“မဂ္ဂင်ရှစ်ပါး နှင့် ညီအောင် ရှုမှတ်ပုံ”
-------------------------------
ဘုရားသာသနာတော်မှာ
မဂ္ဂင်ရှစ်ပါး အကျင့်တရားကလွဲလို့
တခြားကျင့်စရာမရှိဘူး၊
မဂ္ဂင်ရှစ်ပါး အကျင့်တရားဆိုတာကလည်းပဲ
လူတိုင်း လူတိုင်း သန္တာန်မှာ
အခြေခံအားဖြင့်ရှိနေတဲ့ တရားပဲ။
ရှိနေတဲ့ တရားကို
အရှိအတိုင်းသိအောင် လေ့ကျင့်ရမှာ။
ကိုယ့်သန္တာန်မှာ
ဘာတွေရှိတုန်းဆိုရင် အာရုံပြုကြည့်၊
ဘုန်းကြီးတို့တတွေမှာ
ကာယဆိုတဲ့ ရုပ်ခန္ဓာကိုယ်ကြီးရှိတယ်နော်၊
အာရုံကိုသိတတ်တဲ့ အသိစိတ်ဆိုတာရှိတယ်၊
ဝေဒနာဆိုတဲ့ ခံစားချက်တွေရှိတယ်။
မှတ်သိမှု တွေးကြံမှုဆိုတဲ့
သဘာဝဓမ္မတွေရှိတယ်။
ဪ
ကိုယ့်သန္တာန်မှာရှိတဲ့ ဒီသဘာဝတရားတွေကို
သူ့သဘာဝအတိုင်းမြင်အောင်
ရှုမှတ်ပွားများနေတာဟာ
မဂ္ဂင်ရှစ်ပါးကျင့်နေတာပဲ ဖြစ်တယ်။
ဥပမာ -
ထွက်လေဝင်လေလေးကို ရှုနေလို့ရှိရင်
ကာယာနုပဿနာပဲ၊
၀မ်းနည်းတယ်၊ ၀မ်းသာတယ်၊
ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတဲ့
ခံစားချက်လေးကို ရှုနေလို့ရှိရင်
ဝေဒနာနုပဿနာ၊
ကိုယ့်သန္တာန်မှာဖြစ်တဲ့
လောဘနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
ဒေါသနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
မောဟနဲ့ ယှဉ်တွဲလာတဲ့စိတ်၊
ဒီစိတ်ကလေးတွေကို ရှုမယ်ဆိုလို့ရှိရင်
စိတ္တာနုပဿနာ၊
ကျန်တဲ့ ကြံတွေးမှု၊ ကြံစည်မှုတွေ၊
ရုပ်ခန္ဓာတွေရုပ်ခန္ဓာတွေစသည် ရှုမယ်ဆိုလို့ရှိရင်
ဓမ္မာနုပဿနာ၊
မိမိသန္တာန်မှာရှိတဲ့ သဘာဝတရားတွေကို
အမှန်မြင်အောင်ကြည့်ဖို့ လိုအပ်တယ်တဲ့။
အဲဒီလို အမှန်မြင်အောင် ကြည့်တာကိုပဲ
သမ္မာဒိဋ္ဌိလို့ခေါ်တာ၊
သမ္မာဒိဋ္ဌိဆိုတဲ့ အမှန်မြင်ဖို့အတွက်
ဘာလုပ်ရမလဲ?
သမ္မာသင်္ကပ္ပ ဆိုတဲ့
မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့ လိုတယ်၊
မှန်မှန်ကန်ကန် စဉ်းစားတတ်ဖို့အတွက်
မှန်မှန်ကန်ကန် ကြိုးစားဖို့လိုအပ်တယ်၊
ဒါက သမ်မာဝါယာမ၊
ထို ကြိုးစားတဲ့အခါမှာ
စိတ်စိုက်ဖို့လိုအပ်သေးတယ်၊
ဒါက သမ္မာသတိ၊
အာရုံတစ်ခုထဲမှာ
စိတ်ကိုငြိမ်အောင်ထားတာက
သမ္မာသမာဓိတဲ့၊
ပေါင်းလိုက်တဲ့အခါကျတော့ မဂ္ဂင်ငါးပါး၊
ဒီမဂ္ဂင်ငါးပါး အဓိကဖြစ်တယ်၊
“ ကာရာပကမဂ္ဂင် ” သို့မဟုတ်
“ ကာရကမဂ္ဂင် ” လို့ခေါ်တယ်၊
တရားဓမ္မ ကျင့်ကြံကြိုးကုတ်အားထုတ်တဲ့အခါမှာ
ဒီမဂ္ဂင်ငါးခုဟာ ဟန်ချက်ညီညီနဲ့
အလုပ်လုပ်သွားပြီဆိုလို့ရှိရင် သဘာဝတွေကို
အမှန်အတိုင်း သိနိုင်မှာဖြစ်တယ်။
ဆိုပါစို့
ထွက်လေဝင်လေလေးကို
ရှုမှတ်နေတယ်ဆိုလို့ရှိရင်
ထွက်လေဝင်လေလေးကို
သူ့သဘာဝလေးအတိုင်း မသိ သိအောင်
ကြိုးစားတာ သမ္မာဝါယာမ၊
ထို၀င်လေထွက်လေလေးကို
အမြဲတမ်းသတိကပ်ထားတာက သမ္မာသတိ၊
ထိုထွက်လေဝင်လေလေးကို
အာရုံတစ်ခုထဲပေါ်မှာ စိတ်ကို
ငြိမ်အောင်ထားတာက သမ္မာသမာဓိ၊
ထွက်လေဝင်လေလေးရဲ့သဘာဝကို
စဉ်းစားတွေးခေါ်နေတာက သမ္မာသင်္ကပ္ပ တဲ့။
ဟော အဲဒီလိုလေးခုပေါင်းစပ်လိုက်တဲ့အခါ
ဘာပေါ်လာတုန်း?ဆိုရင် သမ္မာဒိဋ္ဌိ၊
ထွက်လေဝင်လေလေးရဲ့ သဘာဝတရားကို
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိ၊
ထွက်လေဝင်လေလေးရဲ့ သဘာဝတရားကို
အမှန်မြင်လိုက်တဲ့ သမ္မာဒိဋ္ဌိဆိုတာပေါ်လာတယ်၊
အဲဒီလိုအမှန်မြင်လိုက်တယ်ဆိုတာ
ထွက်လေဝင်လေလေးဟာ
" သူ့သဘာဝပဲ၊ ထွက်လေဝင်လေပဲ "
“ ငါမဟုတ်ပါလား ” ဆိုတာ မြင်လာတယ်၊
" ငါမဟုတ်ဘူး" ဆိုတဲ့ အမြင်ဟာ အမှန်မြင်ပေါ့။
အဲဒီ အမှန်မြင်လိုက်တဲ့အခါကျတော့မှ
ရုပ်နာမ်ဓမ္မ သင်္ခါရတွေနဲ့ ပတ်သက်ပြီးတော့
အမှန်မြင်လာတာနဲ့ တစ်ပြိုင်တည်း
“ ငြီးငွေ့မှု ” ဆိုတာ ပေါ်လာတယ်။
ငြီးငွေ့လာတာနဲ့ တစ်ပြိုင်နက်ထဲ
“ တွယ်တာမှု ” ဆိုတာ မရှိတော့ဘူး။
တွယ်တာမှု မရှိတာနဲ့ တစ်ပြိုင်နက်
“ လွတ်မြောက် ” သွားတာပဲလေ။
အဲဒီလို အဆင့်ဆင့် အကျိုးရှိသွားအောင်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်က
ကာယ၊ စိတ်တ၊ ဝဒေနာ၊ ဓမ်မ ဆိုတဲ့
သတိပဋ္ဌာန်အာရုံလေးပါးအပေါ်မှာ
လူတိုင်းလူတိုင်းဟာ ဘယ်အချိန်မှာပဲဖြစ်ဖြစ် မိမိတို့အားလပ်တဲ့အချိန်လေးမှာ အာရုံစိုက်ပြီးတော့ ကြည့်မယ်ဆိုရင်
ခုနကပြောတဲ့ အသိဉာဏ်တွေ
အားလုံး ပေါ်လာကြမှာပါတဲ့။
အဲဒီလို ပေါ်လာတဲ့အခါမှာ
"ဝိမုတ္တ" လွတ်မြောက်မှုဆိုတာကို
ရမှာဖြစ်ပါတယ်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
အဂ္ဂမဟာပဏ္ဍိတ
အရှင်နန္ဒမာလာဘိဝံသ(Ph.D)၊
တရားမြတ်ဒေသနာ၊ အမှတ်စဉ် (၁)၊
ရှစ်ယောက်နှင့်တစ်ယောက် တရားတော်
စာမျက်နှာ ၃၈ မှ ၄၀
dhammapractitioner
No comments:
Post a Comment