အစားသွေးပုပ်ကြီး အဝတ်မီးရဲငြီးပြိတ္တာ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ရှေးတုန်းက အိန္ဒိယနိုင်ငံမှာ
အင်မတန်ဝေးလံတဲ့ ခရီးတွေကို
သွားကြတဲ့အခါ တောတွေဘာတွေ
ဖြတ်သွားရတော့ တစ်ဦးတည်းသွားလို့
အန္တရာယ် မကင်းဘူးပေါ့။
အဲဒါနဲ့ ကုန်သည် လှည်းတွေနဲ့ အတူတူ
လိုက်ရတာနော်။ ကုန်သည်တွေဟာ
လှည်းပေါင်းငါးရာ စုပေါင်းပြီးတော့
သွားတာ။ သူတို့ကိုအမှီပြု
ပြီး ခရီးသွားတဲ့ ဘုန်းကြီးတစ်ပါး
ပါလာတယ်။
တောထဲမှာ စခန်းချတဲ့အခါ
ဘုန်းကြီးဆိုတော့ လူတွေနဲ့
ရောနှောပြီး မနေတတ်လို့ ချောင်ကျ
တဲ့နေရာမှာ သူ့ဟာသူ တစ်ပါးထဲသွားပြီး သီတင်းသုံးနေတာ။ အဲဒီအချိန်မှာ
ကုန်သည်တွေက ဒီဘုန်းကြီးကိုခေါ်ဖို့
မေ့ပြီး ခရီးဆက်သွားကြတယ်။
ဘုန်းကြီးကပြန်လာတဲ့အခါ
တစ်ယောက်မှမတွေ့တော့ သူလည်း
ကြုံရာလမ်း လိုက်တာပေါ့နော်။
ဘယ်ရောက်သွားတုန်းဆိုတော့
အင်မတန်မှ ကြီးမားတဲ့ သစ်ပင်ကြီး
တစ်ပင်ရှိတဲ့ လမ်းထဲကို ရောက်သွားတာ။
အဲဒီသစ်ပင်မှရှိတဲ့ ရုက္ခစိုးနတ်ကြီးက
ဒီဘုန်းကြီးကို မြင်တဲ့အခါမှာ သဒ္ဓါတရားဖြစ်လို့ လူ့အသွင်ဖန်ဆင်းပြီး ဆွမ်းတွေဘာတွေကပ်ပြီး ပြုစုတယ်။
အဲဒီအချိန်မှာ အမျိုးသမီးတစ်ဦး
ရုက္ခစိုးနတ်ကြီးနား ရောက်လာတယ်။
သူက အဝတ်လဲ မပါဘူး၊ စားစရာလဲ မရှိဘူး၊ `သူ့ကို အဝတ်ပေးပါ၊ စားစရာပေးပါ` လို့ တောင်းတယ်။ တောင်းတော့ အဲဒီရုက္ခစိုးနတ်ကြီးက သူတို့စားတဲ့ အင်မတန်မွန်မြတ်တဲ့ အစာအဟာရတွေ ပေးတယ်။ ကောင်းပေ့ဆိုတဲ့ အဝတ်တွေ သူဝတ်ဖို့ပေးတယ်။ ဒါပေမယ့် အဲဒီ အမျိုးသမီး လက်ထဲလည်းရောက်ရော စားဖွယ် သောက်ဖွယ်တွေက မစင် ကျင်ကြီးတွေ ဖြစ်သွားတယ်၊ သွေးတွေ ပြည်တွေ ဖြစ်သွားတယ်။ သူ့လက်ထဲရောက်တာနဲ့ အစာအဟာရဟာ ပြောင်းလဲသွားတယ်။ ပေးလိုက်တဲ့ အဝတ်က သူလည်းဝတ်လိုက်ရော မီးရဲရဲပူနေတဲ့ သံပြားကြီးဖြစ်သွားတယ်။ ပူလှချေရဲ့ လောင်လှချေရဲ့ဆိုပြီး ချွတ်ချပြီး အော်ဟစ်ထွက်ပြေးသွားရတယ်။
ဒီလိုပဲ နေစဉ်နဲ့အမျှ လာလာတောင်းပြီး ပေးလိုက်တိုင်းလည်း ဒီအဖြစ်ဆိုးနဲ့ပဲ ကြုံတယ်တဲ့။ ဒီအဖြစ်ဆိုးကို ဘုန်းကြီး မြင်လိုက်ရတော့ ဘာဖြစ်လို့လဲ မေးတာပေါ့။ ရုက္ခစိုးနတ်ကြီးက ပြောပြတယ်တဲ့။ `သူက တခြားမဟုတ်ဘူး ဘုရား။ အရင်ဘဝတုန်းက တပည့်တော်ရဲ့ဇနီးပဲ။ အိမ်မှာ ရဟန်းသံဃာတွေပင့်ပြီး ဆွမ်းခဲဘွယ် ဘောဇဉ် ချိုချဉ် အရသာ အဖြာဖြာ ဆက်ကပ် လှူဒါန်းတယ်။ အဲလို လှူတဲ့အခါမှာ သူက လှူရမလားလို့ဆိုပြီး ရဟန်းသံဃာတွေကို ဆဲတယ်။ တပည့်တော်ကိုလည်း ဆဲတယ်။ ရဟန်းသံဃာတွေကို ဆဲတဲ့အခါ ရိုးရိုးမဆဲဘဲ သူလှူတဲ့ ဆွမ်းဟင်းတွေ သွေးပုပ် ပြည်ပုပ်တွေ ဖြစ်ပါစေ၊ ဝတ်ထားတဲ့ အဝတ်သင်္ကန်းတွေလည်း မီးရဲရဲငြီးတဲ့ သံပြားကြီးဖြစ်ပါစေလို့ ဆဲခဲ့ပါတယ် ဘုရား` တဲ့။
အဲဒီအမျိုးသမီးက အမြဲတမ်းဆဲနေတော့ ယောက်ျားက စိတ်ညစ်ပြီး သဘောကောင်းတဲ့ သူ့ညီမနဲ့ အိမ်ထောင်ပြုခဲ့တယ်။ ဒီလိုပဲ ရဟန်းသံဃာတွေကို ဆက်လက်ပြုစု လုပ်ကျွေးခဲ့တယ်။ သူမကတော့ အမြဲတမ်း ရန်လုပ်ပြီး ဆဲရေး တိုင်းထွာနေခဲ့တယ်။ သေတော့ ငရဲကျသွားပြီး ပြိတ္တာမ လာဖြစ်တယ်။ ကုသိုလ်ကောင်းမှုလုပ်ခဲ့တဲ့ သူ့ယောက်ျားကတော့ အခု ရုက္ခစိုး နတ်ကြီးဖြစ်တာ။ အမျိုးသမီးကတော့ သူဆဲရေး ပြောဆိုခဲ့တဲ့အတိုင်းပဲ အစားအစာဟာ သူ့လက်ထဲရောက်တာနဲ့ တစ်ပြိုင်နက် သွေးပုပ်ပြည်ပုပ်တွေ ဖြစ်သွားတယ်။ အဝတ်ကလည်း မီးရဲရဲငြီးတဲ့ သံပြားကြီး ဖြစ်တယ်ပေါ့။
ဒါကိုကြည့်ပြီး ဒီလို မကောင်းတဲ့ အကုသိုလ်ကံတွေကို ကျူးလွန်ခဲ့သည့်အတွက်ကြောင့် ဒီဘဝမျိုးကို ရောက်ကြရတယ်။ အင်မတန်မှ ကြောက်စရာ ကောင်းပါတယ်။ " အရှင်ဘုရား ဘယ်သူမပြု မိမိမှုဆိုတဲ့အတိုင်း သတ္တဝါတွေဟာ ကိုယ်လုပ်ခဲ့တဲ့ ကံအားလျော်စွာ အကောင်းအဆိုးကို ခံနေကြရတယ် ” ဆိုတဲ့ အမှာစကားကိုပါးလိုက်တယ်။ ဒီလို မြတ်စွာဘုရားကို လျှောက်တဲ့အကြောင်းကို ပေတဝတ္တုမှာ " မဟာပေသကာရပေတိ ” ဆိုပြီး ဇာတ်လမ်းတစ်ခုအနေနဲ့ မှတ်တမ်းတင်ထားတယ်ပေါ့။
ဒီကနေ့ " ဒုဂ္ဂတိဘုံသားတို့ရဲ့ အမှာစကား ” ကို ဝတ္တုငါးပုဒ်နဲ့ မှတ်သားကြပြီးဖြစ်တယ်။ အားလုံးဟာ ကံကြမ္မာရဲ့ အကျိုးတွေကို ဖော်ပြထားတာဖြစ်သောကြောင့် ဘုန်းကြီးတို့တတွေ ဘဝ သင်ခန်းစာ ယူရမယ်။ ကိုယ့်စိတ်ကိုလည်း ထိန်းချုပ်ဖို့ လိုအပ်တယ်။ မကောင်းတဲ့ အတွေးအကြံတွေဖြစ်တဲ့ မနောဒုစရိုက်တွေ မဖြစ်အောင် တစ်ဖက်သားကို ထိခိုက်သော " မုသာဝါဒ၊ ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ဖပ္ပလာပ ” ဆိုတဲ့ ဝစီဒုစရိုက်တွေ မဖြစ်အောင်၊ ကာယဒုစရိုက်တွေ မဖြစ်အောင် ထိန်းသိမ်းကြရမယ်။
ဒီလို ဒုစရိုက်ဆယ်ပါး အဆိုးတရားတွေ မိမိတို့သန္တာန်မှာ မဖြစ်မှသာလျှင် အခုလို ဆိုးဝါးတဲ့ ဘုံဘဝမျိုးမှာ ဆိုးကျိုးတွေ မခံရမှာဖြစ်တယ်။ တို့တစ်တွေ အခုလို သိတတ်တဲ့ဘဝမှာ ရှောင်ကြဉ်ဖို့ လိုအပ်တယ်။ ကောင်းမွန်တဲ့ မနောသုစရိုက်၊ ဝစီသုစရိုက်၊ ကာယသုစရိုက် ကုသိုလ်ကမ္မပထတရား ဆယ်ပါးကို လုပ်မိအောင် သတိထားပြီး ကြိုးစား အားထုတ်ကြရမှာလို့ ကိုယ်စီကိုယ်စီ သဘောကျပြီး ဒုစရိုက်တရားတွေကို ရှောင်ရှားလို့ သုစရိုက်တရားတွေကို ပွားများ အားထုတ်နိုင်ကြပါစေကုန်သတည်း။
🏵ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ🏵
( ဒုဂ္ဂတိဘုံသားတို့၏ အမှာစကား စာအုပ်မှ)
No comments:
Post a Comment