စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ငရဲကြီးရှစ်ထပ်

ငရဲကြီး ရှစ်ထပ်
🔥🔥🔥🔥🔥🔥

ငရဲဆိုသည်မှာ.... နှင့် ငရဲ၏ ဒုက္ခဆင်းရဲများဟူသည်...
အပါယ်ဟူသည် ပါဠိလို အပါယ (ချမ်းသာမှု အပေါင်းမှ ကင်းဆိတ်ခြင်း) မှ ဆင်းသက်လာသည်။ အပါယ် လေးဘုံဆိုသည့် ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ် ဟူ၍ရှိလေသည်။

ငရဲ အမျိုးအစား (၈) မျိုး ရှိလေသည်။
(၁) သိဉ္စိုး ငရဲ၊
(၂) ကာဠသုတ် ငရဲ၊
(၃) သံဃာတာ ငရဲ၊
(၄) ရောရု၀ ငရဲ၊
(၅) မဟာရောရု၀ ငရဲ၊
(၆) တာပန ငရဲ၊
(၇) မဟာ တာပန ငရဲ၊
(၈) အဝီစိ ငရဲ စသည်ဖြင့် ငရဲကြီး ရှစ်ထပ် ရှိသည်၊
.
.
(၁) သိဉ္စိုးငရဲ = ထပ်တလဲလဲ မလွတ်မြောက်ပဲ ခံစားရသောငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက အလျှံတပြောင်ပြောင် တ၀င်း၀င်း တောက်နေသော ငရဲလက်နက်များဖြင့် ထိုး ခုတ် ရိုက်နှက်၍ သေအောင် ပြုလုပ်ကြသည်။ ငရဲခံကြသူများမှာ ထိုသို့ လက်နက်များဖြင့် ထိုးခုတ်ရိုက်နှက်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ငါးရာ ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာပထဝီမြေထု၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၂) ကာဠသုတ်ငရဲ = မည်းနက်သော ကြိုးငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲထိန်းများက လက်နက်မျိုးစုံဖြင့် လိုက်၍ ခုတ်၊ ထစ်၊ ထိုး၊ ရိုက်၊ နှက်ကြသော် ငရဲသားများမှာ ကြောက်အားလန့်အားဖြင့် ပြေးလွှားရကာ အမောဆို့၍ လဲကျသောအခါ လက်သမားဆရာများက သစ်သားများကို မည်းနက်သော သစ်မျှဉ်းကြိုးဖြင့် တိုင်းတာ ကာ လိုသလို ဖြတ်ကြသကဲ့သို့ ငရဲသားများ အမောဆို့ကာ လဲကျသောအခါ ငရဲထိန်းများက မည်းနက်သော ကြိုးဖြင့် လိုသလို ပုံစံမျိုးတိုင်းတာကာ လွှ ငမန်းတို့ဖြင့် ဖြတ်ကြ ပိုင်းကြလုပ်ခြင်းကို ခံကြရသည်။ ထိုသို့ လက်နက်များဖြင့် ပိုင်းဖြတ်၍ သေသော်လည်း တစ်ဖန်ပြန်ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်သုံးကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ သိဉ္စိုးငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၃) သံဃာတာငရဲ = သံတောင်ကြိတ် ငရဲ ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးလျှံ တစ်ဟုန်းဟုန်း တောက်လောင်နေသော ကိုးယူဇနာမျှ ကျယ်၀န်းသည့် ဒယ်အိုးကြီးများထဲသို့ ငရဲသားများထည့်ကာ ငရဲထိန်းများက တောင်လောက်ကြီးမားသော သံကြိတ်တုံးကြီးများနှင့် ဖိ၍ လှိမ့်သတ်ကြသည်။ ငရဲသားများမှာ အလူးအလိမ့်ကို ခံကြရသည်။ ထိုသို့ ဖိ၍ ပိ၍ သေရသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်နှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်တစ်ဆယ့်လေးကုဋ္ဋေ လေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ ကာဠသုတ်ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ပထဝီမြေထုအကွာတွင် တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၄) ရောရု၀ ငရဲ = ငရဲမီးလျှံများ နှိပ်စက်၍ ငရဲသူ ငရဲသားများ အော်ဟစ် ငိုယိုမြည်တမ်းခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲတစ်ခုလုံးရှိ ငရဲမီးလျှံများမှာ ငရဲသားတို့၏ မျက်စိပေါက်၊ နားပေါက်၊ နှာခေါင်းပေါက်၊ ပါးစပ်ပေါက် တို့ကို အတင်းဒရကြမ်း ၀င်ရောက် လောင်မြိုက်ခြင်းကြောင့် ငရဲသားများ ကျယ်လောင်သော အသံဖြင့် အော်ဟစ်ငိုယိုကြသော ငရဲဆင်းရဲကို ခံစားကြရပေသည်။ ထိုသို့ မီးလျှံများကြောင့် လောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်လေးထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် ငါးဆယ့်ခုနှစ်ကုဋ္ဋေခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ သံဃာတာငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၅) မဟာရောရု၀ ငရဲ = ငရဲမီးလျှံမှ မီးခိုးများ နှိပ်စက်၍ ငရဲသူ ငရဲသားတို့ အော်ဟစ်ငိုယိုခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲပြည်တစ်ခုလုံး မှိုင်းမှိုင်းရယ်ညိုလို့ ပိတ်ဖုန်းသွားမည့်အလား အောက်မေ့ရလောက်အောင် များပြားလှပေ၏။ မီးခိုးငွေ့များသည် ငရဲသူ ငရဲသားများ၏ ဒွါရ (အပေါက်) များသို့ ၀င်စေလျက် အော်ဟစ်ငိုယိုခြင်း ခံစားရလေသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်ရှစ်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ် နှစ်ရာသုံးဆယ့်ကုဋ္ဋေလေးသန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ ရောရု၀ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၆) တာပနငရဲ = အပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
အလျှံတစ်ပြောင်ပြောင်တောက်နေသည့် အုန်းပင်လုံးမျှရှိသည့် သံတံကျဉ် (တံစို့) ဟု ဆိုရသောအပေါ်၌ ငရဲသူ ငရဲသားများကို အတင်းအကျပ် ထိုင်ခိုင်း၍ တစ်ကိုယ်လုံး မီးကျီမီးခဲကဲ့သို့ ရဲရဲတောက်အောင် မီးကင်ခြင်းဖြင့် ခံစားကြရပေသည်။ ထိုသို့ အသားများ မီးလောင်ကျွမ်း၍ သေသော်လည်း တစ်ဖန်ပြန် ထပ်ရှင်သန်ကာ အရင်အတိုင်း ထပ်ကာထပ်ကာ ဆိုင်ရာငရဲဒုက္ခတို့ကို ငရဲသက်တမ်း မကုန်မချင်း ပြန်ခံစားနေရသည်။
ဤငရဲ၏ သက်တမ်းမှာ ထိုဘုံဘ၀၏ အနှစ်တစ်သောင်းခြောက်ထောင် ဖြစ်လေသည်။ ထိုငရဲဘုံ၏ တစ်ရက်သက်တမ်းသည် လူတို့၏နှစ်ဖြင့် အနှစ်ကိုးရာနှစ်ဆယ့်ကုဋ္ဋေ ခြောက်သန်း ဖြစ်လေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာရောရု ငရဲ၊ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၇) မဟာ တာပနငရဲ = သာလွန်၍ ပူလောင်ခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲမီးများ အလျှံတစ်ပြောင်ပြောင် တောက်လောင်နေသည့် သံတောင်ကြီးအပေါ်မှ ငရဲထိန်းများ၏ အစွမ်းသတ္တိကြောင့် မတက်ချင်သော်လည်း အတင်းတက်ခိုင်း၊ အပူလောင်ခံပြီး ငရဲသူ ငရဲသားများ တက်ကြရပေသည်။ ထိုသို့ဖြင့် အပေါ်ရောက်သည့်အခါ အောက်ခြေသို့ ပြန်တွန်းချခြင်း ခံကြရပေသည်။ ဤသို့ဖြင့်အကြိမ်ကြိမ် မဆုံးနိုင်ပဲ ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ်ကံ မကုန်မချင်း အန္တရကပ် တစ်၀က်အတိဖြစ်၏။ ထိုမျှအထိ ကြာရှည်စွာ ခံကြရပေသည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ တာပနငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေးသော မြေထုအရပ်၌တည်ရှိ၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
.

(၈) အဝီစိငရဲ = ငရဲသူ၊ ငရဲသား၊ ငရဲမီးလျှံ၊ ဆင်းရဲဒုက္ခ (၃) မျိုးလုံး လစ်လပ်မှုမရှိ (အကြားမရှိ) တရစပ် ခံစားရခြင်း ဟု အဓိပ္ပါယ်ရှိလေသည်။
ငရဲသူ ငရဲသားများသည် အိုးခွက်ထဲမှ ထန်းစေ့၊ မုံ့ညင်းစေ့၊ စပါးစေ့များကဲ့သို့ တင်းကြမ်းပြည့်ကာ အကြားအကြားခြားခြင်း မရှိသကဲ့သို့ ငရဲသူ ငရဲသားများ၏ ဆင်းရဲဒုက္ခ တစ်ပေါင်းတစ်ခုတည်း နေရာအနှံ့အပြား ခံစားကြရခြင်း ဖြစ်ပေသည်။
ဤငရဲ၏ သက်တမ်းမှာ အကုသိုလ် မကုန်မချင်း အန္တရကပ် တစ်ကပ်တိတိဖြစ်၏။ အန္တရကပ် တစ်ကပ်ဆိုသည်မှာ ဆုပ်ကပ်နှင့် တက်ကပ်တစ်စုံကို ဆိုလိုပေသည်။ ဆုတ်ကပ်ဆိုသည်မှာ အနှစ်တစ်ရာကြာတိုင်း ကြာတိုင်း တစ်နှစ်ဆုတ်သည့်နည်းဖြင့် ဆယ်နှစ်သက်တမ်းသို့ ဆုတ်ယုတ်ကျရောက်လာခြင်းကာလကို ဆုတ်ကပ်တစ်ကပ် ဖြစ်ပေသည်။ တက်ကပ်ဆိုသည်မှာ ဆယ်နှစ်သက်တမ်းမှစ၍ အသင်္ချေရ တန်းသို့ ပြန်ဆက်လာခြင်းကာလကို တက်ကပ်တစ်ကပ် ဖြစ်ပေသည်။ ၎င်းဆုတ်ကပ် တက်ကပ် နှစ်ကပ်ပေါင်းကို အန္တရကပ် တစ်ကပ်ဟုခေါ်သည်။
တည်နေရာနှင့် အကျယ်အ၀န်းမှာ မဟာ တာပန ငရဲ ၏အောက် ယူဇနာပေါင်း တစ်သောင်းငါးထောင် ကွာဝေး၍ ယူဇနာပေါင်း တစ်သောင်းအကျယ်အ၀န်းရှိလေသည်။
ငရဲငယ် (၈) ဌာန ဆိုသည်မှာ

၁။ မီးပူငရဲ
၂။ သံပူငရဲ
၃။ ပြာပူငရဲ
၄။ ရပေူငရဲ
၅။ ကြေးနီအိုးငရဲ
၆။ ဘင်ပုတ်ငရဲ
၇။ လက်ပံတောငရဲ
၈။ ကြိမ်ပိုက်ငရဲ တို့ဖြစ်သည်။
(လောကပညတ္တိကျမ်း၌ မိန်ဆိုထားပါသည်။)

မဟာစည်ဆရာတော်ဘုရာကြီး၏ ဝိပဿနာရှု့နည်းအကျဉ်းချူပ် တွင်အောက်ပါအတိုင်း ငရဲ၌ ဆင်းရဲဒုက္ခအတိခံစားရပုံကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက်ဖြင့် ဖော်ပြထားပါသည်။

ငရဲဘုံ၌ ဖြစ်ရသောသတ္တဝါတို့၏ ကိုယ်ထည် သုံးဂါဝုတ် ပမာဏရှိ၏။ မြန်မာအတိုင်းအားဖြင့် ၄ တိုင် တာ ၈၀၀ ရှိ၏။ ငရဲထိန်းတို့သည် ထိုမျှ ကိုယ်ခန္ဓာ ကြီးမားသော ငရဲသားကို အလျှံတပြောင်ပြောင် မီးစွဲလောင်သော သံမြေပေါ်၌ ပက်လက် အိပ်စေကုန်၏။ ထို့နောက် ညဘက် လက်ဝါး၌ ထန်းလုံးခန့်ရှိ ရဲရဲတောက်သော သံတစို့ကြီးကို ရိုက်နှက်သွင်းကုန်၏။ ဘယ်ဘက် လက်ဝါး၌လည်း နည်းတူပင် ရိုက်နှက် သွင်းကုန်၏။ ညာဘက်ခြေ၊ ဘယ်ဘက်ခြေ၊ ခါး၊ လက်တို့၌လည်း နည်းတူပင် ရိုက်သွင်းကုန်၏။

ထို့အတူ မှောက်လှက် အိပ်စေ၍လည်ကောင်း၊ စောင်းလျက် အိပ်စေ၍လည်ကောင်း၊ ငါးပါးသော ဌာနတို့၌ သံစို့ကြီးများကို ရိုက်နှက်၍ ညှင်းဆဲနှိပ်စက်ကုန်၏။ အကုသိုလ်ကံ မကုန်သေးမချင်း ငရဲသားကား မသေနိုင်။ ဤသို့ အညှင်းဆဲခံနေရသော ငရဲသားများသည် ရဲရဲတောက်သော သံမြေပြင်ကို မြင်ရုံမျှဖြင့်လည်း များစွာ စိတ်ဆင်းရဲရ၏။ အလွန် ကြမ်းတမ်း ရက်စက်စွာ ကြိမ်းမောင်း ပြောဆိုသောငရဲထိန်းတို့၏ အသံကို ကြားရ၍လည်း စိတ်ဆင်းရဲရ၏။ သံမြေပြင်ပေါ်၌ အတင်းတွန်းလှဲသိပ်ခြင်း၊ မီးလောင်ခံရခြင်း၊ သံစို့ နှက်ခံရခြင်းတို့ကြောင့်လည်း အတိုင်းမသိ ကြီးစွာသော ကိုယ်ဆင်းရဲ စိတ်ဆင်းရဲတို့ကို ခံစားရ၏။

ထိုသို့သော ကာလ၌ ကယ်ပါ၊ သနားပါ၊ ချမ်းသာပေးပါ စသည်ဖြင့် မျက်ရည်ယိုစီး ငိုကြွေး မြည်တမ်းလျက် တောင်းပန်သော်လည်း မည်သူကမျှ မသနား၊ ချမ်းသာမပေးချေ။ မိဖဲ့ ဖမဲ့ ဆွေမျိုးမဲ့၊ ဆွေခင်ပွန်းမဲ့၍ တစ်ကိုယ်တည်းသာဖြစ်လျက် ညှိုးငယ်စွာနှင့် အလွန်ကြီးမားသော ဆင်းရဲတွေကို အော်မြည်ယောင်ယမ်းလျက် မိနစ်စက္ကန့်မခြားဘဲ ခံစား၍ နေရရှာလေတော့၏။ ထိုသို့သော ကာလ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်မရနိုင်တော့ချေ။

ထို့ပြင် သံစို့ ငါးချက်နှက်၍ မသေသော ငရဲသားကို ငရဲထိန်းတို့သည် အိမ်မိုးတစ်ဖက်ခန့်ရှိသော တံစည်းပေါက်ပြားကြီးတို့ဖြင့် ရှစ်မြှောင့်ပုံ၊ ခြောက်မြှောင့်ပုံ စသည်ဖြစ်အောင် မျဉ်းပစ်၍ ရွေခုတ်ကြပြန်၏။ သွေးတို့သည် မြစ်ဖြစ်၍ စီးလေကုန်၏။ ထိုသွေးတို့မှ မီးတောက် ထပြန်၍ ရွေခုတ်ရာ ကိုယ်၌စွဲလောင်လေ၏။ အတိုင်းမသိသော ဆင်းရဲကို ခံစားရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာ အလုပ်ကို အားထုတ်ခွင့် မရနိုင်တော့ချေ။

ထိုမျှဖြင့် မသေသေးလျှင် ဇောက်ထိုးတွဲလဲ ဆွဲထား၍ ဗန်းကြီးခန့်ရှိ ပဲကွပ်တို့ဖြင့် ပါးပါးလွှာလျက် ရွေခုတ်ကြပြန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် မီးလျှံရဲရဲတောက်သော သံရထား၌ နွား မြင်းတို့ကဲ့သို့ တပ်၍ မီးကျီခဲတောင့်ကြီးပေါ်သို့ တက်စေကုန်၏။ မတက်ဘဲနေလျှင် ရဲရဲတောက်သော သံတုတ်ကြီးများဖြင့် အပြင်းရိုက်၍ တက်စေကုန်၏။ တောင်ထိပ်သို့ရောက်လျှင် တစ်ဖန် ဆင်းစေကုန်၏။ ဤသို့ တက်ချည် ဆင်းချည် အဖန်ဖန်ပြုစေကုန်၏။ ထိုမျှဖြင့်လည်း မသေသေးလျှင် ကျိုက်ကျိုက်ဆူပွက်လျက် ရဲရဲတောက်သော လေဟကုမ္ဘီ ခေါ် သံရည်ပွက်အိုးကြီးထဲသို့ ပစ်ချလိုက်ကုန်၏။ ထိုငရဲသားသည် သံရည်ထဲ၌ ရှဲကနဲကျ၍ အမြှုပ်တစ်စီစီ ထလျက် နစ်မြှုပ်သွားရှာလေ၏။
.
အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်၀သို့ရောက်၏။ တစ်ဖန် အနှစ်သုံးသောင်းကြာမှ ငရဲအိုး၏ အောက်နှုတ်ခမ်းသို့ရောက်လျက် ပေါ်လာ၏။ အရပ်မျက်နှာများသို့လည်း ဖီလာသွား၏။ ထမင်းအိုးပွက်သောအခါ၌ ဆန်စေ့ကလေးများကဲ့သို့ပင်တည်း။ အတိုင်းမသိသော ဆင်းရဲမှုနှင့် ရင်ဆိုင်တွေ့နေရလေ၏။ ထိုစဉ်အခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်ကိုကား မရနိုင်တော့ချေ။
.
ကံမကုန်သေး၍ ထိုမျှဖြင့် မသေပြန်လျှင် သံရည်ပွက်ထဲမှ ငရဲသားကို ထုတ်ယူ၍ ငရဲထိန်းတို့သည် မီးတဟုန်းဟုန်း အမြဲတောက်လောင်လျက်ရှိသော ငရဲကြီးထံသို့ ပစ်သွင်းလိုက်ကြပြန်၏။ ထိုငရဲသည်ကား အလျား အနံ အမြင့် ယူဇနာ တစ်ရာရှိလေ၏။ လေးထောင့်ညီသော သံသေတ္တာကြီးနှင့် တူ၏။ အရှေ့ဘက်နရံမှ မီးလျှံသည် အနောက်ဘက်၌ နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင် ပူလောင်၏။ အနောက်နံရံ၊ တောင်နံရံ၊ မြောက်နံရံကို ဖောက်ပြီးလျှင် အပြင်ဘက်၌ ယူဇနာ တစ်ရာတိုင်အောင်ပူလောင်၏။
.
အနောက်နံရံ၊ တောင်နံရံ၊ အထက်သံမိုး၊ အောက်သံမြေပြင်တို့မှ မီးလျှံတို့သည်လည်း နည်းတူချည်း ဟစ်အော်မြည်သတည်း။ ထိုငရဲကြီးအတွင်း၌ ထိုမှဤမျှ ပြေးလွှားလူးလိမ့် ဟစ်အော်မြည်တမ်းလျက် ကြီးစွာသော ဆင်းရဲဒုက္ခတို့ကို ခံစားရလေ၏။
.
နှစ်ပေါင်းများစွာကြာသော် တစ်ခါတစ်ရံ၌ ထိုငရဲကြီး၏ တံခါး၀ဆီသို့ အတင်းပြေးကြ၏။ အချို့မှာလည်း လမ်းခရီးတွင် မောပန်းလူးလိမ့်လျက်ရှိကုန်၏။ အချို့မှာ တံခါး၀သို့ ရောက်ကုန်၏။ အနှစ်သိန်းပေါင်းများစွာ ကြာလျှင် ထိုတံခါးမကြီးသည် ပိတ်သွားလေသည်။
.
ထွက်နိုင်သော ငရဲသားသည်လည်း အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ဘင်ပုပ်ငရဲသို့ ကျသွားလေ၏။ မစင်ဘင်ပုပ်ထဲ၌ နစ်မြုပ်နေစဉ် ဆင်၏ လည်ပင်းခန့်ရှိသော ပိုးလောက်တို့က ကိုက်ခဲစားကြလေသည်။
ထိုဘင်ပုပ်ငရဲထံမှ လွတ်ပြန်လျှင် ပြာပူငရဲ ထံသို့ ကျရောက်သွားပြန်၏။ ထိုငရဲ၌ အိမ်ထွတ်ခန့်ရှိသော မီးကျီခဲ၊ ရဲရဲတောက်သော ပြာပူတို့ဖြင့် လောင်ကျွမ်း၍ ဆင်းရဲကြီးစွာကို ခံစားရပြန်၏။
.
ထိုငရဲမှ လွတ်ပြန်လျှင် လက်ပံတောငရဲ သို့ ရောက်ပြန်၏။ လက်ပံပင်တို့မှာ ၁၆ လက်မရှည်သော ဆူးရှိကုန်၏။ ငရဲထိန်းတို့က ရိုက်နှက်၍ ထိုလက်ပံပင်တို့၌ တက်ချည် ဆင်းချည် ပြုလုပ်စေ၏။ လက်ပံဆူးတို့သည် တက်သောအခါ၌ အောက်ကိုလှည့်၍ နေကုန်၏။ ဆင်းသောအခါ၌ အထက်သို့ လှည့်၍နေကုန်၏။ ကြောက်လန့်တကြား လျင်စွာတက်ရ၊ ဆင်းရသော ငရဲသားတို့၏ ကိုယ်သည် ထိုလက်ပံဆူးတို့ဖြင့် ထိုးမိ၍ စုတ်ပြဲလျက် ရှိလေ၏။
.
ထိုငရဲမှ လွတ်ပြန်လျှင် သံလျက်တောငရဲ သို့ရောက်ပြန်၏။ ရောက်သည်နှင့် တစ်ပြိုင်နက် သံလျက်နှင့် တူစွာ နှစ်သွားရှိသော အရွယ်တို့သည် ကြွေ၍ ငရဲသား၏ ကိုယ်၌ကျလေကုန်၏။ လက်၊ ခြေ၊ နား၊ လျှာ၊ ကိုယ်အင်္ဂါတို့သည် အပိုင်းပိုင်း ပြတ်လေကုန်၏။ ထ၍ ပြေးပြန်လျှင် သံမြေပြင်၌ သင်းတုံးသွားတို့သည် ထွက်ပေါ်လျက် ရှိကုန်၏။ ရှေ့မှ သံတံတို့လည်း ကာရံလျက် ရှိကုန်၏။ ထိုအခါ၌ ဝိပဿနာအလုပ်ကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
.
ထိုငရဲမှ လွတ်ပြန်လျှင် ဝေတ္တရဏီ မည်သော ကြိမ်ချောင်းငရဲသို့ ကျရောက်ပြန်လေ၏။ ထိုငရဲမှာ ကျစ်ကျစ်ဆူသော အရည်အတိပြည့်၏။ သင်တုံးသွားနှင့် တူသော နွယ်များ၊ ကြာရွက်များရှိ၏။ အောက်မြေပြင်၌ သင်တုံးသွား ခင်းလျက်ရှိ၏။ ကမ်းပါးတို့၌လည်း သင်းတုံးသွားကဲ့သို့ ထက်သော ကြိမ်နွယ်များ သမန်းမြက်များရှိ၏။ ငရဲသားတို့သည် ထိုချောင်းကို ဆင်းမိလျှင် မြေပြင်မှ သင်တုံးသွားရှသောကြောင့် လည်းကောင်း ဘိုင်းခနဲ လဲရှာလေ၏။ လဲလျှင် ကျစ်ကျစ်ဆူလျက် ပူစပ်သော အရည်ထဲ၌ စုန်ချည် ဆန်ချည် မျောနေလေ၏။ ကမ်းပါး၌ရှိသော ကြိမ်သမန်းမြက် တို့ဖြင့်လည်းရှ၊ ချောင်းထဲ၌ရှိသော ကြာရွက်တို့ဖြင့်လည်း ရှ၏။ ငရဲသားတို့၏ ကိုယ်ထည် အစုတ်စုတ်အပြတ်ပြတ် ဖြစ်လေ၏။ ထိုစဉ်ခဏ၌ ဝိပဿနာတရားကို အားထုတ်ခွင့်ကို မရနိုင်တော့ချေ။
.
စုန်ချည်ဆန်ချည် မျောလျက် အတိဒုက္ခရောက်နေသော ထိုငရဲသားကို ငရဲထိန်းတွေ့လျှင် ငါးမျှားချိတ်ကြီးဖြင့် ဆွဲတင်၍ ဘာအလိုရှိသလဲဟု မေး၏။ "ထမင်းဆာသည်" ဟု ဆိုလျှင် ရဲရဲတောက်သော အတုံးအခဲဖြင့် ပြည့်သော သံခြင်းတောင်းကြီးကို ယူလာကုန်၏။ ငရဲသားသည် ကြောက်လှသောကြောင့် ပါးစပ်ကြီး အတင်းပိတ်၍ ထားရှာလေ၏။ ထိုအခါ ငရဲထိန်းတစ်ယောက်က ပေါက်ချွန်းကြီးနှင့် အတင်းပေါက်၍ ပါးစပ်ကို ဖွင့်၏။ အခြားငရဲထိန်းကလည်း ထိုနည်းတူပင် တစ်ဖက်မှ ပေါက်၍ ဖွင့်၏။ ထိုသို့ ဖွင့်၍ ပါးစပ်ဟင်းလင်း ပွင့်နေသော အခါ၌ ရဲရဲတောက်သော ထိုသံတုံး သံခဲတို့ကို တစ်ခုပြီးတစ်ခု ပစ်ထည့်၍ ကျွေးကြလေသည်။
ထိုသံတုံး သံခဲတို့သည် နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ လည်ချောင်း၊ အူတို့ကို လောင်ကျွမ်းပြီးလျှင် အောက်ဒွါရမှ ထွက်သွားကုန်၏။ "ရေငတ်သည်" ဟု ဆိုပြန်လျှင် ကျိုက်ကျိုက်ဆူပွက်သော သံရည်တို့ကို လောင်းထည့်၍ ပေးကုန်၏။ ထိုသံရည်ပူတို့သည်လည်း နည်းတူပင် လောင်၍ အောက်ဒွါရမှ ထွက်သွားရကုန်၏။ ငရဲသားသည် မသေသေးပြန်လျှင် ထိုငရဲသားကို ငရဲကြီးထံသို့တစ်ဖန် ပစ်သွင်းလိုက်ပြန်လေ၏။
.
ဤသို့ဖြင့် ငရဲသားတို့ ငရဲမျိုးစုံကို ခံစားရပုံကို ကွင်းကွင်းကွက်ကွက်မြင်သာအောင် ဖွင့်ဆိုပြလေသည်ကို မှတ်သားရပါသည်။
မြတ်စွာဗုဒ္ဓဘုရား ပွင့်တော်မူလာသောအခါမှ ဤဆင်းရဲဒုက္ခတို့၏ လွတ်မြောက်ရာလမ်းကို ဂရုဏာရှေ့ထားလမ်းပြ ညွှန်ပြတော်မူသဖြင့် များစွာသော လူ, နတ်, ဗြဟ္မာတို့သည် ကျွတ်တမ်း ၀င်ကြရပေသည်။ ထိုသို့ ဘုရားပွင့်ခါအချိန်မှာ ကျွတ်တမ်းမ၀င် နိုင်ခဲ့ရသော်လည်း ယခုခေတ် အချိန်အခါမှာ လူဖြစ်လာသော စာဖတ်သူတို့လည်း အထူးကံကောင်းလှသည်ကို ဖော်ပြညွှန်းဆိုနေသည့် သက်သေ အထောက်အထားများ အများအပြားရှိနေသည်။
.
တိုတောင်းလှသော လူဘ၀ အချိန် ကာလမှာ လောကီစား၀တ်နေရေးများအတွက် လုပ်နေကြရသလို သံသရာ၀ဋ်ဆင်းရဲမှလွန်မြောက်ကြောင်းတရားများကိုအားထုတ်ကျင့်ကြံမှသာလူဖြစ်ကျိုးနပ်ပေမည်။
တရားတော်များကိုအားထုတ်ကျင့်ကြံရာတွင်ကျွန်တော်တို့ကြားသိခဲ့ရသောပထမအရွယ်တွင်ပညာရှာ၊ဒုတိယအရွယ်တွင်ဥစ္စာရှာ၊တတိယအရွယ်တွင် ဘာ၀နာတရားပွားများ ဟူသောအဆိုမှာ အင်မတန်မှားယွင်းပေသည်။ အထက်ပါဆိုရိုးအတိုင်းတတိယအရွယ်မှသာတရားအားထုတ်မည်ဆိုပါကဝေဖန်ပိုင်းခြား၊စဉ်းစားနိုင်သောဥာဏ်ပညာကောင်းစွာအလုပ်မလုပ်နိုင်သောကြောင့်တရားထူးရရန်အားထုတ်ရာတွငခက်ခဲစေပါသည်။သေခြင်းတရားသည်အမှည့်လွန်သောအသီးကဲ့သို့ အချိန်မရွေးကြွေကျနိုင်သည်ကို သတိပြုမိစေချင်ပါတယ်။
.
ပယ်သတ်ရမည့်တရား၊သိရမည့်တရား၊ပွားများရမည့်တရားများကို သိရှိသည်နှင့် လိုက်ကျင့်သင့်ပေသည်။ ထိုသို့သိရန်အတွက်လည်း တရားတော်များကို နားကြားရပါမည်။ မိမိသိရှိပြီးတဲ့တရားများကို လိုက်မကျင့်ပါက သိသလိုမသိသလိုနဲ့နောက်ဆုံးတော့ မသိတာဘဲဖြစ်သွားတက်ပါတယ်။သတိတရားလက်ကိုင်ထားဖို့တော့လိုပြီပေါ့။ ဗုဒ္ဓမြတ်စွာက ရရှိရန်ခက်ခဲသောဒုလ္လဘတရား(၅)ပါးကို ဟောကြားတော်မူခဲ့ပါတယ်။
.
ဒုလႅဘတရား ငါးပါး

ဘုရားတစ်ဆူပွင့်ရန် ရခဲ၏။
ဘုရားပွင့်သောခေတ်တွင် လူအဖြစ်ကို ရခဲ၏။
သာသနာတော်ကို ကြည်ညို မှီခိုတတ်သူ အဖြစ်ကို ရခဲ၏။
သူတော်ကောင်းတရား နာယူခွင့်ရရှိရန် ရခဲ၏။
သာသနာတော်တွင် ရဟန်းတပါးဖြစ်ရန်၊ 
(သာသနာတော်၏ အကျင့်ကို ကျင့်ရန်) ရခဲ၏ ။

-ပညာလွန်ကဲသော ဘုရားလောင်းများ ၄ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-သဒ္ဒါလွန်ကဲသော ဘုရားလောင်းများ ၈ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
-ဝီရိယလွန်ကဲသော ဘုရားလောင်းများ ၁၆ သင်္ချေနှင့် ကမ္ဘာတစ်သိန်း မရပ်မနားအားထုတ် ကျင့်ကြံရသည်...
ဘုရားရှင်တို့သည်- စရိယ ၃ ပါး၊ စွန့်ခြင်းကြီး ၅ ပါး၊ ပါရမီ ၃၀၊ ဘာ၀နာ ၅ ပါး တို့ကို ဘုရားရှင်တိုင်း ဖြည့်ကျင့်တော်မူခဲ့ ကြသည်...
-ထို့ကြောင့် ဘုရားအဖြစ်ကိုရရန် ခက်ခဲသည်...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ်ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင်လူဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုခွင့်ရသူ ဖြစ်ရန် ပိုခက်သည် ...
-ထို့ကြောင့် ဘုရားသာသနာ ခေတ်တစ်ခေတ် တွင် သာသနာကို ကြည်ညိုသောလူ၊ မှီခိုတတ်သောသူ ဖြစ်ရန် ပိုခက်သည်
သတ္တဝါတွေဟာ ရုပ်အဆင်းကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
အသံနဲ့ ဂုဏ်သတင်းကို ကြည်ညိုတဲ့ ပုဂ္ဂိုလ်က များသည်
တရား တကယ်ကြည်ညိုတဲ့ ပုဂ္ဂိုလ်မှာ ရှိသမျှ သတ္တလောကကြီးကို အပုံတစ်သိန်းပုံလျှင် တစ်ပုံသာရှိသည်ဟု ဘုရားရှင် ဟောကြားခဲ့သည်...
သူတော်ကောင်း အလုပ်ဆိုတာ ပျော်နိုင်ခဲသည်...
ကောင်းမှုမှန်ရင် ချန်မထားနဲ့ ....
လက်လှမ်းမှီသမျှ ကောင်းမှုကို လုပ်ကြ
သာသနာနှင့်ကြုံတုန်း လူဖြစ်ပါလျက် ဗုဒ္ဓတရားမလိုက်စားလျှင် အပါယ်ဆိုတာ ပြေးလို့လွတ်မည် မဟုတ်ချေဘူး။ ဒီဘ၀မှ သေလွန်၍ သာသနာမထွန်းကားရာ အရပ်ဒေသ၊ တိရစ္ဆာန်၊မှားယွင်းသောအယူဝါဒ စသဖြင့် ရပ်ပြစ်ရှစ်ပါး၌ လူဖြစ်ပြန်လျှင် မလွဲဧကန် အပါယ်ဘုံသို့ ကျရပေဦးမည်။ ဘယ်မှာလျှင် သံသရာမှ လွတ် ပါဦးမည်နည်း။ ဤသည်ကို မျှော်တွေးလို့ စာဆိုကျော် ပညာရှိ စလေဦးပုညက အောက်ပါအတိုင်း စပ်ဆိုခဲ့သည်ကို ဓမ္မသံဝေဂ ယူကြပါကုန်။
“ယခုခါမူ ၊ လူလည်းဖြစ်လာ
သာသနာလည်းထွန်းခိုက် ၊ အမြိုက်တရား
ဟောကြားမည့်သူ ၊ လူလည်းမရှား
သို့ပါလျက်သားနှင့်မှ
တရားမလိုက် ၊ အမှားကိုကြိုက်ကြလျှင်
အမိုက်တကာ့ဗိုလ်မင်း ၊ အဖျင်းတကာ့ဗိုလ်ချုပ်အပါယ်လေးလီ ၊ မြစ်နဒီတွင် ၊ ပလုံစီမြုပ်လို့လူယုတ်ကြီးတွေဖြစ်ချိမ့်မည်”။....။
ထိုအချက်ကို တွေးကြည့်လျှင် လူလည်းဖြစ်လာရပြီ၊ သာသနာနှင့်လည်း ကြုံပြီ ၊ ဟောကြားနေသော ရဟန်းသာ၀ကများလည်း ပေါများလှ၏။ ဤကဲ့သို့ ကြုံလျက်နဲ့မှ အကျင့်ပျက် ၊ တရားပျက် ၊ စရိုက်ပျက် ၊ မူပျက် နေရင်တော့ လူဖြစ်ရကျိုးနပ်မှာ မဟုတ်ပါဘူး။ သတိသံဝေဂ ရကြပါတော့။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်၏။ စိတ်ကို ဥာဏ်၊ သတိနှင့် ထိန်းပေးရမည်။ ဗုဒ္ဓတရားတော်များ များစွာနာကြားရမည်။ သာသနာနှင့်ဝေးရာ အရပ်ဒေတွင် နေထိုင်နေရသော်ငြားလည်း တရားတော်များကို အခါအားလျော်စွာနာကြားနေရင် လူဖြစ်ရကျိုးမနပ်သေးပါဘူး။
နာရုံသာနာ မရှုပွားသည့် ပုဂ္ဂိုလ်က လောကမှာ တကယ်များသည်...ကြာကြာထိုင်ရမှာ ကြောက်ကြသည်..
သာသနာတော်နှင့် ကြုံခိုက် သီလ၊ သမာဓိ၊ ပညာ အလုပ်များကို မမေ့မလျော့သော သတိဖြင့် ကြိုးစား အားထုတ်သွားကြရမည်...ထို့ကြောင့် ရရှိလာသော ဤလူ့ဘဝြကီးကို အခွင့်ရေးပိုင်ပိုင် ဆုပ်ကိုင်လျက် ကျွတ်တမ်း၀င်ရန်ဘ၀မှာ ယခု မိမိတို့ ရရှိထားသော ဘ၀ပင်ဖြစ်ပါတော့သည်။

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment