စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

အနာမဲ့သူ ရှင်ဗာကုလ

🌺🌺ရှင်ဗာကုလ🌺🌺

ဘုရားရှင်လက်ထပ်မှာ အသက် ၁၆၀ အထိ အနာရောဂါကင်းစွာ အသက်ရှည်ရှည် နေခဲ့ရတဲ့ သျှင်ပါကူ အကြောင်းကို ဖော်ပြပေးလိုက်ရပါတယ်။ 

 သျှင်ပါကူရဲ့ ရဟန်း ဘွဲ့အမည်ဟာ အရှင်ဗာကုလဖြစ်ပြီး  အနက်အဓိပ္ပါယ်ပြန်သော် ဗာ=နှစ်ခုသော၊ ကုလ=မိသားစု၊ ဆွေမျိုး။ ဗာကုလ မည်သော် (မိသားစုအမျိုးနှစ်ခုရှိသူ) ဟူ၍အဓိပ္ပါယ်ရသည်။ တစ်နည်းအားဖြင့်ဆိုသော် (အမျိ်ုးနှစ်မျိုး တို့၏ ရင်ခွင်တွင် ကြီးပြင်းသောယောက်ျား)။
အရှင်ဗာကုလမထေရ်အလောင်းသူတော်ကောင်းဟာ ဂေါတမမြတ်စွာဘုရား၊ ဘုရားအဖြစ်မပွင့်တော်မှီ  ကာလမှာပဲ ကောသမ္ဘီပြည်မှာရှိသော သူဌေးကြီးတစ်ဦးရဲ့ အိမ်တော်မှာ ပဋိသန္ဓေတည်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ သူဌေးကြီးရဲ့ ဂုဏ်သတင်းဟာ အောင်မြင်မှု၊ ကျော်စောမှု၊ ကြွယ်ဝမှု တွေနဲ့ ပြည့်စုံပြီး ထိပ်ဆုံးသို့ရောက်ခဲ့ပါတယ်။ မိခင်သူဌေးကတော်ကြီးဟာ ရှင်ဗာကုလ ဖွားမြင်ပြီး ငါးရက်မြောက်နေ့မှာပဲ ဘုန်းကံကြီးမားတဲ့ သားလှရတနာလေးကို အနာကင်းစင်ဖို့အတွက် ရည်ရွယ်ပြီး ယမုံနာမြစ်အတွင်းသို့   ရေချိုးဆင်း ရန် အခမ်းအနားနဲ့ ပို့ဆောင်စေပါတယ်။ ကောကမ္ဘီပြည်ဟာ ယမုံနာမြစ်ရဲ့ဘေးတွင်တည်ရှိ်ပြီး တိုင်းသူပြည်သားတွေက အနာရောဂါကင်းစင်စေဖို့ ယမုံနာမြစ်မှာ ရေချိုးသန့်စင်လျှင်အသက်ရှည်တယ်လို့ အယူရှိခဲ့ပါတယ်။ ထိုမြစ်ကိုလည်းဗြဟ္မာပြည်ကစလို့ ဗြဟ္မာပြည်မှာဆုံးတယ်လို့ပဲ အယုံအကြည် ရှိကြပါတယ်။

 ယမုံနာမြစ်အတွင်းမှာ အထိန်းတော်ကြီးဟာ  သားလှရတနာလေးကို ရေချိုးသန့်စင်နေတုန်း ငါးကြီးတစ်ကောင်ဟာ ကလေးငယ်လေးကို သူ၏အစာ အမှတ်နဲ့ ပြေးဟတ်ဖို့ ချဉ်းကပ်လာပါတယ်။ အထိန်းတော်လည်း ကြောက်လန့်တကြားနှင့် ထွက်ပြေးသောအခါ သားတော်မှာ လက်မှ လွတ်ထွက်သွားပြီး ရေစီးနောက်မြောပါသွားပါတော့တယ်။ ငါးကြီးကလဲ နောက်မှအမှီလိုက်၍ အစာအမှတ်နဲ့ မျိုချလိုက်ပါတယ်။ ဘုန်းကံကြီးမားသော သားတော်လေးဟာ ငါးကြီးရဲ့ ဗိုက်အတွင်းမှာ ဒုက္ခမရောက်ဘဲ ပုခတ်အတွင်းမှာ အိပ်ရသကဲ့သို့ သက်သာစွာနေထိုင်ရပါတယ်။ သားတော်လေး၏ ဘုန်းတန်ခိုးကြောင့် ငါးကြီးမှာ ဝမ်းတွင်းပူလောင်မှုဒဏ်ကို ခံစားရပြီးမြစ်တစ်လျှောက် မျောပါသွားကာ ဗာရာဏသီ ပြည် ရဲ့ သောင်ကမ်းတစ်ဖက်တွင် အသက်ဆုံးရှုံးလေပါတော့တယ်။

 ထိုအချိန်တွင် တံငါသည်တစ်ဦးက ငါးကြီးအားတွေ့ရှိ၍ သယ်ဆောင်ကာ ဗာရာဏသီမြို့အတွင်းလှည့်လည်ရောင်းချသော်  ကုဋေ ရှစ်ဆယ်ချမ်းသာပြီး သားသမီးရတနာမရသော သူဌေး ဇနီးမောင်နှံတို့က ထိုငါးကြီးကို အကောင်လိုက် ဝယ်ယူလိုက်ပါတယ်။ တစ်ခါမှ ငါးမကိုင်တွယ်ဖူးသော သူဌေးကတော်ဟာ ဒီနေ့မှ ထူးထူးခြားခြား ကိုင်ချင်စိတ်ပေါက်ပြီး ငါးကြီးကို ဝမ်းဗိုက်မှမခွဲပဲကျောဘက်မှ ခွဲခြမ်းလေရာ ဝမ်းဗိုက်အတွင်း ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ရွှေအဆင်းလို ဝင်းဝါနေတဲ့ ချစ်စရာကောင်းသော ကလးငယ်လေးကို အမှတ်မထင်တွေ့ရလေတယ်။
 
သူဌေးကတော်ဟာ ဝမ်းသာအားရနဲ့ ပွေ့ချီလျက် သူဌေးကြီးအား သားအဖြစ်မွေးစားရန်ပြောလိုက်ပါတယ်။ သူဌေးကြီးကလည်း ချက်ချင်း မြို့အတွင်းစည်လည်စေပြီး ဘုရင်မင်းကြီးထံ သံတော်ဦလျှောက်တင်လိုက်ပါတယ်။ ဗာရာဏသီ မင်းကြီးက “ငါးဝမ်းဗိုက်အတွင်း အနာမဲ့ပြီး ချမ်းသာစွာ နေနိုင်သော ဤကလေးဟာ ဘုန်းကံကြီးမားသူဖြစ်တယ်၊ သင်သူဌေးမွေးစားစေ” လို့ မိန့်တော်မူလေ၏။ သူဌေးဇနီးမောင်နှံ နှစ်ဦးလဲ ဝမ်းသာအားရ ဖြင့် အိမ်တော်မှာပြုစုကျွေမွေးကြပါတယ်။မိ်ိဘအရင်းများဖြစ်တဲ့ကောသမ္ဘီပြည်က သူဌေးဇနီးမောင်နှံ နှစ်ဦးလည်း အထိန်းတော်ရဲ့ပြောကြားချက်ကို ကြားသိပြီးချင်း ယမုံနာမြစ်တစ်လျှောက် မြို့ရွာအနှံ့ လိုက်လံရှာဖွေပါတော့တယ်။ နောက်ဆုံးမှာ ငါးကြီးအား ဖမ်းသွားသော တံငါသည်နှင့် တွေ့ဆုံပြီး အကြောင်းစုံသိ၍ ဗာရာဏသီပြည်သို့ရောက်ရှိလာကြသော် မွေးမယ်တော်နဲ့ကျွေးမယ်တော်တို့ အချင်းများကြလေရာ ဗာရာဏသီမင်းကြီးထံ သတင်းရောက်ရှိသွားပြီး ခုံရုံးတော်မှာ အဆုံးအဖြတ်ခံယူစေရန် ရောက်ရှိသွားပါတယ်။

မင်းကြီးလည်း မည်သည့်ဘက်မှ အလေးသာပေးပြီး မဆုံးဖြတ်ပေးနိုင်သဖြင့် “ဒီသားငယ်လေးဟာ  ကောသမ္ဘီသူဌေးအိမ်၊ ဗာရာဏသီသူဌေးအိမ် နှစ်အိမ်လုံးရဲ့ အမွေခံသား ဖြစ်စေ”လို့ မ်ိန့်တော်မူလိုက်ပါတယ်။ သားငယ်လေးဟာ ထိုအချိန်မှစ၍ သူဌေး နှစ်ဦးရဲ့ အိမ်တော်တွေမှာ အလှည့်ကျနေထိုင် ကြီးပြင်းလာခဲ့ရသလို “ဗာကုလ သူဌေးသား” ဟူ၍လည်း အမည်တွင်ခဲ့ပါတယ်။ ဗာကုလ သူဌေးသားအရွယ်ရောက်တဲ့အခါ ကောသမ္ဘီပြည်၊ ဗာရာဏသီပြည်နှစ်ခုလုံးမှာ မယ်တော်၊ ခမည်းတော်တို့က နွေ၊ မိုး၊ ဆောင်း သုံးရာသီအတွက် စံအိမ်တော် တည်ဆောက်ပေးပြီး အခြွေအရံများစွာကို ပြုစု ဖျော်ဖြေ ခစားစေပါတယ်။

ဗာကုလ သူဌေးသားဟာ မြို့တစ်မြို့စီမှာ လေးလစီသာ စံနေပါတယ်။ ကောသမ္ဘီပြည်မှာ လေးလ ပတ်လုံး သူဌေးစည်းစိမ်ခံပြီးတဲ့ အခါမှာ ခမ်းနာလှတဲ့ နန်းဆောင်ပါဝင်တဲ့ ကရဝိတ် ဖောင်တော်ပေါ်မှာ ကချေသည် မောင်းမများနဲ့တကွ သူဌေးသားကို သယ်ဆောင်ပြီး ဗာရာဏသီပြည်သို့ ပြန်လည်ပို့ဆောင်ပေးပါတယ်။ ခရီးဝေးတာကြောင့် ဖောင်တော်ပေါ်မှာပင် လေးလကြာပြီးမှ ဗာရာဏသီ ပြည်သို့ ရောက်ပါတယ်။ဤနည်းနဲ့ကောသမ္ဘီပြည်မှာ လေးလ၊ လမ်းခရီးတွင်လေးလ၊ ဗာရာဏသီမှာ လေးလ စသည်ဖြင့် တစ်နှစ်တာ ကုန်လွန်စေပြီး ချမ်းသာစွာ နေထိုင်လာခဲ့တာ အသက် ၈၀ တိုင်အောင်ဖြစ်ပါတယ်။ 

ဗာကုလ သူဌေးသား အသက် ၈၀ အရွယ်ရောက်ချိန်မှာ ဗုဒ္ဒဘုရားရှင်ဟာ ပထမဝါဆိုပြီး ကောသမ္ဘီပြည်သို့ ကြွချီတော်မူလာခဲ့ပါတယ်။ ဗုဒ္ဒ ဘုရားရှင်ရဲ့ တရားတော်ကို နာယူပြီး ဗာကုလ ဟာ သဒ္ဒါတရားထက်သန်လာပြီး သာသနာ့ဝန်ထမ်း အဖြစ် ရဟန်းပြုခဲ့ပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ဟာ ရဟန်းပြုတော်မူပြီ နောက် (၇) ရက်မျှသာ ပုထုဇဉ်ဘဝနဲ့ နေရပြီး (၈) ရက်မြောက်အာရုဏ်မှာ “ဆဌဘိည၊ ပိဋိသမ္ဘိဒါ ပတ္တရဟန္တာ” အရှင်မြတ်ဖြစ်တော်မူခဲ့ပါတယ်။ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလန်၊ အရှင်မခေမာထေရီ တို့နဲ့ အတူ မဟာအဘိညာဉ်ရ ပုဂ္ဂိုလ် (၄) ဦးမှာပါဝင်သလို နှစ် သတ်မှတ်ချက်အလိုက် မကျိန်းစက် ကြတဲ့ ရှင်ရဟန်းအာဇာနည်မထေရ် (၁၁) ပါးမှာလည်း တစ်ပါးအပါအဝင်ဖြစ်ပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရဟန်းဖြစ်တော်မူပြီးအချိန်ကစလို့ နှစ်ပေါင်း (၈၀) လုံး အိပ်ရာဝင်ကာ လဲလျောင်းပြီး တစ်ခါမှ မအိပ်ခဲ့ဘူးပါ။

အရှင်ဗာကုလမထေရ် ရဟန်းပြုချိန်ကစပြီး ကောသမ္ဘီပြည်၊ ဗာရာဏသီပြည်မှာ ရှ်ိကြတဲ့ ရှေးလူဖြစ်စဉ် သူဌေးသားဘဝက အလုပ်အကျွေးပြုခဲ့ကြသော မောင်းမမိဿံတွေဟာ မိမိအ်ိမ်သို့ပြန်ကြကာ သင်္ကန်း၊ ဆွမ်းစတာတွေကို စီရင်ပြီး အရှင်ဗာကုလမထေရ်ထံ ဆပ်ကပ်လှူဒါန်းကြပါတယ်။ အရှင်ဗာကုလမထေရ်မြတ်ဟာ ပြည်နှစ်ပြည်မှာ လဝက် (၁၅) ရက်စီ အလှည့်ကျ သတင်းသုံးနေထိုင်ပြီး ပို့လှူသော ဆွမ်း၊ သင်္ကန်းတို့ကို ဘုန်းပေး သုံးဆောင်တော်မူပါတယ်။ ရဟန်းပြုချိန်ကစလို့ နှစ်ပေါင်း (၈၀) အတွင်း ဒါယကာတွေ ပင့်ဖိတ်သော ဆွမ်းကို တစ်ကြိမ်မှ လက်မခံဖူးသလို၊ ပင့်ဖိတ်ပါက ကောင်းလေစွ လို့စိတ်တောင် မကူးမိဖူးသူ ဖြစ်ပါတယ်။ အရှင်ဗာကုလမထေရ်ဟာ ရွာနီးကျောင်းမှာ ဝါမဆိုပဲ အမြဲတောရဆောက်တည်ကာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးတို့ကို တစ်စုံတစ်ရာမှ တောင့်တမှုမရှိဘဲ ပံ့သကူ သင်္ကန်း၊ ပိဏ္ဍပတ်ဆွမ်း၊ တောကျောင်းနဲ့ ပဲ ပျော်မွေ့တော်မူပါတယ်။ လူ့ဘဝ နှစ် (၈၀) ရဟန်းဘဝ နှစ် (၈၀) သက်တမ်း (၁၆၀) အတွင်း အပ်ပေါက်ရာ အချိန်လေးလောက်တောင်မှ အနာရောဂါ မဖြစ်ဘူးဘဲ ဆေးဖြစ်ဝါးဖြစ်ဆိုလျင်လဲ သစ်သျှားသီး တစ်စိတ်မျှပင် ဘုန်းပေးမသုံးဆောင်တော်မူခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မို့ ရှင်တော်ဘုရားဟာ အရှင်ဗာကုလမထေရ် ကို ကျန်းမာခြင်း အရာမှာ အသာလွန်ဆုံး  ဧတဒဂ်ဘွဲ့ထူးကို ပေးအပ်တော်မူခဲ့ပါတယ်။ ရဟန်းဖြစ်ချိန်မှ စပြီး ဝါတော် (၈၀) အတွင်းမှာ အမျိုးသမီး တွေကို တစ်ကြိမ်တစ်ခါမှ တရားမဟော ဖူးသလို ရဟန်းအဖြစ်နဲ့ နေစဉ်ကာလပတ်လုံး ကာမဂုဏ် အာရုံနှင့် ပတ်သတ်တဲ့ စိတ်ကူး တစ်ကြိမ်တစ်ခါမှ ဖြစ်ဖူးခြင်း အလျဉ်းရှိတော်မမူခဲ့ပါ။ လူဝတ်ကျောင်းအမျိုးသမီးတွေနဲ့ ကင်းရှင်းရုံမျှမက ရဟန်းဝတ် ဘ်ိက္ခုနီ၊ သိက္ခာမာန်၊ သာမဏေမ တွေနဲ့လည်း တွေ့ဆုံဆက်ဆံခြင်း အလျဉ်းရှိတော် မမူခဲ့ပါ။ အမျိုးသားတွေကိုလည်း ဥပဇ္စျယ် ဆရာအဖြစ်နဲ့ ရှင်ပြုပေးခြင်း၊ ရဟန်းခံပေးခြင်း၊ တပည့်အဖြစ် လက်မခံသလို ရှင်ငယ်၊ ရဟန်းငယ်တွေကို အလုပ်အကျွေး အဖြစ် အနီးပါးမှာ လုံးဝထားတော်မမူပါ။ ဝါတော် (၈၀) သက်တော် (၁၆၀) ပရိန်ိဗ္ဗာန် ဝင်စံချိန်အထိ ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာဝန် ကိုမိမိ ဘာသာ ထမ်းရွက်တော်မူသွားတဲ့ အံ့ဖွယ်မထေရ်မြတ်ကြီးတစ်ပါးဖြစ်တော်မူပါတယ်။ 

သက်တော် (၁၆၀) ပြည့်လို့ သက်တမ်းကုန်ဆုံးခါနီးတဲ့အခါ အရှင်ဗာကုလ မထေရ်ဟာ တစ်ကျောင်းဝင် တစ်ကျောင်းထွက် လှည့်လည်တော်မူကာ “ရှင်ဘုရားတို့ ယနေ့ တပည်တော်ရဲ့ ပရိန်ိဗ္ဗာန် ဝင်စံချုပ်ငြိမ်းမှုဖြစ်ပါလိမ့်မယ် ညီမူရာ အဆောင်သို့ ကြွတော်မူကြပါ” ကိုယ်တော်တိုင် ဖိတ်ကြားပြီးသံဃာစုဝေးစေပါတယ်။ သီတင်းသုံးဖော် သံဃာတော်များ စုဝေးမိတဲ့အခါ “ငါဟာ အသက်ရှင်စဉ်မှာ ငါ့ရဲ့ ခန္တာကိုယ်အတွက် သူတစ်ပါးကို တာဝန်မတက်စေသလို ပရိန်ိဗ္ဗာန် ဝင်စံချိန်မှာလည်း ငါ့ရဲ့ ခန္တာကိုယ်ဟာ သံဃာတော်တွေအတွက် ပလိဗောဓ ကြောင့်ကြ ဖွယ်မဖြစ်ပေါ်စေနဲ့” လို့ နှလုံးသွင်းဆင်ခြင်တော်မူကာ စျာန်အဘိညာဉ်ကို အာရုံပြုပြီး သံဃာများရဲ့ အလယ်မှာ ထိုင်လျက်ပင် ပရိန်ိဗ္ဗာန် ဝင်စံတော်မူပါတယ်။ ထိုင်တော်မူဆဲ ရုပ်ကလာပ်တော်ဟာ သူအလိုလို မီးထတောက်ပြီး လောင်ကျွမ်းကာ မုလေးပန်းရုံအဆင်းရှိတဲ့ ဓာတ်တော်တွေသာကြွင်းကျန်ရစ်တော်မူပါတယ်။ ကျန်းမာခြင်းအရာမှာ ဧတဒဂ်ဘွဲ့ ရတော်မူပြီး လက်ဝဲတော်ရံ မဟာသာဝကအပါး (၄၀) ထဲမှာ တစ်ပါးအပါအဝင်ဖြစ်သလို တန်ခိုးကြီးတော်မူတဲ့ သက်တော်ရှည် ရဟန္တာတစ်ပါးလည်း ဖြစ်တော်မူပါတယ်။
အရှင်ဗာကုလမထေရ်မြတ်ရဲ့ ပါရမီခရီးမှာ အားကျကြည်ညိုဖွယ်ကောင်းသလို ကိုယ့်ဘဝ၊ ကိုယ့်ကံကြမ္မာကို ကိုယ်ဖြစ်ချင်သလိုဖြစ်အောင် အကွက်ချစီမံတော်မူပုံဟာလည်း အတုယူအားကျဖွယ် ကောင်းလှပါတယ်။ အရှင်မြတ် ရဲ့ လောကီ၊ လောကုတ္တရာ ဘဝ နှစ်ခုလုံးစလုံးဟာ အောင်မြင်ကြွယ်ဝမှုတွေနဲ့ ပြည်စုံနေတာပါ။ သူဌေးမျိုးနွယ် နှစ်စုကြား အခြွေအရံ ပရိတ်တွေနဲ့ အသက်ရှည် ကျန်းကျန်းမာမာ ချမ်းချမ်းသာသာ နေရခြင်းဟာ ပျော်မွေ့ဖွယ်ဖြစ်သလို ရက်သတ္တပတ်မျှ နဲ့ ဆဌာဘိည၊ ပဋိသမ္ဘီဒါပတ္တ၊ ဧတဂ်ရ၊ မဟာသာဝက ရဟန္တာအရှင်မြတ်ဘဝကို တက်လှမ်းနိုင်ခဲ့တာလည်း အင်မတန် အံ့သြကျေနပ်အားရစရာ ကောင်းလှပါတယ်။ 

 ဤ အချက်တွေဟာ တပါးသူတွေနဲ့ ဘယ်လိုမှ မတူညီနိုင်တဲ့အရှင်ဗာကုလမထေရ်မြတ်ရဲ့ အံ့ဖွယ်ရာတွေပဲ ဖြစ်ပါတယ်။ 

Credit...


No comments:

Post a Comment