စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ရှင်အာနန္ဒာ မထေရ်မြတ်

ရှင်အာနန္ဒာ မထေရ်မြတ် 
🌺🌺🌺🌿🌿🌺🌺🌺

ရှင်အာနန္ဒာမထေရ်မြတ်ဟာ မြတ်စွာဘုရားရှင်ရဲ့ ၀မ်းကွဲညီတော်ဖြစ်ပြီး မြတ်စွာဘုရားနဲ့ အလွန်အကျွမ်း၀င်တော်မူတဲ့မထေရ် မြတ်ဖြစ်ပါတယ်။ နောက်ဆုံးဘ၀မှာ တုသိတာနတ်ပြည်ကနေ စုတေခဲ့တာ ဖြစ်ပြီး ဘုရားအလောင်းတော်နဲ့ တစ်ရက်တည်းမှာဘဲ ဖွားတော်မူခဲ့ပါတယ်။ အရှင်မထေရ်မြတ်ရဲ့ ခမည်းတော်ဟာ အမိတောဒနဖြစ်ပြီး သုဒ္ဓေါဒနမင်းကြီးရဲ့ ညီတော်ဖြစ်တယ်။ ဒါကြောင့်မို့လို့ မဟာနာမ်မင်းသားနဲ့ အနုရုန္ဓမင်းသားတို့ဟာလည်း အရှင်မြတ်ရဲ့ ညီအစ်ကိုတွေဖြစ်ပါတယ်။ မဟာ၀တ္ထုမှာတော့ ရှင်အာနန္ဒာဟာ သုကောဒနမင်းရဲ့သားတော်ဖြစ်ပြီး ဒေ၀ဒတ္တနဲ့ ဥပဓါန တို့နဲ့ ညီအစ်ကိုဖြစ်တယ်လို့ ဆိုထားပါတယ်။ မယ်တော်ကတော့ မာဂီ မိဘုရား ဖြစ်ပြီး
အာနန္ဒာမင်းသားဟာ မြတ်စွာဘုရားရှင် ဘုရားဖြစ်တော်မူပြီး နှစ်ဝါမြောက်မှာ ‘‘ဘဒ္ဒိယ၊ အနုရုန္ဓ၊ ဘဂု၊ ကိမိလ၊ ဒေ၀ဒတ္တ’’ မင်းသားတို့နဲ့ အတူတူ ရဟန်းပြုခဲ့တယ်။ ဥပဇ္စျာယ်ဆရာက ဗေလဋ္ဌသီသ မထေရ်မြတ်ဖြစ်တယ်။ ရဟန်းပြုပြီး မကြာမြင့်မီမှာဘဲ ပုဏ္ဏမန္တာနီ ပုတ္တမထေရ်ရဲ့ တရားကို နာကြားရပြီး သောတပန် ဖြစ်ခဲ့တယ်။ ရှင်အာနန္ဒမထေရ်မြတ်ဟာ ပုဏ္ဏမန္တာနီ ပုတ္တမထေရ်ရဲ့ ကျေးဇူးတရားကို မြွက်ကြားထားပြီး အရှင်မြတ်နာကြားရတဲ့ တရားတော်ကို ပြန်လည် ဟောကြားထားတာကို တွေ့ကြရတယ်။
 

မြတ်စွာဘုရားရှင်ဟာ ပထမဝါတော်နှစ်ဆယ်အတွင်းမှာ အမြဲတမ်းအလုပ်ကျွေးရဟန်းတော် မရှိခဲ့ဘူး။ အဆင်သင့်တဲ့ ရဟန်း တော်တွေကသာ မြတ်စွာဘုရားရှင်ကို လုပ်ကျွေးခဲ့ကြတယ်။ ဥပမာအားဖြင့်၊ နာဂသမာလ၊ နာဂိတ၊ ဥပဝါန၊ သုနက္ခတ္တ၊ စုန္ဒသာ မဏေ၊ သာဂတ၊ ရာဓနဲ့ မေဃိယ ရဟန်း တို့ဖြစ်တယ်။ အဲဒီ ရဟန်းတော်တွေဟာ မြတ်စွာဘုရားရှင်ကို အဆင်ပြေချောမွေ့အောင် မလုပ်ကျွေးနိုင်ခဲ့ဘူးလို့ ဆိုတယ်။ ဝါတော်နှစ်ဆယ်ကျော်လွန်တဲ့ အခါ မြတ်စွာဘုရားရှင်ဟာ ရဟန်းပရိသတ်ရဲ့ မျက်မှောက်မှာ သက်တော်ကြီးရင့်လာပြီဖြစ်လို့ အစစ၊ အရာရာ ရိုသေလေးစားသမူနဲ့ လုပ်ကျွေးမဲ့ အမြဲတမ်းအလုပ်ကျွေးရဟန်းတော်တစ်ပါး အလိုရှိတော် မူကြောင်းမိန့်တော်မူပါတယ်။ အကြောင်းကတော့ မြတ်စွာဘုရားကို အလုပ်ကျွေးပြုခဲ့ကြတဲ့ ရဟန်းတော်တွေဟာ တခါတရံ မြတ်စွာဘုရားရဲ့ စကားတော်ကို မနာယူခဲ့ဘူး၊ တခါမှာ မြတ်စွာဘုရားရဲ့ သပိတ်၊ သင်္ကန်းတော်တွေကို မြေမှာ ချမည့် ဟန်ပြုပြီး မြတ်စွာဘုရားကို တစ်ပါးတည်းထား၊ လမ်းခွဲသွားခဲ့တယ် လို့ဆိုပါတယ်။

မြတ်စွာဘုရားရှင်ရဲ့ စကားကို ကြားတော်မူတဲ့အခါ ရှင်သာရိပုတ္တရာ အစရှိတဲ့ မထေရ်ကြီးတွေဟာ မြတ်စွာဘုရားရှင်ကို လုပ်ကျွေးဖို့ ခွင့်တောင်းတော်မူခဲ့တယ်။ သို့ပေမဲ့ မြတ်စွာဘုရားက ခွင့်ပေးတော်မမူခဲ့ပါဘူး။ နောက်ဆုံး ရှင်အာနန္ဒာ မထေရ်မြတ် တစ်ပါးသာကျန်ရှိပြီး ရှင်အာနန္ဒာဟာ တိတ်တဆိတ်သာ နေတော်မူခဲ့တယ်။ အခြားရဟန်းတွေက အရှင်မြတ်ကို ဘာကြောင့် တိတ်တဆိတ်နေတော်မူလဲ မေးတဲ့အခါ မထေရ်မြတ်က မြတ်စွာဘုရားရှင်ဟာ အလုပ်အကျွေးပြုဖို့ ဘယ်သူဟာ အသင့်တော်ဆုံးဖြစ်တယ်ဆိုတာ သိတော်မူလိမ့်မယ်လို့ ဖြေတော်မူတယ်။ 

အဲဒီ အခါမှ မြတ်စွာဘုရားဟာ ရဟန်းတွေကို အာနန္ဒာဟာ အလုပ်ကျွေးပြုဖို့ လျှောက်ထားလိမ့်မယ်လို့ မိန့်တော်မူပါတယ်။ ဒီအခါ ရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရားရှင်ထံ အလုပ်ကျွေးပြုဖို့ အတွက် ‘‘ပယ်လေးတန်၊ ခံလေးပါး’’ လို့ထင်ရှားတဲ့ ဆုရှစ်ပါးကို တောင်းခံတော်မူတယ်။ ပယ်လေးတန် ဆိုတာကတော့ မြတ်စွာဘုရားကို လုပ်ကျွေးတဲ့အခါ မြတ်စွာဘုရားက (၁) ကောင်းမြတ်တဲ့ သင်္ကန်းကို မပေးစွန့်ပါနဲ့ဘုရား၊ (၂) ကောင်းမြတ်တဲ့ ဆွမ်းကို မပေးစွန့်ပါနဲ့ဘုရား၊ (၃) မြတ်စွာဘုရားနဲ့ အတူ ဂန္ဓကုဋိတိုက်အတွင်းမှာ သီတင်းသုံးနေထိုင်ခွင့် မပေးပါနဲ့ ဘုရား၊ (၄) မြတ်စွာဘုရားကို ပင့်ဖိတ်ရာ အရပ်တို့မှာ အတူခေါ်ဆောင်ခြင်း မပြုပါနဲ့ ဘုရား၊ ဆိုတဲ့ လေးချက်ဖြစ်တယ်။ 

ဒီ လေးချက်ကို တောင်းရတဲ့ အကြောင်းရင်းကတော့ အခြားပုဂ္ဂိုလ်တွေက အာနန္ဒာဟာ မြတ်စွာဘုရားထံက သင်္ကန်းကောင်း ရလို့၊ ဆွမ်းကောင်း ဘုဉ်းပေးရလို့၊ ဂန္ဓကုဋိတိုက်တော်အတွင်းမှာ အတူနေရလို့၊ မြတ်စွာကိုပင့်ဖိတ်ရာမှာ အတူကြွရလို့ မြတ်စွာဘုရားကို လုပ်ကျွေးတော်မူခြင်းဖြစ်တယ်လို့ ရူတ်ချအပြစ်တင်ကြမှာစိုးတဲ့ အတွက်ဖြစ်တယ်လို့ ဆိုတယ်။ ခံလေးပါးဆိုတာကတော့ (၁) မြတ်စွာဘုရားဟာ ရှင်အာနန္ဒာကတစ်ဆင့် ပင့်ဖိတ်မူကို ကြွရောက်တော်မူပါရန်၊ (၂) အဝေးမှလာတဲ့ ဘုရားဖူး ပရိသတ်တွေကို မြတ်စွာဘုရားထံ ခေါ်ဆောင်လာပြီး ဘုရားဖူးမျှော်ရန် ခွင့်ပေးနိုင်ပါရန်၊ (၃) တရားတော်နဲ့ ပတ်သက်ပြီး ယုံးမှားသံသယ ဖြစ်ပေါ်လာတဲ့ ခဏမှာ မြတ်စွာဘုရားကို မေးလျှောက်ခွင့်ပေးပါရန်၊ (၄) မျက်ကွယ်မှာ ဟောကြားတော်မူတဲ့ တရားတော်တွေကို ပြန်လည် ကြားနာခွင့် ပေးပါရန်ဆိုတဲ့ လေးချက်ဖြစ်တယ်။ ဒီလိုခံလေးပါးကို တောင်းရတဲ့ အကြောင်းရင်းကတော့ အကယ်၍ ဒီလို အခွင့်ရေးတွေကိုမှ မရခဲ့ရင် အခြားသူတွေက အာနန္ဒာမထေရ် ဟာ မြတ်စွာဘုရားထံ လုပ်ကျွေးပြီး ဘာအခွင့်ရေးမှ ချီးမြှောက်မခံရပါလား လို့ အပြစ်တင်ကဲ့ရဲ့ကြမှာစိုးတဲ့ အတွက်ဖြစ်တယ် လို့ ဆိုပါတယ်။ မြတ်စွာဘုရားရှင်ဟာ ရှင်အာနန္ဒာမထေရ်မြတ်တောင်းတော်မူတဲ့ ‘‘ပယ်လေးတန်၊ ခံလေးပါး’’ ဆိုတဲ့ ဆုရှစ်ရပ် ကို လိုက်လျော သဘောတူတော်မူခဲ့တယ်။

သို့သော်လည်း ရှင်အာနန္ဒာမထေရ်မြတ်ဟာ ပုက္ကုသ မလ္လာမင်းသားက မြတ်စွာဘုရားရှင်ကို လှူဒါန်းတော်မူတဲ့ သင်္ကန်းတော် နှစ်စုံ အနက်တစ်စုံကို လက်ခံတော်မူခဲ့တယ်။ ရှင်ဗုဒ္ဓဃောသ ကတော့ ဒီလိုလက်ခံခဲ့ခြင်းဟာ အဲဒီ အချိန်က မြတ်စွာဘုရားရှင်ဟာ ပရိနိဗ္ဗာန်၀င်စံတော်မူချိန်နီးကပ်နေပြီဖြစ်ပြီး ရှင်အာနန္ဒာရဲ့ အလုပ်အကျွေးတာ၀န်ပြီးဆုံးတော့မဲ့ အချိန်ဖြစ်လို့ အကယ်၍ လက်မခံခဲ့ရင် အများက မြတ်စွာဘုရားဟာ နှစ်ပေါင်းများစွာ အလုပ်ကျွေးပြုခဲ့တဲ့ ရှင်အာနန္ဒာကို ဘာမှ ချီးမြှောက်တော်မမူခဲ့ဘူး လို့ စွပ်စွဲပြစ်တင်ကြမှာ ဖြစ်တဲ့အတွက်ကြောင့်လို့ ရှင်းပြထားပါတယ်။ ဒါ့အပြင် နောက်ပိုင်းမှာ ရှင်အာနန္ဒာဟာ အဲဒီ သင်္ကန်းကို ဘဲ မြတ်စွာဘုရားရှင်ကို ပြန်လည်လှူဒါန်းခဲ့ကြောင်းတွေ့ရတယ်။ အဲဒီ အချိန်ကစပြီး ရှင်အာနန္ဒာမထေရ်မြတ်ဟာ (၂၅) နှစ်ပတ်လုံး မြတ်စွာဘုရားရဲ့ နောက်တော်ပါးမှာ အရိပ်ပမာလိုက်ပြီးလိုအပ်သမျှအတွက်အလုပ်အကျွေးပြုတော်မူခဲ့တယ်။ မြတ်စွာဘုရားကို ရေပူ၊ရေချမ်းကပ်တော်မူတယ်။ ခြေဆေးရေ ပြင်ပေးတော်မူတယ်။ ဒန်ပူကပ်တော်မူတယ်။ ဂန္ဓကုဋိတိုက်ခန်းနဲ့ ကျောင်းပရိဝုဏ်ကို တံမြက်လှည်းတော်မူတယ်။ ခြေဆုပ်လက်နယ် လည်းပြုတော်မူတယ်။ နေ့ဘက်မှာ မြတ်စွာဘုရားရှင် အလိုရှိရာစေတော်မူဖို့ အနီးအပါးမှာ နိုးကြားတဲ့ သတိနဲ့ နေတော်မူတယ်။ညအခါမှာတော့ ဆီးမီးတိုင်ကို စွဲကိုင်တော်မူပြီး ကိုးကြိမ်၊ ကိုးခေါက် မြတ်စွာဘုရားသီတင်းသုံးတော်မူတဲ့ ဂန္ဓကုဋိတိုက်ခန်း ပရ ဝုဏ်ကို ပတ်တော်မူပြီး မြတ်စွာဘုရားအလိုရှိတော်မူရာ ဖြည့်ဆည်းဖို့ နိုးကြားစွာ နေတော်မူတယ်။

ရှင်အာနန္ဒာရဲ့ မြတ်စွာဘုရားအပေါ် အထူးဂရုစိုက်လုပ်ကျွေးမူနဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင်ရဲ့ နောက်ဆုံးနေ့ရက်တွေကို မှတ်တမ်းတင်ထားတဲ့ မဟာပရိနိဗ္ဗာနသုတ်မှာထင်ထင်ရှားရှားတွေ့ကြရတယ်။ ရှင်အာနန္ဒာဟာ မြတ်စွာဘုရားရှင်နဲ့သက်တူရွယ်တူဖြစ်တော်မူတယ်။ သို့သော်လည်း နာမကျန်းဖြစ်တော်မူနေတဲ့ မြတ်စွာဘုရားကို ရေခပ်ပေးတော်မူတယ်၊ ရေချိုးပေးပြီးချေး ညှော်စ သည်ကို ပွတ်သပ်ပေးတော်မူ တယ်။ မြတ်စွာဘုရားအတွက် အိပ်ယာ၊ နေရာထိုင်ခင်းပြင်ဆင်ပေးတော်မူတဲ့အပြင် မြတ်စွာဘုရားထံက ကိစ္စအ၀၀နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ နောက်ဆုံးညွှန်ကြားချက်တွေကိုလည်း မှတ်သားနာ ယူတော်မူတယ်။ မြတ်စွာဘုရားရှင် နာမကျန်းဖြစ်တော်မူတာနဲ့ ပတ်သက်ပြီး ရှင်အာနန္ဒာဟာ စိတ်ညိုးနွမ်း၀မ်းနည်းတော်မူရတယ် လို့လည်းတွေ့ကြရတယ်။ သက်တူရွယ်တူဖြစ်တော်မူတဲ့ နောင်တော် မြတ်စွာဘုရားကို ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ ဂရုတစိုက် လုပ်ကျွေးပုံတွေ ကို ဖတ်ရူသိရှိရတာဟာ ၀မ်းသာ၊ ၀မ်းနည်းဖြစ်ရပါတယ်။ ရှင်အာနန္ဒာဟာ မြတ်စွာဘုရားရဲ့ ကိုယ်ခန္ဓာမှာ ဖြစ်ပေါ်နေတဲ့ အပြောင်းလဲတိုင်းကို ဂရုပြုသိရှိတော်မူတယ်။ 

ဒေ၀ဒတ်ရဲ့ အစီအမံနဲ့ ဆင်ထိန်းတွေက နာဠာဂိရိဆင်ကို အရက်မူးအောင်တိုက်ပြီး မြတ်စွာဘုရားရှင်ကိုနင်းသတ်ဖို့ ဆွမ်းခံကြွတော်မူရာလမ်းမှာ စေလွှတ်တဲ့အခါ ရှင်အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားရဲ့ ရှေ့တော်ကနေ ထွက်ပြီး ကာကွယ် တော်မူတယ်။ မြတ်စွာဘုရားရှင်က ရှင်အာနန္ဒာကို သုံးကြိမ်တိုင်တိုင် ဖယ်တော်မူခိုင်းပေမဲ့ ခါတိုင်း မြတ်စွာဘုရားရဲ့ စကားတော် ကို နာယူတော်မူတဲ့ ရှင်အာနန္ဒာဟာ ဒီအခါမှာတော့ ဖယ်တော်မမူခဲ့ဘူး။ ဒါကြောင့်မို့လို့ မြတ်စွာဘုရားက တန်ခိုးဣဒ္ဓိပါဒ်နဲ့ မြေကြီးကို တွန့်လိပ်စေပြီး ရှင်အာနန္ဒာမထေရ်မြတ်ကို ဆင်နဲ့လွတ်ရာ ဖယ်ရှားတော်မူခဲ့ရတယ် လို့ ဆိုတယ်။ ဒီအကြောင်းရာနဲ့ ဆက်စပ်ပြီး မြတ်စွာဘုရားက အာနန္ဒာဟာ ယခုဘ၀မှာသာ မြတ်စွာဘုရားရှင်အတွက် အသက်စွန့်နိုင်တာ မဟုတ်သေးဘူး။ ရှေ့အလောင်းတော်ဘ၀တုန်းကလည်း ငါဘုရားကို ကယ်တင်ဖို့ အသက်စွန့်ခဲ့တယ် လို့ မိန့်တော်မူပြီး စူဠဟံသ ဇာတ်တော်ကို ဟောတော်မူတယ်။ အဲဒီ အတိတ်အကြောင်းနဲ့ ပတ်သက်ပြီး ဝိနည်း၊ စူဠဝါမှာတော့ မတွေ့ကြရဘူး။

 
တခါတရံမှာ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ မြတ်စွာဘုရားပေါ် အထူးဂရုစိုက်လုပ်ကျွေးမူဟာ အပြစ်ဖြစ်ရပြီး မြတ်စွာဘုရားရဲ့ အပြစ်တင်ခြင်းကိုခံရကြောင်းလည်း တွေ့ကြရတယ်။ မြတ်စွာဘုရား
လေနာရောဂါဖြစ်တဲ့ အခါတုန်းကဖြစ်တယ်။ ရှင်အာနန္ဒာ ဟာ မြတ်စွာဘုရား လေနာရောဂါဖြစ်ရင် ‘‘တေကဋုလယာဂု’’ လို့ခေါ်တဲ့ ‘‘နှမ်း၊ ဆန်၊ ပဲနောက်’’ ရောပြီးချက်ပြုတ်ထားတဲ့ ယာဂု ကို သောက်ရင် ပျောက်တော်မူကြောင်း သိတယ်။ ဒါကြောင့်မို့ အရှင်မြတ်ဟာ ယာဂုချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို တောင်းခံ ပြီး ကျောင်းတွင်းမှာ သိမ်းဆည်းထားတယ်။ ပြီးတော့ ကိုယ်တိုင်ချက်ပြုတ်ပြီး မြတ်စွာဘုရားကို ကပ်တော်မူပါတယ်။ မြတ်စွာဘုရားရှင်က ယာဂုနဲ့ ပတ်သက်ပြီး စစ်မေးတော်မူတဲ့အခါ ရှင်အာနန္ဒာရဲ့ သိမ်းဆည်း၊ ချက်ပြုတ်မူဟာ ရဟန်းတွေရဲ့ ကျင့်ကြံမူနဲ့ မလျော်ညီ၊ မသင့်တင့်၊ မအပ်စပ်ဘူးလို့ အပြစ်တင်ရူတ်ချတော်မူပြီး ဝိနည်းပညတ်တော်မူကြောင်းတွေ့ရတယ်။ 

သို့သော်လည်း ရှင်အာနန္ဒာမထေရ်မြတ်ဟာ အလုပ်ကျွေးရဟန်းတော်တစ်ပါးရဲ့ တာ၀န်ကို ထမ်းရွက်ရာမှာ အကျွမ်းကျင်ဆုံး၊ ဂရုအထားဆုံး အရှင်မြတ်ဖြစ်တော် မူတယ်။ မြတ်စွာဘုရားရှင်ဟာ ရဟန်းတွေကို ဆင့်ခေါ်ချင်တဲ့ အခါဖြစ်စေ၊ တစ်စုံတစ်ယောက် ကို သတင်းစကားပြောကြားချင်တဲ့အခါဖြစ်စေ ရှင်အာနန္ဒာမထေရ်မြတ်ကိုသာ စေတော်မူတယ်။ အရှင်မြတ်ဟာ ကြားသိခဲ့ရတဲ့ စိတ်၀င်စားဖွယ်သတင်းစကားတွေကို လည်း မြတ်စွာဘုရားထံ လျှောက်ကြားတတ်ကြောင်းတွေ့ ရတတ်ပါသေးတယ်။

မြတ်စွာဘုရားနဲ့ သံဃာတော်တွေကို ဆွမ်းလုပ်ကျွေးဖို့ အခက်ခဲကြုံတွေ့ရတဲ့ ဒါယိကာ၊ ဒါယိကာမတွေဟာ သူတို့ရဲ့ အခက်ခဲ တွေနဲ့ ပတ်သက်ပြီး ရှင်အာနန္ဒာမထေရ်မြတ်နဲ့ တိုင်ပင်ဆွေးနွေးလေ့ရှိကြောင်း လည်းတွေ့ကြရတယ်။ ဥပမာ၊ အန္ဓဝိန္ဒက ဗြာဟ္မဏနဲ့ ရောဇ မလ္လာမင်းသားဖြစ်ပါတယ်။ 

ရဟန်းတော်တွေက မြတ်စွာဘုရားရဲ့ တရားတော်ကို နာကြားရဖို့ အရှင်မြတ်ကိုတောင်းပန်ကြတဲ့အခါ ရှင်အာနန္ဒာမထေရ်မြတ် ဟာ မြတ်စွာဘုရားကိုစွမ်းသမျှကြိုးစားလျှောက်ထားကြောင်းလည်းတွေ့ရတယ်။ ဥပမာ- မြတ်စွာဘုရားရှင် ပါရိလေယျတောအုပ်မှာ တစ်ပါးတည်း သီတင်းသုံးတော်မူစဉ်က ဖြစ်တယ်။ 

တခါတရံမှာ ရှင်အာနန္ဒာမထေရ်မြတ်ဟာ အချို့သောပုဂ္ဂိုလ်တွေ ကို မြတ်စွာဘုရားရဲ့တရားတော် နာကြားခွင့်ရစေဖို့ ရည်ရွယ်ပြီး မြတ်စွာဘုရားနဲ့ တွေ့ခွင့်ရအောင် လျှောက်ထားတောင်းပန်တာကိုလည်း တွေ့ရပါတယ်။ ဥပမာ - နိဂဏ္ဌ 
သစ္စက နဲ့ တွေ့ဆုံပြီး တရားဓမ္မဆွေးနွေးဖို့ တောင်းပန်တာဖြစ်တယ်။ ပြီးတော့ သင်္ဂါရ၀နဲ့ ရမ္မက ဗြာဟ္မဏ တို့ဖြစ်တယ်။ အလားတူဘဲ သမိဒ္ဓိ မထေရ်မြတ်ဟာ တရားတော်နဲ့ ပတ်သက်ပြီး အယူမှားဖြစ်ပေါ်နေတဲ့အခါ အရှင်မြတ်ဟာ သမိဒ္ဓိမထေရ်ကို မြတ်စွာဘုရားထံမှောက် ခေါ်ဆောင်လာပြီး တရားဓမ္မဆွေးနွေးလျှောက်ထားစေတယ်လို့ဆိုပါတယ်။ ကိမိလမထေရ် နဲ့ ရဟန်းတော်များဟာ အာနာပါနဿတိ ကမ္မဋ္ဌာန်းကို ပွားများအားထုတ်ရင် အကျိုးစီးပွားဖြစ်ထွန်းမယ်ဆိုတာ သိတော်မူလို့ အရှင် အာနန္ဒာမထေရ်က မြတ်စွာဘုရားကို အာနာပါနဿတိ ကမ္မဋ္ဌာန်းဟောကြားဖို့ တောင်းပန်လျှောက်ထားကြောင်း၊ မြတ်စွာ ဘုရားဟောကြားတော်မူကြောင်းလည်း တွေ့ရတယ်။ 

သို့သော်လည်း တခါတရံ မြတ်စွာဘုရားဟာရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တောင်းပန်လျှောက်ထားမူကို လိုက်လျောတော်မမူဘူး။ ဥပမာ အရှင်မြတ်က မြတ်စွာဘုရားကို ပါတိမောက်ပြဖို့ သုံးကြိမ်၊ သုံးခါ တောင်းပန်လျှောက်ထားပေမဲ့၊ မစင်ကြယ်တဲ့ ရဟန်းတော် ရဟန်းပရိသတ်မှာ မရှိတဲ့အခါကြမှသာ မြတ်စွာဘုရားရှင် ဥပါသ်ပြု တော်မူတယ်။ ဝေသာလီပြည်မှာ အသုဘကမ္မဋ္ဌာန်းနာကြားရတဲ့ ရဟန်းတော်သုံးဆယ်ဟာ ကမ္မဋ္ဌာန်းတရားပွားများအား ထုတ်ကြတဲ့အခါ မိမိကိုယ်ခန္ဓာကို အလွန်စက်ဆုပ်တဲ့ဉာဏ်ပေါ်လာကြလို့ ဓားလက်နက်နဲ့ အဆုံးစီရင်ကြတယ် လို့ဆိုတယ်။ ဒီအခါ ရှင်အာနန္ဒာမထေရ်မြတ်က မြတ်စွာဘုရားကို အခြား ကမ္မဋ္ဌာန်းတစ်ခုပြောင်းလဲဟောကြားတော်မူဖို့ တောင်းပန်လျှောက်ထားတော်မူတယ်။ ဒီအခါမှာ မြတ်စွာဘုရားက အာနာပါနဿတိကမ္မဋ္ဌာန်း ကို ဟောကြားတော်မူတယ်လို့ ဆိုတယ်။ 

မြတ်စွာဘုရား ခရီးဝေးဒေသစာရီကြွတော်မူတဲ့အခါ မြတ်စွာဘုရားကိုယ်စား ဖူးမြော်ဖို့အတွက် အရှင်မြတ်ဟာ အာနန္ဒာ ဗောဓိ ပင်ကိုလည်း စိုက်ပျိုးခဲ့တယ်။ အရှင်မြတ်ဟာ မြတ်စွာဘုရားရှင်ကို မလိုအပ်ဘဲ ပင်ပန်းနွမ်းနယ်မှာ၊ အနှောက်ယှက်ဖြစ်မှာ စိုးရိမ်တော်မူတယ်။ ဒါကြောင့်မို့ ရဟန်းတော်တွေ အသုဘကမ္မဋ္ဌာန်းအားထုတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေကြတဲ့ အခါမှာတောင် မှ မြတ်စွာဘုရားရှင် နှစ်ပါတ်တာ တစ်ပါးတည်း သီတင်းသုံးတော်မူပြီးမှသာ လျှောက်ထားတော်မူတယ်။ အကြောင်းကတော့ မြတ်စွာဘုရားဟာ ဆွမ်းပို့မဲ့ ရဟန်းတော်ကလွဲပြီး မည်သူမှ မချဉ်းကပ်ရ လို့ မိန့်တော်မူထားလို့ ဖြစ်တယ်။

မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူခါနီးမှာလည်း သုဘဒ္ဒ ပရဗိုဇ်က မြတ်စွာဘုရားနဲ့ တွေ့ဆုံဖို့တောင်းပန်ခဲ့ပေမယ့် ရှင်အာနန္ဒာ မထေရ်မြတ်ဟာ မြတ်စွာဘုရားပင်ပန်းတော်မူမှာ စိုးတဲ့အတွက် တွေ့ခွင့်မပေးခဲ့ဘူး။ မြတ်စွာဘုရားရှင်က ကြားသိတော်မူပြီး ခွင့်ပြုမှသာ သုဘဒ္ဒပရဗိုဇ် မြတ်စွာဘုရားကိုတွေ့ခွင်ရတယ်။ အဲဒီနေ့မှာဘဲ ကုသိနာရုံက မလ္လာမင်းသားတွေနဲ့ သူတို့ရဲ့ မိသားစု တွေ မြတ်စွာဘုရားကို နောက်ဆုံးဖူးမြော်ဖို့လာကြတဲ့အခါ အရှင်မြတ်ကဘဲ အုပ်စုလိုက်၊ အုပ်စုလိုက် တစ်စုချင်းခွဲပြီး မြတ်စွာဘုရား ကို အဆင်ပြေချောမွေ့စွာနဲ့ ဖူးတွေ့ခွင့်ရကြအောင် စီစဉ်ပေးတော်မူတယ်။ 

အရှင်မြတ်ဟာ တခါတရံမှာ အကြည်ညိုလွန်ကဲတဲ့ ဒါယကာ၊ ဒါယိကာမတွေရဲ့ မြတ်စွာဘုရားအလိုတော်နဲ့ ဆန့်ကျင်ပြုမှူုတွေ ကိုလည်း တားမြစ်တော်မူတယ်။ဥပမာ၊ ဗောဓိရာဇကုမာရမင်းသားက မြတ်စွာဘုရားရှင်ကို အဖိုးအသိန်းထိုက်တဲ့ ကမ္ဗလာပုဆိုး အခင်းပေါ်နင်းလျှောက်တော်မူဖို့ ခင်းထားတဲ့အခါ မြတ်စွာဘုရားရှင်က နင်းတော်မမူဘူး။ ဒါကြောင့်မို့ ရှင်အာနန္ဒာမထေရ်မြတ်က မင်းသားကို အခင်းဖယ်ရှားခိုင်းတယ်လို့ တွေ့ကြရတယ်။ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တာ၀န်များစွာထဲမှာ တာ၀န်တစ်ရပ်ဟာ တရားဟောခန်းမထဲမှာ တရားနာကြားသူတွေပြန်သွားတဲ့ အခါ မေ့လျော့နေမဲ့ ဥစ္စာပစ္စည်းတွေကို သိမ်းဆည်းထားဖို့ဖြစ်တယ် လို့လည်း သိကြရတယ်။ 

သီတင်းသုံးဖော်မထေရ်မြတ်တွေဟာ မကြာခဏဆိုသလို တရားဓမ္မနဲ့ ပတ်သက်ပြီးဖြစ်ပေါ်တဲ့ သူတို့ရဲ့ အခက်ခဲတွေကို ရှင်အာ နန္ဒာမထေရ်မြတ်နဲ့ တိုင်ပင်တော်မူကြတယ်။ ၀င်္ဂီသမထေရ်ဟာ အမျိုးသမီးတစ်ယောက်ကို မြင်တွေ့ရပြီး စိတ်ဖောက်ပြန်တဲ့ အခါ ရှင်အာနန္ဒာမထေရ်မြတ်ကို ဖွင့်ဟ တိုင်ပင်တော်မူတယ်။ ရှင်အာနန္ဒာမထေရ်မြတ်နဲ့ တရားဆွေးနွေးတိုင်ပင်တော်မူတဲ့ အခြားမထေရ်မြတ်တွေကတော့ ‘‘ကာမဘူ၊ ဥဒါယီ၊ ဆန္နနဲ့ ဘဒ္ဒ’’ မထေရ်မြတ်တို့ဖြစ်တယ်။ သီတင်းသုံးဖော်ရဟန်းတော်တွေအပြင် အခြားပုဂ္ဂိုလ်တွေလည်း အရှင်မြတ်နဲ့ တရားဆွေးနွေးတော် မူကြောင်းသိရတယ်။ ဥပမာ ဃောသိတ ဗြာဟ္မဏ၊ ဥန္နာဘ၊ လိစ္ဆဝီ မင်းသား အဘယ၊ ပဏ္ဍိတ ကုမာရက၊ ပရိဗိုဇ် ဆန္န၊ ကောကနုဒ၊ ဥပါသိကာ မိဂသာလာ ၊ ကောသမ္ဗီသူဌေးနဲ့ ပသနဒီ ကောသလမင်းကြီးတို့ ဖြစ်တယ်။ သူတို့အားလုံးဟာ ရှင်အာနန္ဒာမထေရ်မြတ်ထံကနေ တရားအဆုံးမ ခံယူခဲ့ကြတယ်။ ပသနဒီကောသလမင်းကြီးဟာ ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တရားစကားတော်ကို အလွန်နှစ်သက်တဲ့အတွက် အဇာတသတ်မင်း လက်ဆောင်ပေးထားတဲ့ အဖိုးထိုက်တန်တဲ့ အ၀တ်ကို သင်္ကန်းအဖြစ်ပေးလှူတယ် လို့တွေ့ရတယ်။

တခါတရံ မြတ်စွာဘုရားရှင်ထံက တရားတော်တွေကို အကျဉ်းအားဖြင့်နာယူမှတ်သားခဲ့တဲ့ ရဟန်းတော်တွေဟာ ရှင်အာနန္ဒာမထေရ်မြတ်ထံ ချဉ်းကပ်ပြီး အကျယ်ရှင်းပြဖို့ တောင်းပန်လျှောက်ထားကြတယ်။ ရှင်အာနန္ဒာမထေရ်မြတ်ဟာ တရားတော်ကို အကျယ်ရှင်းလင်းဟောကြားရာမှာ ထင်ရှားတော်မူတယ်။

မြတ်စွာဘုရားဟာ တခါတရံမှာ ရှင်အာနန္ဒာအကျယ်ရှင်းလင်းဟောကြားဖို့ ရည်ရွယ်ပြီး တရားအကျဉ်းမျှသာဟောကြားတော်မူတယ်လို့ ဆိုတယ်။ ရဟန်းတော်တွေဟာ ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ ရှင်းလင်းဟောကြားမူတွေကို မြတ်စွာဘုရားထံ ပြန်လည် လျှောက်ထားကြတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒာရဲ့ ဉာဏ်ပညာကို ချီးကျုးတော်မူတယ်။ တစ်ခါမှာ ဥပါသကာ တစ်ယောက်က ‘‘တရား’’ တော်ကို ဘယ်လိုပူဇော်ရပါမလဲ ဘုရားလို့ မြတ်စွာဘုရားကို မေးလျှောက်တဲ့အခါ တရားတော်ကိုပူဇော်ချင်တဲ့သူဟာ ‘‘အာနန္ဒာ’’ ကို ပူဇော်ပါ လို့ မြတ်စွာဘုရားမိန့်ကြားတော်မူတယ်။ 

သေက္ခသုတ် မှာ မြတ်စွာဘုရားက ကပိလ၀တ်ပြည်သား သာကီ၀င်တွေကို ညဉ့်နက်တဲ့တိုင်အောင် တရားဓမ္မ ဟောကြားပြီးတဲ့နောက် အရှင်အာနန္ဒာ မထေရ်မြတ်ကို ဆက်လက်ဟောကြားစေပြီး ခတ္တခဏ အနားယူကျိန်းစက်တော်မူတယ်။ နိုးတော်မူလာတဲ့အခါ ရှင်အာနန္ဒာရဲ့ တရားဟောကြားမူစွမ်းရည်ကို ချီးမွမ်းတော်မူပါတယ်။ တခါတော့ မြတ်စွာဘုရားဟာ ရှင်အာ နန္ဒာကို ဘုရားအလောင်းတော်ဖွားတော်မူစဉ်က ဖြစ်ပေါ်ခဲ့တဲ့ အံ့သြဖွယ်ရာ ဖြစ်ရပ်တွေကို မေးမြန်းတော်မူတယ်။ ရှင်အာနန္ဒာ က မှတ်သားဆောင်ထားတဲ့အံ့သြဖွယ်ရာတွေကို ပြန်လည်လျှောက်ထားပါတယ်။

မြတ်စွာဘုရားရှင်က မှန်ကန်ကြောင်း ထောက်ခံပြီး ထပ်မံ ဖြည့်စွက်ခြင်းအားဖြင့် ‘‘အစ္ဆရိယ အဗ္ဘုတဓမ္မ’’ သုတ္တန် ဖြစ်ပေါ်လာခဲ့တယ်။ တခါတရံ ရှင်အာနန္ဒမထေရ်မြတ်ဟာ မြတ်စွာဘုရား ဟောကြားတော်မူတဲ့ သုတ္တန်တွေကို ဥပမာပြုဖို့ လျှောက်ထားတတ်တယ်။ ဥပမာ- ဓမ္မယာန ဥပမာ တခါတရံတော့ သုတ္တန်တရားတော်တွေရဲ့ အမည်ကို ဥပမာပြုပြီး နာမည်ပေးဖို့ လျှောက်ထား တတ်ပါတယ်။ တခါတရံတော့ မှတ်သားဆောင်ထားရ လွယ်ကူအောင် သုတ္တန်တွေကို အမည်တစ်ခုခု ပေးဖို့ လျှောက်ထားတတ် တယ်။ 

ရှင်အာနန္ဒာကိုယ်တော်မြတ် ကိုယ်တော်တိုင် ရဟန်းတွေကို ဟောကြားထားတဲ့ သုတ္တန် အတော်များများကိုလည်းတွေ့ကြရပါတယ်။ ပြီးတော့ လူ၀တ်ပုဂ္ဂိုလ်တွေကို ဟောကြားထားတဲ့ သုတ္တန်တွေကိုလည်းတွေ့ရတယ်။ သန္ဒကသုတ်မှာ ရှင်အာနန္ဒာနဲ့ နောက်ပါရဟန်းတော်တွေဟာ သန္ဒက ပရိဗိုဇ်ထံ ကြွသွားတော်မူပြီး တရားဟောကြားတဲ့အခါ ပရိဗိုဇ် က အရှင်မြတ်ရဲ့တရားတော်ကို အလွန်နှစ်သက်သွားပြီး သူ့တပည့်တွေကို မြတ်စွာဘုရားထံ တပည့်ခံပြီး တရားဓမ္မကျင့်သုံးဆောက် တည်စေခဲ့တယ် လို့ ဆိုတယ်။ မထေရ်မြတ်ဟာ မြတ်စွာဘုရားထံကနေ မှတ်သားဆောင်ထားခဲ့တဲ့ သုတ္တန်တရားတွေကိုလည်း ရဟန်းတွေကို ပြန်လည် ဟောကြားတတ်တယ်။ မြတ်စွာဘုရားက ခွင့်ပေးတော်မူထားတဲ့ အလိုရှိတဲ့ အချိန်မှာ တရားဓမ္မနဲ့ ပတ်သက်ပြီး မေးမြန်းလျှောက်ထားခွင့်ကိုလည်း အပြည့်အ၀ အသုံးချတော်မူခဲ့တယ်။ 

ရှင်အာနန္ဒာဟာ မြတ်စွာဘုရားနဲ့ ပတ်သက်ပြီး အသေးစိတ်ကစသိလိုစိတ်အားကြီးတော်မူပြီး မြတ်စွာဘုရားပြုံးတော်မူရင်လည်း အကြောင်းရင်းကို မေးတော်မူ တယ်။ မြတ်စွာဘုရား ဆိတ်ဆိတ်နေတော်မူရင်လည်း အကြောင်းရင်းကို မေးတော်မူ တယ်။ မြတ်စွာဘုရားရှင်ဟာ ခိုင်လုံတဲ့ အကြောင်းရင်းမရှိဘဲ ပြုမူတော်မမူဘူး ဆိုတာကို အရှင်မြတ်သိတော်မူတယ်။ ပရိနိဗ္ဗာန်စံတော်မူခါနီး အချိန် မြတ်စွာဘုရားက အနားမှာ ယပ်ခတ်ပေးနေတဲ့ ရှင်ဥပဝါဏ မထေရ်မြတ်ကို ဖယ်ခိုင်းတဲ့အခါ ရှင်အာနန္ဒာက အကြောင်းရင်းကို မေးလျှောက်တယ်။ မြတ်စွာဘုရားက ရှင်ဥပဝါဏ မထေရ်မြတ်ဟာ နတ်တွေ ဘုရားမဖူးနိုင်အောင် မြတ်စွာဘုရားကို ကွယ်နေလို့ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားတော်မူပါတယ်။ မြတ်စွာဘုရားရှင်ကလည်း ရှင်အာနန္ဒာမေးတဲ့ မေးခွန်းတိုင်းကို ကျေနပ် သဘောကျသည်အထိ ဖြေဆိုပေးတော်မူလေ့ရှိတယ်။ နာတိက ရွာသူ၊ ရွာသားတွေရဲ့ လားရာ ဂတိနဲ့ ပတ်သက်ပြီး အရှင်မြတ် က မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားတဲ့အခါ ‘‘ဓမ္မဒါသ’’ တရားတော်ကို ဟောကြားတော်မူတယ်။ ပြီးတော့ မြတ်စွာဘုရား တောထွက်တော်မူခြင်း အကြောင်းကို ဟောကြားထားတဲ့ ‘‘ပဗ္ဗဇ္ဇသုတ်’’ ဟာလည်း ရှင်အာနန္ဒာမထေရ်မြတ်ရဲ့ တောင်းပန်လျှောက် ထားခြင်းကြောင့် ဟောကြားတော်မူခဲ့တယ် လို့ဆိုပါတယ်။ 

သို့သော်လည်း ရှင်အာနန္ဒာကို မြတ်စွာဘုရားဟောကြားတော်မူတဲ့ သုတ်တော်တိုင်းဟာ အရှင်မြတ်ကမေးလို့ချည်း ဟောကြား 
ထားတာတော့ မဟုတ်ပါဘူး။ တခါတရံ ရှင်အာနန္ဒာ ဟာအရှင်မြတ်နဲ့ အခြားသူတစ်ဦးတို့ရဲ့တရားဆွေးနွေးမူကို မြတ်စွာဘုရားအား ပြန်လည်လျှောက်ထားခြင်းဖြစ်ပြီး တခါတရံတော့ တဆင့်ကြားခဲ့ရတဲ့ အခြားသူတွေ ရဲ့ ဆွေနွေးစကားကို ပြန်လည်လျှောက်ထားခြင်းဖြစ်တယ်။ ဒီလို လျှောက်ထားတဲ့အခါမှ မြတ်စွာဘုရားက လျှောက်ထားတဲ့ အကြောင်းရာနဲ့ပတ်သက် ပြီး အသေးစိတ်ထပ် မံဟောကြားတော်မူတယ်။

အရှင်အာနန္ဒာက မိတ်ကောင်းဆွေကောင်းရှိခြင်းအကျိုးတရား နဲ့ပတ်သက်ပြီး မြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါ မြတ်စွာဘုရားက ရှင်အာနန္ဒာရဲ့လျှောက်ထားမူကို ပြင်ဆင်ပြီး အသေးစိတ် လမ်းညွှန်ဟောကြားတော်မူပါတယ်။ ပြီးတော့ အဲဒီ အကြောင်း ရာကိုဘဲ မြတ်စွာဘုရားက ကောသလမင်းကြီးကို ပြန်လည်ဟောကြားတော်မူကြောင်းတွေ့ကြရတယ်။ 

အဖွင့်ကျမ်းဆရာတော် ရှင်ဗုဒ္ဓဃောသ မထေရ်မြတ်ဟာ ရှင်အာနန္ဒာ မထေရ်မြတ်နဲ့ပတ်သက်ပြီး ထင်ရှားတဲ့ သုတ္တန် အချို့ကို ဖော်ပြထားတယ်။ အဲဒီ သုတ္တန်တွေကတော့ ‘‘သေက္ခသုတ်၊ ဗာဟိတိယသုတ်၊ အာနဉ္ဇသပ္ပာယသုတ်၊ ဂေါပက မောဂ္ဂလ္လာန သုတ်၊ ဗဟုဓာတုကသုတ်၊ စူဠသုညတသုတ်၊ မဟာသုညတသုတ်၊ အစ္ဆရိယ အဗ္ဘုတသုတ်၊ ဘတ္တေကရတ္တသုတ်၊ မဟာနိဒါနသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘသုတ်နဲ့ စူဠနိယလောကဓာတုသုတ်’’ တို့ဖြစ်ပါတယ်…။ ဤအကြောင်းအရာများကတော့ မြတ်စွာဘုရားရှင်ကို အလုပ်အကျွေးပြုတော်မူခဲ့တဲ့ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့ ထင်ရှားတဲ့ အကြောင်းအရာများပဲ ဖြစ်ပါတယ် ခင်ဗျာ…။

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

#Cartoon_Bakery


No comments:

Post a Comment