စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Saturday, May 28, 2022

မုသားချိုချို

မုသားချိုချို
                                                                                ရဝေနွယ်(အင်းမ)

ပင်းယခေတ် ငါးစီးရှင်ကျော်စွာ စားတော်ခေါ်ခါနီးဆဲဆဲမှာ ရှင်ယောင် ရဟန်းအတု သင်္ကန်းရုံ သပိတ်လွယ်ပြီး ရှေ့တော်မှာ လာရပ်ပါ တယ်။
          ငါးစီးရှင်ကျော်စွာက ‘’ဘာအတွက်ရပ်တာလဲ’’ လို့မေးတော့ ရှင်ယောင်က လည်း ‘’ဆွမ်းအတွက် ရပ်တာပါ’’ လို့ ပြန်ဖြေပါတယ်။
        ဒီတော့ ငါးစီးရှင်လည်း စားခါးနီးဆဲဆဲ ဆွမ်းလာရပ်တာ ဆိုတော့ စိတ်နှလုံး အလွန်ကြည်လင် သွားပြီး မနောလင်ပန်းနဲ့ စီရင် ထားတဲ့ စားတော်တွေကို ရဟန်းကို လှူလိုက်ပါတယ်။
       ငါးစီးရှင်လည်း ဝမ်းသာစိတ်တွေ အထွတ်အထိပ်ရောက် သွားပြီး အမတ်တွေကို ဒီလို ပြော ပါတယ်။
      ‘’အမတ်တို့... ဒီရဟန်းဟာ မွန်းတည့်ခါနီးမှ ဆွမ်းလာရပ်တယ်၊ ပုထုဇဉ်ရဟန်း မဟုတ်လောက်ဘူး၊ စျာန်အဘိညာဉ်နဲ့ ပြည့်စုံတဲ့  ရဟန္တာအရှင်မြတ် ဖြစ်လိမ့်မယ်၊ ငါ့ကို ကုသိုလ်များများ ရစေလို လို့ လာရပ်တာပဲ’’ လို့ မိန့်ပါတယ်။
       ပြီးတော့ အနားမှာရှိတဲ့ မင်းချင်းတစ်ယောက်ကို ‘’ဟုတ်၊ မဟုတ် အဲဒီရဟန်းနောက် လိုက် ကြည့်စမ်း’’ လို့ စေလိုက်ပါတယ်။
       မင်းချင်းလည်း ရှင်ယောင်နောက်က လိုက်ကြည့်ရင်း တဲအိမ်တစ်အိမ်ရောက်တော့ မယားကို သပိတ် လှမ်းပေးလိုက်ပါ တယ်။ နောက်တော့ သင်္ကန်းချွတ် လူဝတ်လဲလိုက်ပါတယ်။
       မြင်ကွင်းကို မြင်ပြီး မင်းချင်းလည်း -
       ‘’ဒီရဟန်းရဲ့ အဖြစ်မှန်ကို လျှောက်လိုက်ရင် မင်းကြီးလည်း ဖြစ်ဆဲ သဒ္ဓါစေတနာတွေ ပျက်မယ်၊ ငါလည်း မျက်နှာကောင်းရမှာ မဟုတ်ဘူး၊ ဟို... ရှင်ယောင်လည်း အပြစ်မကင်းလို့ ပြစ်ဒဏ်သင့် တော့မယ်၊ မင်းကြီးလည်း ဖြစ်ဆဲ သဒ္ဓါစေတနာတွေ ပိုဖြစ်စေ၊ ငါလည်း မျက်နှာကောင်းရစေ၊ ဟို... ရှင်ယောင်လည်း အပြစ်မှ လွတ်စေ’’ လို့ နှလုံးထားပြီး နန်းတော်ပြန်ရောက်တော့ -
       ‘’အမိန့်တော်ရှိတဲ့အတိုင်း ကျွန်တော်မျိုး လိုက်ကြည့်တာ တစ်နေရာရောက်တော့ ကြည့်နေစဉ် မှာပဲ ရဟန်းအသွင် ကွယ်ပျောက် သွားပါတယ် ဘုရား’’ လို့ လျှောက်လိုက်ပါတယ်။
ငါးစီးရှင်လည်း ‘’ငါတွေးတော်မူတဲ့အတိုင်း မချွတ်အမှန် ဖြစ်ခဲ့တာပဲ’’ လို့ ပြောပြီး လက်ရုံးတန်း လိုက်ပါတယ်။
       အဲဒီနေ့မှာပဲ ပင်းယပြည်စိုးက ခွာလုံးပတ် သုံးထွာရှိတဲ့ မြင်းကောင်း မြင်းစိုင်လျော်ကြီးကို လာဆက်ကပ်ပါတယ်။
         ဒီတော့ ငါးစီးရှင်ကျော်စွာက -
         ‘’ဒီနေ့ ငါ့ရဲ့ ကုသိုလ်တော်အကျိုးကြောင့် ရတာပဲ’’ လို့ မိန့်လိုက်ပါသတဲ့။
                                                                      (ဦးကုလားမဟာရာဇဝင်တော်ကြီး၊ ပထမအုပ်)
       တစ်ခါတလေ ဘဝမှာ အကျဉ်းထဲ အကျပ်ထဲရောက်ပြီး ဖြေရခက်တဲ့ မေးခွန်းတွေနဲ့ ကြုံရ တတ်ပါတယ်။ အမှန်အတိုင်း ဖြေလိုက်ပြန်ရင်လည်း တစ်ဖက်မှာ ဆိုးကျိုးတွေ ဖြစ်သွားနိုင်၊ လိမ်လိုက်ပြန်ရင်လည်း တန်ဖိုးထားရတဲ့ မုသာဝါဒသိက္ခာပုဒ်က ပျက်သွားနိုင်၊ ဖြေရသူအတွက် အတော်လေး ဒုက္ခရောက်ရပါ တယ်။ 
       ‘’ကြည့်နေစဉ်မှာပဲ ရဟန်းအသွင် ကွယ်ပျောက်သွားပါတယ်’’ ဆိုတဲ့ မင်းချင်းရဲ့အဖြေကတော့ ငါးစီးရှင်ကျော်စွာအတွက် ‘စျာန်အဘိညာဉ်တန်ခိုးနဲ့ ကွယ်ပျောက်သွားတယ်’ လို့ပဲ တွေးပြီး ကျေနပ် ပီတိတွေ ဖြစ်သွားတော့တာပါ။ 
        သက်ဦးဆံပိုင်ဘုရင်စနစ်မှာ မြင်တဲ့အတိုင်း ဖြစ်စဉ်အမှန်ကို သေချာ လျှောက်ပြလိုက်လို့ကတော့ ရှင်ယောင်အတွက် ကွပ်မျက်ခံရဖို့ အသေအချာပါပဲ။ မင်းချင်းသာ အဖြေ မတတ်ရင် ရှင်ယောင် ဒုက္ခရောက်ရမယ့်ကိန်းပါ။ အတော်လေး ဖြေတတ်ခဲ့တယ်လို့ပဲ ပြောရတော့ မှာပါပဲ။
       မင်းချင်းအဖြေနဲ့ ပတ်သက်ပြီး မုသာဝါဒသင့်၊ မသင့်ကို ကုန်းဘောင်ခေတ်နှောင်း မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးရဲ့ ပရမတ္ထသရူပဘေဒနီကျမ်းနဲ့ ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ သင်္ဂြိုဟ်ဘာသာ ဋီကာမှာ ဖြေပြထားပါတယ်။
      ‘’လူတို့မှာက ကမ္မပထမြောက်မှ သီလပျက်သည်၊ မင်းလည်း စိတ်ချမ်းသာလေအောင်၊ သူတကာလည်း ရာဇဝတ်လွတ်လေအောင်၊ မိမိလည်း မျက်နှာရအောင် ကြံဆောင်လှည့်ဖြား မင်းခ ယောကျ်ားတို့ တင်လျှောက်ထားသော မုသာဝါဒစကားသည် ငါးပါးသီလ မပျက်။’’
                                                             (ပရမတ္ထသရူပဘေဒနီကျမ်း-ပတွဲ-နှာ ၁၇၄)
        ‘’မင်းလည်း စိတ်ချမ်းသာအောင်၊ လူတစ်ဖက်သားလည်း ရာဇဝတ်မှုလွတ်အောင် လိမ်၍ ပြောဆိုရာ၊ မိမိပစ္စည်းကို တောင်းလာရာ၌ ရှိပါလျက် ‘’မရှိ’’ ဟု ပြောဆိုရာ၊ သံသုမာရ ဇာတ်၌ အလောင်းတော် မျောက်၏ မိချောင်းအား လှည့်ပတ် ရာတို့၌ မုသာဝါဒဖြစ်သော်လည်း သူတစ်ပါးအကျိုး မပျက်သောကြောင့် ကမ္မပထမမြောက်။’’
                                                                         (သင်္ဂြိုဟ်ဘာသာဋီကာ-နှာ ၃၇၃)
       ဆရာတော်နှစ်ပါးရဲ့ ဆိုလိုရင်းကတော့ မုသာဝါဒတော့ ဖြစ်တယ်၊ ဒါပေမဲ့ အပါယ်လားကြောင်း မကောင်းမှု အကုသိုလ်ကံတော့ မဖြစ်ပါဘူးလို့ ဆိုလိုတာပါပဲ။ အပါယ်ကျစေတဲ့ အကုသိုလ် အဆင့်ထိတော့ မဖြစ်ပါဘူးတဲ့။
       မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားဆိုတာ ရွှေကျင်ဂိုဏ်းပထမ အစ ရွှေကျင်ဆရာတော်ဘုရားကြီး ပြီးရင် ဒုတိယမြောက်ဆရာတော် ဘုရားပါ။ ဂိုဏ်းအားလုံးက ခေတ်အဆက်ဆက် ဒီနေ့အထိ လေးစားရတဲ့ ဆရာတော်ဘုရားပါ။
       အလားတူ ငယ်ငယ်က ကြားဖူးတာလေးကို သွားသတိရမိ ပါတယ်။
တစ်ခါက ရဟန်းတစ်ပါး ရပ်နေတုန်းမှာပဲ သူခိုးတစ်ယောက် က ရဟန်းရှေ့က ဖြတ်ပြေးသွားပါတယ်။ နောက်က ရဲတွေ အပြေး လိုက်လာပြီး ရပ်နေတဲ့ ရဟန်းအနားရောက်တော့ -
       ‘’အရှင်ဘုရား... ဒီနားမှာ လူတစ်ယောက် ဖြတ်ပြေးသွားတာ မြင်လိုက်လား’’ လို့ မေးလိုက် ပါတယ်။
       ရဟန်းက ကောင်းကောင်းမြင်လိုက်ပါတယ်၊ ဒါပေမဲ့  ‘’မြင်လိုက်ပါတယ်’’ လို့ အမှန်အတိုင်း ဖြေလိုက်ပြန်ရင်လည်း ဟို... သူခိုးမှာ မိပြီး အချုပ်ခံ ထောင်ကျမယ်၊ အရိုက်ခံရမယ်၊ ‘’မမြင်ပါဘူး’’ လို့ လိမ်ပြောပြန်ရင်လည်း မုသာဝါဒ သိက္ခာပုဒ်အရ အာပတ်သင့် မယ်။
         ဒီတော့ ရဟန်းက ရပ်နေရာကနေ ရှေ့ကို တစ်လှမ်းတိုးရပ်လိုက်ပြီး -
       ‘’ဒကာကြီးတို့ရယ်... ဒီနားရောက်မှတော့ ဘယ်သူ့ကိုမှ မမြင်လိုက်ပါဘူး’’ လို့ ဖြေလိုက်ပါ သတဲ့။
         ဟုတ်ပါတယ်၊ မူလရပ်နေတဲ့ နေရာမှာ မြင်လိုက်ရပေမယ့် ရှေ့တစ်လှမ်းတိုးရပ်လိုက်တဲ့ နေရာမှာတော့ ဘယ်သူ့ကိုမှ မမြင်တော့ပါဘူး။ နေရာရွှေ့ပြီး ဖြေလိုက်တာပါ။
         ဒါမျိုးကျတော့ ကိုယ်ပိုင်ဖြတ်ထိုးဉာဏ်ရယ်၊ ရှိထားတဲ့ ဗဟုသုတရယ်က အထောက်အကူဖြစ်သွား တာပါ။ တချို့အကုသိုလ်တွေ၊ အပြစ်တွေကျတော့လည်း ကိုယ့်ဟာကိုယ် ရပ်နေတာကို တကူးတက လာပေးတာပါ။ အရှောင်တတ်လို့ပါ။ မရှောင်တတ်ရင် လက်ထဲမှာ အကုသိုလ်အထုပ်နဲ့ ကျန်ခဲ့မှာပါ။
          မုသာဝါဒနဲ့ ပတ်သက်ပြီး ဋီကာကျော်စာမျက်နှာ- ၁၇၃-၁၇၄ မှာ ပြထားတာလေးက မှတ်သားစရာ တစ်ခုပါ။
        သော ပရဿ အတ္ထဘေဒ ကရောဝ ကမ္မပထော ဟောတိ၊ ဣတရော ကမ္မမေဝ။
       [ထိုမုသာဝါဒသည် သူတစ်ပါး၏ အကျိုးစီးပွား ပျက်စီးခြင်း ကို ပြုမှသာလျှင် အပါယ်လားကြောင်း မကောင်းမှုကံမြောက်၏ (ကမ္မပထ ဖြစ်၏)။ သူတစ်ပါး၏ အကျိုးစီးပွားကို မဖျက်ဆီးသော မုသာဝါဒသည် ကံသာ ဖြစ်၏။ (ကမ္မပထ မဖြစ်)]။
       အဓိပ္ပာယ်ကတော့ ရှင်းနေတာပါပဲ။ သူတစ်ပါးရဲ့ အကျိုး စီးပွားကို ပျက်စီးအောင်ပြုတဲ့ မုသာဝါဒကပဲ အပါယ်လားကြောင်း မကောင်းမှုကံမြောက်ပါတယ်တဲ့။ သူတစ်ပါးအကျိုးစီးပွား မပျက်စီး တဲ့ မုသာဝါဒကတော့ ကံမည်ရုံပါပဲတဲ့။
       ဒါကိုထောက်ပြီး မင်းချင်းက ငါးစီးရှင်ကျော်စွာကို ပြော လိုက်တဲ့ စကားဟာ ငါးစီးရှင်ဘုရင် တစ်ပါး အတွက် ထမင်းတစ်နပ် လောက်နဲ့တော့ အကျိုးစီးပွားပျက်မသွားသလို ရှင်ယောင်အတွက် လည်း အကျိုးစီးပွားပျက်မသွားခဲ့ပါဘူး။ ဒါကြောင့် အပါယ်လားကြောင်း အကုသိုလ်တော့ ဖြစ်မသွား ခဲ့ပါဘူး။
       ဒီလိုပါပဲ၊ တစ်ခါက အဖေဖြစ်သူ အသက်ထွက်ခါနီး အချိန်မှာ သားဖြစ်သူက အရေးပေါ်ခွဲစိတ်ရလို့ ဆေးရုံတက်နေရပါ တယ်၊ သူ့သားမလာသေးဘူးလားလို့ မေးတဲ့အခါ ‘’ရာထူးတိုးနဲ့ နယ် ရောက်နေလို့ပါ’’လို့ ဖြေလိုက်တဲ့ အဖြေစကားဟာလည်း မုသာဝါဒတော့ ဖြစ်ပါတယ်၊ ဒါပေမဲ့ အပါယ်ရောက်ကြောင်း အကုသိုလ်ကံတော့ မမြောက်ပါဘူး။ အသက်ထွက်ခါနီး အဖေအတွက် အကျိုး စီးပွား ပျက်မသွားခဲ့ပါဘူး။ အမှန်အတိုင်းသာ ပြောလိုက်ရင် အဖေ ဖြစ်သူက စိုးရိမ်စိတ်နဲ့ သေသွားရတဲ့အတွက် မကောင်းတဲ့ဂတိကို ရောက်သွားနိုင်ပါတယ်။
     မုသာဝါဒမြောက်ဖို့အတွက် အင်္ဂါ (၄) ပါး ရှိပါတယ်။
       ၁။ မမှန်သော ဝတ္ထုဖြစ်ခြင်း။
       ၂။ မှားယွင်းစေလိုသောစိတ် ရှိခြင်း။
       ၃။ မှားယွင်းဖို့ ကိုယ်၊ နှုတ်တို့ဖြင့် လုံ့လပြုခြင်း။
       ၄။ အလိမ်ခံရသူက အမှားကို အမှန်၊ အမှန်ကို အမှားဟု လိမ်သည့်အတိုင်း သိခြင်း။
       ပါဏာတိပါတ၊ အဒိန္နာဒါန စတဲ့ သိက္ခာပုဒ်တိုင်းမှာ အင်္ဂါ တွေ ရှိပါတယ်။ အင်္ဂါပြည့်စုံမှ အပြစ်သင့်တာပါ။ ဒီမုသာဝါဒမှာလည်း အင်္ဂါ (၄) ပါးပြည့်စုံမှ အပြစ်သင့်တာပါ၊ ဒါပေမဲ့ ဆရာတော် အရှင်ဇနကာဘိဝံသက သင်္ဂြိုဟ်ဘာသာဋီကာမှာ မုသာဝါဒ အင်္ဂါ (၄) ချက်နဲ့ ပတ်သက်ပြီး မှတ်ချက် ယူဆချက်လေး ရေးပြထားပါတယ်။
       ‘ဤမုသာဝါဒအရာ၌ အင်္ဂါလေးပါးပြသောကြောင့်  ‘’လူတို့ ၏ မုသာဝါဒမှာ အင်္ဂါလေးပါးဆုံမှ သီလပျက်ရသည်၊ ရဟန်းတို့ မုသာဝါဒ၌ ၁- လိမ်လိုသောစိတ်၊ ၂- လိမ်လည်မှုပယောဂ ဤ နှစ်ပါး ဆုံလျှင် ပါစိတ်အာပတ်သင့်သည်’’ ဟု ပြောဆိုကြ၏၊ လူတို့ မှာလည်း ဤအင်္ဂါနှစ်ပါးပြည့်စုံလျှင် သီလပျက်မည်ထင်၏၊ အင်္ဂါလေးပါးမှာ ကမ္မပထမြောက်သော မုသာဝါဒအတွက် ပြခြင်းမျှသာ ဖြစ် မည်ဟု ထင်ပေသည်။
                   (သင်္ဂြိုဟ်ဘာသာဋီကာ-နှာ ၃၇၃)
        ဆရာတော်ဘုရားရဲ့ မှတ်ချက်အရဆိုရင် ၁။ လိမ်လည်လို သောစိတ်နဲ့  ၂။ လိမ်လည်မှု ကိုယ်၊ နှုတ်ပယောဂ ဒီအင်္ဂါနှစ်ပါး ပြည့်စုံရင်ပဲ သီလပျက်မယ်လို့ ထင်မြင်ယူဆထားပါတယ်။
       မြတ်စွာဘုရားဟာ နိယတဗျာဒိတ်ရပြီးတဲ့ ဘုရားအလောင်း တော်ဘဝကစပြီး မုသာဝါဒကို ရှောင်ကြဉ်ခဲ့ပါတယ်။ ပါရမီနုစဉ် ဘုရားအလောင်းတော်ဘဝမှာတော့ တခြား အကုသိုလ်တွေ ပြုခဲ့တာ ရှိပါတယ်၊ ဒါပေမဲ့ မုသာဝါဒကိုတော့ အမြဲ ရှောင်ကြဉ်ခဲ့ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ နတ္ထိ ပါပံ အကာရိယံ - မုသား ပြောလေ့ရှိတဲ့သူဟာ မပြုလုပ်ရဲတဲ့ အကုသိုလ် မရှိတော့လို့ပါတဲ့။
       ဒီဓမ္မပဒစကားနဲ့ ဆက်စပ်ပြီး မဟာစည်ဆရာတော်ဘုရား ကြီးက ‘’မုသာဝါဒဟာ အကုသိုလ် အားလုံးရဲ့ ခေါင်းဆောင်ကြီး’’ လို့ မိန့်ထားပါတယ်။
       တစ်ခါက အလုပ်အင်တာဗျူးတစ်ခုမှာ အားလုံး အဆင် ပြေပြေ ဖြေပြီးသွားတဲ့အခါ နောက်ဆုံး မေးခွန်းအနေနဲ့ ‘’ကိုယ့်မှာ ဘာအားနည်းချက်ရှိလဲ’’ လို့မေးတော့ ‘’ကျွန်တော့်မှာ အားနည်းချက် ဆိုလို့ လိမ်ပြောတတ်တဲ့ အားနည်းချက်တစ်ခုပဲ ရှိပါတယ်’’ လို့ အမှန် အတိုင်း ဖြေလိုက်ပါသတဲ့။
       မလိမ်ဘဲ အမှန်အတိုင်း ဖြေလိုက်တဲ့ အတွက် အလုပ်ရှင်က အလုပ်ခန့်လား၊ မခန့်လားတော့ မသိတော့ပါဘူး။
      ဇနီးခင်ပွန်း ချစ်သူနှစ်ယောက်မှာ ယောကျ်ားက မိန်းမကို လိမ်ရင် ဓမ္မပြစ်ကော လောကပြစ်ကော သင့်ပါတယ်၊ လောကပြစ် ကတော့ အလိမ်ခံရသူ မိန်းမက လိမ်တဲ့ယောကျ်ားအပေါ် အထင်သေး သွားတာပါပဲ။ အထင်သေးမှု လောကပြစ်ဒဏ်ပါ။
       တကယ်တော့ ကိုယ်ချစ်ရတဲ့ သူတွေကို သစ္စာစောင့်စည်း ခြင်းအားဖြင့် ဘယ်သောအခါမှ မုသားမပြောတာက အမြတ်နိုးဆုံး တန်ဖိုးထားခြင်းတစ်ခုပါပဲ။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ် မြတ်နိုး တန်ဖိုးထားစရာတစ်ခုတော့ ရှိဦးမှပါ။ ချစ်ရတဲ့သူတွေကို မလိမ်ကောင်း ပါဘူး။
       မုသားတစ်ခုကြောင့်ပဲ ကွဲကွာသွားရတဲ့ ဇနီး၊ ခင်ပွန်း၊ ချစ်သူ၊ မိတ်ဆွေတွေ အများကြီးပါပဲ။ ဒါလောကပြစ်က ဒဏ်ခတ် လိုက်တာပါ။ နယ်ပယ်ချင်း မတူတဲ့အတွက် လောကပြစ် စံထား ပုံချင်း တူကြမှာတော့ မဟုတ်ပါဘူး။
       တစ်ခါတလေကျတော့လည်း ဘဝက ကိုယ့်ဟာကိုယ် အေးအေးဆေးဆေး နေနေတာကို မုသားပြောပေးပါဦးလို့ လာပြော သလိုပါပဲ။ အပြောမတတ်ရင် နေရင်းထိုင်ရင်း အကုသိုလ် အလကား ယူပေးရသလို ဖြစ်နေတာပါ။
       ဘာပဲပြောပြောလေ... လူဆိုတာ တစ်ယောက်တည်း ရပ်တည်လို့ မရတော့ တကယ်လို့များ တစ်ယောက်တည်းနေနေတုန်း ‘မုသားပြောပေးပါဦး’ လို့ ပြောခိုင်းလာရင် အပါယ်လားကြောင်း မုသားခါးခါး မဖြစ်အောင် သတိနဲ့ ပြောလိုက်နိုင်ဖို့ပါပဲလေ။
                                                                                          ရဝေနွယ်(အင်းမ)

No comments:

Post a Comment