ဘုရားလောင်းမျောက်မင်း
🐵🐵🐵🐵🐵🐵🐵🐵
ရှေးလွန်လေပြီးသောအခါက ဟိမဝန္တာတော၌ ဘုရားလောင်းမျောက်မင်းဟာ မျောက်အများအပြားကို အုပ်ချုပ်လျှက် ပျော်ရွှင်စွာနေထိုင်လျှက်ရှိပါတယ်။ ထိုဟိမဝန္တာတောတွင်းသို့ စီးဆင်းလျှက် ရှိသော ဂဂ္ဂါမြစ်ကမ်းဘေးနားတွင် အလွန်ချိုမြိန်သော အသီးများသီးပွင့်တဲ့ သရက်ပင်တစ်ပင် ရှိလေ၏။ ထိုသရက်ပင်မှ သရက်သီးတို့ဟာ အနံ့အရသာနှင့်ပြည်စုံသောကြောင့် မျောက်အပေါင်းတို့ဟာ ထိုသရက်သီးတို့ကို အစာအဖြစ် စားသုံးကြလေ့ရှိပါတယ်။တစ်နေ့သ၌ ထိုသရက်ပင်မှ အသီးများသီးနေသော အကိုင်းအခက်တစ်ခုဟာ မြစ်အပေါ်သို့ ထိုးထွက်လျှက်ရှိလေ၏။ ထိုအကိုင်းမှ သရက်သီးတစ်လုံးဟာ မှည့်၍ ကြွေလေသော် မြစ်အတွင်း သို့ကျပြီး မျောပါသွားပါတယ်။ ထိုမျောပါသွားသော သရက်သီးဟာ ဗာရာဏသီ ပြည်အနီးသို့ သောင်တင် လေသော် တစ်စုံတစ်ယောက်မှဆယ်ယူပြီး အဆင်းအနံ့အရသာနှင့်ပြည်စုံကြောင်းသိရှိပြီး ဘုရင်မင်းမြတ်ထံ ဆက်သခဲ့ပါတယ်။ ဘုရင်မင်းမြတ်လည်း စားသုံးလေသော် အလွန်စားကောင်းသောကြောင့် ထပ်မံ စားချင်စိတ်ဖြစ်ပေါ်လာပြီး ဗိုလ်ပါအပေါင်းခြံရံကာ မုဆိုးကို လမ်းပြခိုင်းစေပြီး သရက်ပင်ရှိရာ ဟိမဝန္တာတောသို့ ကြွချီလာခဲ့ပါတယ်။ တောအတွင်း ၌ သရက်ပင်ကိုတွေ့လေသော် ဘုရင်မင်းမြတ်နှင့် ဗိုလ်ပါအပေါင်းတို့ဟာ သရက်သီးများကို ခူးယူစားသုံးခဲ့ကြပါတယ်။ထို့နောက် နေဝင်သောအခါ ထိုသရက်ပင်၏ အရိပ်အောက်မှာပင် အိပ်စက်အနားယူခဲ့ကြပြန်ပါတယ်။ဘုရင်မင်းမြတ်နှင့် အခြွေအရံတို့ အိပ်ပျော်နေစဉ်မှာ မျောက်တို့ဟာ သူတို့၏အစာဖြစ်သော သရက်သီးများကို အပင်ပေါ်တက်၍ စားသုံးကြပါတယ်။ ထိုစဉ် ဘုရင်မင်းမြတ်လည်းနိုးလာခဲ့ပြီး လေးသမားတို့ကို သရက်ပင်ပေါ်သို့ ဝန်းရံထားရန် အမိန့်ပေးခဲ့ပါတယ်။ မျောက်အပေါင်းတို့လည်း ကြောက်လန့်ကုန်ကြပြီး ဘုရားလောင်းမျောက်မင်းထံ ချဉ်းကပ်လာသောကြောင့် မျောက်မင်းလည်း သင်တို့အား ငါ၏အသက်ကိုပေး၍ ကယ်တင်မည်ဟုဆိုပြီး မြစ်အပေါ်တွင် ကိုင်းနေသော သရက်ကိုင်းအစွန်းမှ အားပါလှသော အဟုန်ဖြင့် ခုန်ပြီး မြစ်တစ်ဖတ်ကမ်းသို့ခုန်ကူးခဲ့ပါတယ်။
ထို့နောက် သစ်ပင်တစ်ပင်မှ နွယ်ကြိုးခွေ တစ်ခုကို ဖြတ်ပြီး တစ်စကို သစ်ပင်တွင်ချည်ပြီး ကျန်တစ်စကို မိမိ၏ခါး၌ချည်လျက် သရက်ပင်ရှိရာ တစ်ဖတ်ကမ်းသို့ ပြန်လည်ခုန်ကူးလာခဲ့ပါတယ်။ နွယ်ကြိုးကို ဖြတ်စဉ်က တစ်ဖက်ကမ်းမှသစ်ပင်နှင့် သရက်ပင်၏ အကွာအဝေးကို မှန်း၍ဖြတ်သော်လည်း အနည်းငယ်တိုသွားသောကြောင့် လိုအပ်နေသော အကွာအဝေးကို ဘုရားလောင်းက သူ၏ ခန္ဓာကိုယ်ကို အစားထိုး၍ ကျန်မျောက်အပေါင်းအား သူ၏ ကျောကုန်းပေါ်မှ နင်းဖြတ်စေလျှက် တစ်ဖက်ကမ်းသို့ကူးစေခဲ့ပါတယ်။ မျောက်အပေါင်းလည်း ဘုရားလောင်း မျောက်မင်းအား အရိုအသေပြုပြီးနောက်ဖြေးညှင်းစွာ ကူးခဲ့ကြပါတယ်။ ထိုမျောက်များ အနက်မှ မျောက်မင်းကို အမြဲရန်ရှာလေ့ရှိသော ဒေဝဒတ်လောင်း မျောက်ဟာ မျောက်မင်းကို ဒဏ်ရာရစေရန်အလို့ငှာ အမြင့်သို့တက်ပြီးမှ မျောက်မင်း၏ ကျောကုန်းပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ခုန်ချပြီးနွယ်ကြိုးကို ပြင်းစွာနင်း၍ တစ်ဖက်ကမ်းသို့ ကူးသွားခဲ့ပါတယ်။ ထိုသို့ပြင်းထန်စွာ ခုန်ချသော အရှိန်နှင့် ရှေ့မှ မျောက်များ ဖြတ်ကူးသွားသော ဒဏ်ကြောင့် ဝေဒနာအပြင်းအထန်ကို ခံစားလျှက် တစ်ကောင်တည်း တွဲလောင်းခိုလျှက် ကျန်ရစ်ခဲ့ရပါတယ်။
ထိုအဖြစ်အပျက်ကို မြင်သော ဗာရာဏသီမင်း လည်း မျောက်မင်းဟာ တိရစ္ဆာန်ဖြစ်လင့်ကစား မိမိအသက်ကိုပေး၍ အများကို ချမ်းသာ အောင် ပြုလုပ်ပေးပုံကို အလွန်ကြည်ညိုသောကြောင့် မျောက်မင်းကို သစ်ပင်ကိုင်းစွန်းမှ အသာအယာချပေးခဲ့ပါတယ်။ ထို့နောက် ဒဏ်ရာများကို ဆီဖြင့် နယ်စေပြီး နူးညံ့သောအိပ်ရာထက်တွင် အနားယူစေခဲ့ပါတယ်။ ဘုရင်မင်းမြတ်လည်း ထိုအဖြစ်အပျက်ကို အံ့သြလွန်း၍ မျောက်မင်းအား ထိုမျောက်တို့နှင့် ဆွေမျိုးတော်စပ်သနည်းဟု မေးလေ၏။ မျောက်မင်းက အရှင်မင်းကြီး ငါသည် အကြီးအမှူးဖြစ်သောကြောင့် ထိုမျောက်တို့၏ ကောင်းကျိုးချမ်းသာကို ငါဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်၊ ထိုသို့ဆောင်ရွက်လျှင် ငါသေမည်ကို သိသော်လည်း စိုးရိမ်ခြင်းမရှိ ဆောင်ရွက်ခဲ့ ခြင်းဖြစ်သည်ဟု ရှင်းပြခဲ့ပါတယ်။ အသင်မင်းကြီးလည်း ငါ၏ပုံစံကို အတုယူ၍ သတ္တဝါတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပါလေဟု ဆုံးမစကားပြောပြီးလျှင် အသက်ကုန်ဆုံးခဲ့ပါတယ်။
Cartoon Bakery မှ သားသားမီးမီးတို့လည်း နောင်တစ်ချိန် အကြီးအမှူးများဖြစ်လာလျှင် အာဇာနည် မျောက်မင်းအား စံနမူနာယူပြီး အများကောင်းကျိုးချမ်းသာကို ဆောက်ရွက်ကြမည်ဆိုလျှင် ကျွန်ုပ်တို့၏ လောကကြီးမှာ ပို၍ သာယာလှပလာမှာပဲ မဟုတ်ပါလားခင်ဗျာ။
#Cartoon_Bakery
No comments:
Post a Comment