"ခံစားနေရတဲ့ချမ်းသာထက်
မခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်"
*******************************
ဝေဒနာဆိုတာ လောကီချမ်းသာပဲ။
လောကီချမ်းသာကိုကျော်ပြီး
လောကုတ္တရာချမ်းသာကိုသွားရမှာ။
ဝေဒနာကျော်တယ်ဆိုတာ
ဒီလိုဖွင့်မှ မြတ်စွာဘုရားရဲ့ဝိပဿနာ၊
ဒါကြောင့်အရှင်သာရိပုတ္တရာကြီးက
ခံစားနေရတဲ့ချမ်းသာထက်
မခံစားရတဲ့ချမ်းသာက ပိုကောင်းတယ်ဆိုတော့
နားမလည်နိုင်ဘူး။
ဘယ်နားလည်မတုန်း
ကိလေသာငြိမ်းတဲ့ချမ်းသာနဲ့
ခန္ဓာငြိမ်းတဲ့ချမ်းသာ၊
ခန္ဓာငြိမ်းတဲ့ချမ်းသာက ပိုချမ်းသာတာပေါ့။
ဒါကိုအရှင်သာရိပုတ္တရာက ဟောပြသွားတာ။
မခံစားရတာကို ဘယ်လိုလုပ်ချမ်းသာတာလဲ၊
ဝေဒနာကျော်တယ်ဆိုတာ အဲ့ဒါပဲ။
မခံစားရမှ ချမ်းသာတာ၊
ခံစားမှုဝေဒနာရှိနေသ၍
ဆင်းရဲရောချမ်းသာရော ဖြစ်နေမှာပဲ၊
ဝေဒနာကမလွတ်မြောက်နိုင်ဘူး။
ခန္ဓာရှိတော့ ဆင်းရဲတာပေါ့။
ခန္ဓာချုပ်ငြိမ်းမှ ချမ်းသာတာ၊
အဲ့ဒါခန္ဓာငြိမ်းတဲ့နိဗ္ဗာန်ကိုပြောတာ
ဝေဒနာမှ လွန်မြောက်တဲ့ချမ်းသာပါပဲ။
လောကမှာအကောင်းအဆိုးနှစ်မျိုးရှိတယ်။
လူတွေကအကောင်းကိုလိုချင်တယ်
အဆိုးကိုမလိုချင်ဘူး။
ဒါပါပဲ။
ဒုက္ခရှိတယ် သုခရှိတယ်။
လွယ်အောင်ပြောပြမယ်
ဝေဒနာမှာ ဒီနှစ်ခုကထင်ရှားတယ်။
ဒီတော့ သုခဝေဒနာကိုလိုချင်တယ်
ဒုက္ခဝေဒနာကိုမလိုချင်ဘူး
ဒါပါပဲလောကကြီးက။
ဒါပေမယ့်မြတ်စွာဘုရားက
အကောင်းရောအဆိုးရောကို စွန့်လိုက်၊
စွန့်လိုက်တဲ့ချမ်းသာဟာ
အကောင်းကိုခံစားရတဲ့ချမ်းသာထက်
ပိုကောင်းတာကို မြတ်စွာဘုရားကတွေ့တယ်။
အဲ့ဒါဝေဒနာကျော်သွားတာပဲ၊
ဝေဒနာကို လွန်မြောက်တဲ့ချမ်းသာ
ဒါကိုပဲမြတ်စွာဘုရား ဟောကြားခဲ့တာပါ။
ဒီတော့ ဝေဒနာကျော်ဖို့အသာထားအုန်း။.
သတိကဝေဒနာကို မတွေ့သေးဘူး။
ဝေဒနာကို သညာနဲ့သာ သိနေတာ၊
သညာသိက သမုတိနယ်မှာပဲရှိသေးတာ။
မှတ်ထားတဲ့သညာတွေနဲ့ သင်ထားတော့
ဝေဒနာဆိုပြီးရောကြိတ်နေတာ၊
သတိနဲ့ပညာက
ပရမတ်နယ်မှာ အရာရာကို
ဘယ်ကျက်စားနိုင်မလဲ။
သတိနဲ့လေ့ကျင့်နေရတယ်။
ခေတ်လိုပြောရင်
soft ware ထည့်ပေးရသေးတယ်။
မဟုတ်ရင် သတိကမသိဘူး။
သတိကဝေဒနာရဲ့လက္ခဏာ
ဝေဒနာရဲ့မှတ်ကြောင်းဆိုတဲ့
ဒါဟာဝေဒနာပါလားလို့ သတိကမသိသေးဘူး။
သတိက သိလည်းလာရော
သူ့သဘောသူဆောင်ပြီး အောက်မေ့ကုန်တာ
ဝေဒနာတွေပါလားလို့ ဉာဏ်ထဲမှာ
သူ့အလိုလို ထင်ရှားလာတယ်။
အများစုက ဝေဒနာတွေကို
သိလွယ်သလိုလိုဖြစ်နေတယ်။
အမှန်က သညာက လှည့်စားနေတာ။
သတိက
ဝေဒနာလို့ မှတ်ကြောင်းလက္ခဏာတွေကို
မအောက်မေ့နိုင်သေးတာပါ။
အောက်မေ့နိုင်တော့ တစ်လောကလုံး
ဝေဒနာတွေပဲရှိပါလားဆိုတော့
ဘယ်ရောက်သွားလဲသိလား
မဟာသတ်ပဋ္ဌာနသုတ်ရောက်သွားတယ်။
"ပြင်းစွာအားထုတ်သော
လုံ့လဝီရိယရှိသည်ဖြစ်၍
သမ္ပဇဉ်ရှိသည်ဖြစ်၍
သတိရှိသည်ဖြစ်၍
အဘိဇ္ဈာ၊ ဒေါမနဿကိုပယ်၍
ဝေဒနာတို့၌ ဝေဒနာဟု အဖန်ဖန်ရှု၍နေ၏"
အာတာပီဆိုတာ
ကိလေသာတွေကိုခြောက်သွေ့စေတယ်။
နာတယ်ဆို ဒေါမနဿ ၊
ကောင်းတယ်ဆိုရင် အဘိစ္ဈာ (လောဘ)တွေဖြစ်
အဲ့ဒါတွေပယ်နိုင်တဲ့
အာတာပီဆိုတဲ့ ဝီရိယလည်းမရှိ၊
သမ္ပဇဉ်နဲ့ကလည်း မဆင်ခြင်တတ်
သတိမြဲပြီလားဆိုတော့လည်း
သတိကမထူထောင်ရသေးဘူး။
ဒီနေ့ပြောချင်တာက ဝေဒနာကျော်တယ်ဆိုတာနာတာတွေ ကျော်တာကိုပဲ
ဝေဒနာကျော်တယ် ထင်နေမှာစိုးလို့ပါ။
အမှီချမ်းသာနဲ့ အမှီကင်းတဲ့ချမ်းသာ
ဝေဒနာကလွန်မြောက်တဲ့ချမ်းသာ
လောကုတ္တရာချမ်းသာ၊
ကိလေသာချုပ်တဲ့ချမ်းသာ၊
ခန္ဓာချုပ်တဲ့ချမ်းသာမှ
"ချမ်းသာခြင်းအစစ်"ဆိုတာ
အရှင်သာရိပုတ္တရာကိုယ်တော်ကြီးက
ခံစားရတဲ့ချမ်းသာထက် မခံစားရတဲ့ချမ်းသာကမှ
ပိုချမ်းသာတယ်လို့ ဟောကြားမိန့်ဆိုခဲ့ပါတယ်။
ဒေါက်တာစိုးလွင် (မန္တလေး)
(နံနက်ခင်း ဓမ္မအလင်းတန်းများ)
dhammapractitioner
No comments:
Post a Comment