🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ် အခါတုန်းက သရဏဂုံရဲ့ တန်ဖိုးကို သိကြတဲ့အတွက် တချို့သော ကိုယ်ဝန်ဆောင် ဒကာမများ ဆိုရင် မိမိအတွက် သရဏဂုံ ခံယူရုံမျှ မကသေးဘူး၊ မိမိဝမ်းထဲမှာ ရှိနေတဲ့ ကလေးအတွက်ပါ သရဏဂုံ ခံယူတဲ့ ဒကာမတွေတောင် ရှိခဲ့ဖူးတယ်။
ဘုရားရှင်လက်ထက်တော် အခါက သရဏဂုံကို အကြောင်းခံပြီး ရဟန္တာဖြစ်သွားရတဲ့ ပုဂ္ဂိုလ်တွေလဲ ရှိခဲ့ဖူးတယ်။ " သရဏဂုံမထေရ် " လို့ပဲ အမည် တွင်ခဲ့ကြတယ်။
သရဏဂုံ စွဲမြဲတဲ့အတွက် ပဒုမုတ္တရ ဘုရားရှင်လက်ထက်တော်က စပြီး ဘုရား ၁၆-ဆူတိုင်တိုင် ဘဝပေါင်းကို ထား၍ ကမ္ဘာပေါင်းပင် မရေမတွက်နိုင်အောင် အပါယ်လေးပါး ဆိုတဲ့ အသံကိုတောင် မကြားရဘူး။ လူ့ပြည်၊ နတ်ပြည်မှာချည်း အဆင့်တန်းမြင့်မြင့် စည်းစိမ် ခံစား ခဲ့ကြရတယ်။
မြတ်စွာဘုရားရှင် လက်ထက်တော်က သာဝတ္ထိပြည်မှာ ၇-နှစ်သားအရွယ် သူကြွယ်သားကလေးတစ်ယောက် ရှိခဲ့ဖူးတယ်။
ကလေးတို့ဘာဝ ကစားဖော် ကလေးများနှင့် ဘုန်းကြီးကျောင်းတိုက် တစ်ခုထဲ ရောက်သွားကြတယ်။
ကျောင်းတိုက်ထဲမှာ သီတင်းသုံးနေတဲ့ ရဟန္တာအရှင်မြတ်တစ်ပါးက ပျူပျူငှာငှာနဲ့ ကလေးများကို နှုတ်ဆက် မေးစမ်းပြီး သရဏဂုံသုံးပါးကို ရွတ်ဆို၊ သင်ပြ ပေးလိုက်တယ်။ ကလေး နားနဲ့ တန်တဲ့ ဆုံးမစကားလည်း ပြောဟော ပေးတယ် တဲ့။
သူကြွယ်သားကလေးဟာ...
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " လို့ ဆိုလိုက်တာနဲ့ ချက်ချင်း ရိုးတွင်းချ ဉ်ဆီ ခိုက်အောင် ပီတိတွေ ဖြစ်သွားတယ်။
အိပ်ပျော်နေရာက ဖြုန်းကနဲ နိုးလာပြီး တစ်စုံတစ်ခု သတိရလိုက်သလို မီးခဲပြာဖုံး ဖြစ်နေတဲ့ အသိတွေ ဘွားခနဲ ပွင့်သွားတယ်။
သရဏဂုံကို အကြောင်းပြုပြီး ဝိပဿနာဉာဏ် ဝင်စားလိုက်တာ အဲဒီနေရာမှာပဲ ခုနစ်နှစ်သားကလေးနဲ့ ရဟန္တာ ဖြစ်တော်မူသွားတယ်။
သတ္တဝါတို့ မည်သည် နောက်ကြောင်းကိုယ်စီ ရှိကြတယ်။ ဘဝနောက်ခံ ကိုယ်စီ ပါကြတယ် လို့ မှတ်ရမယ်။
အသိဉာဏ်ရှိတဲ့ ဘဝတစ်ခုခုမှာ ထိထိခိုက်ခိုက် နှလုံးသွင်း လေ့ကျင့်ထားတဲ့ အလုပ်တစ်ခုဟာ တစ်သံသရာလုံး အကျိုး ဖြစ်စေတယ်။ နှယ်နှယ်ရရ မမှတ်ကြနှင့်။
ဒီ ၇-နှစ်သား သူကြွယ်သားကလေးဟာ ဟိုး ! လွန်ခဲ့တဲ့ ၇-ဆူမြောက် ဝိပဿီ မြတ်စွာဘုရားရှင် လက်ထက်တော် အခါတုန်းက ဗန္ဓုမတီပြည်က မျက်မမြင် ဒုက္ခိတ မိဘနှစ်ပါးကို ပြုစု လုပ်ကျွေးခဲ့တဲ့သူ ဖြစ်တယ်။
ရဟန်းတော်တွေရဲ့ဘဝကို ဖူးမြင်ရတိုင်း သူ့မှာ အားကျတဲ့စိတ် ဖြစ်ရှာတယ်။
သို့ပါသော်လည်းပဲ...
" ဪ! ငါ့မှာ မျက်မမြင် မိဘနှစ်ပါးကို လုပ်ကျွေး ပြုစုရမယ့် တာဝန် ရှိနေတယ်။ သူများလို လွတ်လွတ်လပ်လပ်သာ ဆိုရင် ရဟန်းပြုရသော် ကောင်းလေစွ " လို့ မကြာခဏ စိတ်ကူးမိတယ်။
နောက်ဆုံးမှာတော့...
" မရနိုင်တာ တောင့်တနေလို့ အကျိုး မရှိဘူး။ သရဏဂုံသုံးပါးနှင့် နေပြီး သရဏဂုံသုံးပါးနှင့် သေရင်လဲ ဒီဘဝ ဒုက္ခတွေကနေ လွတ်မြောက်မှာပါပဲ " ဆိုပြီး နိသဘခေါ်တဲ့ အဂ္ဂသာဝကမထေရ် တစ်ပါးထံမှာ သရဏဂုံ ဆောက်တည်ပြီး စွဲမြဲစွာ နေသွားတယ်။
အဲဒီဘဝက သေတဲ့နောက် တာဝတိံသာမှာ ဘဝ ဖြစ်တယ်။
သရဏဂုံ စွဲမြဲ ထုံသောကြောင့် အပါယ်လေးဘုံ ဆိုလျှင် ကြားပင် မကြားရဘဲ ဝိပဿီ၊ သိခီ၊ ဝေဿဘူ၊ ကကုသန်၊ ကောဏဂုံ၊ ကဿပ၊ ဂေါတမ ဘုရား ၇-ဆူ ကာလတစ်လျှောက်လုံး ကမ္ဘာပေါင်းများစွာ လူ့ပြည်၊ နတ်ပြည် မှာပဲ
လှည့်လည်ပြီး အဆင့်တန်းမြင့်မြင့်ချည်း ကျင်လည် ခဲ့ရတယ်။
ဂေါတမဘုရားရှင် လက်ထက်မှာ ခုနက ပြောခဲ့တဲ့အတိုင်း
ဒီခေတ်မှာ ပြောနေကြတဲ့ မီလျံနာ၊ ဘီလျံနာ လောက်မက ချမ်းသာကြွယ်ဝတဲ့ မဟာသာလ သူဌေးမျိုးမှာ ဘဝ ဖြစ်လာတယ်။
ဘဝနောက်ခံ ပါခဲ့သည့် အားလျော်စွာ " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " လို့ နှုတ်က ရွတ်ဆိုလိုက်တာနဲ့ ဇာတိဿရဉာဏ်တွေရ၊ ဘွားခနဲ အတိတ်ဘဝက အလုပ်တွေ ပြန်ပေါ်လာပြီး ဝိပဿနာဉာဏ် ဝင်စားလိုက်တာနဲ့ ချက်ချင်း ရဟန္တာ ဖြစ်တော်မူသွားတယ်။
အားကျဖွယ် ကောင်းလိုက်တာ လေ။
ဒါကြောင့် အနည်းဆုံး သရဏဂုံနှင့် နေ၊ သရဏဂုံနှင့် သေကြရင် အရိယာဘဝသို့ မရ၊ မရောက်ကြရသေး စေကာမူ အပါယ်ဘေးကြီးကနေ စိတ်ချရပြီ။
နတ်ပြည် ၆-ထပ် မြင့်မြတ်တဲ့ဘဝတွေကို အသာကလေး ရနိုင်တယ်လို့ မမှိတ်မသုန် ယုံကြည် ကြရမယ်။
သည့်ထက်ကောင်းတဲ့ ဂါထာ မရှိဘူးဟူ၍ မှတ်ပါ။
ဘယ်လို အန္တရာယ်ကင်းတယ်၊ စီးပွား တက်မယ် ဆိုပြီး သူပြော၊ လူပြော၊ ဘုရားဟော မဟုတ်တဲ့ ဂါထာ အသစ်အဆန်းတွေ မလိုက်ကြနဲ့။
" ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ " ဆိုတဲ့ သဗ္ဗမင်္ဂလာ ဂါထာတော်ကြီးနှင့် " အရဟံ " စသော ဂုဏ်တော် မူရင်းတွေထက် ကောင်းတဲ့ဂါထာ ဘယ်မှာ ရှိလိမ့်မတုန်း။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ - မြတ်စွာဘုရားကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
ဓမ္မံ သရဏံ ဂစ္ဆာမိ - တရားတော်မြတ်ကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
သံဃံ သရဏံ ဂစ္ဆာမိ - သံဃာတော်မြတ်ကို ကိုးကွယ်ရာ
ဟူ၍ ဆည်းကပ်ပါ၏။
ဟူ၍ ဘုရား၊ တရား၊ သံဃာ ရတနာ ၃-ပါးသာလျှင် ကိုးကွယ်ရာ အစစ် ဖြစ်သည် ဟု သိမှတ်ရိုသေ၍ ရတနာ ၃-ပါးကို ယုံကြည်စိတ်ဖြင့် -
၁။ ရတနာ ၃-ပါးထံ မိမိကိုယ်ကို အပ်နှင်းခြင်း။
၂။ ရတနာ ၃-ပါးကို မှီခို၊ အားထားခြင်း။
၃။ ရတနာ ၃-ပါး၏ တပည့်အဖြစ် ခံယူခြင်း။
၄။ ရတနာ ၃-ပါးကို ကိုးကွယ် ဆည်းကပ်ခြင်း။
ဤ ၄-ပါး အနက်မှ ၄-ပါးလုံး (သို့မဟုတ်) အနည်းဆုံး ၁-ပါး,ပါး ကို မိမိ၏ သန္တာန်(ရုပ်၊ နာမ် အစဉ်)၌ တည်အောင် ပြုပါက " သရဏဂုံ တည်သည် " ဟု မှတ်ယူပါသည်။
🙏ကျေးဇူးရှင် နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဦးဥတ္တမသာရ🙏
No comments:
Post a Comment