🙏ဒီဃာဝုမင်းသား🙏
🌼🌼🌼🌼🌼🌼🌼🌼
မြတ်စွာဘုရားသည် ရဟန်းတို့ကို ''ရဟန်းတို့ ရှေး၌ဖြစ်ဖူးသည်ကား ဗာရာဏသီ ပြည်၌ ဗြဟ္မဒတ်ကာသိမင်းသည် ကြွယ်ဝ၍ များသောဥစ္စာစည်းစိမ် ရှိ၏၊ များသောရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားလည်း ရှိ၏၊ ကြီးသော တိုင်းနိုင်ငံနှင့် ပြည့်သော ဘဏ္ဍာအိမ်ကျီကြလည်း ရှိ၏။
ဒီဃီတိ ကောသလမင်းသည်ကား ဆင်းရဲ၍ နည်းသော ဥစ္စာစည်းစိမ် ရှိ၏၊ နည်းသောရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားရှိ၏၊ ငယ်သော တိုင်းနိုင်ငံနှင့် မပြည့်သော ဘဏ္ဍာအိမ်ကျီကြရှိ၏။
ဗြဟ္မဒတ် ကာသိမင်းသည် အင်္ဂါလေးပါး ရှိသော စစ်သည်ကို ပြင်ဆင် စေ၍ ဒီဃီတိ ကောသလမင်း၏ နိုင်ငံသို့ ရှေးရှုချီတက်၏။ ''ဗြဟ္မဒတ်ကာသိမင်းသည် အင်္ဂါလေးပါးရှိသော စစ်သည်ကို ပြင်ဆင်စေ၍ ငါ၏ (နိုင်ငံ) ရှေးရှု ချီတက်လာသတတ်''ဟု ဒီဃီတိ ကောသလမင်းသည် ကြားလေ၏။
ဒီဃီတိ ကောသလမင်းအား ''ဗြဟ္မဒတ် ကာသိမင်းသည်ကား ကြွယ်ဝ၍ များသောဥစ္စာစည်းစိမ် ရှိ၏၊ များသောရဲမက် ဗိုလ်ပါ ဆင်မြင်းရထား ရှိ၏၊ ကြီးသော တိုင်းနိုင်ငံနှင့် ပြည့်သော ဘဏ္ဍာအိမ်ကျီကြ ရှိ၏၊ ငါသည်ကား ဆင်းရဲ၍ နည်းသော ဥစ္စာစည်းစိမ် ရှိ၏၊ နည်းသောရဲမက်ဗိုလ်ပါ ဆင်မြင်းရထား ရှိ၏၊
ငယ်သော တိုင်းနိုင်ငံနှင့် မပြည့်သော ဘဏ္ဍာအိမ် ကျီကြ ရှိ၏၊ ငါသည် ဗြဟ္မဒတ် ကာသိမင်းနှင့် တစ်ကြိမ် စစ်ထိုးခြင်းကိုပင် ခံခြင်းငှါ မစွမ်းနိုင်ချေ၊ ငါသည် စောစောကပင်လျှင် မြို့မှ ထွက်ပြေးရမူ ကောင်း လေစွ''ဟု အကြံဖြစ်၏။
ဒီဃီတိ ကောသလမင်းသည် မိဖုရားကြီးကို ခေါ်၍ စောစောကပင်လျှင် မြို့မှ ထွက်ပြေးလေ၏။
ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃီတိ ကောသလမင်း၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း အောင်မြင်၍ စိုးမိုးအုပ်ချုပ် ၏။
ဒီဃီတိမည်သော ကောသလမင်းသည် မိဖုရားနှင့်တကွ ဖဲသွားလေသော် ဗာရာဏသီပြည်သို့ ရောက်လေ၏။ ဒီဃီတိ ကောသလမင်းသည် မိဖုရားနှင့် တကွ ဗာရာဏသီပြည် အစွန်အဖျား ဖြစ်သော အရပ်ရှိ အိုးထိန်းသည်အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်း၏ အဝတ်ကို ဝတ်လျက် နေလေ၏။ ဒီဃီတိ ကောသလမင်း၏ မိဖုရားကြီးသည် မကြာမီပင်လျှင် ကိုယ်ဝန်ရှိလေ၏။
ထိုမိဖုရားကြီးအား ဤသို့ သဘောရှိသော ချင်ခြင်း 'တောင့်တမှု' သည် ဖြစ်ပေါ်လာ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ရှုကြည့်ခြင်းငှါ၄င်း၊ သန်လျက်ဆေးရေကိုသောက်ခြင်းငှာ၄င်း အလိုရှိ၏''။
ဒီဃီတိ ကောသလမင်း၏ မိဖုရားကြီးသည် ဒီဃီတိ ကောသလမင်းကို အရှင်မင်းကြီး အကျွန်ုပ်သည် ကိုယ်ဝန်ရှိပါ၏၊ ထိုအကျွန်ုပ်အား ဤသို့ သဘောရှိသော ချင်ခြင်း 'တောင့်တမှု' သည် ဖြစ်ပေါ်လာပါ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညို ကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ကြည့်ရှုခြင်းငှာလည်းကောင်း၊ သန်လျက်ဆေးရေ ကိုသောက်ခြင်းငှါလည်းကောင်း အလိုရှိပါ၏''ဟု ပြောဆို၏၊
မိဖုရား ဆင်းရဲခြင်းသို့ ရောက်နေသော ငါတို့အား ညီညွတ်သော မြေအပြင်၌ တည်လျက် ချိပ်မိန့်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို အဘယ်မှာရအံ့နည်း သန်လျက်ဆေးရေကို သောက်ခြင်းငှါ အဘယ်မှာရအံ့နည်းဟု (မင်းကြီးက ဆို၏)။
အရှင်မင်းကြီး အကယ်၍ မရငြားအံ့ အကျွန်ုပ်သည် သေရတော့အံ့ဟု (ဆို၏)။
ထိုစဉ်အခါ၌ ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဒီဃီတိ ကောသလမင်း၏ အဆွေခင်ပွန်း ဖြစ်လေ၏။ ဒီဃီတိ ကောသလမင်းသည် ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားထံသို့ ချဉ်းကပ်ပြီးလျှင် အဆွေ သင်၏ အဆွေတော် မိဖုရားကြီးသည် ကိုယ်ဝန်ရှိပါ၏၊ ထိုမိဖုရားကြီးအား ဤသို့ သဘောရှိသော ချင်ခြင်းသည် ဖြစ်ပေါ် လာပါ၏၊ ''နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ရှုမြင်ခြင်းငှာ၄င်း၊ သန်လျက်ဆေးရေကို သောက်ခြင်းငှါ၄င်း အလိုရှိပါသည်''ဟု ပြောဆို၏။
အရှင်မင်းကြီး သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် မိဖုရားကြီးကို ကြည့်ရှုကြပါကုန်အံ့ဟု (ပြောဆို၏)။ ဒီဃီတိ ကောသလမင်းကြီး၏ မိဖုရားကြီးသည် ဗြဟ္မဒတ် ကာသိမင်း၏ ပုရော ဟိတ်ပုဏ္ဏားထံသို့ ချဉ်းကပ်လေ၏။ ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဒီဃိတိ ကောသလမင်း၏ မိဖုရားကြီး လာနေသည်ကို အဝေးကမြင်၍ နေရာမှ ထပြီးလျှင် လက်ဝဲ တစ်ဖက် ပခုံးထက်၌ အပေါ်ရုံကို စံပယ်တင်၍ ဒီဃီတိ ကောသလ မင်းကြီး၏ မိဖုရားကြီးရှိရာသို့ လက်အုပ်ချီလျက် ''အချင်းတို့ ဝမ်း၌ တည်သော သူငယ်သည် ကောသလ မင်း ဖြစ်ပေသည်တကား၊ အချင်းတို့ ဝမ်း၌ တည်သော သူငယ်သည် ကောသလမင်း ဖြစ်ပေသည်တ ကား''ဟု သုံးကြိမ် ဥဒါန်းကျူးရင့်လေ၏။
မိဖုရားကြီး ဝမ်းမြောက်လော့၊ နေထွက်သောအခါ ညီညွတ်သော မြေအပြင်၌ တည်လျက် ချပ်မိန်ညို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ကြည့်ရှုရပါလတ္တံ့၊ သန်လျက်ဆေးရေကိုလည်း သောက်ရပါလတ္တံ့ဟု (ဝန်ခံလေ၏)။
ဗြဟ္မဒတ် ကာသိမင်း၏ ပုရောဟိတ်ပုဏ္ဏားသည် ဗြဟ္မဒတ် ကာသိမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''အရှင်မင်းကြီး ထိုသို့ လျှောက်တင်သည့်အတိုင်း နိမိတ်တို့သည် ထင်လာပါကုန်၏၊ နက်ဖြန်နေထွက်သောအခါ ချပ်မိန်ညိုကို ဝတ်ဆင်ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကို ညီညွတ်သော မြေအပြင်၌ တည်ပါစေလော့၊ သန်လျက်တို့ကိုလည်း ဆေးပါကုန်လော့''ဟု လျှောက်၏။
ဗြဟ္မဒတ် ကာသိမင်းသည် ''အချင်းတို့ ပုရောဟိတ်ပုဏ္ဏား ပြောဆိုသည့်အတိုင်း ပြုကြကုန်လော့''ဟု လူတို့ကို စေခိုင်း၏။ ဒီဃီတိ ကောသလမင်း ကြီး၏ မိဖုရားကြီးသည် နေထွက်သောအခါ ညီညွတ်သော မြေပြင်၌ တည်လျက် ချပ်မိန်ညိုကို ဝတ်ဆင် ထားသည့် အင်္ဂါလေးပါးရှိသော စစ်သည်ကိုလည်း ကြည့်ရှုရလေ၏၊ သန်လျက်ဆေးရေကိုလည်းသောက်ရ လေ၏။
ဒီဃီတိ ကောသလမင်းကြီး၏ မိဖုရားကြီးသည် ကိုယ်ဝန်ရင့်ခြင်းကို စွဲ၍ သားဖွားမြင်လေ၏၊ ထိုသားအား 'ဒီဃာဝု' ဟူသော အမည်ကို မှည့်ကုန်၏ ဒီဃာဝု မင်းသားသည် မကြာမီပင်လျှင် သိကြားလိမ္မာသည်၏အဖြစ်သို့ ရောက်လေ၏။
ဒီဃီတိ ကောသလမင်းအား ''ဗြဟ္မဒတ် ဤကာသိမင်းသည် များစွာ ငါတို့၏ အကျိုးမဲ့ကို ပြုသူတည်း၊ ဤမင်းသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်းရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း လုယူခဲ့၏၊ အကယ်၍ ဤမင်းသည် ငါတို့ကို သိငြားအံ့၊ ငါတို့ သုံးယောက်လုံးကို သတ်စေလတ္တံ့၊ ငါသည် ဒီဃာဝုမင်းသားကို မြို့ပြင်၌့နေစေရလျှင် ကောင်းလေစွ''ဟု အကြံဖြစ်၏။
ဒီဃီတိ ကောသလမင်းသည် ဒီဃာဝုမင်းသားကို မြို့ပြင်၌ နေစေ၏။ ရဟန်းတို့ ထိုအခါ ဒီဃာဝုမင်းသားသည် မြို့ပြင်၌ နေလျက် မကြာမီပင် အလုံးစုံသော အတတ်တို့ကို သင်ယူလေ၏။
ထိုအခါ ဒီဃီတိ ကောသလမင်း၏ ဆတ္တာသည်သည် ဗြဟ္မဒတ် ကာသိမင်း၏ အထံ၌ နေ၏၊ ဒီဃီတိ ကောသလမင်း၏ ဆတ္တာသည်သည် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ အိုးထိန်းသည်အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်းတို့၏ အဝတ်ကို ဝတ်လျက်နေသည်ကို မြင်သဖြင့် ဗြဟ္မဒတ်မည်သော ကာသိမင်းထံသို့ ချဉ်းကပ်ပြီးလျှင် ''အရှင်မင်းကြီး ဒီဃီတိကောသလမင်းသည် မယားနှင့်အတူ ဗာရာဏသီပြည် အစွန်အဖျားအရပ်ရှိ အိုးထိန်းသည် အိမ်၌ မထင်ရှားသော အသွင်ဖြင့် ပရိဗိုဇ်ရဟန်းတို့၏ အဝတ်ကို ဝတ်လျက်နေပါသည်'' ဟု လျှောက်လေ၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ''အချင်းတို့ သို့ဖြစ်လျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဆောင်ယူခဲ့ကုန်လော့''ဟု လူတို့ကို စေခိုင်းလေ၏။ ''အရှင်မင်းကြီး ကောင်းပါပြီ''ဟု ထိုလူတို့သည် ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ ဆောင်ယူခဲ့ကုန်၏။
ဗြဟ္မဒတ် ကာသိမင်းကြီးသည် လူတို့ကို ''အချင်းတို့ သို့ဖြစ်လျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ မြဲမြံခိုင်ခံ့သော ကြိုးဖြင့် လက်ပြန်တုပ်နှောင်လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည် ဆောင်ယူလျက် တောင်တံခါးဖြင့် ထွက်စေ၍ မြို့၏ တောင် အရပ်၌ လေးပိုင်းဖြတ်ပြီးလျှင် လေးဖို့လေးစုတို့ကို (ပြုပြီး၍) အရပ်လေးမျက်နှာတို့၌ ပစ်ကုန်လော့''ဟု စေခိုင်း၏။
ထိုလူတို့သည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃီတိ ကောသလမင်းကို မယားနှင့်အတူ မြဲမြံခိုင့်ခံသော ကြိုးဖြင့် လက်ပြန်တုပ် နှောင်လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်ကာ ဆောင်ယူကြလေကုန်၏။
ထိုအခါ ဒီဃာဝုမင်းသားအား ''ငါသည် အမိအဖတို့ကို မတွေ့မမြင်ရသည်ကား ကြာမြင့် လှလေပြီ၊ ငါသည် အမိအဖတို့ကို တွေ့မြင်ရမူ ကောင်းလေစွ''ဟု အကြံဖြစ်၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်သို့ ဝင်သည်ရှိသော် မြဲမြံခိုင့်ခံသော ကြိုးဖြင့် လက်ပြန်တုပ်နှောင် လျက် သင်တုန်းဖြင့် ခေါင်းတုံးရိတ်ပြီးလျှင် အသံပြင်းသော ထက်စည်ကို တီးကာ လမ်းမတစ်ခုမှ လမ်းမ တစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည်ဆောင်ယူ အပ်သော အမိအဖတို့ကို မြင်၍ အမိ အဖတို့ထံသို့ ချဉ်းကပ်၏။
ဒီဃီတိ ကောသလမင်းသည် အဝေးမှ လာသော ဒီဃာဝုမင်းသားကို မြင်၍ ''ချစ်သား ဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့ မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏ ''ဟု ဒီဃာဝုမင်းသားကို ပြောဆို၏။
ဤသို့ပြောဆိုသော် လူတို့သည် ဒီဃီတိ ကောသလမင်းကို ''ဤဒီဃီတိ ကောသလမင်းသည် ရူး၍ ယောင်ယမ်း ပြောဆို၏။ ဤကောသလမင်း၏ ဒီဃာဝုကား အဘယ်နည်း၊ ဤကော သလမင်းသည် အဘယ်သူကို ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင့်ရန်တို့သည် ငြိမ်းကုန်၏''ဟု ဆိုပါလိမ့်မည်နည်းဟု ပြောဆိုကုန်၏။
အချင်းတို့ ငါသည် ရူး၍ ယောင်ယမ်းပြောဆိုသည် မဟုတ်၊ စင်စစ်သော်ကား ပညာရှိသူသည် သိလတ္တံ့ဟု ပြောဆို၏။ ဒီဃီတိ ကောသလမင်းသည် ''ချစ်သား ဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏''ဟု ဒီဃာဝုမင်းသားကို သုံးကြိမ်မြောက် ပြောဆို၏။
လူတို့သည် ဒီဃီတိ ကောသလမင်းကို ''ဤဒီဃီတိ ကောသလမင်းသည် ရူး၍ ယောင်ယမ်းပြောဆို၏၊ ဤကောသလမင်း၏ ဒီဃာဝုကား အဘယ်နည်း၊ ဤကောသလမင်းသည် အဘယ်သူကို ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏''ဟု ဆိုပါလိမ့်မည်နည်းဟု သုံးကြိမ်မြောက် ပြောဆိုကုန်၏။
အချင်းတို့ ငါသည် ရူး၍ ယောင်ယမ်းပြောဆိုသည် မဟုတ်၊ စင်စစ်သော်ကား ပညာရှိသူသည် သိလတ္တံ့ဟု ပြောဆို၏။
ထိုအခါ ထိုလူတို့သည် ဒီဃီတိမည် ကောသလမင်းကို မယားနှင့်အတူ လမ်းမ တစ်ခုမှ လမ်းမတစ်ခုသို့ လမ်းဆုံတစ်ခုမှ လမ်းဆုံတစ်ခုသို့ လှည့်လည် ဆောင်ယူလျက် တောင်တံခါးဖြင့် ထွက်စေ၍ မြို့၏ တောင်အရပ်၌ လေးပိုင်းဖြတ်ပြီးလျှင် လေးဖို့လေးစုတို့ကို (ပြုပြီး၍) အရပ်လေးမျက်နှာ တို့၌ ချထားပြီးလျှင် အစောင့်အရှောက်ထား၍ ဖဲသွားကုန်၏။
ထိုအခါ ဒီဃာဝုမင်းသားသည် ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် သေရည်ကို ဆောင်ယူခဲ့၍ အစောင့်တို့ကိုသောက်စေ၏။ ထိုအစောင့်တို့သည် မူးယစ်၍ လဲသောအခါ ထင်းတို့ကို စုရုံး၍ အပုံပြုလျက် အမိအဖတို့၏ အလောင်းကို ထင်းပုံထက် သို့တင်ကာ မီးတိုက်ပြီးလျှင် လက်အုပ်ချီ၍ ထင်းပုံကို သုံးကြိမ်လက်ျာရစ် လှည့်လည်၏။
ထိုစဉ်အခါ၌ ဗြဟ္မဒတ် ကာသိမင်းကြီးသည် မြတ်သော ပြာသာဒ်အထက်၌ တည်နေခိုက် ဖြစ်၏ လက်အုပ်ချီ၍ ထင်းပုံကို သုံးကြိမ်လက်ျာရစ် လှည့်လည်နေသည့် ဒီဃာဝု မင်းသားကို မြင်သော ထိုဗြဟ္မဒတ်မင်းအား ''ထိုသူသည် ဒီဃီတိမည်သော ကောသလမင်း၏ မိမျိုး ဖမျိုးသော်၄င်း သားချင်းသော်၄င်း မချွတ်ဖြစ်လတ္တံ့၊ ငါ့အား မည်သူကမျှ မပြောကြားဘဲ နေတုံဘိ၏၊ ဪ ငါ့အား အကျိုးမဲ့ချေပြီတကား''ဟု အကြံဖြစ်၏။
ထိုအခါ ဒီဃာဝုမင်းသားသည် တောသို့ သွားပြီးလျှင် အလိုရှိတိုင်း ငိုကြွေးမြည်တမ်း ပြီးနောက် မျက်ရည်ကို သုတ်လျက် ဗာရာဏသီပြည်သို့ ဝင်ကာ နန်းတော်၏ အနီး ဆင်တင်းကုပ်သို့ သွား၍ ဆင်ဆရာကို ''ဆရာ အကျွန်ုပ်သည် အတတ်သင်လိုပါသည်''ဟု ပြောဆို၏။ အချင်းလုလင်သို့ ဖြစ်လျှင် သင်လော့ဟု (ပြောဆို၏)။
ထိုအခါ ဒီဃာဝုမင်းသားသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီဆို၏၊ စောင်းကိုလည်း တီး၏။ ဗြဟ္မဒတ် ကာသိ မင်းသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုသံ စောင်းတီးသံကို ကြား၍ လူတို့ကို ''အချင်းတို့ အဘယ်သူသည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုဘိသနည်း၊ စောင်းကိုလည်း တီးဘိသနည်း''ဟု မေး၏။
အရှင်မင်းကြီး ဤမည်သော ဆင်ဆရာ၏ အနီးနေတပည့် လုလင်သည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစောထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီချင်းဆိုပါသည်၊ စောင်းကိုလည်း တီးပါသည်ဟု (လျှောက်ကုန်၏)။ အချင်းတို့ သို့ဖြစ်လျှင် ထိုလုလင်ကို ဆောင်ခဲ့ကုန်လော့ဟု (မိန့်ဆို၏)။
ထိုလူတို့သည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်းကြီးအား ဝန်ခံပြီးလျှင် ဒီဃာဝုမင်းသားကို ဆောင်ခဲ့ကုန်၏။ အချင်းလုလင် သင်သည် ညဥ့်၏ မိုးသောက်ယံအခါ၌ စောစော ထ၍ ဆင်တင်းကုပ်၌ သာယာသော အသံဖြင့် သီဆိုသလော၊ စောင်းကိုလည်း တီးသလောဟု (မေး၏)။ မှန်ပါသည် အရှင်မင်းကြီးဟု (လျှောက်၏)။ အချင်းလုလင် သို့ဖြစ်လျှင် သီဆိုလော့၊ စောင်းကိုလည်း တီးလော့ဟု (မိန့်၏)။
''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် မည်သော ကာသိမင်းကြီးအား နှစ်သက်စေလိုသည်ဖြစ်၍ သာယာသော အသံဖြင့် သီဆို၏၊ စောင်းကိုလည်း တီး၏။ ''အချင်း လုလင် သင်သည် ငါ့ကို လုပ်ကျွေးခစားလော့''ဟု (ဆို၏)။
ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်း ကြီးအား ဝန်ခံ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် ကာသိမင်းကြီး၏ ရှေးဦးစွာထ၍ နောက်မှ အိပ်လေ့ရှိ၏၊ အဘယ်အမှုကို ပြုရပါအံ့နည်းဟု နာခံလျက် နေလေ့ရှိ၏၊ နှစ်လို ဖွယ်ကို ပြုကျင့်လေ့ရှိ၏၊ ချစ်ခင်ဖွယ်ကို ပြောလေ့ရှိ၏၊ ရဟန်းတို့ ထိုအခါ ဗြဟ္မဒတ် ကာသိမင်း ကြီးသည် မကြာမီပင်လျှင် ဒီဃာဝုမင်းသားကို အတွင်းကျသော အကျွမ်းဝင်သော အရာဌာန၌ ထား၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃာဝုမင်းသားကို ''အချင်း လုလင် ရထား ကလော့၊ သမင်တောသို့ သွားကုန်အံ့''ဟု ဆို၏။ ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အသျှင်မင်းကြီး''ဟု ဗြဟ္မဒတ်မည်သော ကာသိမင်းအား ဝန်ခံ၍ ရထားကပြီးလျှင် ဗြဟ္မဒတ် မည်သော ကာသိမင်းကို ''အရှင်မင်းကြီး သင်မင်းကြီး၏ ရထားကပြီးပါပြီ၊ ယခုအခါ သွားရန် အချိန်ကို အရှင်မင်းကြီး သိတော်မူပါ၏။ (သွားရန်မှာ အရှင်မင်းကြီး၏ အလိုအတိုင်းပင် ဖြစ်ပါသည်) ''ဟု ဆို၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ရထားကို တက်စီး၏၊ ဒီဃာဝုမင်း သားသည် ရထားကို မောင်းနှင်၏၊ စစ်သည်က တစ်လမ်းသွား၍ ရထားက တစ်လမ်းသွားအောင် မောင်း နှင်၏။ ဗြဟ္မဒတ် ကာသိမင်းကြီးသည် အဝေးသို့ ရောက်သောအခါ ဒီဃာဝုမင်းသား ကို ''အချင်းလုလင် ရထားကို ချွတ်လော့၊ ပင်ပန်း၏၊ အိပ်အံ့''ဟု မိန့်ဆို၏။
ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ်မည်သော ကာသိမင်း ကြီးအား ဝန်ခံ၍ ရထားကို ချွတ်ပြီးလျှင် မြေ၌ ထက်ဝယ်ပလ္လင်ဖြင့် ထိုင်နေ၏။ ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသား၏ ရင်ခွင်၌ ဦးခေါင်းချ၍ အိပ်လေ၏၊
ပင်ပန်းသော ထိုမင်းကြီးသည် တစ်မုဟုတ်ခြင်းဖြင့်ပင် အိပ်ပျော်ခြင်းသို့ ရောက်၏။ ထိုအခါ ဒီဃာဝု မင်းသားအား ဤသို့ အကြံဖြစ်၏ -
''ဤဗြဟ္မဒတ် ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း၊ လုယက်ဖျက်ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။
ထိုအခါ ဒီဃာဝုမင်းသားအား ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီး အခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်။ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု သန်လျက် အိမ်သို့ သန်လျက်ကို ပြန်သွင်း၏။
ဒီဃာဝုမင်းသားအား နှစ်ကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်၏ - ''ဤဗြဟ္မဒတ်မည်သော ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက် ဗိုလ်ပါ့ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း၊ ဘဏ္ဍာတိုက်နှင့် ကျီကြကိုလည်းကောင်း လုယက်ဖျက် ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါ ရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။
ဒီဃာဝုမင်းသားအား နှစ်ကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီးအခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သား ဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု တစ်ဖန် သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်း၏။
ဒီဃာဝုမင်းသားအား သုံးကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ဤဗြဟ္မဒတ် မည်သော ကာသိမင်းကြီးသည် ငါတို့၏ အကျိုးမဲ့ကို များစွာ ပြုခဲ့၏၊ ဤမင်းကြီးသည် ငါတို့၏ ရဲမက် ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း ဘဏ္ဍာတိုက်နှင့် ကျီကြကို၄င်း လုယက် ဖျက်ဆီး၏၊ ဤမင်းကြီးသည် ငါ၏ အမိအဖတို့ကိုလည်း သတ်၏၊ ဤအခါသည်ကား ငါ ရန်တုံ့မူရမည့် အခါတည်း''ဟု သန်လျက်အိမ်မှ သန်လျက်ကို ဆွဲထုတ်၏။
ဒီဃာဝုမင်းသားအား သုံးကြိမ်မြောက်လည်း ဤသို့ အကြံဖြစ်ပြန်၏ - ''ခမည်းတော်သည် သေခါနီး အခါ၌ 'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်၊ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု ငါ့ကို ပြောဆိုမှာထားခဲ့၏၊ ငါသည် ခမည်းတော်၏ စကားကို လွန်ဆန်ခြင်းငှါ မသင့်''ဟု သန်လျက်အိမ်၌ သန်လျက်ကို ပြန်သွင်း၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ကြောက်ရွံ့ ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထလေ၏။ ထိုအခါ ဒီဃာဝုမင်းသားသည် ဗြဟ္မဒတ် ကာသိမင်းကြီးကို ''အရှင်မင်းကြီး အဘယ့်ကြောင့် သင်သည် ကြောက်ရွံ့ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထဘိသနည်း''ဟု ပြောဆိုမေးမြန်း၏။
အချင်းလုလင် ယခုအခါ အိပ်မက်ထဲ၌ ငါ့ကို ဒီဃီတိ ကောသလမင်းကြီး၏ သားဖြစ်သော ဒီဃာဝုမင်းသားက သန်လျက်ဖြင့် လိုက်သောကြောင့် ငါသည် ကြောက်ရွံ့ ထိတ်လန့် စိတ်မသန့်ဘဲ တဖျတ်ဖျတ် လန့်သည်ဖြစ်၍ အဆောတလျင် ထ၏ဟု ပြောဆို၏။
ထိုအခါ ဒီဃာဝုမင်းသားသည် လက်ဝဲလက်ဖြင့် ဗြဟ္မဒတ် ကာသိမင်းကြီး၏ ဦးခေါင်းကို ကိုင်၍ လက်ျာလက်ဖြင့် သန်လျက်ကို ထုတ်ကာ ဗြဟ္မဒတ် ကာသိမင်းကြီးကို ''အရှင်မင်းကြီး ဒီဃီတိ ကောသလမင်း၏ သားဖြစ်သော ထိုဒီဃာဝုမင်း သားသည်ကား ငါပင်တည်း၊ သင်သည် ငါတို့၏ အကျိုးမဲ့ ကို များစွာပြု၏၊ သင်သည် ငါတို့၏ ရဲမက်ဗိုလ်ပါ ဆင်မြင်း ရထားနှင့် ဇနပုဒ်ကို၄င်း ဘဏ္ဍာ တိုက်နှင့် ကျီကြကို၄င်း လုယက်ဖျက်ဆီး၏၊ သင်သည်ပင် ငါ၏ အမိအဖတို့ကို သတ်၏၊ ဤ အခါသည်ကား ငါရန်တုံ့မူရမည့် အခါတည်း''ဟု ပြောဆို၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသား၏ ခြေတို့၌ ဦးခိုက်၍- ''ချစ်သားဒီဃာဝု ငါ၏ အသက်ကို ပေးပါလော့၊ ချစ်သားဒီဃာဝု ငါ၏ အသက်ကို ပေးပါလော့''ဟု ဒီဃာဝုမင်းသားကို ပြောဆို၏၊
''အကျွန်ုပ်သည် အရှင်မင်းကြီး၏ အသက်ကို ပေးခြင်းငှါ အဘယ်မှာ တတ်နိုင်ပါအံ့နည်း၊ အရှင်မင်း ကြီးသည်သာလျှင် အကျွန်ုပ်၏ အသက်ကို ပေးနိုင်ရာ၏''ဟု (ဒီဃာဝုက ပြောဆို၏)။
''ချစ်သားဒီဃာဝု သို့ဖြစ်လျှင် သင်သည်လည်း ငါ၏ အသက်ကို ပေးလော့၊ ငါသည်လည်း သင်၏ အသက်ကို ပေးအံ့''ဟု (ပြောဆို၏)။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းကြီးနှင့် ဒီဃာဝုမင်းသားတို့သည် အချင်းချင်း အသက်ကို ပေးကုန်၏၊ လက်ကိုလည်း ဆွဲကိုင်ကုန်၏၊ (အချင်းချင်း) မပြစ်မှားရန် ကတိသစ္စာ ကျိန်ဆိုခြင်းကိုလည်း ပြုကုန်၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဒီဃာဝုမင်းသားကို ''ချစ်သားဒီဃာဝု သို့ဖြစ်လျှင် ရထားကလော့ သွားကုန်အံ့''ဟု ပြောဆို၏။
ဒီဃာဝုမင်းသားသည် ''ကောင်းပါပြီ အရှင်မင်းကြီး''ဟု ဗြဟ္မဒတ် ကာသိမင်း အား ဝန်ခံ၍ ရထားကို ကပြီးလျှင် ဗြဟ္မဒတ် ကာသိမင်းကို ''အရှင်မင်းကြီး သင်မင်းကြီး၏ ရထားကပြီးပါပြီ၊ ယခုသွားရန်အချိန်ကို သင်မင်းကြီး သိတော်မူပါ၏ (သွားရန်မှာ အရှင်မင်းကြီး၏ အလို အတိုင်းပင် ဖြစ်ပါသည်) ''ဟု လျှောက်၏။
ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ရထားကို တက်စီးလေ၏၊ ဒီဃာဝု မင်းသားသည် ရထားကို မောင်းနှင်လေ၏၊ မကြာမီပင် စစ်သည်နှင့် ပေါင်းဆုံမိမည့် လမ်းအတိုင်း ရထား ကို မောင်းနှင်လေ၏။ ထိုအခါ ဗြဟ္မဒတ် ကာသိမင်းသည် ဗာရာဏသီပြည်သို့ ဝင်ပြီးလျှင် အမတ်ပရိသတ်တို့ကို စည်းဝေးစေ၍ ''အချင်းတို့ ဒီဃီတိမည်သော ကောသလမင်း၏သား ဖြစ်သော ဒီဃာဝုမင်းသားကို တွေ့မြင်လျှင် အသို့ပြုကုန်အံ့နည်း''ဟု မေးမြန်း၏။
အချို့သော အမတ်တို့က....
''အရှင်မင်းကြီး အကျွန်ုပ်တို့သည် လက်တို့ကို ဖြတ်ပါကုန်အံ့။
အရှင် မင်းကြီး အကျွန်ုပ်တို့သည် ခြေတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် လက်ခြေတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နားတို့ကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နှာခေါင်းကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် နား နှာခေါင်းကို ဖြတ်ပါကုန်အံ့။
အရှင်မင်းကြီး အကျွန်ုပ်တို့သည် ဦးခေါင်းကို ဖြတ်ပါကုန်အံ့''ဟု ပြောဆိုကုန်၏။
''အချင်းတို့ ဤသူသည်ကား ဒီဃီတိမည်သော ကောသလမင်း၏ သားဖြစ်သော ဒီဃာဝုမင်းသား တည်း၊ ဤမင်းသားကို တစ်စုံတစ်ခုသော အမှုကိုမျှပြုရန် မရတော့ပြီ၊ ဤမင်းသားသည်လည်း ငါ့အား အသက်ကို ပေးခဲ့ပြီ၊ ငါသည်လည်း ဤမင်းသားအား အသက်ကိုပေးခဲ့ပြီ''ဟု ပြောဆို၏။
ထို့နောက် ဗြဟ္မဒတ် ကာသိမင်းကြီးသည် ဒီဃာဝုမင်းသားကို ''ချစ်သား ဒီဃာဝု သင်၏ အဖသည် သေခါနီးအခါ၌ -
'ချစ်သားဒီဃာဝု သင်သည် အရှည်ကို မကြည့်လင့်၊ အတိုကိုလည်း မကြည့်လင့်၊ ချစ်သားဒီဃာဝု ရန်တုံ့မူသဖြင့် ရန်တို့သည် မငြိမ်းကုန်။ ချစ်သားဒီဃာဝု ရန်တုံ့မမူမှသာလျှင် ရန်တို့သည် ငြိမ်းကုန်၏'ဟု မှာထားခဲ့၏၊ သင်၏ အဖသည် အဘယ်ကို ရည်၍ မှာထားခဲ့ပါသနည်း''ဟု မေးမြန်း၏။
No comments:
Post a Comment