စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးဟောင်းပြိတ္တာများ

ဗိမ္ဗိသာရမင်းကြီး၏ ဆွေမျိုးဟောင်းပြိတ္တာများ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ဒီဒေသနာတော်ကို မြတ်စွာဘုရားဟာ 
ရာဇဂြိုလ်ပြည်မှာ သီတင်းသုံးနေတော်မူစဉ်
 များစွာသော ပြိတ္တာတွေကိုအကြောင်းပြုပြီး ဟောတော်မူခဲ့တာ ဖြစ်ပါတယ် ။ 

ဒီဘဒ္ဒကမ္ဘာကနေ အနောက်ကို ပြန်ပြီး ရေတွက်မယ်ဆိုရင် ကိုးဆယ့် နှစ်ကမ္ဘာအထက်က ကမ္ဘာမှာ ကာသိ ကရာဇ်မည်တဲ့ ပြည်ကြီးရှိပါတယ် ။ အဲ့ဒီမှာ ဇယသေန လို့ ခေါ်တဲ့ မင်းက မင်းပြုနေတာဖြစ်တယ် ။ အဲ့ဒီ့မင်းရဲ့ မိဖုရားကတော့ သိရိမာ ဖြစ်ပါတယ် ။ အဲ့ဒီ့ မိဖုရားကြီးရဲ့ ဝမ်းဗိုက်အတွင်းမှာတော့ ဖုဿအမည်ရှိသော ဘုရားအလောင်းတော်လေးဟာ စံနေတော်မူပါတယ် ။ အဲ့ဒီ့ ဖုဿဘုရားလောင်းတော်ဟာ မွေးဖွားလာပြီးကာ သစ္စာလေးပါးကို ပိုင်းခြားထင်ထင် တွေ့မြင်သော သဗ္ဗေညုဘုရား အဖြစ်ကို ရောက်ရှိလာခဲ့ပါတယ် ။ 

ဇယသေန မင်းကြီးဟာ ငါရဲ့သားတော်လေး တောထွက်သွားပြီး ဘုရားဖြစ်နေပြီ ။ ဘုရားလဲ ငါ့ရဲ့ဘုရားပဲ တရားလဲ ငါ့ရဲ့တရားပဲ သံဃာလဲ ငါ့ရဲ့ သံဃာပဲလို့ ဆိုကာ အခါခပ်သိမ်းမြတ်နိုးစွာ ကိုယ်တိုင် လုပ်ကျွေးမှုကို ပြုနေပါတယ် ။ ဘယ်သူ တစ်ဦးတစ်ယောက်မှ လုပ်ကျွေးခြင်းကို မပေးပါဘူးတဲ့ ။

ဖုဿဘုရားရှင်ရဲ့ ညီတော်များ ဖြစ်ကြတဲ့ အဖေတူ အမေကွဲ ညီနောင် သုံးဦးဟာလဲ ရှိနေပါတယ် ဘုရားရှင်ကို အဲ့ဒီ့ ညီနောင်သုံးဦးဟာ သဒ္ဓါထက်သန်ကာ ဆည်းကပ် လုပ်ကျွေးခြင်းကို ရယူလိုတာကြောင့် တိုင်ပင်ကြတယ် ။ ဘယ်လိုတိုင်ပင်ကြလဲဆိုတော့ တိုင်းပြည်အစွန်အဖျားမှာ သူပုန်ထ တယ်ဆိုပြီး သတင်းကို လွှင့်လိုက်တယ်  အဲ့ဒီ့ သတင်းစကားကြောင့် ဘုရင်ကြီးဟာ သားတော်သုံးပါးကို သူပုန်ရန် ငြိမ်းဖို့ လွှတ်လိုက်တယ်  အဲ့လိုလွှတ်လိုက်တာကြောင့် တိုင်းပြည်အစွန်အဖျားက သူပုန်တွေရန် ငြိမ်သွားတယ်ဆိုပြီး သတင်းကို ယူဆောင်ကာ မင်းသားသုံးဦးဟာ နန်းတော်ကို ပြန်လည်ရောက်ရှိလာကြပါတယ် ။ 

ဘုရင်ကြီးက အဲ့ကိစ္စအတွက် များစွာ ကျေနပ်တာကြောင့် သားတော်သုံးပါးကို ပြောပါတယ် ။ မင်းတို့ လိုချင်တဲ့ အရာကိုတောင်းပါ ။ ငါပေးပါမယ်တဲ့ ။ အဲ့ဒီ့အခါ မင်းသား သုံးယောက်လုံးက အခြားတော့ မလိုချင်ပါဘူး ။ ဘုရားရှင်ကိုသာ ခုနှစ်နှစ်တိုင်တိုင် အလုပ်အကျွေး ပြုပါရစေလို့ ခွင့်တောင်းကြပါတယ် ။ ဘုရင်ကြီးက ခွင့်မပေးဘူး ။ ဒီလိုနဲ့ ခြောက်နှစ် ငါးနှစ် လေးနှစ် သုံးနှစ် နှစ်နှစ် တစ်နှစ် ခုနှစ်လ ခြောက်လ ငါးလ လေးလ စသည့် တိုင်တိုင် ထိ တောင်းဆိုကြပေမယ့် ခွင့်မပေးဘူး ။ နောက်ဆုံးတော့ သုံးလ ပြုစုလုပ်ကျွေးပါရစေလို့ ဆိုတဲ့အခါမှ ခွင့်ပြုလိုက်ပါတယ် ။ 

ဒီလိုနဲ့ မင်းသားတွေလဲ အားရဝမ်းသာဖြစ်ကာ ဘုရားရှင်ဆီကို လျှောက်တင်ပင့်ဆောင်ကြတယ် ။ ဘုရားရှင်ဟာလဲ ဆိတ်ဆိတ်နေတော်မူပြီး ခွင့်ပြုတော်မူလိုက်ပါတယ် ။ 

မင်းညီမင်းသားတွေကလည်း ဝါတွင်းကာလ သုံးလပတ်လုံး အလိုအတင်းမရှိအောင် ပြုလုပ်ကြဖို့ လုပ်အားတွေ ဘာမှ မလစ်ဟင်းဖို့ ကမ္ဗည်းစာတွေလည်း ပို့လွှတ်ကာ မြတ်စွာဘုရားအမှူးရှိတဲ့ သံဃာတော်အားလုံးကို ကြီးကျယ်လှစွာပဲ လှူဒါန်မှူတွေကို ပြုလုပ်ဆောင်ရွက်ကြပါတယ် ။ 

အဲ့ဒီ့ မင်းသားတွေရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့သူတစ်ယောက်ရဲ့သားဟာလည်း သဒ္ဓါတရားနဲ့ ပြည့်စုံသူဖြစ်တာကြောင့် သူ့ရဲ့ ဇနီးနဲ့အတူ ရိုသေစွာ ပါဝင်ပြီး အလှူဒါနတွေ ဝိုင်းဝန်းပြုလုပ်ပါတယ် ။ အဲ့လို များစွာသော လူတွေကြားထဲမှာတော့ အချို့သော သူတွေက ဒီအလှူအပေါ် ဘဝင် မကျကြပါဘူး ။ ဖျက်လိုဖျက်ဆီးစိတ်တွေ ရှိကြတာကြောင့် သံဃာတွေကိုလှူဒါန်းမဲ့ ဆွမ်းတွေကိုလည်း စားပစ်ကြတာတွေ - ဆွမ်းစားဇရပ်တွေကို မီးနဲ့ မသိမသာ ရှို့ပစ်တာတွေ လုပ်လာကြပါတယ် ။ 

ဒီလိုနဲ့ သုံးလတင်းတင်းပြည့်တဲ့အခါတော့ မင်းသားတွေဟာ ဘုရင့်ထံကို ဒီလိုအလှူဒါန ပြုလုပ်မှုတွေအားလုံး ပြန်လည် လွှဲပေးခဲ့ရပါတယ် ။ 

အဲ့ဒီ့နောက် မြတ်စွာဘုရားရှင်လည်း ပိရိနိဗ္ဗာန် စံဝင်ပြီးကာမျှ ဘုရင်ကြီးနဲ့ သားတော်သုံးယောက်လုံးလဲ သေလွန်ခြင်း - မင်းချင်းမင်းသားတွေနဲ့ ဘဏ္ဍာစိုးပါ သေလွန်ကြတဲ့အခါ နတ်ပြည်မှာ ကိုယ်ပိုင်ပိရိသတ်တွေနဲ့တကွ သွားဖြစ်ကြပါတယ် ။ ဖျက်လိုဖျက်ဆီး ပြုလိုကြတဲ့သူတွေကတော့ ငရဲမှာ ဖြစ်ကြရပါတယ် ။ သူတို့ဟာ ကိုးဆယ့်နှစ်ကမ္ဘာတိုင်တိုင် ငရဲတစ်ခုကနေ ငရဲတစ်ခုဆီကို ပြောင်ရွေ့ခံစားလာကြရပါတယ်တဲ့ ။ 

ဒီလိုနဲ့ အခု ကျွန်တော်တို့ ဘဒ္ဒကမ္ဘာလဲရောက်ရော ကဿပမြတ်စွာဘုရားရှင်လက်ထက်မှာ ပြိတ္တာလာဖြစ်ကြပါတယ် ။ အဲ့ဒီ့မှာတော့ သူတို့ဟာ အခြားပြိတ္တာတွေနဲ့အတူ ရှိနေတာကြောင့် အခြားသော ပြိတ္တာတွေရဲ့ ဆွေမျိုး ခင်ပွန်းတွေဟာ အလှူအတန်းလုပ်ပြီး အမျှဝေ သာဓုခေါ်ကြတဲ့အခါ ကြီးစွာသော ချမ်းသာတွေ ရရှိတာတွေကို တွေ့မြင်ပြီး သူတို့လဲ သာဓုခေါ်ချင်တာကြောင့် ကဿပမြတ်စွာဘုရားရှင်ဆီသွားပြီး လျှောက်ကြားကြပါတယ် ။ သူတို့က အမျှဝေတာကို သာဓုခေါ်လို့ မရကြသေးဘူးတဲ့ ။ 

အဲ့ဒီ့အခါ ကဿပမြတ်စွာဘုရားရှင်က အခု ငါဘုရားရဲ့ လက်ထက်တော်အခါမှာ မရနိုင်သေးဘူး ။ နောင် လာမဲ့ ဂေါတမအမည်ရှိတဲ့ မြတ်စွာဘုရားတစ်ဆူပွင့်တော်မူလာအုန်းမယ် ။အဲ့ဒီ့ ဘုရားရှင် လက်ထက်တော်အခါမှာ ဗိမ္ဗိသာရဆိုတဲ့ မင်းတစ်ပါး ရှိလိမ့်မယ် ။ အဲ့မင်းဟာ သင်တို့ရဲ့ ကိုးဆယ့်နှစ်ကမ္ဘာအထက်က ဆွေမျိုး တော်ဆပ်ဖူးသူဖြစ်တယ် ။ အဲ့ဒီ့မင်းဟာ ဘုရားရှင်ကို အလှူဒါ ပေးပြီး သင်တို့ကို ရည်ညွှန်းအမျှဝေတဲ့အခါမှ စည်းစိမ်ချမ်းသာကို ရကြလိမ့်မယ်လို့ ပြန်လည်မိန့်ကြားလိုက်ပါတယ် ။ 

ပြိတ္တာတို့ဟာ အဲ့ဒီ့ စကားကိုကြားတော့ အလွန်ကို ပျော်ရွှင်ကြပါတယ်တဲ့ ။ သူတို့အတွက်က ဘုရား တစ်ဆူနဲ့ တစ်ဆူအကြားဟာ ဒီနေ့နဲ့ မနက်ဖြန်လိုပဲ အောင်မေ့ကြပါတယ်လို့ ဆိုပါတယ် ။ 

ဒီလိုနဲ့ ကျွန်တော်တို့ ဂေါတမ မြတ်စွာဘုရား ပွင့်တော်မူတဲ့အခါ တစ်နေ့တော့ ဗိမ္ဗိသာရမင်းကြီးဟာ အလှူအတန်း ကြီးစွာ ပြုလုပ်ပါတယ် ။ 
ဒါပေမယ့် အဲ့ဒီ့အလှူမှာ ဗိမ္ဗိသာရမင်းကြီးက မြတ်စွာဘုရားကိုပင် အာရုံပြုနေတာကြောင့် အမျှဝေဖို့ကို မလုပ်မိခဲ့ဘူး ။ ပြိတ္တာတို့ဟာ မင်းကြီးရဲ့ အမျှဝေမှုကို စောင့်မျှော်နေကြတာမို့ မင်းကြီးက အမျှမဝေတဲ့အခါ အင်မတန်ကိုပဲ ငိုကြွေးဆင်းရဲကြရပါတယ် ။ ဒါကြောင့် ပြိတ္တာတို့ဟာ ညဉ့်နက်တော့ ဗိမ္ဗိသာရမင်းကြီးရဲ့ ဥယျာဉ်အတွင်းမှာ ကြောက်မက်ဖွယ်ရာအသံတွေပေးပြီး ဗိမ္ဗိသာရမင်းကြီးကို ကြားစေခဲ့ပါတယ် ။ 

မင်းကြီးလဲ အဲဒီ အသံတွေကြားတာကို မနက်မိုးလင်းတော့ မြတ်စွာဘုရားဆီသွားပြီး လျောက်တင်ပါတယ် ။ ဘယ်အကျိုး ဘယ်အပြစ်တွေရှိလဲဆိုတာလဲ မေးတော့ မြတ်စွာဘုရားဟာ မင်းကြီး မစိုးရိမ်လင့် ဒါဟာ မင်းကြီးရဲ့ ပြိတ္တာဖြစ်နေသော ရှေးက တော်ဆပ်ခဲ့ဖူးတဲ့ ဆွေတော် မျိုးတော်တွေရဲ့ အသံတာဖြစ်တယ်လို့ ပြန်လည်မိန့်ကြားပါတယ် ။ အသံပေးရတဲ့အကြောင်းကိုလဲ မိန့်တော့ မင်းကြီးဟာ ဒါဆို နောက်ထက်တစ်ဖန် အလှူဒါန ပြုလိုကြောင်း လျောက်တင်ပါတယ် ။ မြတ်စွာဘုရားဟာလည်း ဆိတ်ဆိတ်နေတော်မူပြီး လက်ခံပါတယ် ။ 

အဲ့ဒီလို အလှူဒါန ပေးပွဲကြီး လုပ်တော့ အဲ့အချိန်မှာ မြတ်စွာဘုရားရဲ့ အဓိဋ္ဌာန်ကြောင့် လူအပေါင်းတို့ဟာ များစွာသော ပြိတ္တာတွေကို တွေ့မြင်ကြရပါတယ်တဲ့ ။ ဗိမ္ဗိသာရမင်းကြီးဟာ ထိုအလှူအတွက် ကုသိုလ်အစုစုကို အမျှပေးဝေတဲ့အခါမှ ထိုပြိတ္တာတွေဟာ သာဓုခေါ်ဆိုနိုင်ကြပြီး နတ်တို့မှာဖြစ်တဲ့ ချမ်းသာသုခကို ရရှိကြပါတော့တယ် ။ 

အဲ့ဒီ့ အကြောင်းအရာနဲ့ ဆက်လျင်းပြီး မြတ်စွာဘုရားဟာ ဒီဒေသနာတော်ကို ဟောကြားတော်မူခဲ့ခြင်းပဲ ဖြစ်ပါတယ် ။ 

ဒေသနာအဆုံးမှာတော့ များစွာသော ပိရိသတ်အပေါင်းတို့ဟာ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းကြလေ၏ 

ဥရဂဝဂ်(တိရောကုဋ ပေတဝတ္ထု)
Credit_to_Original_Writer✍️👸

No comments:

Post a Comment