စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ငရဲဆိုတာဘာလဲ

ငရဲဆိုတာဘာလဲ
🔥🔥🔥🔥🔥🔥
အဝီစိဆိုတဲ့အဓိပ္ပါယ်က ငရဲသားတစ်ယောက်နဲ့တစ်ယောက်ကြားမှာ အကြားအလပ်မရှိအောင် ငရဲသားအချင်းချင်းညှပ်နေတယ်လို့ ဆိုလိုတာ။ `ဝီစိ´ဆိုတာ အကြားအလပ်၊ `အ´ဆိုတာမရှိဘူး။ အဝီစိ အကြားအလပ်မရှိဘူးတဲ့။ ဒါကအဓိပ္ပါယ်တစ်ခုနော်။ ဆိုလိုတာက အပ်ဗူးထဲမှာ အပ်ကလေးတွေ အပြည့်ထည့်ထားရင် အဲဒီအပ်ကလေးတွေတစ်ခုနဲ့တစ်ခု ထိနေသည့်အတွက်ကြောင့် ကြားဆိုတာမရှိဘူး။ ပဲစေ့ကလေးတွေကို ဖန်ပုလင်းထဲအပြည့်ထည့်ထားရင်လည်း ကြားဆိုတာမရှိလောက်အောင်ကို ညှပ်ထပ်နေတယ်။ အဝီစိငရဲမှာ သတ္တဝါတွေအဲဒီလို အကြားအလပ်မရှိအောင်များတယ်လို့ ပြောတာနော်။ 

နောက်အဓိပ္ပါယ်တစ်ခုက အဝီစိငရဲသည် မီးဟုန်းဟုန်းတောက်နေတဲ့ငရဲဖြစ်တယ်တဲ့။ အဲဒီမီးဟုန်းဟုန်းတောက်နေတာသည် မီးမလောင်တဲ့အချိန်ပိုင်း အခိုက်အတန့်လေးတောင် မရှိဘူးတဲ့။ အမြဲမပြတ် ဒလစပ်မီးတောက်နေတာ။ မီးတောက်တွေရဲ့ကြား မတောက်တဲ့နေရာဆိုတာ မရှိဘူးတဲ့။ မတောက်တဲ့နေရာရှိရင်ပြေးပြီးခိုလို့ရမှာပေါ့။ မီးမတောက်တဲ့နေရာဆိုတာ တစ်ခုမှမရှိဘူး။ အကြားအလပ်မရှိဘူး။ အဲဒီလို`အဂ္ဂိဇာလ´မီးလျှံတို့ရဲ့အကြားမရှိလို့လည်း`အဝီစိ´လို့ခေါ်တယ်တဲ့။

နောက်တစ်ခုက ဘာအကြားအလပ်မရှိတာတုန်းဆိုရင် လူ့ဘဝမှာ တစ်ခါတစ်ခါခေါင်းကိုက်တာတို့ ခါးကိုက်တာတို့ဆိုတဲ့ ဆင်းရဲဒုက္ခတွေရှိတယ်ပေါ့။ အဝီစိငရဲမှာအဲဒီလို ခန္ဓာကိုယ်ရဲ့ဒုက္ခသည်တစ်စက္ကန့်ကလေးမှ သက်သာတာမရှိဘူး။ ဒလစပ်အမြဲမပြတ်ဆင်းရဲဒုက္ခဖြစ်နေတယ်။ အဲဒီလိုဆင်းရဲဒုက္ခတွေရဲ့ အကြားအလပ်ဆိုတာလည်း မရှိလို့ ``အဝီစိ´´တဲ့။ သတ္တဝါတွေရဲ့ အကြားအလပ်မရှိဘူး။ မီးလျှံတို့ရဲ့အကြားအလပ်မရှိဘူး။ ဆင်းရဲဒုက္ခတို့ရဲ့ အကြားအလပ်မရှိဘူး။ အကြားအလပ်သုံးမျိုးကင်းတဲ့ငရဲကို အဝီစိငရဲလို့ ခေါ်တယ်တဲ့။

မြတ်စွာဘုရားက သံယုတ္တနိကာယ်ထဲမှာ `ဆဖဿာယတနိကငရဲ´ဆိုပြီး ဟောထားတာရှိတယ်။ ရဟန်းတွေကိုမြတ်စွာဘုရားက အမိန့်ရှိတယ်။ `ချစ်သားရဟန်းတု့ိ လူ့ဘဝရတယ်ဆိုတာအင်မတန် ကံကောင်းကြတယ်။ ဘာဖြစ်လို့ကံကောင်းသလဲဆိုရင် မျက်စိကကောင်းတာလေးတွေမြင်ရတဲ့အချိန် ရှိတယ်။ နားက သာယာတဲ့အသံလေးတွေ နားထောင်ရတဲ့အချိန်ရှိတယ်။ နှာခေါင်းကလည်း မွှေးကြိုင်တဲ့ အနံ့ကလေးတွေ ရတဲ့အချိန်ပိုင်းဆိုတာ ရှိတယ်။ လျှာကလည်း ကောင်းတဲ့အထိအတွေ့လေးတွေ ထိတွေ့ရတယ်။ စိတ်ကလည်း ကောင်းတဲ့ အတွေးအကြံလေးတွေ ကြံစည်ခွင့်ရတယ်။ လူ့ပြည်မှာ မျက်စိ၊နား၊နှာ၊လျှာ၊ကိုယ်၊စိတ်နဲ့ ပတ်သက်ပြီး အာရုံကောင်းလေးတွေကို သက်သက်သာသာလေး ခံစားနိုင်သေးတယ်´တဲ့။

`ဆဖဿာယတနိကငရဲ´မှာတော့ မျက်စိကမြင်သမျှတွေသည် မကောင်းတာတွေပဲ၊ အနိဋ္ဌာရုံတွေပဲ၊ ကြောက်စရာ လန့်စရာ စိတ်မချမ်းသာစရာတွေပဲ မြင်တယ်တဲ့။ နားကကြားရတဲ့အသံတွေကလည်း အင်မတန်ဆိုးဝါးတဲ့ အသံကြီးတွေပဲကြားရတယ်။ နှာခေါင်းက အနံ့ရှုရတာလည်း အင်မတန်ဆိုးဝါးတဲ့အနံ့၊ လျှာက အရသာကလည်း အလွန်ဆိုးဝါးတဲ့ အရသာ၊ ခန္ဓာကိုယ်မှ ထိတွေ့လာတဲ့ အထိအတွေ့ကလည်း အလွန်ဆိုးဝါးတဲ့အထိအတွေ့၊ စိတ်ထဲမှာကြံတွေးမှုဆိုတာလည်း အကောင်းတစ်ခုမှ မရှိဘူးတဲ့။ အဲဒီလောက်ထိ အကောင်းကင်းပြီး အဆိုးတွေပဲဖြစ်နေတာတဲ့။ အဲဒီ `ဆဖဿာယတနိကငရဲ´ဆိုတာ တခြားပြောတာမဟုတ်ဘူး။ အဝီစိငရဲကိုပြောတာပဲတဲ့။

ဘာကြောင့် ဒီအဝီစိငရဲ့ကို ခံနေကြရတာလဲလို့မေးကြည့်လိုက်ရင် လောဘကိုမထိန်းနိုင်လို့၊ ဒေါသကိုမထိန်းနိုင်လို့၊ မောဟကိုမထိန်းနိုင်လို့ဖြစ်တယ်တဲ့။ အဲဒီအကုသိုလ်စိတ်တွေကို မထိန်းနိုင်သည့်အတွက်ကြောင့် အကုသိုလ်ရဲ့အပြစ်ဒဏ်အရ ဒုက္ခတွေခံနေကြရတာပါတဲ့။ ကိုယ့်ကိုယ်ကို ပြင်ဖို့ရန်အတွက် ဝီရိယတို့၊ သတိတို့၊ ပညာတို့က အားနည်းသည့်အတွက်ကြောင့် ကိုယ့်ကိုကိုယ်ပြင်နိုင်စွမ်းမရှိဘူး။ လောဘ၊ ဒေါသကိုမဖယ်ရှားနိုင်ဘူး။ အဲဒီအပါယ်ကိုကျစေတတ်တဲ့ လောဘ၊ ဒေါသတွေရဲ့ စွမ်းအားကြောင့် ကိုယ့်ဆန္ဒမရှိဘဲနဲ့ အပါယ်ငရဲဆိုတာ ကျသွားကြရတယ်။

အပါယ်ငရဲဆိုတာနဲ့ပတ်သက်ပြီး ပါဠိစာပေမှာ `အပါယံ ဒုဂ္ဂတိံ ဝိနိပါတံ နိရယံ´ဆိုပြီး စကားလုံးလေးလုံး သုံးထားတယ်။ အဲဒီစကားလုံးလေးလုံးက အပါယ်လေးဘုံကို ရည်ညွှန်းတဲ့အခါ ရည်ညွှန်းတယ်။ တစ်ခါတစ်ရံ ငရဲဘုံကို ရည်ညွှန်းတာလည်း ဖြစ်တယ်။ ``အပါယ=အပ+အာယ´ အာယဆိုတာ ချမ်းသာသုခ၊ အပဆိုတာ ကင်းမဲ့တာ မရှိတာ။ ချမ်းသာသုခမရှိလို့`အပါယ´လို့ခေါ်တာ။ ဆင်းရဲဒုက္ခတွေ အင်မတန်များတယ်။ နောက်တစ်နည်းကတော့ ကုသိုလ်စိတ်ဖြစ်မှုက ကင်းကွာတယ်။ အားနည်းတယ်။ ကုသိုလ်စိတ်ဖြစ်ဖို့မရှိဘူး။ ဒါကြောင့်မို့ `အပါယ´လို့ခေါ်တာ။

`ဒုဂ္ဂတိ´ဆိုတာ `ဒုက္ခဿဂတိ´ဆင်းရဲဒုက္ခတွေပဲဖြစ်တယ်တဲ့။ သုခဆိုတာမလာဘူး။ ဒုက္ခတွေပဲလာတယ်။ ဒါကြောင့် ဒုဂ္ဂတိ တဲ့။ နောက်တစ်ခုက လူ့ဘဝမှာ ကိုယ်ဖြစ်ချင်တာလေးတွေ ဖြစ်ခွင့်ရှိသေးတယ်။ ငရဲကျတော့ ကိုယ်ဖြစ်ချင်တာက တစ်မျိုး ဖြစ်နေတာက တစ်မျိုးတဲ့။ ကိုယ့်ရဲ့ဆန္ဒနဲ့လုံးဝမကိုက်ညီတဲ့ ကိုယ့်ရဲ့ဆန္ဒမပါဘဲနဲ့ ဖရိုဖရဲပြိုကွဲလဲကျခြင်းဆိုတဲ့ အနေအထားမျိုးကြောင့် `ဝိနိပါတ´လို့ပြောတာ။ `နိရယ´ဆိုတာ `နိ+အယ´သက်သာဖွယ်ဖြစ်တဲ့ သုခဆိုတာ လုံးဝရှာမတွေ့လို့ သုခလုံးဝကင်းတဲ့ဘုံလို့ ဆိုလိုတယ်။

အဲဒီတော့ အပါယ်လေးဘုံ သို့မဟုတ် ငရဲဘုံဆိုတာ တစ်ခုမှကောင်းတာမရှိဘူး။ အဲဒီမရှိတဲ့ဘုံကို ဘယ်သူက ဆောင်ကြဉ်းသွားတာတုန်းဆိုရင် ခုနက လောဘ၊ ဒေါသ၊ မောဟတွေကို ကိုယ်ကမထိန်းနိုင်လို့ ကိုယ့်စိတ်ကို လွှမ်းမိုးသွားပြီဆိုရင် ဒုက္ခရောက်တော့တာပဲပေါ့။

`ခီနမစ္ဆေ၀ ပလ္လလေ´ အဲဒီလို ဘဝမှာဒုက္ခရောက်သွားနိုင်တဲ့ အကြောင်းတရားတွေကို ပြုပြင်ရမယ်။ ကိုယ့်ဘဝကိုယ်ပြင်ပြီး စီးပွားရှာရမယ့်အချိန စီးပွားရှာရမယ်။ ကိုယ်ကျင့်တရားကောင်းအောင်ပြုပြင်ပြီး တရားရှာရမယ့်အချိန် တရားရှာရမယ်။ အဲဒီနှစ်ခုတစ်ခုခုမှမလုပ်ဘဲနဲ့ အရွယ်သုံးပါးကိုကုန်လွန်သွားမယ်ဆိုရင် ဘဝမှာဆုံးရှုံးနစ်နာခြင်းနဲ့ပဲ ရင်ဆိုင်ရမယ်။ ဒီဘဝမှာဆုံးရှုံးသွားရင် နောင်ဘဝကောင်းလာမှာမဟုတ်ဘူးတဲ့။ နောင်ဘဝမှာ ဒီ့ထက် ဆုံးရှုံးနစ်နာသွားဖို့ပဲရှိတယ်တဲ့။ ဘာနဲ့ဥပမာတူတုန်းဆိုရင် `တွင်းတူးတဲ့လူနဲ့ ဥပမာတူတယ်´ တွင်းတူးတဲ့လူသည် တွင်းနက်လေ အောက်ရောက်သွားလေပဲတဲ့။

ဒါကြောင့်မို့ တရားချစ်ခင်သူတော်စင်ပရိသတ်အပေါင်းတု့ိ ကိုယ့်ဘဝကိုယ်ပြင်ကြရမှာဖြစ်တယ်။ ကိုယ့်ဘဝကို ကိုယ်မပြင်နိုင်ဘူးဆိုရင် အထက်တန်းကို ဘယ်တော့မှ တက်လှမ်းနိုင်မှာမဟုတ်ဘူး။ အထက်တန်းတက်လှမ်းနိုင်ဖို့အတွက် ကိုယ့်ကိုကိုယ် ချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေပီပီ ကိုယ့်ဘဝကိုယ် ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကုသိုလ်တွေများပြားအောင် ကြိုးစားအားထုတ်ကြရမှာလို့ ကိုယ်စီကိုယ်စီ သတိတရားရပြီး ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေ။

ပါမောက္ခချုပ် ဒေါက်တာနန္ဒမာလာဘိဝံသ၏” ကိုယ့်ဘဝကိုယ်ပြင်”တရားတော်မှ ထုတ်နှုတ်ဖော်ပြပါသည်။
Credit..


No comments:

Post a Comment