ကျေးညီနောင်
🐦🐦🐦🐦🐦
ရှေးအခါက လက်ပံပင်ကြီးတစ်ပင်ကို အမှီသဟဲပြုပြီး နေထိုင်ကြတဲ့ ကျေးညီနောင် ၂ ကောင်ရှိပါတယ်။ ကျေးညီနောင်တို့သည် အစာရှာရင်း၊ နားခိုရင်းနဲ့ပဲ အေးချမ်းသာယာ ပျော်ရွှင်စွာဖြင့် နေထိုင်လျှက်ရှိကြပါတယ်။
လေပြင်းမုန်တိုင်းကျပြီ
ဒီလိုနဲ့ တစ်ရက်မှာတော့ လေပြင်းမုန်တိုင်းကျရောက်တာကြောင့် လက်ပံပင်ကြီးပေါ်က ကျေးညီနောင် ၂ ကောင်ဟာ လေပြင်းမုန်တိုင်းထဲ ပါသွားကာ တကွဲတပြားစီ ကွဲသွားခဲ့ရပါတော့တယ်။
ညီဖြစ်သူ ကျေးသား သူခိုးလက်ထဲရောက်ပြီ
လေပြင်းမုန်တိုင်းကြောင့် ကျေးညီနောင် ၂ ကောင်ကွဲသွားကာ ညီဖြစ်သူကျေးသား က သူခိုးများနေတဲ့အရပ်ဆီရောက်သွားခဲ့ပါတယ်။ သူခိုးများက ကျေးသားငှက်ငယ်လေးကို ကောက်ယူပြီး ကျွေးမွေးပြုစုထားကြပါတယ်။
အကိုဖြစ်သူ ကျေးသား ရသေ့ကြီးနှင့်ဆုံပြီ
အကိုဖြစ်သူ ကျေးသားကတော့ ရသေ့ကြီးတစ်ပါး နေထိုင်သီတင်းသုံးရာ ကျောင်းသင်္ကန်းအတွင်းကို ရောက်ရှိသွားသောကြောင့် ရသေ့ကြီးက အကိုဖြစ်သူ ကျေးသားလေးကို ကောက်ယူပြီး မွေးစားလိုက်ပြန်ပါတယ်။
ဘုရင်ကြီး ကျေးညီနောင် ၂ ကောင်နှင့်တွေ့ပြီ
တစ်ရက်မှာတော့ ဘုရင်ကြီးတစ်ပါးက တောကစားထွက်လာရာ နေကပူ ချွေးကထွက်သောကြောင့် သူခိုးများနေထိုင်ရာရွာအနီးက သစ်ပင်အရိပ်မှာ အနားယူနေပါတော့တယ်။ ထိုအခါ သူခိုးတို့ ကျွေးမွေးထားတဲ့ ကျေးသားက “ဘုရင်ကြီးကိုသတ်ကြ သူဝတ်ထားတဲ့အဝတ်တွေကို ချွတ်ယူကြ” လို့ အော်ဟစ်ပြောဆိုလိုက်ပါတယ်။ အခြေအနေကို ချက်ချင်းသဘောပေါက်သော ဘုရင်ကြီးက ဤအရပ်တွင် ဆက်နေရန်မသင့်တော့ ဟုဆိုကာချက်ချင်း ထွက်ခွာသွားပါတော့တယ်။ ထို့နောက်မှာတော့ ဘုရင်ကြီးက ရသေ့ကြီး နေထိုင်သီတင်းသုံးရာ ကျောင်းသင်္ကန်းဆီရောက်သွားခဲ့ပါတယ်။ ထိုအခါ ရသေ့ကြီး ကျွေးမွေးစောင့်ရှောက်ထားတဲ့ကျေးသားငှက်ငယ်လေးက “အရှင်မင်းကြီး ကြွပါ၊ အမော အပန်းဖြေပါ၊ အေးမြတဲ့ရေကိုသောက်ပါ၊ ဤသစ်သီးကိုစားပါ” လို့ဆိုကာ ခရီးဦးကြိုဆိုလိုက်ပါတယ်။ ယဉ်ကျေး လိမ္မာလှတဲ့ ကျေးကလေးရဲ့ ခရီးဦးကြိုပုံကို တွေ့ရတော့ ဘုရင်ကြီးက “အသင် ကျေးကလေး သင်နဲ့မတွေ့ခင် ကျေးလေးတစ်ကောင်တွေ့ခဲ့ရတယ်။ သင်နဲ့မတူပါ။ သင်ကတော့ အလွန်ယဉ်ကျေးတယ်” လို့ မိန့်ကြားလိုက်ပါတယ်။
အကိုဖြစ်သူ ကျေးသားရှင်းပြပြီ
ထိုအခါမှ လိမ္မာယဉ်ကျေးသော ကျေးသားက အရှင်မင်းကြီး လမ်းမှာ တွေ့ခဲ့တဲ့ ကျေးဟာ ကျွန်ုပ်ရဲ့ ညီလေးဖြစ်ကြောင်း လေမုန်တိုင်းကြောင့် ညီနောင် ၂ ကောင် တကွဲစီ တစ်နေရာစီ ရောက်သွားကြောင်းကို ပြောပြလိုက်ပါတယ်။ ညီလေးက သူခိုးတွေနေထိုင်ရာအရပ်ဆီရောက်သွားသောကြောင့် ရိုင်းစိုင်းသွားပါတယ်။ ဆရာရသေ့ထံရောက်ရှိလာသော ကျွန်ုပ်ကတော့ ဆရာရသေ့နဲ့ အတူနေရတာကြောင့် ယဉ်ကျေးလိမ္မာပါတယ် ဟုဆိုကာ ရှင်းပြလိုက်ပါတော့တယ်။
သင်ခန်းစာ
တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုးဆိုသော စကားပုံ ဆိုရိုးရှိတာကြောင့် ကာတွန်း သားသားမီးမီးတို့လည်း လူဆိုးနှင့်ပေါင်းမိလျှင် လူဆိုးဖြစ်နိုင်ကြောင်း၊ လူတော်လူကောင်းနှင့် အပေါင်းအသင်းလုပ်လျှင် လူကောင်းဖြစ်နိုင်သောကြောင့် အပေါင်းအသင်း မမှားဖို့ သတိထားရန် လိုအပ်ကြောင်းကို ဗဟုသုတ မှတ်သားရစေရန် ရည်ရွယ်တင်ဆက်ပေးလိုက်ရပါတယ်။
အပတ်စဉ် အင်္ဂါနေ့တိုင်း ဗဟုသုတရဖွယ်များကို တင်ဆက်ပေးနေတာကြောင့် Page လေးကို See First လုပ်ထားပါဦးနော်။
#CartoonBakery #Cartoon_Story
No comments:
Post a Comment