နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုး
=================
တံ မေ သ ဒီ ကော မံ သု ရေ၊
သော အ ပ နာ ပ သု သု ပိ။
အ ဓံ သိ တိ ဖု ဝိ သိ ဝေ၊
က ကော က ဂေါ နမာမဟံ။
(၁) တဏှာင်္ကရာမြတ်စွာဘုရား
တံ- တေဘုမ္မက ဝဋ်ဒုက္ခ၏ အကြောင်းရင်းမြစ်တဏှာကို မဂ်ဉာဏ်လေးချက် ဓားသန်လျက်ဖြင့် ပယ်ဖျက်ခုတ်စင် အောင်မြင်တော်မူသော ဘုန်းတော်ကြောင့် တဏှာင်္ကရာ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂) မေဓင်္ကရာမြတ်စွာဘုရား
မေ- ခေတ်သုံးပါး၌ ထိန်ထိန်ပြောင်ထွန်း တောက်ပသော ဉာဏ်ပညာ တန်ဆောင်ဆီမီးကို ထွန်းပစေတတ်သော ဘုန်းတော်ကြောင့် မေဓင်္ကရာ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၃) သရဏင်္ကရာမြတ်စွာဘုရား
သ- နတ်, လူ, ဗြဟ္မာ ဝေနေယျအပေါင်းတို့၏ မြတ်သောကိုးကွယ်ရာကို ပြုတော်မူတတ်သော ဘုန်းတော်ကြောင့် သရဏင်္ကရာ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၄) ဒီပင်္ကရာမြတ်စွာဘုရား
ဒီ- အရပ်တော် အတောင်(၈၀)မြင့်သည်ဖြစ်၍ ထက်ဝန်းကျင် ၁၂ယူဇနာတိုင်တိုင် ရောင်ခြည်တော်တောက်ပသည်ဖြစ်၍ အခါမပြတ် လေးသိန်းသောအခြံအရံရှိသည်ဖြစ်၍ တန်ဆောင်ဆီမီးတောက်ပမာ ရင်းဖျားမလွတ် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းတောအုပ်ကြီးကဲ့သို့ အလွန်သပ္ပာယ်တင့်တယ်တော်မူသော ဘုန်းတော်ကြောင့် ဒီပင်္ကရာ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၅) ကောဏ္ဍညမြတ်စွာဘုရား
ကော- အရပ်တော် (၈၈)တောင် မြင့်တော်မူသည်ဖြစ်၍ မွန်းတည့်နေပမာ ရွှေလမင်းကဲ့သို့ အလွန်တောက်ပတင့်တယ်တော်မူသော ဘုန်းတော်ကြောင့် ကောဏ္ဍည အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၆) မင်္ဂလမြတ်စွာဘုရား
မံ- အရပ်တော် (၈၈)တောင် မြင့်တော်မူသည်ဖြစ်၍ ဇာတိခေတ် စကြဝဠာတစ်သောင်းပတ်လုံး အရောင်တော်ထွန်းလင်းတောက်ပသော ဘုန်းတော်ကြောင့် မင်္ဂလ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၇) သုမနမြတ်စွာဘုရား
သု- အရပ်တော် အတောင်(၉၀)မြင့်တော်မူသည်ဖြစ်၍ တစ်သောင်းသောဇာတိခေတ်၌ ရွှေတောင်ကြီးကဲ့သို့ တထိန်ထိန် တလက်လက် တောက်ပသော ဘုန်းတော်ကြောင့် သုမန အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၈) ရေဝတမြတ်စွာဘုရား
ရေ- အရပ်တော်အတောင်(၈၀)မြင့်သည်ဖြစ်၍ အရပ်ဆယ်မျက်နှာပတ်လုံး တထိန်ထိန်ထွန်းလင်းတော်မူသော ဘုန်းတော်ကြောင့် ရေဝတ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၉) သောဘိတမြတ်စွာဘုရား
သော- အရပ်တော်(၅၈)တောင်မြင့်သည်ဖြစ်၍ ရောင်ခြည်တစ်ထောင်ဆောင်သော နေမင်းကဲ့သို့ အရပ်ဆယ်မျက်နှာပတ်လုံး ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် သောဘိတ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၀) အနောမဒဿီမြတ်စွာဘုရား
အ- အရပ်တော်(၅၈)တောင် မြင့်တော်မူသည်ဖြစ်၍ အရပ်ဆယ်မျက်နှာပတ်လုံး ပကတိအရောင်တော်ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် အနောမဒဿီ မြတ်စွာဘုရားကိုလည်းကောင်း။
(၁၁) ပဒုမမြတ်စွာဘုရား
ပ- အရပ်တော်(၅၈)တောင် မြင့်တော်မူသည်ဖြစ်၍ လရောင်,နေရောင်ကဲ့သို့ ပတ္တမြားရွှေစေတီကြီးပမာ လွန်စွာတောက်ပတင့်တယ်တော်မူသော ဘုန်းတော်ကြောင့် ပဒုမ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၂) နာရဒမြတ်စွာဘုရား
နာ- အရပ်တော်(၈၈)တောင် မြင့်တော်မူသည်ဖြစ်၍ ဇာတိခေတ် စကြဝဠာတစ်သောင်းကို တထိန်ထိန်ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် နာရဒ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၃) ပဒုမုတ္တရမြတ်စွာဘုရား
ပ- အရပ်တော်(၅၈)တောင်မြင့်တော်မူသည်ဖြစ်၍ ထက်ဝန်းကျင်(၁၂)ယူဇနာတိုင်တိုင် ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် ပဒုမုတ္တရ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၄) သုမေဓမြတ်စွာဘုရား
သု- အရပ်တော်(၈၈)တောင် မြင့်တော်မူသည်ဖြစ်၍ တစ်ယူဇနာတိုင်တိုင် ပကတိရောင်ခြည်တော်ကို ဆောင်တော်မူသော ဘုန်းတော်ကြောင့် သုမေဓ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၅) သုဇာတမြတ်စွာဘုရား
သု- အရပ်တော်အတောင်(၅၀)မြင့်သည်ဖြစ်၍ အရပ်ထက်ဝန်းကျင်မှ အပိုင်းအခြားမရှိ ပကတိအရောင်တော် တောက်ပထွန်းလင်းတော်မူသော ဘုန်းတော်ကြောင့် သုဇာတ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၆) ပိယဒဿီမြတ်စွာဘုရား
ပိ- အရပ်တော်အတောင်(၈၀)မြင့်တော်မူသည်ဖြစ်၍ ပင်လုံးကျွတ်ပွင့်သောအင်ကြင်းပင်ကဲ့သို့ ပကတိအရောင်တောက်ပ တင့်တယ်တော်မူသော ဘုန်းတော်ကြောင့် ပိယဒဿီ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၇) အတ္ထဒဿီမြတ်စွာဘုရား
အ- အရပ်တော်အတောင်(၈၀)မြင့်တော်မူသည်ဖြစ်၍ ရွှေလမင်းကဲ့သို့ ဝန်းကျင်မလပ် ကုဋေအရာမက အရပ်ဆယ်မျက်နှာတိုင်အောင် အခါမလပ်တောက်ပတင့်တယ်တော်မူသော အတ္ထဒဿီ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၈) ဓမ္မဒဿီမြတ်စွာဘုရား
ဓံ- အရပ်တော်အတောင်(၈၀)မြင့်တော်မူသည်ဖြစ်၍ တစ်သောင်းသော လောကဓာတ်ကို ထွန်းလင်းတောက်ပတော်မူသော ဓမ္မဒဿီ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၁၉) သိဒ္ဓတ္ထမြတ်စွာဘုရား
သိ- အရပ်တော်အတောင်(၆၀)မြင့်တော်မူ၍ တစ်သောင်းသောလောကဓာတ်ကို ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် သိဒ္ဓတ္ထ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၀) တိဿမြတ်စွာဘုရား
တိ- အရပ်တော်အတောင်(၆၀)မြင့်တော်မူ၍ အရပ်ဆယ်မျက်နှာတိုင်တိုင် ပကတိသောရောင်ခြည်တော်ဖြင့် ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် တိဿ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၁) ဖုဿမြတ်စွာဘုရား
ဖု- အရပ်တော်အတောင်(၅၈)တောင် မြင့်တော်မူသည်ဖြစ်၍ ရောင်ခြည်တော်ကို အလိုရှိတိုင်း ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် ဖုဿ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၂) ဝိပဿီမြတ်စွာဘုရား
ဝိ- အရပ်တော်အတောင်(၈၀)မြင့်တော်မူသော ထက်ဝန်းကျင် ခုနစ်ယူဇနာတိုင်တိုင် ရောင်ခြည်တော် ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် ဝိပဿီ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၃) သိခီမြတ်စွာဘုရား
သိ- အရပ်တော်အတောင်(၇၀)မြင့်သည်ဖြစ်၍ အရပ်ထက်ဝန်းကျင် သုံးယူဇနာတိုင်တိုင် ရောင်ခြည်တော်ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် သိခီ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၄) ဝေဿဘူမြတ်စွာဘုရား
ဝေ- အရပ်တော်အတောင်(၆၀)မြင့်တော်မူသည်ဖြစ်၍ ထက်ဝန်းကျင်မလပ် ရောင်ခြည်တော်တစ်ယူဇနာ ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် ဝေဿဘူ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၅) ကကုသန်မြတ်စွာဘုရား
က- အရပ်တော်အတောင်(၄၀)မြင့်တော်မူသည်ဖြစ်၍ အရပ်ထက်ဝန်းကျင် ဆယ့်နှစ်ယူဇနာတိုင်တိုင် ပကတိအရောင်ထွန်းလင်းတောက်ပတော်မူသော ဘုန်းတော်ကြောင့် ကကုသန် အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၆) ကောဏဂုံမြတ်စွာဘုရား
ကော- အရပ်တော်အတောင်(၃၀)မြင့်တော်မူ၍ ရောင်ခြည်တော် တထိန်ထိန်ထွန်းလင်းတောက်ပတော်မူ၍ အလွန်သပ္ပာယ်တော်မူသော ဘုန်းတော်ကြောင့် ကောဏဂုံ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
(၂၇) ကဿပမြတ်စွာဘုရား
က- အရပ်တော်အတောင်(၂၀)မြင့်တော်မူ၍ ရွှေလမင်းကဲ့သို့ အရပ်ထက်ဝန်းကျင် ယူဇနာတစ်သောင်း ထိန်ထိန်လင်းသောဘုန်းတော်ကြောင့် ကဿပ အမည်ရှိတော်မူသော မြတ်စွာဘုရာကိုလည်းကောင်း။
(၂၈) ဂေါတမမြတ်စွာဘုရား
ဂေါ- အရပ်တော်(၁၈)တောင်မြင့်တော်မူ၍ ထက်ဝန်းကျင်ရောင်ခြည်တော် တစ်လံ အမြဲထွန်းလင်းတောက်ပတော်မူသော လူ,နတ်ဦးခိုက် ပူဇော်ထိုက်သော ဘုန်းတော်ကြောင့် ဂေါတမ အမည်ရှိတော်မူသော မြတ်စွာဘုရားကိုလည်းကောင်း။
ဣတိ- ဤသို့၊ အဋ္ဌဝီသတိ- နှစ်ကျိပ်ရှစ်ဆူကုန်သော ဧတေ- ထိုမြတ်စွာဘုရားတို့ကို၊ အဟံ- တပည့်တော်သည်၊ ဝန္ဒာမိ- ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား။
*******************************************
ဂုဏ်တော်ပေါင်းချုပ် ဘုရားရှိခိုးအမျိုးမျိုးစာအုပ်မှ ဖော်ပြအပ်ပါသည်။
#နှစ်ကျိပ်ရှစ်ဆူဘုရားရှိခိုး
မူရင်းရေးသားသူအား
No comments:
Post a Comment