စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Friday, May 27, 2022

ဘုရားလောင်းကျီးမင်း

ဗုဒ္ဓဘုရားရှင် ကျီးမင်းဘဝ
🌟🌟🌟🌟🌟🌟🌟🌟🌟
ငှက်များတွင် ကျီးသည် လူနှင့်နီးကပ်စွာ ကျက်စားခွင့်ရသော်လည်း လူသားများ၏ မေတ္တာစေတနာကို ခံယူခွင့်မရကြပါ။ ကျီးများသည် မိမိတို့အား သဒ္ဓါကြည်ဖြူ ကျွေးမွေးမည့်လူသားများ မရှိသည့်အလျောက် လူတို့၏အစားအစာကို လစ်လျှင်လစ်သလို နှိုက်စွက်စားသောက် တတ်ကြသဖြင့် တချို့ကပင် ကျီးကန်းဟု ချိုးဖဲ့ခေါ်တတ်သည်။ အမြဲတစေ မျက်စိကိုဖွင့် နားကိုစွင့်ကာ ပါးနပ်လိမ္မာ လျင်မြန်ဖျတ်လတ်စွာ လူတို့အနီးအနားအပါး လှည့်လည်ကျက်စားသောငှက်မှာ ကျီးမျိုးဖြစ်သည်။

အချိန်ကား ဗာရာဏသီနေပြည်တော်တွင် ဗြဟ္မဒတ်မင်းကြီး နန်းစံနေချိန် မြတ်စွာဘုရားရှင်သည် ကျီးအပေါင်းတို့အားကိုးအားထားရာ ခေါင်းဆောင်ကျီးမင်း ဖြစ်နေခိုက်ဖြစ်၏။ တစ်နေ့သော်ခါ ဗြဟ္မဒတ်မင်းကြီး၏ ပုရောဟိတ်ပုဏ္ဏားကြီးသည် ဂင်္ဂါမြစ်မှာရေချိုးပြီးလျှင် နန်းတော်သို့အခစားဝင်ရောက်ရန် မွှေးကြိုင်ထုံသင်းနံ့သာများ လိမ်းခြယ်ကာ အဝတ်အစားသစ်များ ဆင်ယင်လာခဲ့၏။ လျှပ်ပေါ်လော်လည်သော ကျီးမိုက်တစ်ကောင်မှာ အသန့်အပြန့်အကောင်းကြိုက်သော ပုဏ္ဏားကြီး နန်းတော်မြို့ရိုးတံခါးသို့ဝင်လိုက်သည်နှင့် ထိပ်ပြောင်ပြောင် ဦးခေါင်းထက်သို့မစင်များစွန့်ချလေသည်။ ပုဏ္ဏားကြီးကလည်း ရုတ်တရက်မော့ကြည့်ရာ တံခါးတိုင်ပေါ်မှ ကျီးတစ်ကောင်ထပျံသွားသည်ကို တွေ့မိလိုက်သည်။ ပုရောဟိတ်ကြီး အမျက်ထွက်ကာ ‘‘ ဒါ .. တမင်သက်သက် ငါ့ကိုအရှက်ခွဲစော်ကားတာ .. သင်းတို့တစ်နေ့သိစေရမယ် ’’ ဟု တေးမှတ်ထား၏။

တစ်နေ့သ၌ မောင်းထောင်းစားရသော အလုပ်သမတစ်ယောက်သည် မောင်းထောင်းရန် စပါးများကို နေလှန်းထား၏။ စပါးခြောက်မည့်အချိန်စောင့်ရင်း  ခေတ္တတုံးလုံးလှဲလိုက်ရာ အ်ိပ်ပျော်သွားသည်။
ထိုအချိန်တွင် ဆိတ်တစ်ကောင်မှ စပါးများကို လာစားကာ အတန်အသင့်စားပြီးချိန် အလုပ်သမ နိုးလာလျှင် ခြောက်လန့်နှင်ထုတ်၏။ နောက်နေ့တွင် ထိုဆိတ်မှ လှန်းထားသောစပါးများကို လာစားပြန်သည်။ နှစ်ရက်မှသုံးရက်ဆက်လာသော်ခါ အလုပ်သမလည်း သည်းမခံနိုင်အဆုံး မီးစနှင့်ကောက်ပေါက်လိုက်မိသည်။

မီးစသည် ဆိတ်ကိုထိမှန်ကာ အမွေးများမီးလောင်၍ ထိတ်လန့်တကြားပြေးခိုက် ဘုရင့်ဆင်တင်းကုပ်နားသို့ရောက်သွား၏။ဆင်ကျွေးသောမြက်များ သိုလှောင်ထားသောတဲကြီးအတွင်းရောက်သော် ဆိတ်မှာမိမိကိုယ်ပေါ်ကမီးငြိမ်းအလိုငြာ မိမိကိုယ်နှင့်ပွတ်သပ်လေသည်။ ဤအခါ လောင်သောမီးမငြိမ်းဘဲ မြက်များကိုမီးစွဲလေသည်။ ထိုမှတဆင့် ဆင်တင်းကုပ်ပါမီးလောင်ရင်း မင်းကြီး၏ဆင်ကြီးများပါ မီးစွဲကာဒဏ်ရာများရကြသည်။

နန်းတွင်းသမားတော်များသည် ဆင်တော်ကြီးများ၏ မီးလောင်နာကိုကြိုးစားကုကြရ၏။ ဒဏ်ရာများက ကြီးသဖြင့်တော်ရုံကုသ၍ မဖြစ်နိုင်။ ဗြဟ္မဒတ်မင်းကြီးမှာ ပညာရှိပုရောဟိတ်ထံ ကုသရန်နည်းလမ်းကို 
‘‘ ပုရောဟိတ်ကြီး .. ဆင်တော်များ၏ မီးလောင်ဒဏ်ရာအတွက် ဆေးကုမမီနိုင်အောင်ဖြစ်နေရာ အခြားဆေးနည်းများရှိလျှင် ကြံဆလျှောက်ထားပါ’’ ဟုမေးမြန်းရာ မစင်စွန့်ချသောကျီးကို လက်စားချေလိုသော ပုရောဟိတ်ကြီးမှာ နည်းလမ်းရှာတွေ့သွား၏။ 

‘‘ မှန်လှပါ ဘုရား .. တခြားဆေးနည်းရှိပါကြောင်း .. လိုအပ်သောဆေးများက ကျီးများရဲ့အဆီသာဖြစ်ပါတယ် ဘုရား ..’’ ဟု လျှောက်ထားသည်။မင်းကြီးလည်း လျှောက်ထားချက်အတိုင်း ကျီးများအစုလိုက်အပြုံလိုက် မြားဖြင့်ပစ်ခတ်သေစေကာ မင်းချင်းများက ဖမ်း၍ရသောကျီးများကို မိုးဗြဲဒယ်ကြီးများဖြင့် ချက်ကြကြော်ကြ၏။ ထိုသို့ချက်ကြော်သော်လည်း ကျီးများထံမှ အဆီတစ်စက်မှမရရှိကြချေ။ 

ဤအကောင်များမှမရလျှင် နောင်အကောင်များ ရလိုငြားမျှော်လင့်ကာ ကျီးသတ်ပွဲကြီးကို ဆက်လက်ဆင်နွှဲကြပေသည်။ ထိုသတ်ပွဲကြီးမှ ကံထောက်၍ လွတ်မြောက်သော ကျီးတစ်ကောင်မှာ ဘုရားလောင်းကျီးမင်းရှိရာသုသာန်သို့အလျင်အမြန်ပျံကာ ခေါင်းဆောင်းကျီးမင်းထံ
ဖြစ်စဉ်အကုန်လျှောက်တင်၏။ ကျီးမင်းသည် မိမိ၏အမျိုးအဆွေများကိုကယ်တင်မည်ဟု ဆုံးဖြတ်ချက်ချပြီးလျှင် တရွှီးရွှီးလွှတ်တင်နေသော မြားများအကြားမှ ရဲဝံ့စွာပျံသန်းကာ ဗြဟ္မဒတ်မင်းကြီးနန်းဆောင်ပြတင်းပေါက်မှ ဝင်ရောက်လျက် မင်းကြီးထိုင်နေသော သလွန်အောက်မှာ ဝင်ခိုနေ၏။ မင်းချင်းများက ပစ်ခတ်ရန်ဟန်ပြင်ကြရာ မင်းကြီးမှ ‘‘ ဘေးလွတ်ရာလာခိုနေတဲ့ ကျီးတစ်ကောင်ကို မဖမ်းကြနှင့် ..’’ ဟု တားမြစ်လေသည်။ 

ကျီးမင်းသည် သလွန်အောက်၌ အတန်သင်အပန်းဖြေပြီး မင်းကြီးရှေ့မှောက်သို့ထွက်ကာ အတောင်နှစ်ဖက်တို့ဖြင့် အခစားဝင်ရောက်၍ ‘‘ အရှင်မင်းကြီး .. ကျီးအဆီနဲ့ဆေးကုဖို့ဆိုတာ ဘယ်ဆေးကျမ်းမှာမှ မပါဝင်ပါ။ ပုရောဟိတ်ကြီးက ကျီးများကိုရန်အငြိုးထား လျှောက်ထားတာဖြစ်ပါတယ်။ အမှန်တော့ ကျီးဆိုတဲ့အမျိုးဟာ အဆီရှာမရတဲ့သတ္တဝါသာဖြစ်ပါတယ် ဘုရား..’’ ဟု လျှောက်တင်သဖြင့် မင်းကြီးမှာ ‘‘အမောင်ရွှေကျီး.. ကျီးတွေမှာ ဘာကြောင့်အဆီမရှိရပါသလဲ’’ မေးရာ
ကျီးမင်းမှာ ‘‘အရှင်မင်းကြီး .. ကျီးဆိုတဲ့အမျိုးဟာ လူတွေကိုအနှောင့်အယှက်ပေးတတ်ကြပါတယ်။ ဒါကြောင့်လည်း သူတို့ကိုလူတွေက မသဒ္ဓါကြပါဘူး။ မသဒ္ဓါရေ သဒ္ဓါရေစာများ စားနိုင်ရရေးအတွက် ကျီးများဟာ အမြဲတစေအထိတ်တလန့်တကြားနဲ့ကြိုးစားနေကြရပါတယ်။ ထို့ကြောင့် ကျီးတို့စားလေသမျှအစာဟာ အဆီဖြစ်မလာနိုင်ပါ ဘုရား .. ’’ဟု လျှောက်တင်လေသည်။ 

ထိုအခါ‘‘ အေး ကောင်းလှပြီ.. အမောင်ရွှေကျီး’’ ဟုဆိုကာ ဗြဟ္မဒတ်မင်းကြီးသည် ကျီးဖမ်းဆီးရှာဖွေရေးလုပ်ငန်းကြီး တစ်ခုလုံးကို ရုတ်သိမ်းစေကာ ကျီးများကို ထူးထူးခြားခြားမြှောက်စားဂုဏ်ပြုလေတော့သည်။  

ဒီမှာ ဇာတ်လမ်းလေးကို အဆုံးသတ်ရပါစေခင်ဗျာ … 
ဒီဇာတ်လမ်းလေးအတိုင်း အများအကျိုးအတွက် ရဲဝံ့စွာအနစ်နာခံ ကိုယ်ကျိုးစွန့်ကြိုးပမ်းဖို ့ကာတွန်းမုန့်ချစ်သူ ပရိသတ်ကြီးများကို တိုက်တွန်းလှုံ့ဆော်လိုက်ပါတယ်ဗျာ …

Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။

#Cartoon_Bakery

No comments:

Post a Comment