသော 
' ပါရမီ ဆယ်ပါး ' ကုသိုလ် တရားထူးကြီးများကို ဘုရားခန်း တစ်ခုတည်းက ပေးစွမ်းနိုင်ပါကြောင်း ကို 
'မျက်စိမလျှမ်းကြဖို့ ' အကျိုးမျှော်၍ နှိုးဆော် အပ်ပါသည်။ "

"  အိမ်ရှိဘုရားခန်းမှာ လူမူရေး ,စီးပွားရေး , ကြီးပွားရေး ,လောကီအကျိုးစီးပွား အားလုံး အတွက်  '  သော့ ' ရှိနေတယ် အရယူနိုင်အောင် ကြိုးစားကြ ။

'လောကုတ္တရာတရားအတွက် အခြေခံကောင်း , ရတနာသိုက်ကြီးရဲ့ 'သော့ ' ဟာလဲ ဒီမှာပဲ ရှိတယ် ။

(ကျေးဇူးရှင် ရွှေပေါ်ကျွန်း 
အရှင်ဇေယျသိဒ္ဓိ ဓမ္မဉာဏိက 
ဆရာတော် ဘုရားကြီး ။ မလိူင်မြို့ ) 

🙏အဓိကကတော့ မိမိတို့ရင်ထဲမှာ ပွင့်တော်မူပြီးသော ဘုရားရှင်များ၏တူညီသော ဂုဏ်တော် ကျေးဇူးတော်တို့ကို နှလုံးသားထဲမှာ ထင်မြင်လာအောင် ပွားများကြည်ညိုတတ်ဖို့ အရေးကြီးပါသည် ။

ဘုရားခန်းတွင် ရတနာသုံးပါးနှင့် သက်ဆိုင်သော ပစ္စည်းများမှလွဲ၍ မည်သည့် အရာကိုမျှ မထားရပါ 
ဘုရားခန်းရှင်းမှ စိတ်ရှင်းပါမည် ...

စိတ်ရှင်းမှ ကြည်ညိုသဒ္ဓါဖြစ်ပြီး တရားထိုင်ခြင်းအား 
အထောက်အပံ့ဖြစ်ပါမည် ..

Credit to မူရင်းရေးသူ

Friday, June 3, 2022

ဝိပဿနာအားထုတ်ရင် ငရဲမှလွတ်နိုင်ပါသလား

ဝိပဿနာအားထုတ်ရင် ငရဲမှလွတ်နိုင်ပါသလား
•••••••••••••••••••••••••••••••••
          ဝိပဿနာ အားထုတ်လို့"ငရဲ မှ လွတ်မြောက်နိုင်တဲ့ အကြောင်း" ကို "ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ" ရဲ ့ဝိပဿနာသင်တန်း အမေးအဖြေများ (၂) ထဲ မှ အမေးဖြေ ကောက်နှုတ်ချက် ကို ဓမ္မမိတ်ဆွေများ ဗဟုသုတ အဖြစ် သိရှိ၍ သဒ္ဓါတရား ပိုမိုပွားများလာစေရန် ပူဇော်ယင်းတင်ပြလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••
            "ငရဲမှလွတ်နိုင်ပါတယ်။ အပါယ်လေးမှလည်းလွတ်နိုင်ပါတယ်။ မေးခွန်းကိုထောက်ဆကြည့်ရင် သက်သေ သာဓက ကိုင်ပြဖို့ထက် ယုတ္တိရှိမရှိ ကို ဖြေဆိုရမယ်ထင်ပါတယ်။
            ငရဲဆိုတာ အပါယ်လေးဘုံထဲက ဘုံဌာနတစ်ခုပါ။ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တွေဟာ အပယ်လေးဘုံပါ။
            ငရဲဆိုတာ "နိရယ" ပါဠိစကား၊ ချမ်းသာကင်းရာအရပ် ချမ်းသာမှုမရှိခြင်း လို့ အဓိပ္ပါယ်ရှိပါတယ်။
             "အပါယ်" ဆိုတာကလည်း "အပါယ = အပ+အာယ " ပါဠိစကားပါ။ ချမ်းသာကင်းရာ၊ ချမ်းသာမှုနည်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။
             စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နှစ်မျိုးမှာ နှစ်မျိုးစလုံး "ဒုက္ခ" တွေချည်းပါ။ ဒါပေမယ့် ကိုယ်ဆင်းရဲနေတဲ့အခါ နေတတ်၊ ထိုင်တတ်ရင် စိတ်ချမ်းသာနိုင်သေးတယ်။ စိတ်ဆင်းရဲ နေပြီဆိုရင်တော့ ကိုယ်ချမ်းသာအောင်လည်းမနေတတ်တော့ဘူး။ စိတ်ဆင်းရဲမှုကြောင့် ကိုယ်ပါဆင်းရဲ ပြီး ဆင်းရဲနှစ်မျိုးလုံး ခံနေရပါတယ်။
           ဒါကြောင့် တချို့က ကိုယ်ချမ်းသာပြည့်စုံနေပေမယ့် စိတ်ဆင်းရဲနေရရင် "ငရဲကျနေတယ်၊ မချမ်းသာဘူး ၊ အပါယ်ရောက်နေတယ်" လို့ ဆိုကြပါတယ်။
           ဘုံဌာနအနေနဲ့က" အောက်လေးဘုံ၊ အနိမ့်ဆုံး လေးဘုံ " လို့ပြောကြပါတယ်။ အဲဒီအနိမ့်ဆုံးဘုံတွေ၊ ငရဲဘုံတွေကို "အကုသိုလ်စိတ်ဆင်းရဲမှု" က ပို့ပေးတာပါ။ အကုသိုလ်ဖြစ်နေတယ်ဆိုတာ "စိတ်"မှာဖြစ်တာ။ စိတ်ဆင်းရဲနေတာပါ။
             စိတ်ဆင်းရဲတယ်ဆိုတာ စိတ်ပူ၊ စိတ်နောက်၊ စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်လေးနေတဲ့ သဘောတွေပါ။
             ချောင်းထဲ၊ မြစ်ထဲ၊ ရေထဲကိုဖော့တုံးနဲ့ သံတုံးကြီးကြီး ဖြစ်ဖြစ် သေးသေးဖြစ်ဖြစ် ပစ်ချကြည့်လိုက်ပါ။ ဘယ်ဟာမြုပ်မလဲ သံတုံးပေါ့။ သံခဲ သံစပေါ့ လေးတာကိုး။
              ဒီသဘောပါပဲ။ စိတ်လေးရင် အောက်မြှပ်မယ်။ စိတ်ပေါ့ပါး ရင် ပေါ်မယ်။ အထက်အမြင့်ကိုတက်မယ်။
               စိတ်ဆင်းရဲမှုဆိုတဲ့ အကုသိုလ်စိတ်ဖြစ်နေရင် ဒီစိတ်ကိုအရင်းခံပြီး ကြံစည်ပြောဆို ပြုမှုနေရင် အောက်ကိုချတယ်။အောက်ကျပါတယ်။
                စိတ်ချမ်းသာမှုဆိုတဲ့ ကုသိုလ်စိတ်ဖြစ်နေရင် ပေါ့ပါးလန်းဆန်းပြီး အထက်တက်ပါတယ်။
                 ဝိပဿနာဆိုတာ "စိတ်"အလုပ်ပါ။ "ကုသိုလ်" စစ်စစ်ပါ။ အထက်တန်းရောက်စေနိုင်တဲ့ ကုသိုလ်၊ စိတ်ချမ်းသာမှု အမြင့်မားဆုံးရစေတဲ့ ကုသိုလ် ပါ။
             ဝိပဿနာအားထုတ်ရင် စိတ်ချမ်းသာပြီးကြည်လင်လန်းဆန်းတယ်။ အမှန်အတိုင်းသိနေလို့ စိတ်အနှောက်ယှက်တွေ ကင်းတယ်။ စိတ်လန်းဆန်းတော့ စိတ်ကြောင့်ဖြစ်နေတယ် ရုပ်တွေလည်း လန်းဆန်းပေါ့ပါကြည်လင်နေကြပါတယ်။
          အပါယ်လေးဘုံရဲ့ ဘုံဌာနအရပ်ဒေသကို ဦးစားပေးမပြောဘဲ ယုတ္တိသဘောနဲ့ ပြောရရင် ချမ်းသာကင်းတဲ့ငရဲဆင်းရဲဘေးက လွတ်ဖို့ ဝိပဿနာရှုစိတ်၊ အသိဉာဏ်ပါတဲ့ကုသိုလ်စိတ်နဲ့ စိတ်ချမ်းသာနေရင် အပါယ်ငရဲကလွတ်ပါတယ်။ ဝိပဿနာစိတ်မှာ အပါယ်ငရဲပို့တတ်တဲ့ ဝိစိကိစ္ဆာ၊ မိစ္ဆာဒိဋ္ဌိ တွေ ကင်းနေလို့ ဆိုတဲ့ တရားသဘောနဲ့ လည်း "ငရဲ" ကလွတ်ပါတယ်။
        ဒါကြောင့် ဝိပဿနာ အားထုတ်ပါ။ ဝိပဿနာအားထုတ်နေရင် "ငရဲ"က မုချလွတ်တယ် ဆိုတာအသေချာလို့ဆရာရာတော် ဖြေကြားချက်ကို တင်ပြလိုက်ပါတယ်။

•••••••••••••••••••••••••••••••••••••
(ကိုးကား-"ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ" ရဲ့ဝိပဿနာသင်တန်း အမေးအဖြေများ (၂) ထဲ မှ အမေးဖြေ ကောက်နှုတ်ချက် ဖြစ်ပါကြောင်း)
မေတ္တာဖြင့်
( ခန္တာ-၅ပါးတစ်ဦး )

ခံစားနေရတဲ့ချမ်းသာထက် မခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်

"ခံစားနေရတဲ့ချမ်းသာထက် 
မခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်"
*******************************
    
ဝေဒနာဆိုတာ လောကီချမ်းသာပဲ။
လောကီချမ်းသာကိုကျော်ပြီး 
လောကုတ္တရာချမ်းသာကိုသွားရမှာ။
ဝေဒနာကျော်တယ်ဆိုတာ 
ဒီလိုဖွင့်မှ မြတ်စွာဘုရားရဲ့ဝိပဿနာ၊

ဒါကြောင့်အရှင်သာရိပုတ္တရာကြီးက 
ခံစားနေရတဲ့ချမ်းသာထက် 
မခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်ဆိုတော့ 
နားမလည်နိုင်ဘူး။
ဘယ်နားလည်မတုန်း
ကိလေသာငြိမ်းတဲ့ချမ်းသာနဲ့ 
ခန္ဓာငြိမ်းတဲ့ချမ်းသာ၊
ခန္ဓာငြိမ်းတဲ့ချမ်းသာက ပိုချမ်းသာတာပေါ့။
ဒါကိုအရှင်သာရိပုတ္တရာက ဟောပြသွားတာ။
    
မခံစားရတာကို ဘယ်လိုလုပ်ချမ်းသာတာလဲ၊
ဝေဒနာကျော်တယ်ဆိုတာ အဲ့ဒါပဲ။
မခံစားရမှ ချမ်းသာတာ၊
ခံစားမှုဝေဒနာရှိနေသ၍ 
ဆင်းရဲရောချမ်းသာရော ဖြစ်နေမှာပဲ၊
ဝေဒနာကမလွတ်မြောက်နိုင်ဘူး။
ခန္ဓာရှိတော့ ဆင်းရဲတာပေါ့။
ခန္ဓာချုပ်ငြိမ်းမှ ချမ်းသာတာ၊
အဲ့ဒါခန္ဓာငြိမ်းတဲ့နိဗ္ဗာန်ကိုပြောတာ 
ဝေဒနာမှ လွန်မြောက်တဲ့ချမ်းသာပါပဲ။
     
လောကမှာအကောင်းအဆိုးနှစ်မျိုးရှိတယ်။
လူတွေကအကောင်းကိုလိုချင်တယ် 
အဆိုးကိုမလိုချင်ဘူး။
ဒါပါပဲ။

ဒုက္ခရှိတယ် သုခရှိတယ်။
လွယ်အောင်ပြောပြမယ်
ဝေဒနာမှာ ဒီနှစ်ခုကထင်ရှားတယ်။
ဒီတော့ သုခဝေဒနာကိုလိုချင်တယ် 
ဒုက္ခဝေဒနာကိုမလိုချင်ဘူး 
ဒါပါပဲလောကကြီးက။
     
ဒါပေမယ့်မြတ်စွာဘုရားက 
အကောင်းရောအဆိုးရောကို စွန့်လိုက်၊
စွန့်လိုက်တဲ့ချမ်းသာဟာ 
အကောင်းကိုခံစားရတဲ့ချမ်းသာထက် 
ပိုကောင်းတာကို မြတ်စွာဘုရားကတွေ့တယ်။
အဲ့ဒါဝေဒနာကျော်သွားတာပဲ၊
ဝေဒနာကို လွန်မြောက်တဲ့ချမ်းသာ 
ဒါကိုပဲမြတ်စွာဘုရား ဟောကြားခဲ့တာပါ။ 
ဒီတော့ ဝေဒနာကျော်ဖို့အသာထားအုန်း။.  
       
သတိကဝေဒနာကို မတွေ့သေးဘူး။
ဝေဒနာကို သညာနဲ့သာ သိနေတာ၊
သညာသိက သမုတိနယ်မှာပဲရှိသေးတာ။
မှတ်ထားတဲ့သညာတွေနဲ့ သင်ထားတော့
ဝေဒနာဆိုပြီးရောကြိတ်နေတာ၊

သတိနဲ့ပညာက 
ပရမတ်နယ်မှာ အရာရာကို
ဘယ်ကျက်စားနိုင်မလဲ။
သတိနဲ့လေ့ကျင့်နေရတယ်။
ခေတ်လိုပြောရင် 
soft ware ထည့်ပေးရသေးတယ်။ 
မဟုတ်ရင် သတိကမသိဘူး။

သတိကဝေဒနာရဲ့လက္ခဏာ 
ဝေဒနာရဲ့မှတ်ကြောင်းဆိုတဲ့ 
ဒါဟာဝေဒနာပါလားလို့ သတိကမသိသေးဘူး။
သတိက သိလည်းလာရော 
သူ့သဘောသူဆောင်ပြီး အောက်မေ့ကုန်တာ 
ဝေဒနာတွေပါလားလို့ ဉာဏ်ထဲမှာ
သူ့အလိုလို ထင်ရှားလာတယ်။
      
အများစုက ဝေဒနာတွေကို 
သိလွယ်သလိုလိုဖြစ်နေတယ်။
အမှန်က သညာက လှည့်စားနေတာ။
သတိက
ဝေဒနာလို့ မှတ်ကြောင်းလက္ခဏာတွေကို 
မအောက်မေ့နိုင်သေးတာပါ။ 
အောက်မေ့နိုင်တော့ တစ်လောကလုံး
ဝေဒနာတွေပဲရှိပါလားဆိုတော့ 
ဘယ်ရောက်သွားလဲသိလား 
မဟာသတ်ပဋ္ဌာနသုတ်ရောက်သွားတယ်။
     
"ပြင်းစွာအားထုတ်သော 
လုံ့လဝီရိယရှိသည်ဖြစ်၍
သမ္ပဇဉ်ရှိသည်ဖြစ်၍ 
သတိရှိသည်ဖြစ်၍ 
အဘိဇ္ဈာ၊ ဒေါမနဿကိုပယ်၍ 
ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှု၍နေ၏"
     
အာတာပီဆိုတာ 
ကိလေသာတွေကိုခြောက်သွေ့စေတယ်။
နာတယ်ဆို ဒေါမနဿ      ၊
ကောင်းတယ်ဆိုရင် အဘိစ္ဈာ (လောဘ)တွေဖြစ် 
အဲ့ဒါတွေပယ်နိုင်တဲ့ 
အာတာပီဆိုတဲ့ ဝီရိယလည်းမရှိ၊
သမ္ပဇဉ်နဲ့ကလည်း မဆင်ခြင်တတ် 
သတိမြဲပြီလားဆိုတော့လည်း 
သတိကမထူထောင်ရသေးဘူး။
    
ဒီနေ့ပြောချင်တာက ဝေဒနာကျော်တယ်ဆိုတာနာတာတွေ ကျော်တာကိုပဲ
ဝေဒနာကျော်တယ် ထင်နေမှာစိုးလို့ပါ။

အမှီချမ်းသာနဲ့ အမှီကင်းတဲ့ချမ်းသာ 
ဝေဒနာကလွန်မြောက်တဲ့ချမ်းသာ
လောကုတ္တရာချမ်းသာ၊
ကိလေသာချုပ်တဲ့ချမ်းသာ၊
ခန္ဓာချုပ်တဲ့ချမ်းသာမှ 
"ချမ်းသာခြင်းအစစ်"ဆိုတာ 
အရှင်သာရိပုတ္တရာကိုယ်တော်ကြီးက 
ခံစားရတဲ့ချမ်းသာထက် မခံစားရတဲ့ချမ်းသာကမှ
ပိုချမ်းသာတယ်လို့ ဟောကြားမိန့်ဆိုခဲ့ပါတယ်။

ဒေါက်တာစိုးလွင် (မန္တလေး)
(နံနက်ခင်း ဓမ္မအလင်းတန်းများ)
dhammapractitioner

ရထားထွက်ခါနီးပြီ

မိုးကုတ်ဆရာတော်ဘုရားကြီး
နောက်ဆုံးဟောကြားခဲ့သောတရားတော်

ရထားထွက်ခါနီးပြီ
============
ကဲ ...... တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်။ ဟောတဲ့ပုဂ္ဂိုလ်ကလဲ ခန္ဓာကြည့်ပြီးဟောမယ်။ ဘာ၀နာပွားပြီးဟောတဲ့အတွက် ဘာ၀နာပွားပြီးနာရမယ်။

ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူ့ပြည်ရောက်လာတာ၊ အဲ ...တရားပို့လိုက်တာနဲ့ လူ့ပြည်ရောက်လာ
တာပဲ။ဒါကြောင့် ခင်ဗျားတို့ တရားသာ အမိ၊ တရားသာ အဖ ပါပဲ။ ဒီတော့ တရားပဲအားကိုးစရာ ရှိတော့တယ်လို့ သေသေချာချာမှတ်ပါ။ သာဓက လုံလောက်အောင်ရှင်းပြမယ်။

မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့ 
သြော် ...... ငါ အတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ၊ သမာဓိပညာအားဖြင့်သာတဲ့ ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်ဆည်းကပ်ပူဇော်မယ်ဆိုပြီး 
၃၁-ဘုံမှာ လျှောက်ပြီးကြည့်လိုက်တော့ 
သူထက်သာတဲ့ ပုဂ္ဂိုလ် တစ်ယောက်မှမမြင်ဘူး။ မမြင်တော့ ငါ ဘယ်နှယ့်ကြောင့် ဘုရား ဖြစ်လာရပါလိမ့်မတုံးလို့ တွေးဆင်ခြင်လိုက်တော့ တရားကြောင့်(တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲ ကိုးကွယ်မှဖြစ်မယ်လို့ 
ဆုံးဖြတ်တော်မူတယ်။

ဒါဖြင့် ခင်ဗျားတို့လဲ တရားကပို့လို့ ဒီ လူ့ပြည်ရောက် လာတာ၊ ဒီကနေ သေလွန်တဲ့ အခါမှာလည်း 
တရားပို့တဲ့ဆီ သွားရမှာပဲ။ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်။ ဘုန်းကြီးက ဝေဖန်ပြမယ်။ တရားက ငါးမျိုးရှိတယ်။
 “အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊ 
သီလကုသိုလ်တရား၊ သမထကုသိုလ်တရား၊ ၀ိပဿ     နာကုသိုလ်တရား”လို့ ငါးမျိုးရှိတယ်။ 

ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရားကတော့ အပါယ်လေးပါးပို့တယ်၊ 
ဒါကို ခင်ဗျားတို့ မကြိုက်ဘူး။
(၂) ဒါနကုသိုလ်က လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည်နဲ့ နတ်ပြည်မှာ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတယ်ဆိုတော့ ဒါလဲ ကြိုက်စရာမဟုတ်ဘူး။
(၃) သီလကုသိုလ်ကလဲ နတ်ပြည်စပြီး “အကနိဋ္ဌ” ဗြဟ္မာ့ဘုံထိအောင်ပို့တယ်၊ ဘယ်ဘုံပို့ပို့၊ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာ
မဟုတ်ဘူး။ အိုနာသေ ဒုက္ခသစ္စာရှိတဲ့ဆီ 
သွားလို့မတော်ဘူး။
(၄) သမထကုသိုလ်အားထုတ်တော့ သူက ဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်။ ဗြဟ္မာ့ဘုံတွေမှာ အသက်တမ်းကရှည်လွန်းတော့ သက်ဆိုးရှည်
နေတာပဲ၊ ခန္ဓာ၀န်ထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အတူတူနေရတာဖြစ်လို့ ဒီတရားပို့တဲ့ဆီကိုလည်း ကြိုက်လို့မတော်ဘူး။ ဒီ လေးချက်ကို ခင်ဗျားတို့ မကြိုက်သင့်ဘူး။ 

နောက်ဆုံးဖြစ်တဲ့
(၅) ဝိပဿ      နာကုသိုလ် တရားကတော့ ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ပဲ ပို့မယ်။ ဒါကို ကြိုက်ရမယ်။

ကိုင်း.. ဒါဖြင့် ခင်ဗျားတို့ တရားပို့လို့ ခု 
ဒီလူ့ပြည်ရောက်လာပြီ။ နောက်တစ်ခါ 
ဘယ်တရားပို့တဲ့ဆီ သွားမတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီ မသွားချင်တော့ဘူး။ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်။ ဒါဖြင့် ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ၀ိပဿ     နာကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှတစ်ပါး ဘယ်မှမပို့ဘူး။ 
ဒုက္ခထဲ မပို့တော့ဘူး။ ဝိပဿ   နာ(မဂ်)ကတော့ ကိလေသာ၀ဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မ၀ဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မ၀ဋ်ပြတ်တော့ ၀ိပါက၀ဋ်မလာတော့ဘူး။ ဒီတော့ ဝိပဿ   နာ(မဂ်)ဟာ 
၀ဋ်သုံးပါးကျွတ်တဲ့ဆီ ပို့တယ်။ 

ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလို ဝေဖန်ရှင်းပြနေရတာ။ဘယ်တရားက ဘယ်ပို့တယ်ဆိုတာ သိထားရမယ်။ တချို့တရားကပို့လိုက်တာ အပါယ်လေးပါးရောက်သွား
တာပဲ။ တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ပြီး အပါယ်ပြန်ကျတယ်။ 
တချို့တရားကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျားတို့ အားထားလို့ တော်ပါ့မလား။ မတော်ဘူး။ မတော်ဘူးဆိုတာ 
သစ္စာသိလို့ ထွက်လာတဲ့အသံပဲ။ 
အဲဒီလို သစ္စာသိတော့ ဘယ်နတ်ပြည် 
ဘယ်ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး။ ဘာဖြစ်လို့ “အို၊ နာ၊ သေ” ရှိနေလို့၊ 
ပထမ ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့ 
ဇာတ်သိမ်းရလိမ့်မယ်။ 

အဲ .... သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာ သေရှိတဲ့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မသွားချင်တော့ဘူး။
 “အို နာ သေ” မရှိတဲ့ နိဗ္ဗာန်ပဲ သွားချင်မှာပဲ။

ကုသိုလ်ဆိုတာ ၂-လမ်းရှိတယ်။ သစ္စာမသိပဲပြုလုပ်တဲ့ 
“ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေကတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ “အို နာ သေ”ရှိရာ ပို့လိမ့်မယ်။ အဲ ... ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့
“ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေဟာ 
လမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုပို့ပေးတယ်။ 
အဲ .... “ဝိပဿ     နာ” ကတော့ ကိလေသာဖြတ်၊ ကံဖြတ်၊ အကျိုးပေးဖြတ်(၀ဋ်သုံးပါး) ဖြတ်လေတော့၊ 
၀ဋ်ကျွတ်တဲ့နေရာ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး။ ဒါ တရားရွေးတတ်အောင် ပြောနေတာ၊ 
သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့ ဖြစ်သမျှအကြောင်း အကောင်းချည့်လို့ ပြောမှာပဲ။ ဖြစ်သမျှအကြောင်း အကောင်းချည့်ဆိုတာ ကံစီမံသလိုခံမယ်ဆိုတဲ့ 
အဓိပ္ပါယ်ပဲ၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျ ကံစီမံသလိုမခံဘူး။ ဉာဏ်စီမံသလိုခံလိမ့်မယ်။ ဝိပဿ     နာဆိုတာ 
ဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ။ ဒီတော့ ဉာဏ်စီမံရာသွားပါ။ ကံစီမံတာက ၃၁-ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံ အပြင်ဘက်မှ နိဗ္ဗာန်၊ 
ရှင်းပြီလား။ 

ဉာဏ်စီမံသလိုသွားမယ်ဆိုတော့ 
ဉာဏ်ကလဲ တခါခွဲရဦးမယ်။ ဉာဏ်ကလဲ “ကမ္မဿ     ကတာဉာဏ်ကတစ်မျိုး၊ နာမရူပ ပရစ္ဆေဒဉာဏ်ကတစ်မျိုး၊ 
ပစ္စယပရိဂ္ဂဟဉာဏ်က တစ်မျိုး၊ 
၀ိပဿ      နာဉာဏ်က တစ်မျိုး၊ 
မဂ်ဉာဏ်ကတစ်မျိုး” လို့ ငါးမျိုးရှိပြန်တယ်။

(၁) ကမ္မဿ     ကတတာဉာဏ် ။ ။

“ကောင်းတာလုပ် ကောင်းကျိုးပေးတယ်”ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လည်း အားကိုးလို့မဖြစ်သေးဘူး။ ဒီဉာဏ်က သုဂတိတော့ပို့လိုက်တာပဲ၊
ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်။ 
ငါလုပ်လို့ငါရတယ် ဆိုတော့ ဒိဋ္ဌိကပါသွားတယ်။ ဒီတော့ ဒိဋ္ဌိပါသွားတဲ့ ကမ္မဿ     ကတာဉာဏ် ပို့ရာကိုလည်းမလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့
တက်သွားတော့ ပြန်ကျဦးမှာပဲ။ ဥပမာနဲ့ရှင်းပြမယ်။ အင်မတန်ကြီးတဲ့ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြှားကလေးနဲ့ ပစ်လိုက်တော့ မြှားတံအဖျားက သေးသေးလေးဆိုတော့ 
အဆိပ်ကဗြုံးကနဲ ချက်ချင်းမပြန့်ဘူး။ မပြန့်သေးတော့ ငှက်ကြီးဟာပြန်တက်သွားတယ်။ ဒါပေမယ့် အဆိပ်မပြန့်ခင်တာ ပျံနိုင်တာ၊ အဆိပ်ပြန့်တော့ 
မပျံနိုင်တော့ဘူး။ ဘုံးကနဲပြန်ကျတယ်။ အဲဒီလိုပဲ ကမ္မဿ     ကတာဉာဏ်ဟာ ဒိဋ္ဌိ=အဆိပ်မပြန့်ခင်သာတက်တယ်။ ဒိဋ္ဌိအဆိပ်ပြန့်တဲ့အခါကျတော့ ဘုံး ဆိုထိုးကျတာပဲ။ ကုသိုလ်မကုန်ခင်တာ 
အထက်တက်တာ။ ဒိဋ္ဌိအဆိပ်ပြန့်တာနဲ့ တပြိုင်နက် တချက်ထဲကျတာပဲ။ ကမ္မဿ     ကတာဉာဏ်ဟာ 
ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင် အပါယ်လေးပါးပြန်ကျတာပဲ။ ဒီတော့ .... ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။

(၂) နာမရူပ ပရိစ္ဆေဒဉာဏ် ။ ။ 

ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲလို့ မေးတော့၊နာမရူပ ပရိစ္ဆေဒဉာဏ်ဆိုတာရှိတယ်။ ဒုတိယဉာဏ်တက်လာတယ်။ နာမ်နဲ့ရုပ်ကို ခွဲခြားသိတဲ့ 
ဒီဉာဏ်ကို အားကိုးပါ။ ဒီဉာဏ်ကို 
အားကိုးလိုက်တော့ “သြော်=သွားချင်တာက နာမ်၊သွားတာကရုပ်၊ စားချင်တာကနာမ် စားတာကရုပ်” ဆိုတော့ နာမ်ရုပ်ကွဲတဲ့ ဉာဏ်ကလေးကို ရတယ်။ 
ဒီ ဉာဏ်ဟာ ခုနက “ကမ္မဿ     က တာ” ဉာဏ်ထက်တော့သာတယ်။ သာပေမယ့်လည်း ဒါကို တကယ်အားကိုးလောက်ပြီလို့မယူနဲ့ဦး။ ဘာပြုလို့တုံးဆိုတော့ သူက တစ်ဘ၀သာ “စူဠသောတာပန်”ဖြစ်တယ်။ တစ်ဘ၀သာ 
အပါယ်လွတ်တယ်။ နောက်ဘဝတွေမလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့လဲ အားမကိုးနဲ့ဦး။ တစ်ဘ၀သုဂတိသွားပြီး တစ်ဘ၀ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့ဦး။ နောက်ဘဝတွေ စိတ်မချရသေးဘူး။

(၃) ပစ္စယပရိဂ္ဂဟဉာဏ်။ ။ 

ဒါဖြင့်ဘယ်ဉာဏ်ကို အားကိုးရမလဲ၊ 
“ပစ္စယပရိဂ္ဂဟဉာဏ်”ဆိုတာရှိတယ်။ 
ပစ္စယပရိဂ္ဂယဉာဏ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ဉာဏ်ပဲ။ အဲဒီဉာဏ်က “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။ 
သြော် .... သံသရာကြီးထဲမှာ ဒီလို သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး။ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့ 
ဓမ္မတွေသာ ရှိတယ်”လို့ သိတယ်။ ဒီဉာဏ်ကလည်း “စူဠသောတာပန်” အဆင့်ထဲမှာပဲ ရှိသေးတယ်။ ဒါကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပြီလို့ မယူလိုက်နဲ့ဦး။ 
တစ်ဘ၀အပါယ်လွတ်တာပဲ ရှိသေးတယ်။

(၄) ဝိပဿ      နာဉာဏ် ။ ။ 

ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲ။ “ဝိပဿ     နာဉာဏ်” ဆိုတာရှိတယ်။ ဒီဉာဏ်က လက္ခဏာရေး သုံးပါး
သိတဲ့ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်နဲ့ဦး။ ဘာပြုလို့၊ သူက သုဂတိဘဝတွေလှည့်ဖြစ်ဦးမှာ
ဆိုတော့၊ “ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ”ဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့ရဦးမယ်။ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့ တကယ်အကောင်းအစစ်ကြီးမဟုတ်သေးဘူး။

(၅) မဂ်ဉာဏ် ။ ။ 

ဒါဖြင့် ဝိပဿ      နာ   ဉာဏ်ကနေ 
မဂ်ဉာဏ်လေးပါးရအောင်လုပ်လိုက်။ 
မဂ်ဉာဏ်လေးပါးဟာ ဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခကို ချုပ်ငြိမ်းစေတယ်။ ဒုက္ခ လေးဆင့် လေးခါ ချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့ဦး။ 
နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊ 
သုံးခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊ 
လေးခါချုပ်အောင်လုပ်လိုက်၊ 
လေးခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက် မအို မသေအမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲ မနေတော့ဘူး။ ပဋိသန္ဓေမနေလို့ ခန္ဓာငါးပါးမရှိလေတော့ အိုနာသေ ဒုက္ခတွေ 
အကုန်လုံးချုပ်ငြိမ်းသွားတယ်။ ဒါဖြင့် ဒီဉာဏ်ဟာ အကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ(တရား) ငါးမျိုးရှိတယ်။ ဒီ ဓမ္မငါးမျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်တာ ဒီဉာဏ်ငါးမျိုးရတယ်။ ဒီ ဉာဏ်ငါးမျိုး ခွဲထုတ်ပြတယ်။ ဝိပဿ     နာ  
ဓမ္မတွေ အားကိုးရမယ် ဆိုငြားသော်လည်း၊ ဒါတွေကို တခါအဆင့်ဆင့် အယုတ်အညံ့ံရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာ အကောင်းဆုံးဆိုတာ ပေါ်လာတယ်။ မဂ်ဉာဏ်မှတစ်ပါး အားကိုးစရာအစစ် မရှိတော့ဘူး။ ဒီတော့ မဂ်ဉာဏ်ရအောင် လုပ်ရလိမ့်မယ်။ မဂ်ဉာဏ်ကမှ ဒုက္ခတွေကို ချုပ်ငြိမ်းစေတာ။ အဲဒီတော့ ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ=ဖြစ်ပျက်။ 
ဒီဒုက္ခသစ္စာကြီး ချုပ်အောင်ကြိုးစားရမယ်။ ဒုက္ခချုပ်သွားရင် တခါတည်းကိစ္စပြီးမယ်။ ဒါကြောင့် ခန္ဓာ(ဒုက္ခ) ဇာတ်သိမ်းရာရောက်တဲ့ မဂ်ဉာဏ်လေးခုကိုသာလျှင် အကြီးဆုံး အားကိုးထိုက်တဲ့ တရားပဲလို့ ဆိုပြီး ကြိုးစားပါ။
ဘုန်းကြီးက မသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်ပါ။ ဘုန်းကြီးလဲ အသက်ကြီးပြီ၊ ခင်ဗျားတို့က ဘုန်းကြီးနဲ့ မှီလိုက်ရုံပဲ
ရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားက ထွက်ခါနီးနေပြီမှီရုံကလေးရှိတယ်၊ ရထားထွက်လုနီးပြီဆိုတာ 
ရိပ်မိကြပြီလား။ 

( ဤ တရားကား ..... ဆရာတော်ဘုရားကြီး၏ နောက်ဆုံး တရားပေတည်း။)
မဂ်ဉာဏ်ရကြပါစေ။ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ (၁၃၂၄-ခု၊ သီတင်းကျွတ်လဆုတ် ၃-ရက်နေ့ည၌ဟောသည့် နောက်ဆုံးတရား)

Credit...

Wednesday, June 1, 2022

ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ

ငါးပါးသီလ စောင့်ထိန်းခြင်း အကျိုးများ
~~~~~~~~~~~~~~~~~~~~

၁။“ပါဏာတိပါတ သိက္ခာပုဒ် စောင့်ထိန်းခြင်းအကျိုး၂၂မျိုး”

(၁)။အင်္ဂါကြီးငယ်နှင့် ပြည့်စုံခြင်း၊
(၂)။အလုံးအရပ်နှင့် ပြည့်စုံခြင်း၊
(၃)။လျင်မြန်မှု နှင့် ပြည့်စုံခြင်း၊
(၄)။ခြေဖဝါးအပြင် ကောင်းစွာတည်ခြင်း၊
(၅)။တင့်တယ်လှပခြင်း၊
(၆)။နူးညံ့သိမ်မွေ့ခြင်း၊
(၇)။သန့်ရှင်းစင်ကြယ်ခြင်း၊
(၈)။ရဲရင့်ခြင်း၊
(၉)။ခွန်အားကြီးခြင်း၊
(၁၀)။သန့်ရှင်းပြေပြစ်သော စကားရှိခြင်း၊
(၁၁)။သတ္တဝါအများက ချစ်ခင်နှစ်သက်ခြင်း၊
(၁၂)။ပရိသတ် စည်းလုံးညီညွှတ်ခြင်း၊
(၁၃)။မတုန်လှုပ်ခြင်း၊
(၁၄)။သူတစ်ပါးတို့က မဖျက်ဆီးနိုင်ခြင်း၊
(၁၅)။သူတစ်ပါး ပရောဂကြောင့် မသေရခြင်း၊
(၁၆)။အခြွေအရံများခြင်း၊
(၁၇)။အဆင်းလှခြင်း၊
(၁၈)။အသွင်အပြင်ကောင်းခြင်း၊
(၁၉)။အနာရောဂါကင်းခြင်း၊
(၂၀)။စိုးရိမ်သောကကင်းခြင်း၊
(၂၁)။ချစ်သောသူတို့နှင့် မကွဲမကွာ အတူနေရခြင်း၊
(၂၂)။အသက်ရှည်ခြင်း။

၂။ “အဒိန္နာဒါန သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၉မျိုး”

(၁)။ဥစ္စာစပါး ပေါများခြင်း၊
(၂)။သုံးမကုန်အောင် စည်းစိမ်ကြွယ်ဝခြင်း၊
(၃)။မြဲမြံတည်တံသော စည်းစိမ်ရရှိခြင်း၊
(၄)။လိုချင်သော စည်းစိမ်ရလွယ်ခြင်း၊
(၅)။ရန်သူမျိုးငါးပါးနှင့်မဆက်ဆံသော စည်းစိမ်ရှိခြင်း၊
(၆)။ပြန့်ပြောသော စည်းစိမ်ရှိခြင်း၊
(၇)။ရောက်ရာအရပ်၌ အကြီးအကဲ ဖြစ်ရခြင်း၊
(၈)။မရှိသည်၏ အဖြစ်ကိုမသိရခြင်း၊
(၉)။ချမ်းသာစွာ နေရခြင်း။

၃။“ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်စောင့်ထိန်းခြင်း အကျိုး၁၇မျိုး”

(၁)။ရန်သူမရှိခြင်း၊
(၂)။သတ္တဝါတို့၏ ချစ်ခင်မှုကို ခံရခြင်း၊
(၃)။ထမင်း အဖျော် အဝတ် စသည်ရလွယ်ခြင်း၊
(၄)။ချမ်းသာစွာ အိပ်စက်ရခြင်း၊
(၅)။ ချမ်းသာစွာ နိုးကြားခြင်း၊
(၆)။အပါယ်ဘေးမှ လွတ်ခြင်း၊
(၇)။မိန်းမဘဝ၊နပုံးဏ္ဍုတ်ဘဝမဖြစ်ခြင်း၊
(၈)။အမျက်မထွက်ခြင်း၊
(၉)။အမှန်ကို ပြုလေ့ရှိခြင်း၊
(၁၀)။ကြည်သာရွှင်ပျ မျက်နှာလှခြင်း၊
(၁၁)။ချမ်းသာသုခ နှင့် ပြည့်စုံခြင်း၊
(၁၂)။ ဣန္ဒြေ ပြည့်စုံခြင်း၊
(၁၃)။လက္ခဏာ ပြည့်စုံခြင်း၊
(၁၄)။ယုံမှား သံသယကင်းခြင်း၊
(၁၅)။ကြောင့်ကြမှုကင်းခြင်း၊
(၁၆)။ချမ်းသာစွာနေရခြင်း၊
(၁၇)။ဘေးရန်မရှိခြင်း။

၄။ “မုသာဝါဒ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး ၁၄ မျိုး”

(၁)။ဣန္ဒြေ ကြည်လင်ခြင်း၊
(၂)။သန့်ရှင်းသာယာချိုသာသောစကားရှိခြင်း၊
(၃)။ညီညာသောသွားရှိခြင်း၊
(၄)။မဝလွန်းခြင်း၊
(၅)။မပိန်လွန်းခြင်း၊
(၆)။မပုလွန်းခြင်း၊
(၇)။မရှည်လွန်းခြင်း၊
(၈)။အတွေ့ကောင်းခြင်း၊
(၉)။ခံတွင်းမှ ကြာနံ့သင်းခြင်း၊
(၁၀)။မိမိပြောစကား ပရိသတ်က နာယူခြင်း၊
(၁၁)။ရိုသေလေးစားထိုက်သော စကားရှိခြင်း၊
(၁၂)။ကြာပွင့်လွှာနှင့်တူသော နူးညံ့နီမြန်း၍ပါးသောလျှာရှိခြင်း၊
(၁၃)။မဆုတ်နစ်ခြင်း၊
(၁၄)။မတုန်လှုပ်ခြင်း။

၅။ “သုရာမေရယ သိက္ခာပုဒ် စောင့်ထိန်းခြင်း အကျိုး၂၃မျိုး”

(၁)။ကာလသုံးပါး၌ မမေ့လျော့ခြင်း၊
(၂)။ဉာဏ်ကောင်းခြင်း၊
(၃)။သတိကောင်းခြင်း၊
(၄)။အရာဋ္ဌာနအားလျော်စွာ ဖြစ်ပေါ်လာသော ဉာဏ်ရှိခြင်း၊
(၅)။မပျင်းရိခြင်း၊
(၆)။မဆွံ့အခြင်း၊
(၇)။မရူးခြင်း၊
(၈)။မတုန်လှုပ်ခြင်း၊
(၉)။ချုပ်ချယ်စော်ကားမှုမခံရခြင်း၊
(၁၀)။မငြူစူခြင်း၊
(၁၁)။ဝန်တိုမှုကင်းခြင်း၊
(၁၂)။စကားမှန်ကန်ခြင်း၊
(၁၃)။ကုန်းတိုက်စကား၊
ကြမ်းတမ်းစကား၊ပြိန်ဖျင်းစကားမပြောခြင်း၊
(၁၄)။ကျေးဇူးကို သိခြင်း၊
(၁၅)။စွန့်ကြဲခြင်း၊
(၁၆)။သီလရှိခြင်း၊
(၁၇)။ဖြောင့်မတ်ခြင်း၊
(၁၈)။အမျက်မထွက်ခြင်း၊
(၁၉)။အရှက်အကြောက်နှင့်ပြည့်စုံခြင်း၊
(၂၀)။အယူဖြောင့်မတ်ခြင်း၊
(၂၁)။မြင့်မြတ်ခြင်း၊
(၂၂)။ပညာရှိခြင်း၊
(၂၃)။အကျိုး ရှိသည်၊ မရှိသည်၌ လိမ္မာခြင်း။
(မှတ်ချက်။ ။ ဣတိဝုတ် အဋ္ဌကထာ နှင့်
ခုဒ္ဒကပါဌ အဋ္ဌကထာတို့တွင် လာရှိသည်။)

"ပညာနန်ဒ (ရှာသစျ)"

မေတ္တာဆုံးမစာ

🌿 အရှင်ဥာဏိန္ဒ(ရာမည)၏ မေတ္တာ ဆုံးမစာ
   ➖ ➖ ➖ ➖ ➖ ➖ ➖ ➖ ➖

🌹 ကိုယ့်အလုပ်ပဲ ကိုယ်လုပ်
သူများကို မပုတ်ခက်နဲ့ ။

🌹 ကိုယ့်အကျိုး ရှိတာ ရှာပါ
သူအကျိုးလည်း မနစ်နာစေနဲ့ ။

🌹 ကိုယ့်အရေးပဲ ဆောင်ရွက်
သူအတွေလည်း မနှောင့်ယှက်နဲ့ ။

🌹 ကိုယ့်ဒုက္ခ ကိုယ်ဖြေရှင်း
သူများကို အတင်းအားမကိုးနဲ့ ။

🌹 ကိုယ့််ဘဝ တိုးတတ်ဖို့ရာကြိုးစားရင်း
သူ့အလှ ချိုးဖျက်တာခြင်းမျိုး ရှောင်ကွင်းပါ ။

◼◼◼◼◼◼◼◼◼◼◼
 
      🥀 မေတ္တာများစွာဖြင့် ………
      
      ✍ ✍ ❝ အရှင်ဥာဏိန္ဒ(ရာမည) ❞

မဂ္ဂင်ရှစ်ပါးနှင့်ညီအောင်ရှုမှတ်နည်း

“မဂ္ဂင်ရှစ်ပါး နှင့် ညီအောင် ရှုမှတ်ပုံ”
-------------------------------

ဘုရားသာသနာတော်မှာ 
 မဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့ 
 တခြားကျင့်စရာမရှိဘူး၊ 
 
မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာကလည်းပဲ 
 လူတိုင်း လူတိုင်း သန္တာန်မှာ 
 အခြေခံအားဖြင့်ရှိနေတဲ့ တရားပဲ။ 
 ရှိနေတဲ့ တရားကို 
 အရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။

ကိုယ့်သန္တာန်မှာ 
 ဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊ 
 
ဘုန်းကြီးတို့တတွေမှာ
 ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်နော်၊
 အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊
 ဝေဒနာဆိုတဲ့ ခံစားချက်တွေရှိတယ်။
 မှတ်သိမှု တွေးကြံမှုဆိုတဲ့ 
 သဘာဝဓမ္မတွေရှိတယ်။

ဪ 
 ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို 
 သူ့သဘာဝအတိုင်းမြင်အောင် 
 ရှုမှတ်ပွားများနေတာဟာ 
 မဂ္ဂင်ရှစ်ပါးကျင့်နေတာပဲ ဖြစ်တယ်။

ဥပမာ -
ထွက်လေဝင်လေလေးကို ရှုနေလို့ရှိရင် 
 ကာယာနုပဿနာပဲ၊

၀မ်းနည်းတယ်၊ ၀မ်းသာတယ်၊ 
 ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့
 ခံစားချက်လေးကို ရှုနေလို့ရှိရင်
 ဝေဒနာနုပဿနာ၊

ကိုယ့်သန္တာန်မှာဖြစ်တဲ့
 လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
 ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
 မောဟနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
 ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင်
 စိတ္တာနုပဿနာ၊

ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊ 
ရုပ်ခန္ဓာတွေရုပ်ခန္ဓာတွေစသည် ရှုမယ်ဆိုလို့ရှိရင် 
ဓမ္မာနုပဿနာ၊

မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို 
 အမှန်မြင်အောင်ကြည့်ဖို့ လိုအပ်တယ်တဲ့။
 အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ 
 သမ္မာဒိဋ္ဌိလို့ခေါ်တာ၊ 
 
သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့အတွက်
 ဘာလုပ်ရမလဲ?
 သမ္မာသင်္ကပ္ပ ဆိုတဲ့ 
 မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်၊ 
 
မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်
 မှန်မှန်ကန်ကန် ကြိုးစားဖို့လိုအပ်တယ်၊ 
 ဒါက သမ်မာဝါယာမ၊
 
ထို ကြိုးစားတဲ့အခါမှာ 
 စိတ်စိုက်ဖို့လိုအပ်သေးတယ်၊ 
 ဒါက သမ္မာသတိ၊
 
အာရုံတစ်ခုထဲမှာ 
 စိတ်ကိုငြိမ်အောင်ထားတာက 
 သမ္မာသမာဓိတဲ့၊
 ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊ 
 
ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊ 
“ ကာရာပကမဂ္ဂင် ” သို့မဟုတ် 
“ ကာရကမဂ္ဂင် ” လို့ခေါ်တယ်၊ 
 
တရားဓမ္မ ကျင့်ကြံကြိုးကုတ်အားထုတ်တဲ့အခါမှာ 
ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့ 
အလုပ်လုပ်သွားပြီဆိုလို့ရှိရင် သဘာဝတွေကို 
အမှန်အတိုင်း သိနိုင်မှာဖြစ်တယ်။

ဆိုပါစို့ 
ထွက်လေဝင်လေလေးကို 
ရှုမှတ်နေတယ်ဆိုလို့ရှိရင် 

ထွက်လေဝင်လေလေးကို 
သူ့သဘာဝလေးအတိုင်း မသိ သိအောင် 
ကြိုးစားတာ သမ္မာဝါယာမ၊ 

ထို၀င်လေထွက်လေလေးကို 
အမြဲတမ်းသတိကပ်ထားတာက သမ္မာသတိ၊ 

ထိုထွက်လေဝင်လေလေးကို 
အာရုံတစ်ခုထဲပေါ်မှာ စိတ်ကို
ငြိမ်အောင်ထားတာက သမ္မာသမာဓိ၊ 

ထွက်လေဝင်လေလေးရဲ့သဘာဝကို 
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ တဲ့။

ဟော အဲဒီလိုလေးခုပေါင်းစပ်လိုက်တဲ့အခါ 
ဘာပေါ်လာတုန်း?ဆိုရင် သမ္မာဒိဋ္ဌိ၊
ထွက်လေဝင်လေလေးရဲ့ သဘာဝတရားကို 
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိ၊
ထွက်လေဝင်လေလေးရဲ့ သဘာဝတရားကို 
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်၊
 
အဲဒီလိုအမှန်မြင်လိုက်တယ်ဆိုတာ 
ထွက်လေဝင်လေလေးဟာ 
" သူ့သဘာဝပဲ၊ ထွက်လေဝင်လေပဲ "
“ ငါမဟုတ်ပါလား ” ဆိုတာ မြင်လာတယ်၊ 
" ငါမဟုတ်ဘူး" ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။

အဲဒီ အမှန်မြင်လိုက်တဲ့အခါကျတော့မှ 
ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်ပြီးတော့ 
အမှန်မြင်လာတာနဲ့ တစ်ပြိုင်တည်း 
“ ငြီးငွေ့မှု ” ဆိုတာ ပေါ်လာတယ်။
 
ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ 
“ တွယ်တာမှု ” ဆိုတာ မရှိတော့ဘူး။
 
တွယ်တာမှု မရှိတာနဲ့ တစ်ပြိုင်နက် 
“ လွတ်မြောက် ” သွားတာပဲလေ။

အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင်
 မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က 
 ကာယ၊ စိတ်တ၊ ဝဒေနာ၊ ဓမ်မ ဆိုတဲ့ 
 သတိပဋ္ဌာန်အာရုံလေးပါးအပေါ်မှာ 
 လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ်  မိမိတို့အားလပ်တဲ့အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင် 
 ခုနကပြောတဲ့ အသိဉာဏ်တွေ
 အားလုံး ပေါ်လာကြမှာပါတဲ့။ 
 
အဲဒီလို ပေါ်လာတဲ့အခါမှာ 
"ဝိမုတ္တ" လွတ်မြောက်မှုဆိုတာကို 
ရမှာဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ 
အရှင်နန္ဒမာလာဘိဝံသ(Ph.D)၊  

တရားမြတ်ဒေသနာ၊ အမှတ်စဉ် (၁)၊ 
ရှစ်ယောက်နှင့်တစ်ယောက် တရားတော် 
စာမျက်နှာ ၃၈ မှ ၄၀
dhammapractitioner

Credit..