🌺🌺🌺🌺🌺🌺🌺🌺🌺
ရှေးအခါက အိန္ဒိယနိုင်ငံတွင် “အသောက” အမည်ရှိသော ဘုရင်ကြီးတစ်ပါး ရှိပါတယ်။ ထိုဘုရင်ကြီးသည် ရက်စက်ကြမ်းကြုတ်ပြီး ညီနောင်မင်းသားများကို သတ်၍ ထီးနန်းကို သိမ်းပိုက် ရယူခဲ့သည်။ ထိုအခါ ညီနောင်မင်းသားတို့၏ ကြင်ရာတော်တို့သည် ခြေဦးတည့်ရာ ထွက်ပြေးကြရသည်။
ထွက်ပြေးခဲ့ကြသော မိဖုရားတို့တွင် “သုနာ”အမည်ရှိ ကိုယ်ဝန်ဆောင် မိဖုရားတစ်ပါးလည်း ပါ၏ ။ သူသည် ခြေဦးတည့်ရာ ထွက်ပြေးရင်း သူတောင်းစားများနေသော ရွာတစ်ရွာသို့ ရောက်လေသည်။ မကြာမီ သုမနာဒေဝီသည် ထိုရွာ၏ ညောင်ပင်ကြီးအောက်၌ သားတော်လေးတစ်ပါးကို ဖွားမြင်လေ၏။ ညောင်ပင်အောက်တွင် ဖွားမြင်သောကြောင့် သားတော်လေးကို “နိဂြောဓ"ဟု အမည်ပေးခဲ့၏။ သားတော်လေး ခုနစ်နှစ်အရွယ် ရောက်သောအခါ ရှင်ပြုပေး၍ “နိဂြောဓ”ဟူသော အမည်ဖြင့် ရှင်သာမဏေ ဖြစ်လာ၏။ နိဂြောဓသာမဏေသည် ပါရမီဉာဏ် ရင့်သန်သောကြောင့် မကြာမီပင် တရားရရှိခဲ့၏။
ထိုအချိန်၌ အသောကဘုရင်ကြီးသည် အဝတ်မဝတ်သော တက္ကတွန်းများကို ကိုးကွယ်ဆည်း ကပ်၍ နန်းတော်ထဲတွင် နေ့စဉ်နေ့တိုင်း ဆွမ်းကျွေးလျက်ရှိ၏။ တစ်နေ့တွင် ဘုရင်ကြီးသည် လေသာ ပြတင်းမှ အပြင်သို့ ရှုစားနေစဉ် ကိုရင်လေးနိဂြောဓသည် သင်္ကန်းကို သပ်ရပ်စွာ ဝတ်ရုံ၍ သပိတ် ကလေးပိုက်ကာ ခြေလှမ်းကို မစိပ်မကျဲ လှမ်းလျက် မျက်လွှာချပြီး ဆွမ်းခံကြွနေသည်ကို တွေ့မြင်လေ၏။ ဘုရင်ကြီးသည် ကိုယ်အမူအရာ နူးညံ့သိမ်မွေ့ပြီး အသွင်အပြင် တည်ငြိမ်ရင့်ကျက်သော ကိုရင်လေးကို တွေ့မြင်သောအခါ စိတ်ဝင်စားသွားသည်။ သို့ဖြစ်၍ “ကိုရင်လေးကို သွားပင့်ချေဟု အမတ်များကို စေလွှတ် လေ၏။ ကိုရင်လေးသည် အေးဆေးတည်ငြိမ်သော ဣနြေ္ဒဖြင့် နန်းတော်ထဲသို့ ကြွလာသည်။
နန်းတော်တွင်းသို့ ရောက်သောအ ကိုရင်လေးသည် မည်သူ့ကိုမှ မျက်နှာသွေး စကားမပြောဘဲ တည်ငြိမ်သော ဣနြေ္ဒဖြင့် ဘုရင်ကြီးကို ကြည့်ရှုလိုက်သည်ထိုအခါ ဘုရင်ကြီးသည် “ကိုရင်လေး သင့်တော်သော နေရာမှာ ထိုင်တော်မူပါ” ဟု လျှောက်ထား၏။ ကိုရင်လေးသည် နန်းတော်အတွင်း၌ မိမိထက် ဝါကြီးသော ရဟန်းတော်များ၊ ကိုရင်များ ရှိ မရှိ ကြည့်လိုက်သည်။မရှိကြောင်းသိသောအခါ
ဘုရင်ကြီးထိုင်သော ရာဇပလ္လင်ပေါ်သို့ တက်သွားပြီးငြိမ်သက်တည်ကြည်စွာ ထိုင်နေလိုက်သည်။
ထိုအခါ မြင်ရသူအားလုံး အံ့သြသွားကြ၏။ “ဘုရင်ကြီးက စိတ်ဆိုးပြီး ကိုရင်လေးကို သတ်ပစ် မည်လား”ဟုလည်း စိုးရိမ်နေခဲ့ကြ၏။ သို့သော် ဘုရင်ကြီးက စိတ်မဆိုးဘဲ ပို၍ပင် လေးစားကြည်ညို သွားခဲ့သည်။ ကိုရင်လေးသည် ဘုရင်ကြီးကို တရားဟော၏။
ကိုရင်လေး ဟောကြားသော တရားတော်ကို ကြားနာရသောကြောင့် ဘုရင်ကြီးသည် ထေရဝါဒဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့၏။ နိဂြောဓသာမဏေလေး၏ ကျေးဇူးကြောင့် ပင်ကိုက ရက်စက်ကြမ်းကြုတ်သော အသောကဘုရင်ကြီးသည် နူးညံ့သိမ်မွေ့ကာ တိုင်းသူပြည်သားများအပေါ် တရားမျှတစွာ အုပ်ချုပ်သော သူတော်ကောင်း ဘုရင်ကြီးတစ်ပါး ဖြစ်သွား ခဲ့သည်။
#ဓမ္မစကူးလ်ဖောင်ဒေးရှင်းဗုဒ္ဓဘာသာသင်ခန်းစာ စာအုပ်မှကူးယူရေးသားပါသည်🙏
No comments:
Post a Comment