🌺🌺🌺🌺🌺🌺🌺🌺
လွန်ခဲ့တဲ့ ကမ္ဘာသုံးသောင်းကာလအထက်
သုမေဓာဘုရားရှင် ပွင့်တော်မူဆဲကာလ
ဟိမ၀န္တာတောကြီးထဲမှာ မြေလျှိုး-မိုးပျံ
တန်ခိုး စျာန်အဘိညာဉ်တွေ ရထားတဲ့
၀ိဇ္ဇာဓိုရ်လေး တစ်ဦး ရှိခဲ့ဖူးပါတယ်။
တစ်နေ့ စျာန်ကစားလို့ ဝေဟင်မှ သွားနေ
ရင်း သစ်ပင်ရင်းမှာ သီတင်းသုံးနေတဲ့
သုမေဓာဘုရားရှင်ကိုယ်တော်မြတ်ကို
တွေ့လိုက်တယ်။
ရောင်ခြည်တော် ခြောက်ပါး ခြံရံထားတဲ့
ဘုရားရှင်ကိုယ်တော်မြတ်ကြီးကို အနီးကပ်ဖူးမြင် ဦးတင်ပြီး ကြည်ညိုလွန်းလို့မဟာလှေကားပန်း ' ဆိုတဲ့ ပန်းကလေးသုံးပွင့် လှူဒါန်းခဲ့တယ်။
လှူတယ်ဆိုတာ ယူတာပါ။ သူလှူခဲ့တဲ့
ပန်းကလေး သုံးပွင့်ဟာ ဘာမျှတန်ကြေး
မရှိပေမယ့် စိတ်စေတနာ ထက်သန်စွာ
လှူဒါန်းခဲ့တာကြောင့် သူ့စေတနာ
သူ့ကုသိုလ်က သူ့ဘ၀အတွက်
လုံခြုံအေးမြတဲ့ အရိပ်လေးတစ်ခု
အလိုလို ဖြစ်သွားပါတယ်။
အဲ့ဒီဘ၀ကနေ သေလွန်တဲ့အခါ ကမ္ဘာသုံးသောင်းအတွင်းမှာ ပန်းကလေးသုံးပွင့်ရဲ့ အရိပ်ကြောင့် အပါယ်လေးဘုံကို မကျရောက်ရဘဲ လူပြည်-နတ်ပြည် အစုံအဆန်ခံစားပြီး နောက်ဆုံးဘ၀မှာတော့
ဂေါတမဘုရားရှင်ကိုယ်တော်မြတ်ကြီး
ပွင့်တော်မူဆဲကာလမှာ လူလာဖြစ်ပါတယ်။လူဖြစ်ပြီးဆိုတော့လည်း အတိတ်ဘ၀ကပြုခဲ့တဲ့ ပန်းသုံးပွင့်ကုသိုလ်၊ ပန်းသုံးပွင့်အရိပ်ကြောင့် ကုဋေး ၁၆၀ ကြွယ်၀ချမ်းသာတဲ့ မိဘနှစ်ပါးရဲ့ အထံမှာ လာဖြစ်ရတယ်။
သူရဲ့ နာမည်ကိုလည်း မောင်ဥတ္တရ
မောင်မြင့်မြတ်"လို့ ပေးလိုက်ကြတယ်။
သူဟာ နာမည်နဲ့လိုက်အောင်ပဲ
ငယ်စဉ်ကတည်းကပင် ပညာတတ်၊ အမျိုးမြတ်၊ ရုပ်ချော ဥစ္စာပေါဆိုတဲ့ ဂုဏ်တွေနဲ့ပြည့်စုံလို့ လူချစ်လူခင်ပေါပြီး သူရဲ့ဂုဏ်သတင်းက အခြားတိုင်ပြည်တွေအထိပါကျော်ကြား ခဲ့တယ်။
တနေ့မှာ အခြားတိုင်းပြည်က ဘုရင့်ရဲ့
အမတ်ကြီး တစ်ဦးဟာ သူရဲ့သမီးလေးနဲ့
ပေးစားဖို့ တောင်ရမ်းစေခဲ့ပါတယ်။
မိဘနှစ်ပါးက အမတ်ကြီးသမီးနဲ့ သဘော
တူကြပေမယ့် မောင်မြင့်မြတ်လေးကတော့ခါးခါးသီးသီးကို ငြင်းပါတယ်။ နောက်ဆုံးတော့ မိဘနှစ်ပါးလည်း လက်လျှော့လို့လာတောင်းတဲ့ အမတ်ကြီးရဲ့ လူတွေကိုပြန်လွှတ်လိုက်ရတယ်။
ခါးခါးသီးသီး အငြင်းခံရတဲ့ အမတ်ကြီးဟာလည်း မောင်မြင့်မြတ်လေးကို စိတ်ထဲ
မှာ တေးမှတ်လို့ ရန်ငြိုးဖွဲ့လိုက်ပါတယ်။
မောင်မြင့်မြတ်လေးဟာလည်း အသက်
အရွယ်အားဖြင့် ၇ နှစ်သာ ရှိသေးပေမယ့်
ဘဝါဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံတွေရယ်
ဒီဘ၀မှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်
ကြီး အထံက မကြာခဏ နားကြားနေရတဲ့
တရားအသိတွေကြောင့် ကိုရင်လေး၀တ်
ဖို့ မိဘနှစ်ပါးထံ ခွင့်တောင်းခဲ့ပါတယ်။
မိဘနှစ်ပါးက တစ်ဦးထဲသော သားလေး
မို့ ခွင့်မပြုချင်ပေမယ့် တားမရတဲ့ အဆုံး
မှာတော့ သားလေးစိတ်ချမ်းသာဖို့ အရှင်
သာရိပုတ္တရာထံ အပ်နှံလို့ ကိုရင်လေး
၀တ်ပေးလိုက်ရပါတယ်။
ကိုရင်လေး ဥတ္တရဟာ ဆရာသမားရဲ့
အနီးကပ်သွန်သင်ဆုံးမမှုတွေကြောင့်
လိမ္မာယဉ်ကျေးတဲ့ သူတော်ကောင်းလေး
ဖြစ်လို့လာခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ ဆွမ်းခံကြွရင် ကိုရင်
လေးက အနောက်ကလိုက်၊ ဆွမ်းခံပြန်
ရောက်ရင် ဆရာအရှင်မြတ်ရဲ့ ခြေကို
လက်နှစ်ဖက်နဲ့ ပွတ်သပ်လို့ ရေဆေးပေး။
ချွေးပေးနေတဲ့ ဆရာအရှင်မြတ်ရဲ့
သင်္ကန်းကို နေလှန်းပေး၊ပြီးတော့
ရေအိုးစင်ထဲက ရေအေးအေးလေးခပ်ပြီး
တော့ ကပ်၊
ဆွမ်းစားချိန်ရောက်တော့လည်း ဆွမ်း
ကပ်ပေး၊ သင်္ကန်းလျှော်ပေး၊ ခြေဆုတ်
လက်နယ်ပြုပေးလို့ ဆရာနဲ့တပည့်
တပည့်နဲ့ ဆရာ ညီညာစွာ သာသနာပြုနေ
ကြရင်း မထင်မှတ်ထားတဲ့ မှုန်တိုင်းတစ်ခု
အရိပ်ဆိုးတစ်ခုဟာ ကိုရင်လေး ဥတ္တရရဲ့
အထံကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာ
ခဲ့ပါတယ်။
အဲ့ဒါဟာ ဘာလဲဆိုတော့
တစ်နေ့ အရှင်သာရိပုတ္တရာ မထေရ်မြတ်
ကြီးဟာ လေနာရောဂါဖြစ်လို့ အိပ်ရာထဲ
ဗုန်းဗုန်းလဲရှာပါလေရော။
တပည့်ဖြစ်တဲ့ ကိုရင်လေး ဥတ္တရဟာ
ဆရာအရှင်မြတ်အတွက် ခြေမကိုင်မိ
လက်မကိုင်မိ ဘာလုပ်ပေးလို့ လုပ်ပေးရ
မှန်းမသိ ဖြစ်သွားတယ်။
ဒါနဲ့ သူ့တတ်သလောက် မှတ်သလောက်
လေးနဲ့ ဆရာအရှင်မြတ်ရဲ့ ရောဂါကို
ကုသပေးရင်း အရင်းက ဒီလိုလေနာဖြစ်
တဲ့အခါ ယာဂုနဲ့ စတုမဓုဘုဉ်းပေးရလို့
ပျောက်ခဲ့ဖူးကြောင့် သိသွားတယ်။
မနက်လင်းတဲ့အခါ မိဘနှစ်ပါးထံ ကြွလို့
ယာဂုနဲ့စတုမဓု အလှူခံပြီး ဆရာအရှင်မြတ်
ကို ကပ်ပါ့မယ့်အကြောင်း လျှောက်ထားရင်း အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးရဲ့
ခြေရင်းမှာ ကိုရင်လေး အိပ်ပျော်သွားတယ်။
လန့်နိုးတဲ့အချိန် အပြင်ကိုကြည့်လိုက်တော့
အတော်လင်းနေတာနဲ့ မိုးလင်းပြီအထင်နဲ့
သင်္ကန်းရုံ သပိတ်လွယ်ကာ ရာဇဂြိုဟ်မြို့
ထဲက မိဘနှစ်ပါးအထံ ကြွခဲ့တယ်။
ဆရာအရှင်မြတ်အတွက် ပူပင်နေတဲ့ စိတ်၊
ယာဂုနဲ့စတုမဓု ကပ်လိုတဲ့စိတ်ကြောင့်
စိတ်ဆန္ဒလောပြီး ထွက်လာခဲ့တာ
ရာဇဂြိုဟ်မြို့နားရောက်တော့ မြို့တံခါးက
မဖွင့်သေးဘူး။ အာရုဏ်မှ မတက်သေးတာ။
ကြယ်တွေ လတွေကြောင့်သာ
လင်းထိန်နေတာ။
ဒါနဲ့ မိုးမလင်းသေးမှန်း သိသွားတဲ့ ကိုရင်
လေးဟာ သပိတ်ကလေး ကန်ဘောင်ပေါ်
တင်ကာ ရေကန်ထဲဆင်းပြီး မျက်နှာသစ်
ပါတယ်။
အဲ့ဒီအချိန်မှာ သူခိုးတစ်ယောက်ဟာ
အိမ်တစ်အိမ်ကို ၀င်အဖောက်၊ မင်းမှုထမ်း
တွေလိုက်လို့ မြို့အပြင်ကို ထွက်ပြေးအလာ၊ ကိုရင်လေးမျက်နှာသစ်နေတဲ့
ရေကန်နားရောက်တော့ ကိုရင်လေး
သပိတ်ထဲ ခိုးလာသမျှ ပစ္စည်းတွေ
ပစ်ထည့်သွားတယ်။
မင်းမှုထမ်းတွေဟာလည်း ရေကန်နံဘေး
မှာ သူခိုးကိုရှာရင်း ရုတ်တရက် မျက်နှာ
သစ်နေတဲ့ ကိုရင်လေးကို သွားတွေ့တယ်။
ကိုရင်လေးရဲ့ သပိတ်ထဲမှာလည်း
ရွှေတွေငွေတွေ အပြည့်ဆိုတော့ ကိုရင်
လေးကို သူခိုးလို့စွပ်စွဲပြီး ၀ ဿ ကာရ
အမတ်ကြီးထံ ဖမ်းဆီးခေါ်ဆောင်သွား
ကြတယ်။
ဟိုရောက်တော့ ၀ ဿ ကာရအမတ်ကြီးက
ကိုရင်လေးရဲ့ မိဘအမည် နေရပ်လိပ်စာ
ကိုမေးတဲ့အခါ တစ်ချိန်က သူ့ရဲ့သမီးလေး
ကို ခါးခါးသီးသီး ငြင်းခဲ့တဲ့၊ သူ့ကို အရှက်
ရစေခဲ့တဲ့ မောင်မြင့်မြတ်လေးမှန်း သိသွား
တယ်။
ဒါနဲ့ သူ့ရဲ့ အငြိုးတေးတွေ လက်စားချေးဖို့
ကျန်တာတွေ ဘာတခုမျှ မမေးမြန်း
မစစ်ဆေးဘဲ သုသာန်ထုတ် ကားစင်တင်
သံတံကျင်းထိုးကာ သတ်စေလို့ အမိန့်ပေး
လိုက်တယ်။
ကိုရင်လေးက ငိုယိုတောင်းပန်ရှာပေးမယ့်
မရပါဘူး။ အင်အားဗလ တောင့်တဲ့
လူသန်ကြီးတစ်စုက ကိုရင်လေးကို
ကြိုးတုပ်ပြီး သုသာန်ကို ခေါ်ဆောင်
သွားကြပါတယ်။
ရာဇဂြိုဟ်မြို့သူ မြို့သားတွေဟာလည်း
ကိုရင်လေး ဥတ္တရ အသတ်ခံရတော့
မယ်ဆိုတဲ့ သတင်းကြောင့် သုသာန်ကို
အကုန်လိုက်ကြည့်ကြပါတယ်။
သုသာန်ရောက်တဲ့အခါမှာ အာဏာပါးကွက် သားတွေဟာ ကိုရင်လေး ဥတ္တရကိုတိုင်မှာကပ်ပြီး သံတွေနဲ့ ရိုက်ပါတယ်။
လက်ဖဝါး နှစ်ဘက်မှာ နှစ်ချက်ရိုက်၊
ခြေဖဝါးနှစ်ဘက်မှာ နှစ်ချက်ရိုက်ပြီး
ရင်ဘတ်တည့်တည့်ကို သံချောင်းရှည်
ရှည်နဲ့ တစ်ချက်ရိုက်ထည့်လိုက်ပါတယ်။
ကိုရင်လေးရဲ့ ခြေနှစ်ဘက်၊ လက်နှစ်ဘက်၊ ပါးစပ်နဲ့ ရင်ဘက်တည့်တည့်က
သွေးတွေ စီးကျပြီး သတိရတစ်ချက်
မရတစ်ချက် ဖြစ်နေပါတော့တယ်။
လာကြည့်ကြတဲ့ ရာဇဂြိုဟ်မြို့သူ မြို့သားတွေဟာလည်း ကိုရင်လေးကို သနားကြပေမယ့် အမတ်ကြီးကို ကြောက်လို့
ဘယ်သူမှ မပြောရဲကြပါဘူး။
ကိုရင်လေးအတွက် စိတ်မကောင်း
ဖြစ်သူက ဖြစ်၊ သံဝေဂ ယူသူက ယူ၊
အမတ်ကြီးကို ဒေါသထွက်က ထွက်၊
ငိုသူက ငိုနဲ့ ကိုရင်လေး အနီးမှာ
၀ိုင်းအုံးလို့ နေပါတော့တယ်။
ကိုရင်လေးဟာ အရွယ်နဲ့မမျှတဲ့ ဝေဒနာ
တွေကြောင့် သတိမေ့မျောနေရာကနေ
ပြန်လည်သတိရလာတဲ့အခါ -
ငါဟာ မကြာခင်သေရတော့မယ်
မသေခင် ဘုရားရှင်ကိုယ်တော်မြတ်
ကြီးကို ကန်တော့ဦးမှဆိုပြီး -
စိတ်ထဲက မှန်းဆလို့ ဘုရား၊တရား၊သံဃာရတနာ သုံးပါးကို သူကန်တော့ရှာတယ်။
ပြီးတဲ့ လေနာရောဂါဖြစ်လို့ အိပ်ရာထဲ
လဲနေတဲ့ ဆရာအရှင်မြတ်အတွက်
စိတ်မကောင်းဖြစ်၊ စိုးရိမ်ပူပန်စွာနဲ့
ကန်တော့ပြန်တယ်။
ပြီးတော့ ရာဇဂြိုဟ်မြို့က မိဘနှစ်ပါးကို
နောက်ဆုံး ဆန္ဒလေးမှာကြားဖို့ ရှိသမျှ
ခွန်အားတွေ စုစည်းကာ ပရိသတ်ဘက်
ကို အသံပြုလိုက်ပါတယ်။
ရာဇဂြိုဟ်မြို့သူ မြို့သားတွေဟာလည်း
ကိုရင်လေး တစ်ခုခုပြောချင်နေတာကို
သိတဲ့အတွက် ငြိမ်ပြီးနားထောင်ပေးနေတဲ့
အချိန် -
အိုး သူတော်ကောင်းတို့ ---
ဘယ်ဘ၀က ကံတွေကြောင့်မှန်း မသိ
ပါဘူး။ ဇွတ်မြင် ဇွတ်စွဲ သူခိုးပါပဲရယ်ဆို
ပြီး နှိက်စက်ကြလို့ ကိုရင်လေး မကြာခင်
သေရပါတော့မယ်။
ကိုရင်လေး မသေခင်မှာ ကိုရင်လေးရဲ့
အမှာစကားတွေကို ကိုရင်လေးမိဘနှစ်ပါးထံ ပြောပေးကြပါ။ အခုချိန်ဆိုရင် ကိုရင်လေးရဲ့ မိဘနှစ်ပါးဟာ ကိုရင်လေးဆွမ်းခံအလာကို မျှော်နေကြရှာနေမှာ အမှန်ပါ။
သားလေးကို ချစ်လွန်းလို့၊ သား ဆန္ဒ
မပယ်ရှားဝံလို့ ကိုရင်လေး ၀တ်ပေးကြ
ရှာပေမယ့် တစ်နေ့တစ်ခါမျှ မျက်စိအောက်က အပျောက်မခံကြရှာသူတွေပါ။
ဒကာကြီး ၀ယ်ပေးထားတဲ့ ဟောဒီ
အရောင် သင်္ကန်းလေးဟာ အခုတော့
အနီရောင် သွေးတွေ လွှမ်းခဲ့ပါပြီး။
ဒကာမကြီးကိုယ်တိုင် ကပ်ထားတဲ့
မြေသပိတ်လေးဟာလည်းပဲ ကွဲအပ်လို့
နေပါပြီ။
အိုးသူတော်ကောင်းတို့ ---
ကိုရင်လေး သေသွားပြီဆိုရင်
ကိုရင်လေးကို သတ်ကြတဲ့ ဟောဒီနေရာ
လေးမှာ ကိုရင်လေးရဲ့ သင်္ကန်း သပိတ်
ပရိက္ခရာတွေကို ယူပြီးတော့ ကိုရင်လေး
ရဲ့ မိဘနှစ်ပါး အလွမ်းပြေ ဖူးနိုင်စေဖို့၊
နောင်လာနောက်သားတွေ သတိသံဝေဂ
ရစေနိုင်ဖို့
တံခွန်တိုင် ကုက္ကာစုံလင်စွာနဲ့ ထုံစေတီ
ဖြူဖြူလေး တည်းပေးကြပါလို့ " မှားကြားရင် ကိုရင်လေး ပြန်လည်မေ့မျောသွားပါတယ်။
အဲ့ဒီအချိန်မှာ ဂေါတမမြတ်စွာဘုရားရှင်
ကိုယ်တော်မြတ်ကြီးဟာ ကိုရင်လေးရဲ့
အခြေနေကို သိတော်မူတဲ့အတွက်
ကိုရင်လေးရှိရာကို နောက်ပါသံဃာများစွာနဲ့ ကြွရောက်ပြီး ကိုရင်လေးကို တရားပြလို့ကိုရင်လေး တရားရကာ သေဘေးမှ
လွတ်မြောက်ခဲ့ပါတယ်။ ခန္ဓာကိုယ်အနှံ
မှာ ရိုက်နှိက်ခံထားရတဲ့ ဒဏ်ရာတွေဟာ
လည်း ချက်ချင်းကို ပျောက်သွားကြပါတော့တယ်။
ကျောင်းရောက်တဲ့အခါမှ သံဃာတော်
အရှင်သူမြတ်တွေက မြတ်စွာဘုရားရှင်
ကို ” ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရားပါရမီတော်အစုံနဲ့ ပြည့်စုံလာခဲ့တဲ့ ဒီကိုရင်လေးဟာ ဘာကြောင့် သူခိုးလို့ စွပ်စွဲခံရပြီး သေလုနီးပါး ဝေဒနာတွေကို ခံစားခဲ့ရတာလဲ ဘုရား " မေးလျှောက်ကြတော့
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးက
" ချစ်သားတို့ ဒီကိုရင်လေး ဥတ္တရဟာ
တစ်ခုသော အသိမကြွယ် ကလေးငယ်
တုန်းက တိရစ္ဆာန် လေးတွေကို
သံတံကျင်းထိုးလို့ နှိက်စက်ပြီး ကစားခဲ့
ဖူးတယ်ကွယ့်၊ အဲ့ဒီလို တိရစ္ဆာန်လေး
တွေကို တံကျင်းထိုးပြီး ကစားခဲ့ဖူး၊ နှိက်စက်ခဲ့ ဖူးတဲ့အတွက်ကြောင့် ဘဝပေါင်းများစွာ အခုလို ဆင်းရဲဒုက္ခကို ခံစားရတာပဲလို့ မိန့်တော်မူခဲ့ပါတယ်။
ဒီ၀တ္ထုလေးမှာ ကိုရင်လေး ဥတ္တရရဲ့
အရိပ်နှစ်ခုကို သတိထားမိမှာပါ။
တစ်ခုက ပန်းသုံးပွင့် လှူခဲ့တဲ့ ကုသိုလ်
အရိပ်၊ အဒီကုသိုလ်အရိပ်ကြောင့်
ကမ္ဘာပေါင်း သုံးသောင်း
အပါယ်မကျဘဲ လူပြည်နတ်ပြည်အလီလီ
မှာ အထက်တန်းကျကျ မျက်နှာပန်းလှလှ
နေခဲ့ရ၊ ကျင်လည်ခဲ့ရတယ်။
နောက်အရိပ်တစ်ခုက တိရစ္ဆာန်လေး
တွေကို တံကျင်းထိုးပြီး နှိက်စက်ဆော့က
စားခဲ့တဲ့ အကုသိုလ်အရိပ်၊
ဘဝပေါင်းများစွာ ကိုယ်လုပ်ခဲ့သလို
ကိုယ်ပြန်ပြီး ပေးဆက်ခဲ့ရတယ်။
အခုနောက်ဆုံး ကျွတ်တန်း၀င်မယ့်
ဘ၀မှာတောင် သေလုနီးပါး ဝေဒနာ
တွေကို ခံစားရစေခဲ့တယ်။
မိမိတို့ရဲ့ လက်တွေ့ဘဝတွေမှာရော
ကုသိုလ်၊ အကုသိုလ် အရိပ်တွေ ရောထွေးနေတယ်။
မိမိရဲ့ နေ့စဉ်ဘ၀ထဲမှာ ကောင်းတာလုပ်
ရင် ကောင်းကျိုးရမယ်။ ကုသိုလ်ရမယ်။
အဲ့ဒီကောင်းကျိုးက ကိုယ်နောက်ကို
ထက်ကြပ်မခွာလိုက်နေမယ့်
အရိပ်တစ်ခုလည်း ဖြစ်တယ်ဆိုတာ
သိထား ရပါမယ်။
မိမိရဲ့ နေ့စဉ်ဘ၀ထဲမှာ မကောင်းတာ
လုပ်ရင် မကောင်းကျိုးရမယ်။ အကုသိုလ်
ဖြစ်မယ်။အဒီ မကောင်းကျိုးက ကိုယ်နောက်ကို ထက်ကြပ်မခွာလိုက်နေမယ့်
အရိပ်တစ်ခုလည်း ဖြစ်တယ်ဆိုတာလည်း
သတိထားဖို့ လိုပါတယ်။
ကောင်းတာလုပ်လုပ်၊ မကောင်တာ
လုပ်လုပ် အရိပ်တွေ ထင်ကျန်ခဲ့တယ်
ဆိုတာ သိလောက်ပါပြီ။
ပြေးချင်သလောက် ပြေး၊ ဒီအရိပ်တွေက
မလွတ်နိုင်ဘူး ။အေးမြတဲ့ အရိပ်လည်း
ကိုယ်တိုင် ဖန်ဆင်းတာပဲ။
ပူလောင်တဲ့ အရိပ်လည်း ကိုယ်တိုင်
တည်ဆောက် ခဲ့တာပဲ။
ကိုယ့်အရိပ် ကိုယ်ကြောက်လန့်ပြီး
ထွက်ပြေးနေရတဲ့ ဘဝမျိုးထက်
ကိုယ့်အရိပ် ကိုယ်ကြည့်ပြီး ကြည်နူး
နေတဲ့ ဘဝမျိုးလေးရဖို့
ကြိုးစားကြရမယ်။
ကိုယ့်အရိပ်အောက် သူတစ်ပါးတွေ
လာရောက် ခိုလှုံခွင့်ပေးနိုင်တဲ့
ဘဝမျိုး မဟုတ်ရင်နေပါစေ။
ကိုယ့်အရိပ်နင်းမိသူတိုင်း ဘယ်သူကိုမှ
မပူလောင်စေ၊ မနာကျင်စေတဲ့ ဘဝမျိုး
လေး ရရင်ပဲ တော်လှပါပြီ။
ကောင်းတာ လုပ်ခဲ့ရင် အေးမြတဲ့
အရိပ်ရမယ်။ မကောင်းတာ လုပ်ခဲ့ရင်
ပူလောင်တဲ့ အရိပ်ရမယ်။
ကောင်းတာ, မကောင်းတာ ရောထွေးပြုခဲ့မိတော့ အပူ, အအေးရောယှက်နေတဲ့
အရိပ်ကို ရမှာပေါ့။
မိမိတို့ ရရှိထားတဲ့ လက်ရှိဘဝလေးဟာ
ရတနာသုံးပါးရဲ့ အရိပ်အောက်မှာ
နေခွင့်ရတာရယ်၊ အခုလို အေးမြတဲ့
အရိပ်ကို ခိုလှုံခွင့်ရနေတာရယ်ကြောင့်
ရှေးရှေးဘ၀များစွာက ကောင်းတာတွေ
လုပ်ခဲ့တယ်ဆိုတာ မှန်းဆလို့ရပါတယ်။
အတိတ်ကံပေါ်မူတည်ပြီးတော့ အရိပ်ကောင်းတာ မကောင်းတာ၊ အေးမြမှု နည်းတာ၊များတာတော့ ကွာမှာပေါ့။ကောင်းတာတွေချည်ပဲ လုပ်ခဲ့တာ မဟုတ်တော့ အပူဆိုတာလည်း
အနည်းနဲ့ အများတော့ ရှိနေကြဦးမှာပေါ့။
ပြီးခဲ့တဲ့ အတိတ်၊ ပြီးခဲ့တဲ့ အရိပ်ကိုပဲ
အားကိုးနေမယ့်အစား၊ လက်ညှိုးထိုးနေ
မယ့်အစား ပစ္စုပ္ပာန်မှာ ကိုယ်တိုင်
တည်ဆောက်ခွင့်၊ ဖန်ဆင်းခွင့် ရှိနေတဲ့
အေးမြတဲ့ အရိပ်တွေကို
ကြိုးစား တည်ဆောက်ကြရင်
ပိုမကောင်းဘူးလား။
ကုသိုလ်ဆိုတာ အေးမြတဲ့ အရိပ်
အကုသိုလ်ဆိုတာ ပူလောင်တဲ့ အရိပ်ပါ။
ပြေးချင်သလောက် ပြေး၊ (နိဗ္ဗာန်မရ
သရွေ့)ဒီအရိပ်တွေက မလွတ်မြောက်
နိုင်ပါဘူး။
အရိပ်တွေကို ဂရုစိုက်ရမယ်။
အရိပ်တွေကို အလေးနက်ထားရမယ်။
အရိပ်ကောင်းတွေကို ကြိုးစားတည်
ဆောက် ကြရမယ်။ အေးမြတဲ့ အရိပ်တွေကို တတ်စွမ်းသမျှ ဝေမျှပေးကြရပါမယ်။
အရှင်ဝိစိတ္တ(ကျွန်းကုန်း)
သီတဂူကတေုမတီဗုဒ်ဓတက်ကသိုလျ၊
တောင်ငူ ၊
No comments:
Post a Comment