စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

ဆဒ္ဒန်ဆင်မင်း

ဆဒ္ဒန်ဆင်မင်း
🌟🌟🌟🌟🌟

ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင်စဉ်ခုနှစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာတွင် တစ်ဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်မူ၏။ ဆဒ္ဒန်ဆင်မင်း၏အရပ်ကား တစ်ဆယ့်ရှစ်တောင်၊ အလျားကား အတောင် တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့်ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တစ်ဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ ခြေဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲသို့ နီမြန်း၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင်ခြောက်ပါးနှင့် ပြည့်စုံ၏။

 ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူတတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ ၊ စူဠသုဘဒ္ဒါ ဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုးအောက်၌ ခိုလှုံရပ်နားနေခိုက် လကျာ်တော်လေအောက်က မဟာသုဘဒ္ဒါ လက်ဝဲတော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက် အင်ကြင်းပင်ကို ဦးကင်းဖြင့် ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက်ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်ကိုင်ကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့်ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်းအရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီမျှဟု သဘောထားကာ အငြိုးကြီးစွာထားလေ၏။ တစ်ဖန် အိုင်အတွင်းသို့ သက်ဆင်း၍ ရေကစားသည့်အခါတွင်လည်း ပဒုမ္မာကြာမှုန်တို့၏ ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍ ကြွင်းသောကြာပန်းကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သောကြောင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ရပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆပ်ကပ်လှူဒါန်း၍ “အကျွန်ုပ်သည် ယခုဘဝမှစုတေခဲ့သော် ဧကရာဇ်မင်း၏ ရှု့မငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိသာရ ဥာဏ်ကိုလည်း ရပါစေသား။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ်တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသား” ဟု ဆုတောင်း၏။ 

 ထို့နောက် အစာရေစာ မစားဘဲ အားပြတ်စုတေလေသော် ဆုပန်ထားသည့်အတိုင်း မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ ထိုသမီးတော် အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဘုရား ဖြစ်လာ၏။ မိဘုရားသည် မိမိ၏ အတိတ်ဘဝကို အောက်မေ့၍ မိမိဆုတောင်းခဲ့သည့်အတိုင်း ဖြစ်မြောက်စေရန် ညိုးငယ်သော အသွင်ကိုဆောင်၍နေလေ၏။ ထိုအခြင်းအရာကို မြင်လတ်သော်၊ မင်းကြီးသည် ဆဒ္ဒန်ဆင်မင်းကို ရှာဖွေစေရန် သောနုတ္တရမုဆိုးကို ဆင့်ဆိုတော်မူ၏။ မိဘုရားလည်း ထိုမုဆိုးအား လမ်းညွှန်း၍ ဆင်မင်းကို အဆိပ်လူးသောမြှားဖြင့် ပစ်သတ်လျက် အစွယ်တော်ကို ဖြတ်ယူခဲ့ရန် စေလွှတ်လေ၏။ 

မုဆိုးလည်း ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက်ကြာမှ ဆဒ္ဒန်အိုင်သို့ ရောက်လေ၏။ ထို့နောက် ဆင်မင်း၏ နေရာအသွားအလာလမ်းများကိုမှတ်သား၍ ဆင်မင်းရပ်တည်မည့်နေရာတည့်တည့်တွင် ဥမင်တူးကာ၊ ဆင်မင်း၏ချက်နှင့်ချိန်လျက် မြားပစ်ရန် အပေါက်ဖောက်ထား၏။ မိမိကိုယ်ကိုလည်း သင်္ကန်းဝတ်ရုံထားလေသည်။ နောက်တစ်နေ့ ဆင်မင်းနှင့် ဆင်မိဘုရားတို့ ယင်းအရပ်၌ ရေစစ်ရန် ရပ်တန့်ခိုက်တွင်ပင် မုဆိုးက အဆိပ်လူးမြှားဖြင့်ပစ်လတ်သော် ဆင်မင်းသည် တောတောင်အလုံး ပဲ့တင်ဟီးမျှ သုံးကြိမ် ဟစ် အော်ညစ်ညူးတော်မူရာ၌ ဆင်အပေါင်းကလည်း ရန်သူကို ချေမှုန်းပစ်အံ့ ဟု တောတောင်ပတ်လည် လှည့်လည်ရှာဖွေကြ၏။ 

 ဘုရားလောင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားဖယ်ရှားစိမ့်သောငှာ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေလေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ခွာသော် နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက်နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်းကို မြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ 

ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏အစွယ်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်တင်လေရာ ဘုရားလောင်းဆင်မင်းသည် မိမိ၏အစွယ်ကိုဖြတ်၍ သဗ္ဗညုတဥာဏ် ရရာရကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက် မုဆိုးအား ပေးလှူပြီးသော် “အဆွေတော်သောနုတ္တရ၊ မောင်မင်းသခင် ပလ္လင်ညာရံ စံပေသည့်နတ် မယ်သုဘဒ်ကို ဆတ်ဆတ်သဘော  ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင် မြိုင်သာခေါင်တွင် ငွေတောင်ကြီးသွင် ခင်မလင်ကို အရှင် လတ်လတ် သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော် ၂ ချောင်း ခြောက်ရောင်မောင်းကိုလည်း ၄င်းဆင်ကြီးကိုယ်တိုင် မသေခင်ဖြတ်လှီး၍ သွေးစီးသံထွက် နာကျင်စွာနှိပ်စက်ပြီးမှ အသက်ဆုံးစေခဲ့ပါပြီ။ 

ဤစွယ်တော်စုံကို ရွှေဘုံသူမှန်ကူ၊ သုံးရက်တော်မူသေးလျှင် ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ်သပါမည်။ အားရ စိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးကို ငါမှာတိုင်းပြောပါလေ” ဟု မှာကြားလေ၏။ ထို့အပြင် ခုနှစ်နှစ်၊ ခုနှစ်လ၊ ခုနှစ်ရက်ကြာ အောင်လာရသည့် ခရီးကို ခုနှစ်ရက်တည်းဖြင့် ပြန်ရောက်အောင် မုဆိုးအား လမ်းညွန်ပေးလိုက်ပါသည်။ 

 ထို့နောက် မုဆိုးသည်လည်း ဗာရာဏသီသို့ပြန်၍ စွယ်တော်ကို သုဘဒ္ဒါမိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏မှာစကားကို ပြန်ကြားလေ၏။ ထိုအခါမှ သုဘဒ္ဒါမိဘုရားသည် “စကားရှေ့နောက်၊ ပြန်လည်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍ မဏိခြယ်စီ သိင်္ဂီရုိးညှောက်အံ့လောက်ဆန်းပြား ရွှေယပ်မားဖြင့် သနားစိတ်ဝင် ခံယူတင်ပြီးလျှင် ရင်ခွင်တော်၌ စွယ်တော်ကိုပိုက်ပြန်၍ တစိုက်စိုက်ရှုရင်းပင် ပြုမိသည့်ဖြစ်ထွေ လင်သေသည့်အကြောင်း ဘဝဟောင်းက ငယ်ပေါင်းပီပီ လည်ချင်းမှီ၍ နာရဏီခိုင်အင်ကြင်းမြိုင်နှင့် မြစိုင်ညညောယင် ရွှေဂူချောင်မှာ ဆွေမောင်နှင့်မယ် ကျီစယ်သမမှုပန်းခိုင်ကိုလု၍ ကယုကယင်ချစ်တုံ့တင်လျက် ကျင်ကျင်လည်လည် ပျော်ဖူးခဲ့သည်များကို ကြံစည်စေ့စေ့ တစိမ့်စိမ့်အောက်မေ့၍ တငွေ့ငွေ့ဆင်ခြင် ပူစကို ငင်မိလျှင် ပူပင်လယ်ရေ လှိုင်းဘောင်ဘင်ဝေသောကြောင့် မဖြေနိုင်မဆည်နိုင်သည်းစိုင်လောင်ချစ် ကျမျက်ရည် ချောင်းဖြစ်အောင် အော်ဟစ်၍ငိုဆဲတွင် နဂိုဖောက်လဲ ဗာရာမင်း လည်ဆွဲသည် ရင်ကွဲနာနှင့် နတ်ရွာစံတော်မူလေ၏။

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကိုအားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။
#Cartoon_Bakery #Cartoon_Story

No comments:

Post a Comment