စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဗကဗြဟ္မာကြီ

🙏ဗကဗြဟ္မာကြီး🙏
🌸🌸🌸🌸🌸🌸🌸
နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အာဘဿရဘုံ၌ ဖြစ်သော ဗကဗြဟ္မာကြီးအား ဤတရားသည် မြဲ၏၊ စုတေခြင်း သဘောမရှိ၊ ဤတရားမှတစ်ပါး ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်မည်သည် မရှိ၊ ဤသို့စသော အယူကိုယူ၏။
 ထိုဗကဗြဟ္မာကြီးသည် အောက်စျာန်ကိုရ၏၊ ရှေး၌စျာန်ကိုပွားစေ၍ ဝေဟပ္ဖိုလ်ဘုံ၌ ဖြစ်၏။ ထိုဘုံမှတစ်ဖန် သုဘကိဏှာဘုံ၌ ဖြစ်၏၊ ထိုဘုံမှတစ်ဖန် အာဘဿရဘုံ၌ ဖြစ်၏။ ထိုဘုံ၌ အထက်ဗြဟ္မာဘုံမှ စုတေ့ကို မအောက်မေ့နိုင်၊ ပဋိသန္ဓေကိုလည်း မအောက်မေ့နိုင်၊ ထိုနှစ်ပါးသောစုတေ့ ပဋိသန္ဓေကို မမြင်၍ ဤသို့သော အယူကို ယူ၏။

 မြတ်စွာဘုရားသည် ထိုဗကဗြဟ္မဒာ၏ စိတ်အကြံကို သိတော်မူလျှင် ဗြဟ္မာဘုံသို့ ကြွတော်မူ၏။ ဗကဗြဟ္မာသည် မြတ်စွာဘုရားကို မြင်တော်မူလျှင် “အရှင်ဘုရား … ကြွလာတော်မူပါ၊ ကြွလာတော်မူခြင်းသည် ကောင်းပါ၏၊ မကြွလာသည်မှာ ကြာမြင့်ပြီ” ဟု ပဋိသန္ဓာရစကား လျှောက်ထားပြီးလျှင် “အရှင်ဘုရား … ဤတရားသည် မြဲ၏၊ စုတေခြင်း မရှိ၊ ပဋိသန္ဓေ မနေ၊ မအို၊ တစ်ဖန် မဖြစ်၊ စုတေခြင်းမရှိ၊ ပဋိသန္ဓေ မနေ၊ မအို၊ တစ်ဖန် မဖြစ်၊ ဤတရားထက် လွန်မြတ်သော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း ဖြစ်သော နိဗ္ဗာန်တရားမည်သည် မရှိ” ဟု မိမိအယူရှိသည့် အတိုင်း လျှောက်ထားလေ၏။
 မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ စကားကို ကြား၍ “အချင်းတို့ … ဗကဗြဟ္မာသည် အဝိဇ္ဇာနှင့် ပြည့်စုံစွာတကား၊ အနိစ္စသာလျှင် ဖြစ်ပါလျက် နိစ္စဟု ဆိုဘိ၏၊ တစ်ပါးသော ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော တရား ထင်ရှားရှိပါလျက် မရှိဟု ဆိုဘိ၏” ဟု မိန့်တော်မူ၏။

 ဗကဗြဟ္မာသည် မြတ်စွာဘုရား စကားကိုကြားလျှင် အရှင် ဂေါတမသည် မေးစိစစ်လိမ့်မည်ဟု ကြံစည်ကာ အားနည်းသော သူခိုးသည် နှစ်ချက် သုံးချက် ရိုက်ကာမျှဖြင့် ငါသည်ပင်လျှင် သူခိုးလော၊ ဤသူလည်း သူခိုးတည်း၊ ဤသူလည်း သူခိုးတည်းဟု အပေါင်းအဖော် အလုံးစုံ ပြောကြားသကဲ့သို့ မိမိနှင့် အယူဝါဒ တူကုန်သော အပေါင်းအဖော် အလုံးစုံတို့ကို ပြောကြားလိုသည်ဖြစ်၍ =
 “အို-အရှင်ဂေါတမ … ကုသိုလ်ကောင်းမှုရှိသော ခုနစ်ကျိပ် ရှစ်ယောက်သော အကျွန်ုပ်တို့သည် မိမိတို့ အလိုအတိုင်း ဖြစ်ကြကုန်၏၊ ပဋိသန္ဓေနေခြင်း, အိုခြင်းမှ လွန်မြောက်ကြကုန်၏၊ ပညာဖြင့် ရောက်အပ်သော ဤဗြဟ္မာပြည်၌ ဖြစ်ခြင်းကား အဆုံးစွန်သော ဖြစ်ခြင်းတည်း၊ လူများစွာတို့သည် အကျွန်ုပ်ကဲ့သို့ ဖြစ်ရလို၏ဟု တောင့်တကြကုန်၏” –
ဟု မြတ်စွာဘုရားအား လျှောက်ထားလေ၏။

 ထို့နောင် မြတ်စွာဘုရားသည် ဗကဗြဟ္မာ၏ မမြဲသော အဖြစ်ကို သိစေလိုသဖြင့် -
 “အို- ဗကဗြဟ္မာ … သင်ကား သင်၏အသက်ကို ရှည်လှ၏ဟု အောက်မေ့ မှတ်ထင်နေ၏၊ သင်၏ အသက်ကား တိုတောင်းလှ၏၊ ရှည်သည် မဟုတ်”။
 “အို- ဗကဗြဟ္မာ … ငါသည် သင်၏အသက်ကို နိရဗ္ဗုဒ တစ်သိန်းရှိသော အဟဟမျှ အတိုင်းအရှည်မျှသာ ကြွင်း၏ဟုသိ၏” –
ဟု အသက်အပိုင်းအခြားကို မိန့်တော်မူ၏။

 ထိုအခါ ဗကဗြဟ္မာသည် သူ၏ နောက်အတိတ် အကြောင်းကို လျှောက်ထားလို၍ -
 “အို-ရှင်ဂေါတမ … သင်တို့သည် ငါကား အဆုံးမရှိသော တရားကို မြင်သော ဘုရားဖြစ်၏၊ ပဋိသန္ဓေနေခြင်း၊ အိုခြင်း၊ စိုးရိမ်ပူဆွေးခြင်းတို့ကို လွန်မြောက်၏ဟု ဝန်ခံဘိ၏။
ထိုသို့ဖြစ်ခဲ့သော် အကျွန်ုပ်၏ ရှေး၌ဖြစ်ဖူးသော အကျင့်သီလကား အဘယ်နည်း၊ ထိုအကျင့်သီလကို အကျွန်ုပ်လည်း သိရာ၏၊ ထိုအကျင့်သီလကို ပြောကြားတော်မူပါ” –
ဟု လျှောက်ထား တောင်းပန်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဗကဗြဟ္မာအား အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။

အတိတ်ဝတ္ထု
 လွန်လေပြီးသောအခါ တစ်ခုသော ကမ္ဘာ၌ သင် ဗကဗြဟ္မာသည် ရသေ့ဖြစ်၏။ ထိုအခါ သဲကန္တာရ၌ နေလျက် သဲကန္တာရ၌ သွားကုန်သော များစွာသောသူတို့အား ရေကိုဆောင်၍ ပေးလေ့ရှိ၏။
 တစ်နေ့သ၌ လှည်းကုန်သည်တစ်ဦးသည် လှည်းငါးရာတို့နှင့် ထိုသဲကန္တာရသို့ သွား၏။ လူတို့သည် ကျယ်ဝန်းသော သဲကန္တာရ၌ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်မျက်နှာတို့ကို မမှတ်မိနိုင်ဘဲ ခုနစ်ရက်ပတ်လုံး အစာအာဟာရပြတ်လျက် အပူဖြင့် နှိပ်စက်သဖြင့် ငါတို့ မုချ သေကြရမည်ဟု အောက်မေ့လျက် နွားတို့ကို ချွတ်ပြီးလျှင် လှည်းအောက်၌ အိပ်ကြကုန်၏။
 ထိုအခါ ရသေ့သည် ဆင်ခြင်လတ်သော် လှည်းကုန်သည်တို့ကိုမြင်၍ ဤလှည်းကုန်သည်တို့သည် ငါ၏ မျက်မှောက်၌ မပျက်စီးကုန်သတည်းဟု နှလုံးသွင်းကာ မိမိတန်ခိုးအာနုဘော်ဖြင့် ဂင်္ဂါမြစ်ရေကို အပေါ်သို့ ပျံ၍ လှည်းကုန်သည်တို့ ရှေးရှုစီးစေပြီး အနီးဖြစ်သော အရပ်၌လည်း တောအုပ်တစ်ခု ဖန်ဆင်းလေ၏။
 လူတို့သည် ရေကို အလိုရှိတိုင်း သောက်ချိုးလျက် ရောင့်ရဲစေပြီးလျှင် တောအုပ်မှ မြက်တို့ကို ရိတ်ကာ နွားတို့ကိုကျွေး၍ ရေတို့ကို တိုက်ကြကုန်၏။ ထင်းတို့ကိုယူကာ ထိုတောအုပ်ကိုမှတ်၍ သဲကန္တာရကို လွန်မြောက်စေကုန်၏။

 ထိုအကြောင်းရည်၍ မြတ်စွာဘုရားသည် ဗကဗြဟ္မာကို ဆုံးမလိုသဖြင့် -
 “အို- ဗကဗြဟ္မာ … သင်သည် ရေငတ်၍ အပူဖြင့် အလွန်နှိပ်စက်ကာ ပင်ပန်းသော လူများစွာတို့ကို ရေသောက်စေ၏၊ သင်၏ ရှေး၌ဖြစ်သော ထိုအကျင့် သီလကို ငါဘုရား၏ အိပ်မက်မြင်၍ အိပ်ရာမှ နိုးသော ယောက်ျားကဲ့သို့ အောက်မေ့၏” –
ဟု မိန့်တော်မူကာ အောက်ပါ အတိတ်ဝတ္ထုတစ်ခုကို ဆောင်တော်မူ၏။

 နောက်အခါ ထိုရသေ့သည် ပစ္စန္တရာဇ် ရွာတစ်ခုကို အမှီပြုကာ မြစ်အနီး တောအုပ်၌ နေပြန်၏။ တစ်နေ့သ၌ တောင်ပေါ်၌နေသော သူခိုးတို့သည် အောက်သို့ ဆင်းသက်ကြလျက် ရွာကို လုယက်ဖျက်ဆီးကာ လူများစွာတို့ကို ဖမ်းကုန်၍ တောင်ပေါ်သို့ တက်စေပြီးလျှင် ခရီးအကြားတွင် သူလျှိုကိုထားကာ တောင်ခေါင်းသို့ဝင်၍ ထမင်းချက်လျက် နေကြကုန်၏။

 ထိုအခါ ရသေ့သည် ကျွဲ နွား စသည်တို့၏ လည်းကောင်း၊ ယောက်ျား, မိန်းမ, သူငယ် စသည်တို့၏ လည်းကောင်း ကျယ်စွာသော ညည်းညူသံကို ကြား၍ ဤသတ္တဝါတို့သည် ငါမြင်စဉ် မပျက်စီးစေကုန်သတည်းဟု အောက်မေ့ဆင်ခြင်လျက် မိမိ၏ တန်ခိုး အာနုဘော်ဖြင့် ကိုယ်ခန္ဓာ အတ္တဘောကို စွန့်၍ မင်းအသွင် ဖန်ဆင်းကာ အင်္ဂါလေးပါးရှိသော စစ်သည်ဖြင့် ခြံရံကာ စစ်ထိုးစည်ကို တီးစေလျက် ထိုသူတို့ နေရာအရပ်သို့ သွားလေ၏။
 သူလျှိုတို့မြင်လျှင် သူခိုးတို့အား ပြောကြားကုန်၏။ ထိုအခါ သခိုးတို့သည် ငါတို့အား မင်းနှင့်တကွ စစ်ထိုးခြင်းငှာ မသင့်ဟု ဆောင်ယူခဲ့သော ဥစ္စာအလုံးစုံကို စွန့်လွှတ်၍ ထမင်းကိုပင် မစားနိုင်ကြတော့ဘဲ အမြန်ပြေးကြ ကုန်၏။

 ရသေ့သည် အလုံးစုံသော သူတို့ကို ဆောင်ယူပြီးလျှင် မိမိတို့ရွာ၌ တည်စေကုန်၏။ ထိုအကြောင်းကိုရည်၍ မြတ်စွာဘုရားသည် -
 “အို - ဗကဗြဟ္မာ … သင်သည် ဧဏီမြစ်နား၌ ဖမ်းဆီးကာ ယူဆောင်ထားသော သူအပေါင်းကို လွတ်စေခဲ့ပြီ၊ သင်၏ ရှေး၌ဖြစ်သော အိပ်ရာမှ နိုးသောယောက်ျားကဲ့သို့ အောက်မေ့နိုင်၏” –
ဟု မိန့်တော်မူကာ အတိတ်ဝတ္ထုတစ်ခုကို ဆောင်တော်မူပြန်၏။

 နောက်အခါ ထိုရသေ့သည် ဂင်္ဂါမြစ်နား၌ နေပြန်၏။ ထိုအခါ လူတို့သည် လှေနှစ်စင်း သုံးစင်းကို ဖောင်ဖွဲ့၍ ဖောင်ပေါ်တွင် ပန်းမဏ္ဍပ် ဆောက်လုပ်ပြီးလျှင် ထမင်း ငါးအမဲ အရက်သေစာတို့ကို သောက်စားကုန်လျက် ကမ်းတစ်ဖက်သို့ သွားကုန်၏။ စားကြွင်းသောက်ကြွင်း ဖြစ်သော ထမင်း ငါး အမဲ သေရည်တို့ကိုလည်း ဂင်္ဂါမြစ်၌ပင် ချကြကုန်၏။
 ဂင်္ဂါမြစ်၌နေသော နဂါးမင်းသည် လူတို့ စားကြွင်းသောက်ကြွင်းတို့ကို ငါ၏ အထက်၌ ချရမည်လားဟု အမျက်ထွက်လျက် လူခမ်းသိမ်းကိုဖမ်း၍ ဂင်္ဂါမြစ်၌ နှစ်ကာသတ်မည်ဟု ပိန်းကောလှေကြီး ပမာဏရှိသော ကိုယ်အတ္တဘောကို ဖန်းဆင်း၍ ရေကိုခွဲလျက် ပါးပျဉ်းကိုထောင်ကာ လူတို့ရှေ့တွင် သွားလေ၏။ လူတို့သည် နဂါးမင်းကို မြင်လျှင် သေရမည့်ဘေးမှ ကြောက်သဖြင့် တစ်ပြိုင်နက် သည်းစွာသော အသံဖြင့် ငိုကြွေး အော်ဟစ်ကြကုန်၏။

 ရသေ့သည် ထိုလူတို့ ငိုကြွေးအော်ဟစ်ကြသောအသံကိုကြားလျှင် နဂါးမင်း အမျက်ထွက်သည်ကို သိ၍ ငါ့မျက်မှောက်တွင် မပျက်စီးစေသတည်းဟု ကြံစည်ကာ လျင်မြန်စွာ စျာန်ဝင်စား၍ မိမိ၏ တန်ခိုးအာနုဘော်ဖြင့် ဂဠုန်သဏ္ဌာန် ဖန်ဆင်း၍ နဂါးရျိရာသို့ သွားလေ၏။ နဂါးမင်းလည်း ဂဠုန်ကိုမြင်လျှင် သေဘေးမှ ကြောက်သဖြင့် ရေတွင်ငုပ်လေ၏။
 ထိုအခါ လူတို့သည် အသက်ဘေးမှ ချမ်းသာရာ ရကြကုန်၏။ ထိုအကြောင်းကိုရည်၍ မြတ်စွာဘုရားသည် -
 “အို-ဗကဗြဟ္မာ … သင်သည် ဂင်္ဂါရေအယဉ်၌ ကြမ်းကြုတ်သေ နဂါးသည် လူတို့ကို ပျက်စီးစေရန် အားအစွမ်းဖြင့် ဖမ်းမည့်လှေကို လွတ်မြောက်စေပြီ၊ သင်၏ ရှေး၌ဖြစ်သော သီလအကျင့်ကို ငါဘုရားသည် အိပ်မက်မြင်၍ အိပ်ရာမှ နိုးသော ယောက်ျားကဲ့သို့ အောက်မေ့နိုင်၏” –
ဟု မိန့်တော်မူကာ အတိတ်ဝတ္ထု တစ်ခုကို ဆောင်တော်မူပြန်၏။

 ထိုနောက် သင်ဗကဗြဟ္မာသည် ကေသဝရသေ့ ဖြစ်သောအခါ၌ ငါဘုရားသည် တပည့်ကြီး ကပ္ပရသေ့ ဖြစ်၏၊ အမှုကြီးငယ်ကို ဆောင်ရွက်၏၊ သင့်အား နာရဒအမတ်သည် ဗာရာဏသီပြည်မှ ဟိမဝန္တာသို့ ဆောင်ယူခဲ့ရာ အနာရောဂါကို ပျောက်စေ၏။ ထို နာရဒအမတ်သည် နှစ်ကြိမ်မြောက် ဟိမဝန္တာသို့ လာသောအခါ အနာရောဂါ ပျောက်ကင်းနေသော ကေသဝရသေ့ကိုမြင်၍ -
 “ဘုန်းတော်ကြီးသော အရှင် ကေသဝရသေ့ … အလိုရှိရာ ဝတ္ထုအလုံးစုံနှင့် ပြည့်စုံသော လူမင်းကို စွန့်၍ အဘယ်ကြောင့် ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ မွေ့လျော်ပါသနည်း” –
ဟု လျှောက်ထား၏။ 

ထိုအခါ ကေသဝရသေ့သည် -
 “အို-နာရဒ အမတ် … ကပ္ပရသေ့၏ သင်္ခမ်းကျောင်း၌ ကောင်းမြတ်၍ နှလုံးမွေ့လျော်ဖွယ်ဖြစ်သော သစ်ပင်ို့သည် ရှိကုန်၏၊ ကောင်းစွာ ပြောဆိုအပ်သော ကပ္ပရသေ့၏ စကားသည်လည်း ငါ့ကို မွေ့လျော်စေ၏” =
ဟု နာရဒ အမတ်အား ပြန်ကြားပြောဆိုလေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် ကပ္ပရသေ့ဖြစ်စဉ် ရောဂါပျောက်ငြိမ်းစေသည့် အဖြစ်ကို ပြတော်မူ၏။ ဤသို့ ပြတော်မူခြင်းဖြင့် ဗကဗြဟ္မာကို လူ့ပြည်၌ ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် အလုံးစုံကို မှတ်စေတော်မူ၏။

 ထိုအခါ ဗကဗြဟ္မာသည် မိမိ ပြုခဲ့ဖူးသော ကောင်းမှုကုသိုလ် အလုံးစုံကို သတိရသဖြင့် -
 “အို-အရှင်ဂေါတမ … သင်သည် အကျွန်ုပ်၏ အသက်အတိုင်းအရှည်ကို စင်စ် သိမြင်ပေ၏၊ တစ်ပါးသော တရားကိုလည်း သိမြင်ပေ၏၊ ထို့ကြောင့် ဘုရား ဖြစ်တော်မူ၏၊ အရှင်ဘုရား၏ ဤထွန်းပသော ကိုယ်ရောင်တော်သည် ဗြဟ္မာပြည်၌လည်း ထွန်းပစေလျက် တည်တော်မူ၏” –
ဟု မြတ်စွာဘုရားအား ချီးကျူးကာ လျှောက်ထားပြန်၏။ 
 ဤသို့လျှင် မြတ်စွာဘုရားသည် ကိုယ်တော်၏ ဂုဏ်ကျေးဇူးတော်ကို သိစေလျက် တရားဟောတော်မူ၍ သစ္စာကို ပြသည်၏အဆုံး၌ ဗြဟ္မာ တစ်သောင်းတို့သည် တဏှာဒိဋ္ဌိတို့ဖြင့် မစွဲလမ်းမူ၍ အာသဝေါတရား လေးပါးတို့မှ ကင်းလွတ်ကုန်၏။
 ထိုနောင် မြတ်စွာဘုရားသည် ဗြဟ္မာများစွာတို့၏ ကိုးကွယ်ရာ ဖြစ်၍ ဗြဟ္မာပြည်မှ ဇေတဝန်ကျောင်းတော်သို့ ကြွတော်မူပြီးလျှင် ထိုဓမ္မဒေသနာတော်ကို ဗြဟ္မာတို့အား ဟောကြားသောနည်းဖြင့် ရဟန်းတို့အား ဟောကြားတော်မူပြန်၏။

ဇာတ်ပေါင်းသော်..
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့..
ထိုအခါ ကေသဝရသေ့သည် - ယခုအခါ ဗကဗြဟ္မာ။
ကပ္ပရသေ့သည်-ငါဘုရား ဖြစ်လာပြီ-
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။

    ༺❈❈❈༻ ༺❈❈❈༻ ༺❈❈❈༻

မူရင်းရေးသားသူကို
လေးစားစွာဖြင့် Credit ပေးပါသည်။

No comments:

Post a Comment