ဝိပဿနာအားထုတ်ရင် ငရဲမှလွတ်နိုင်ပါသလား
•••••••••••••••••••••••••••••••••
ဝိပဿနာ အားထုတ်လို့"ငရဲ မှ လွတ်မြောက်နိုင်တဲ့ အကြောင်း" ကို "ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ" ရဲ ့ဝိပဿနာသင်တန်း အမေးအဖြေများ (၂) ထဲ မှ အမေးဖြေ ကောက်နှုတ်ချက် ကို ဓမ္မမိတ်ဆွေများ ဗဟုသုတ အဖြစ် သိရှိ၍ သဒ္ဓါတရား ပိုမိုပွားများလာစေရန် ပူဇော်ယင်းတင်ပြလိုက်ပါတယ်။
( ခန္ဓာ-၅ပါးတစ်ဦး )
•••••••••••••••••••••••••••••••
"ငရဲမှလွတ်နိုင်ပါတယ်။ အပါယ်လေးမှလည်းလွတ်နိုင်ပါတယ်။ မေးခွန်းကိုထောက်ဆကြည့်ရင် သက်သေ သာဓက ကိုင်ပြဖို့ထက် ယုတ္တိရှိမရှိ ကို ဖြေဆိုရမယ်ထင်ပါတယ်။
ငရဲဆိုတာ အပါယ်လေးဘုံထဲက ဘုံဌာနတစ်ခုပါ။ ငရဲ၊တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်တွေဟာ အပယ်လေးဘုံပါ။
ငရဲဆိုတာ "နိရယ" ပါဠိစကား၊ ချမ်းသာကင်းရာအရပ် ချမ်းသာမှုမရှိခြင်း လို့ အဓိပ္ပါယ်ရှိပါတယ်။
"အပါယ်" ဆိုတာကလည်း "အပါယ = အပ+အာယ " ပါဠိစကားပါ။ ချမ်းသာကင်းရာ၊ ချမ်းသာမှုနည်းတယ်လို့ အဓိပ္ပါယ်ရပါတယ်။
စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ နှစ်မျိုးမှာ နှစ်မျိုးစလုံး "ဒုက္ခ" တွေချည်းပါ။ ဒါပေမယ့် ကိုယ်ဆင်းရဲနေတဲ့အခါ နေတတ်၊ ထိုင်တတ်ရင် စိတ်ချမ်းသာနိုင်သေးတယ်။ စိတ်ဆင်းရဲ နေပြီဆိုရင်တော့ ကိုယ်ချမ်းသာအောင်လည်းမနေတတ်တော့ဘူး။ စိတ်ဆင်းရဲမှုကြောင့် ကိုယ်ပါဆင်းရဲ ပြီး ဆင်းရဲနှစ်မျိုးလုံး ခံနေရပါတယ်။
ဒါကြောင့် တချို့က ကိုယ်ချမ်းသာပြည့်စုံနေပေမယ့် စိတ်ဆင်းရဲနေရရင် "ငရဲကျနေတယ်၊ မချမ်းသာဘူး ၊ အပါယ်ရောက်နေတယ်" လို့ ဆိုကြပါတယ်။
ဘုံဌာနအနေနဲ့က" အောက်လေးဘုံ၊ အနိမ့်ဆုံး လေးဘုံ " လို့ပြောကြပါတယ်။ အဲဒီအနိမ့်ဆုံးဘုံတွေ၊ ငရဲဘုံတွေကို "အကုသိုလ်စိတ်ဆင်းရဲမှု" က ပို့ပေးတာပါ။ အကုသိုလ်ဖြစ်နေတယ်ဆိုတာ "စိတ်"မှာဖြစ်တာ။ စိတ်ဆင်းရဲနေတာပါ။
စိတ်ဆင်းရဲတယ်ဆိုတာ စိတ်ပူ၊ စိတ်နောက်၊ စိတ်ညစ်၊ စိတ်ရှုပ်၊ စိတ်လေးနေတဲ့ သဘောတွေပါ။
ချောင်းထဲ၊ မြစ်ထဲ၊ ရေထဲကိုဖော့တုံးနဲ့ သံတုံးကြီးကြီး ဖြစ်ဖြစ် သေးသေးဖြစ်ဖြစ် ပစ်ချကြည့်လိုက်ပါ။ ဘယ်ဟာမြုပ်မလဲ သံတုံးပေါ့။ သံခဲ သံစပေါ့ လေးတာကိုး။
ဒီသဘောပါပဲ။ စိတ်လေးရင် အောက်မြှပ်မယ်။ စိတ်ပေါ့ပါး ရင် ပေါ်မယ်။ အထက်အမြင့်ကိုတက်မယ်။
စိတ်ဆင်းရဲမှုဆိုတဲ့ အကုသိုလ်စိတ်ဖြစ်နေရင် ဒီစိတ်ကိုအရင်းခံပြီး ကြံစည်ပြောဆို ပြုမှုနေရင် အောက်ကိုချတယ်။အောက်ကျပါတယ်။
စိတ်ချမ်းသာမှုဆိုတဲ့ ကုသိုလ်စိတ်ဖြစ်နေရင် ပေါ့ပါးလန်းဆန်းပြီး အထက်တက်ပါတယ်။
ဝိပဿနာဆိုတာ "စိတ်"အလုပ်ပါ။ "ကုသိုလ်" စစ်စစ်ပါ။ အထက်တန်းရောက်စေနိုင်တဲ့ ကုသိုလ်၊ စိတ်ချမ်းသာမှု အမြင့်မားဆုံးရစေတဲ့ ကုသိုလ် ပါ။
ဝိပဿနာအားထုတ်ရင် စိတ်ချမ်းသာပြီးကြည်လင်လန်းဆန်းတယ်။ အမှန်အတိုင်းသိနေလို့ စိတ်အနှောက်ယှက်တွေ ကင်းတယ်။ စိတ်လန်းဆန်းတော့ စိတ်ကြောင့်ဖြစ်နေတယ် ရုပ်တွေလည်း လန်းဆန်းပေါ့ပါကြည်လင်နေကြပါတယ်။
အပါယ်လေးဘုံရဲ့ ဘုံဌာနအရပ်ဒေသကို ဦးစားပေးမပြောဘဲ ယုတ္တိသဘောနဲ့ ပြောရရင် ချမ်းသာကင်းတဲ့ငရဲဆင်းရဲဘေးက လွတ်ဖို့ ဝိပဿနာရှုစိတ်၊ အသိဉာဏ်ပါတဲ့ကုသိုလ်စိတ်နဲ့ စိတ်ချမ်းသာနေရင် အပါယ်ငရဲကလွတ်ပါတယ်။ ဝိပဿနာစိတ်မှာ အပါယ်ငရဲပို့တတ်တဲ့ ဝိစိကိစ္ဆာ၊ မိစ္ဆာဒိဋ္ဌိ တွေ ကင်းနေလို့ ဆိုတဲ့ တရားသဘောနဲ့ လည်း "ငရဲ" ကလွတ်ပါတယ်။
ဒါကြောင့် ဝိပဿနာ အားထုတ်ပါ။ ဝိပဿနာအားထုတ်နေရင် "ငရဲ"က မုချလွတ်တယ် ဆိုတာအသေချာလို့ဆရာရာတော် ဖြေကြားချက်ကို တင်ပြလိုက်ပါတယ်။
•••••••••••••••••••••••••••••••••••••
(ကိုးကား-"ဆရာတော် ဓမ္မဒူတအရှင်ဆေကိန္ဒ" ရဲ့ဝိပဿနာသင်တန်း အမေးအဖြေများ (၂) ထဲ မှ အမေးဖြေ ကောက်နှုတ်ချက် ဖြစ်ပါကြောင်း)
မေတ္တာဖြင့်
No comments:
Post a Comment