မိုးကုတ်ဆရာတော်ဘုရားကြီး
နောက်ဆုံးဟောကြားခဲ့သောတရားတော်
ရထားထွက်ခါနီးပြီ
============
ကဲ ...... တရားနာတဲ့လူကလဲ ခန္ဓာကြည့်ပြီးနာရတယ်။ ဟောတဲ့ပုဂ္ဂိုလ်ကလဲ ခန္ဓာကြည့်ပြီးဟောမယ်။ ဘာ၀နာပွားပြီးဟောတဲ့အတွက် ဘာ၀နာပွားပြီးနာရမယ်။
ခင်ဗျားတို့ဟာ တရားကပို့လိုက်လို့ ဒီလူ့ပြည်ရောက်လာတာ၊ အဲ ...တရားပို့လိုက်တာနဲ့ လူ့ပြည်ရောက်လာ
တာပဲ။ဒါကြောင့် ခင်ဗျားတို့ တရားသာ အမိ၊ တရားသာ အဖ ပါပဲ။ ဒီတော့ တရားပဲအားကိုးစရာ ရှိတော့တယ်လို့ သေသေချာချာမှတ်ပါ။ သာဓက လုံလောက်အောင်ရှင်းပြမယ်။
မြတ်စွာဘုရားဟာ ဘုရားဖြစ်လာတော့
သြော် ...... ငါ အတုမရှိတဲ့ ဘုရားတော့ဖြစ်လာပြီ၊ ငါ့ထက် သီလ၊ သမာဓိပညာအားဖြင့်သာတဲ့ ပုဂ္ဂိုလ်ရှိရင် ကိုးကွယ်ဆည်းကပ်ပူဇော်မယ်ဆိုပြီး
၃၁-ဘုံမှာ လျှောက်ပြီးကြည့်လိုက်တော့
သူထက်သာတဲ့ ပုဂ္ဂိုလ် တစ်ယောက်မှမမြင်ဘူး။ မမြင်တော့ ငါ ဘယ်နှယ့်ကြောင့် ဘုရား ဖြစ်လာရပါလိမ့်မတုံးလို့ တွေးဆင်ခြင်လိုက်တော့ တရားကြောင့်(တရားအားထုတ်လို့) ဘုရားဖြစ်လာတာပဲ၊ တရားပဲ ကိုးကွယ်မှဖြစ်မယ်လို့
ဆုံးဖြတ်တော်မူတယ်။
ဒါဖြင့် ခင်ဗျားတို့လဲ တရားကပို့လို့ ဒီ လူ့ပြည်ရောက် လာတာ၊ ဒီကနေ သေလွန်တဲ့ အခါမှာလည်း
တရားပို့တဲ့ဆီ သွားရမှာပဲ။ ဒီတော့ ဘယ်တရားပို့တာ ကြိုက်တယ်ဆိုတာ တရားကိုရွေးရမယ်။ ဘုန်းကြီးက ဝေဖန်ပြမယ်။ တရားက ငါးမျိုးရှိတယ်။
“အကုသိုလ်တရား၊ ဒါနကုသိုလ်တရား၊
သီလကုသိုလ်တရား၊ သမထကုသိုလ်တရား၊ ၀ိပဿ နာကုသိုလ်တရား”လို့ ငါးမျိုးရှိတယ်။
ဘယ်တရားပို့တာ ကြိုက်သလဲ။
(၁) အကုသိုလ်တရားကတော့ အပါယ်လေးပါးပို့တယ်၊
ဒါကို ခင်ဗျားတို့ မကြိုက်ဘူး။
(၂) ဒါနကုသိုလ်က လူ့ပြည်နဲ့ နတ်ပြည်ပို့တယ်၊ လူ့ပြည်နဲ့ နတ်ပြည်မှာ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတယ်ဆိုတော့ ဒါလဲ ကြိုက်စရာမဟုတ်ဘူး။
(၃) သီလကုသိုလ်ကလဲ နတ်ပြည်စပြီး “အကနိဋ္ဌ” ဗြဟ္မာ့ဘုံထိအောင်ပို့တယ်၊ ဘယ်ဘုံပို့ပို့၊ အိုဘေး၊ နာဘေး၊ သေဘေးတွေရှိတော့ ဒါလဲကြိုက်စရာ
မဟုတ်ဘူး။ အိုနာသေ ဒုက္ခသစ္စာရှိတဲ့ဆီ
သွားလို့မတော်ဘူး။
(၄) သမထကုသိုလ်အားထုတ်တော့ သူက ဗြဟ္မာ့ဘုံ ၂၀-လုံးကိုပို့မယ်။ ဗြဟ္မာ့ဘုံတွေမှာ အသက်တမ်းကရှည်လွန်းတော့ သက်ဆိုးရှည်
နေတာပဲ၊ ခန္ဓာ၀န်ထမ်းပြီး အိုဘေး၊ နာဘေး၊ သေဘေးတွေနဲ့ အတူတူနေရတာဖြစ်လို့ ဒီတရားပို့တဲ့ဆီကိုလည်း ကြိုက်လို့မတော်ဘူး။ ဒီ လေးချက်ကို ခင်ဗျားတို့ မကြိုက်သင့်ဘူး။
နောက်ဆုံးဖြစ်တဲ့
(၅) ဝိပဿ နာကုသိုလ် တရားကတော့ ဒုက္ခခပ်သိမ်းငြိမ်းရာ နိဗ္ဗာန်ပဲ ပို့မယ်။ ဒါကို ကြိုက်ရမယ်။
ကိုင်း.. ဒါဖြင့် ခင်ဗျားတို့ တရားပို့လို့ ခု
ဒီလူ့ပြည်ရောက်လာပြီ။ နောက်တစ်ခါ
ဘယ်တရားပို့တဲ့ဆီ သွားမတုံး၊ သစ္စာသိတဲ့ ပုဂ္ဂိုလ်ဆိုရင် ဒုက္ခသစ္စာဆီ မသွားချင်တော့ဘူး။ ဒုက္ခသစ္စာမရှိတဲ့ဆီပဲ သွားချင်မယ်။ ဒါဖြင့် ဒုက္ခသစ္စာမရှိတဲ့ဆီသွားချင်တယ်ဆိုရင် ၀ိပဿ နာကြိုးစား၊ မဂ်ဆိုက်အောင်လုပ်၊ မဂ်ကတော့ နိဗ္ဗာန်မှတစ်ပါး ဘယ်မှမပို့ဘူး။
ဒုက္ခထဲ မပို့တော့ဘူး။ ဝိပဿ နာ(မဂ်)ကတော့ ကိလေသာ၀ဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မ၀ဋ်ကိုလဲ ဖြတ်တယ်၊ ကမ္မ၀ဋ်ပြတ်တော့ ၀ိပါက၀ဋ်မလာတော့ဘူး။ ဒီတော့ ဝိပဿ နာ(မဂ်)ဟာ
၀ဋ်သုံးပါးကျွတ်တဲ့ဆီ ပို့တယ်။
ခင်ဗျားတို့ တရားပို့တဲ့ဆီ မရွေးတတ်မှာစိုးလို့ အခုလို ဝေဖန်ရှင်းပြနေရတာ။ဘယ်တရားက ဘယ်ပို့တယ်ဆိုတာ သိထားရမယ်။ တချို့တရားကပို့လိုက်တာ အပါယ်လေးပါးရောက်သွား
တာပဲ။ တချို့တရားကပို့လိုက်တာ နတ်ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံ ဖြစ်ပြီး အပါယ်ပြန်ကျတယ်။
တချို့တရားကပို့လိုက်တာ ဗြဟ္မာ့ပြည်ရောက်ပြီး ဂျွမ်းထိုးမှောက်ခုံဖြစ်ပြီး အပါယ်ပြန်ကျတာပဲ။ ဒီတရားတွေကို ခင်ဗျားတို့ အားထားလို့ တော်ပါ့မလား။ မတော်ဘူး။ မတော်ဘူးဆိုတာ
သစ္စာသိလို့ ထွက်လာတဲ့အသံပဲ။
အဲဒီလို သစ္စာသိတော့ ဘယ်နတ်ပြည်
ဘယ်ဗြဟ္မာ့ပြည်ကိုမှ မသွားချင်တော့ဘူး။ ဘာဖြစ်လို့ “အို၊ နာ၊ သေ” ရှိနေလို့၊
ပထမ ပျော်သလိုလိုနဲ့ နောက် ဒုက္ခကြီးနဲ့
ဇာတ်သိမ်းရလိမ့်မယ်။
အဲ .... သစ္စာသိတဲ့ပုဂ္ဂိုလ်ကျတော့ အို နာ သေရှိတဲ့ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်ကို မသွားချင်တော့ဘူး။
“အို နာ သေ” မရှိတဲ့ နိဗ္ဗာန်ပဲ သွားချင်မှာပဲ။
ကုသိုလ်ဆိုတာ ၂-လမ်းရှိတယ်။ သစ္စာမသိပဲပြုလုပ်တဲ့
“ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေကတော့ လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ဆိုတဲ့ “အို နာ သေ”ရှိရာ ပို့လိမ့်မယ်။ အဲ ... ဒုက္ခမလိုချင်လို့ သစ္စာသိပြီးပြုတဲ့
“ဒါန၊ သီလ၊ သမထ” ကုသိုလ်တွေဟာ
လမ်းဆုံးဖြစ်တဲ့ နိဗ္ဗာန်ကိုပို့ပေးတယ်။
အဲ .... “ဝိပဿ နာ” ကတော့ ကိလေသာဖြတ်၊ ကံဖြတ်၊ အကျိုးပေးဖြတ်(၀ဋ်သုံးပါး) ဖြတ်လေတော့၊
၀ဋ်ကျွတ်တဲ့နေရာ ပို့မှာပဲ။ ခင်ဗျားတို့က ပို့ပါလို့ ဆိုဖို့မလိုဘူး။ ဒါ တရားရွေးတတ်အောင် ပြောနေတာ၊
သစ္စာမသိတဲ့ ပုဂ္ဂိုလ်ကျတော့ တရားပို့တဲ့နေရာ မရွေးတတ်တော့ ဖြစ်သမျှအကြောင်း အကောင်းချည့်လို့ ပြောမှာပဲ။ ဖြစ်သမျှအကြောင်း အကောင်းချည့်ဆိုတာ ကံစီမံသလိုခံမယ်ဆိုတဲ့
အဓိပ္ပါယ်ပဲ၊ သစ္စာသိတဲ့ပုဂ္ဂိုလ်ကျ ကံစီမံသလိုမခံဘူး။ ဉာဏ်စီမံသလိုခံလိမ့်မယ်။ ဝိပဿ နာဆိုတာ
ဉာဏ်လမ်း၊ ဉာဏ်ကမှဖြစ်ပျက်မြင်တာ။ ဒီတော့ ဉာဏ်စီမံရာသွားပါ။ ကံစီမံတာက ၃၁-ဘုံ၊ ဉာဏ်စီမံတာက ၃၁-ဘုံ အပြင်ဘက်မှ နိဗ္ဗာန်၊
ရှင်းပြီလား။
ဉာဏ်စီမံသလိုသွားမယ်ဆိုတော့
ဉာဏ်ကလဲ တခါခွဲရဦးမယ်။ ဉာဏ်ကလဲ “ကမ္မဿ ကတာဉာဏ်ကတစ်မျိုး၊ နာမရူပ ပရစ္ဆေဒဉာဏ်ကတစ်မျိုး၊
ပစ္စယပရိဂ္ဂဟဉာဏ်က တစ်မျိုး၊
၀ိပဿ နာဉာဏ်က တစ်မျိုး၊
မဂ်ဉာဏ်ကတစ်မျိုး” လို့ ငါးမျိုးရှိပြန်တယ်။
(၁) ကမ္မဿ ကတတာဉာဏ် ။ ။
“ကောင်းတာလုပ် ကောင်းကျိုးပေးတယ်”ဆိုတဲ့ ဒီဉာဏ်ကလေးလောက်လည်း အားကိုးလို့မဖြစ်သေးဘူး။ ဒီဉာဏ်က သုဂတိတော့ပို့လိုက်တာပဲ၊
ပို့ပေမယ့် ဒိဋ္ဌိတန်းလန်းပါသွားတယ်။
ငါလုပ်လို့ငါရတယ် ဆိုတော့ ဒိဋ္ဌိကပါသွားတယ်။ ဒီတော့ ဒိဋ္ဌိပါသွားတဲ့ ကမ္မဿ ကတာဉာဏ် ပို့ရာကိုလည်းမလိုက်နဲ့၊ ဒီဉာဏ်က ဒိဋ္ဌိတန်းလန်းနဲ့
တက်သွားတော့ ပြန်ကျဦးမှာပဲ။ ဥပမာနဲ့ရှင်းပြမယ်။ အင်မတန်ကြီးတဲ့ ငှက်ကြီးတစ်ကောင်ကို အဆိပ်လူးတဲ့ မြှားကလေးနဲ့ ပစ်လိုက်တော့ မြှားတံအဖျားက သေးသေးလေးဆိုတော့
အဆိပ်ကဗြုံးကနဲ ချက်ချင်းမပြန့်ဘူး။ မပြန့်သေးတော့ ငှက်ကြီးဟာပြန်တက်သွားတယ်။ ဒါပေမယ့် အဆိပ်မပြန့်ခင်တာ ပျံနိုင်တာ၊ အဆိပ်ပြန့်တော့
မပျံနိုင်တော့ဘူး။ ဘုံးကနဲပြန်ကျတယ်။ အဲဒီလိုပဲ ကမ္မဿ ကတာဉာဏ်ဟာ ဒိဋ္ဌိ=အဆိပ်မပြန့်ခင်သာတက်တယ်။ ဒိဋ္ဌိအဆိပ်ပြန့်တဲ့အခါကျတော့ ဘုံး ဆိုထိုးကျတာပဲ။ ကုသိုလ်မကုန်ခင်တာ
အထက်တက်တာ။ ဒိဋ္ဌိအဆိပ်ပြန့်တာနဲ့ တပြိုင်နက် တချက်ထဲကျတာပဲ။ ကမ္မဿ ကတာဉာဏ်ဟာ
ဒိဋ္ဌိကိုမဖြတ်နိုင်ဘူး။ ဒိဋ္ဌိအဆိပ်ပြန့်လာရင် အပါယ်လေးပါးပြန်ကျတာပဲ။ ဒီတော့ .... ဒီဉာဏ်ဟာ အားမကိုးလောက်သေးဘူး။
(၂) နာမရူပ ပရိစ္ဆေဒဉာဏ် ။ ။
ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲလို့ မေးတော့၊နာမရူပ ပရိစ္ဆေဒဉာဏ်ဆိုတာရှိတယ်။ ဒုတိယဉာဏ်တက်လာတယ်။ နာမ်နဲ့ရုပ်ကို ခွဲခြားသိတဲ့
ဒီဉာဏ်ကို အားကိုးပါ။ ဒီဉာဏ်ကို
အားကိုးလိုက်တော့ “သြော်=သွားချင်တာက နာမ်၊သွားတာကရုပ်၊ စားချင်တာကနာမ် စားတာကရုပ်” ဆိုတော့ နာမ်ရုပ်ကွဲတဲ့ ဉာဏ်ကလေးကို ရတယ်။
ဒီ ဉာဏ်ဟာ ခုနက “ကမ္မဿ က တာ” ဉာဏ်ထက်တော့သာတယ်။ သာပေမယ့်လည်း ဒါကို တကယ်အားကိုးလောက်ပြီလို့မယူနဲ့ဦး။ ဘာပြုလို့တုံးဆိုတော့ သူက တစ်ဘ၀သာ “စူဠသောတာပန်”ဖြစ်တယ်။ တစ်ဘ၀သာ
အပါယ်လွတ်တယ်။ နောက်ဘဝတွေမလွတ်သေးတော့ ဒီဉာဏ်လောက်နဲ့လဲ အားမကိုးနဲ့ဦး။ တစ်ဘ၀သုဂတိသွားပြီး တစ်ဘ၀ အပါယ်လွတ်တာကလေးနဲ့ မကျေနပ်နဲ့ဦး။ နောက်ဘဝတွေ စိတ်မချရသေးဘူး။
(၃) ပစ္စယပရိဂ္ဂဟဉာဏ်။ ။
ဒါဖြင့်ဘယ်ဉာဏ်ကို အားကိုးရမလဲ၊
“ပစ္စယပရိဂ္ဂဟဉာဏ်”ဆိုတာရှိတယ်။
ပစ္စယပရိဂ္ဂယဉာဏ်ဆိုတာ ပဋိစ္စသမုပ္ပါဒ်သိတဲ့ဉာဏ်ပဲ။ အဲဒီဉာဏ်က “အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်တယ်။
သင်္ခါရကြောင့် ဝိညာဏ်ဖြစ်တယ်။
သြော် .... သံသရာကြီးထဲမှာ ဒီလို သူ့အကြောင်းနဲ့ သူ့အကျိုးနဲ့ ဖြစ်ပျက်နေတာပဲ၊ ပုဂ္ဂိုလ်သတ္တဝါဆိုတာ မရှိဘူး။ အကြောင်းအကျိုးဆက်ဖြစ်နေတဲ့
ဓမ္မတွေသာ ရှိတယ်”လို့ သိတယ်။ ဒီဉာဏ်ကလည်း “စူဠသောတာပန်” အဆင့်ထဲမှာပဲ ရှိသေးတယ်။ ဒါကြောင့် ခင်ဗျားတို့ ပဋိစ္စသမုပ္ပါဒ် နားလည်ရုံနဲ့လည်း သေပျော်ပြီလို့ မယူလိုက်နဲ့ဦး။
တစ်ဘ၀အပါယ်လွတ်တာပဲ ရှိသေးတယ်။
(၄) ဝိပဿ နာဉာဏ် ။ ။
ဒါဖြင့် ဘယ်ဉာဏ်အားကိုးရမလဲ။ “ဝိပဿ နာဉာဏ်” ဆိုတာရှိတယ်။ ဒီဉာဏ်က လက္ခဏာရေး သုံးပါး
သိတဲ့ဉာဏ်ပဲ။ ဒီဉာဏ်လောက်နဲ့လဲ မတင်းတိမ်နဲ့ဦး။ ဘာပြုလို့၊ သူက သုဂတိဘဝတွေလှည့်ဖြစ်ဦးမှာ
ဆိုတော့၊ “ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ”ဆိုတဲ့ ဒုက္ခတွေနဲ့ တွေ့ရဦးမယ်။ သစ္စာသိတဲ့ပုဂ္ဂိုလ်အဖို့ တကယ်အကောင်းအစစ်ကြီးမဟုတ်သေးဘူး။
(၅) မဂ်ဉာဏ် ။ ။
ဒါဖြင့် ဝိပဿ နာ ဉာဏ်ကနေ
မဂ်ဉာဏ်လေးပါးရအောင်လုပ်လိုက်။
မဂ်ဉာဏ်လေးပါးဟာ ဆိုင်ရာကိလေသာကိုဖြတ်ပြီး ဆိုင်ရာဒုက္ခကို ချုပ်ငြိမ်းစေတယ်။ ဒုက္ခ လေးဆင့် လေးခါ ချုပ်အောင်လုပ်လိုက်၊ ဒုက္ခတစ်ဆင့် ချုပ်ငြိမ်းတာနဲ့ မကျေနပ်နဲ့ဦး။
နှစ်ခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊
သုံးခါချုပ်နဲ့လည်း မကျေနပ်နဲ့ဦး၊
လေးခါချုပ်အောင်လုပ်လိုက်၊
လေးခါချုပ်တော့ ဒီဘဝသေပြီးတဲ့နောက် မအို မသေအမြဲနေတဲ့ နိဗ္ဗာန်ရောက်တော့ ပဋိသန္ဓေလဲ မနေတော့ဘူး။ ပဋိသန္ဓေမနေလို့ ခန္ဓာငါးပါးမရှိလေတော့ အိုနာသေ ဒုက္ခတွေ
အကုန်လုံးချုပ်ငြိမ်းသွားတယ်။ ဒါဖြင့် ဒီဉာဏ်ဟာ အကောင်းဆုံးဉာဏ်ပဲ၊ မဂ်ဉာဏ်ဟာ အကောင်းဆုံးပဲလို့မှတ်။
ဒီတော့ ချုပ်လိုက်ရင် ဓမ္မ(တရား) ငါးမျိုးရှိတယ်။ ဒီ ဓမ္မငါးမျိုးထဲက ဉာဏ်ကနေ ဉာဏ်စဉ်ရွေးထုတ်လိုက်တာ ဒီဉာဏ်ငါးမျိုးရတယ်။ ဒီ ဉာဏ်ငါးမျိုး ခွဲထုတ်ပြတယ်။ ဝိပဿ နာ
ဓမ္မတွေ အားကိုးရမယ် ဆိုငြားသော်လည်း၊ ဒါတွေကို တခါအဆင့်ဆင့် အယုတ်အညံ့ံရွေးထုတ်လိုက်တဲ့အခါကျတော့ မဂ်ဉာဏ်ဟာ အကောင်းဆုံးဆိုတာ ပေါ်လာတယ်။ မဂ်ဉာဏ်မှတစ်ပါး အားကိုးစရာအစစ် မရှိတော့ဘူး။ ဒီတော့ မဂ်ဉာဏ်ရအောင် လုပ်ရလိမ့်မယ်။ မဂ်ဉာဏ်ကမှ ဒုက္ခတွေကို ချုပ်ငြိမ်းစေတာ။ အဲဒီတော့ ကိုယ်ခန္ဓာကြီးက ဒုက္ခသစ္စာ=ဖြစ်ပျက်။
ဒီဒုက္ခသစ္စာကြီး ချုပ်အောင်ကြိုးစားရမယ်။ ဒုက္ခချုပ်သွားရင် တခါတည်းကိစ္စပြီးမယ်။ ဒါကြောင့် ခန္ဓာ(ဒုက္ခ) ဇာတ်သိမ်းရာရောက်တဲ့ မဂ်ဉာဏ်လေးခုကိုသာလျှင် အကြီးဆုံး အားကိုးထိုက်တဲ့ တရားပဲလို့ ဆိုပြီး ကြိုးစားပါ။
ဘုန်းကြီးက မသိတာပြောမယ်၊ ခင်ဗျားတို့က ကိုယ်ပိုင်ဉာဏ်နဲ့ ကိုယ့်ခန္ဓာ ကြည့်ပါ။ ဘုန်းကြီးလဲ အသက်ကြီးပြီ၊ ခင်ဗျားတို့က ဘုန်းကြီးနဲ့ မှီလိုက်ရုံပဲ
ရှိတော့ မြန်မြန်လုပ်လိုက်၊ ရထားက ထွက်ခါနီးနေပြီမှီရုံကလေးရှိတယ်၊ ရထားထွက်လုနီးပြီဆိုတာ
ရိပ်မိကြပြီလား။
( ဤ တရားကား ..... ဆရာတော်ဘုရားကြီး၏ နောက်ဆုံး တရားပေတည်း။)
မဂ်ဉာဏ်ရကြပါစေ။ မိုးကုတ်ဆရာတော်ဘုရားကြီး ၏ သြ၀ါဒတရားများ (၁၃၂၄-ခု၊ သီတင်းကျွတ်လဆုတ် ၃-ရက်နေ့ည၌ဟောသည့် နောက်ဆုံးတရား)
No comments:
Post a Comment