ခန္ဓာကိုယ် ကြီး ကျန်းမာတယ်ဆိုတာ
တစ်ခဏပဲ ကျန်းမာတာ။
စိတ်ကျန်းမာသွားရင် ထာဝရ ကျန်းမာတာ။
ဒါကြောင့်မို့ စိတ်ရောဂါ ကင်းတဲ့ ပုဂ္ဂိုလ်ဆိုတာ ရဟန္တာပဲ ဖြစ်တယ်တဲ့။
ကျန်တဲ့ ပုဂ္ဂိုလ်တွေကို စိတ်ရောဂါ
ကင်းတယ်လို့ မဆိုနိုင်ဘူး။
ဒါပေမယ့် လူတွေက စိတ်ရောဂါသည်တို့၊ စိတ္တဇ ရောဂါသည် တို့ ဆိုပြီး သူများကို
သွားခေါ် နေ ကြ တာ နော်။
ကိုယ့် ကိုယ် ကို တော့ အဲဒီထဲမှာ
စာရင်းမသွင်း ဘူး လေ။
သို့သော် မြတ်စွာဘုရား က
စိတ်ရောဂါလို့ ပြော တာ ဟာ
ကိလေသာ တွေ ကို ပြောတာ။
“လောဘ” လည်း စိတ်ရောဂါပဲ။
“ဒေါသ”ကလည်း စိတ်ရောဂါပဲ။
“ဒေါသ” စိတ်ရောဂါဆိုတာ ဘယ်လောက် ထင်ရှားတုန်း။
ကြည့်လေ စိတ်ဆိုးတဲ့လူ တစ်ယောက်ဟာ မပြော သင့် တဲ့ စကား တွေ ပြောတယ်။
မလုပ်သင့်တာတွေ လုပ်တယ်။
အရပ်ထဲမှာဆိုလို့ရှိရင် အရှက်တကွဲ အကျိုး နည်း။
တချို့များဆိုရင် ဆဲကြ၊ ဆိုကြ၊ ခုန်ကြ
ပေါက်ကြ နဲ့ တစ်ခါတည်းကို ရုပ်ပျက်ဆင်းပျက်
တွေ မဖြစ် ကုန် ဘူး လား။
တကယ့်ကို ဒေါသဖြစ်လာလို့ရှိရင်
တကယ့်ကို အရူးဖြစ်သွားတာပဲ။
အဲဒါ ရောဂါပဲပေါ့။
မောဟဖြစ်ရင်လည်း ရောဂါပဲ။
ဣဿာမစ္ဆရိယ ဖြစ်ရင်လည်း
ကိလေသာတွေ ဖြစ်တာမို့ ရောဂါပဲ။
အဲဒီ ရောဂါတွေကို ကုစားဖို့ အကောင်းဆုံး ကတော့ ဟောဒီ “ဗောဇ္ဈင်(၇)ပါး” ပါပဲတဲ့။
ဒီဂါထာမှာ “သြသဓဉ္စဣမံမန္တံ” လို့ ဆိုတယ်။
“မန္တ”-ဆိုတာ အစွမ်းထက်တဲ့ မန္တရားပေါ့။
အစွမ်းထက်တဲ့ မန္တာန်၊ မန္တရားကလည်းပဲ
မှန်မှန် ကန်ကန် နဲ့ ဒီမန္တရားကို အသုံးပြုပြီ ဆိုလို့ရှိရင် ရောဂါကို ပယ်ဖျောက်ပေးနိုင်တာပဲ။
သူကလည်း အစွမ်းထက်တဲ့ မန္တရားကို အသုံးပြု ပြီး ရောဂါကို ပယ်ဖျောက် ပေးနိုင်တယ်။
အဲဒါကြောင့် တကယ့်ရောဂါကို ပယ်ဖျောက် ပေး နိုင်တဲ့ မန္တရား အစစ်ဆိုတာ ဟောဒီ ဗောဇ္ဈင်ပဲ တဲ့။ ဒီလို ဆိုလိုတာ။
ဒါကြောင့် မို့ “ဗောဇ္ဈင်္ဂဉ္စဘဏာမဟေ”လို့ ဒီဗောဇ္ဈင်သုတ် ကြီးကို ရွတ်ဖတ် ကြပါ စို့ တဲ့။
ဒီဂါထာလေးက အဲဒီ အဓိပ္ပါယ်ကို ဆောင်တယ်။
“ဗောဇ္ဈင်္ဂေါ သတိသင်္ခါတော၊
ဓမ္မာနံ ဝိစယော တထာ၊
ဝီရိယံ ပီတိ ပဿဒ်ဓိ၊
ဗောဇ္ဈင်္ဂါ စ တထာပရေ၊
သမာဓု ပေက္ခာ ဗောဇ္ဈင်္ဂါ၊
သတ္တေ တေ သဗ္ဗဒဿိနာ။”
“သဗ္ဗဒဿိ”-ဆိုတာ အရာ ခပ်သိမ်းကို မြင်တဲ့ မြတ်စွာဘုရား တဲ့။
“သံဝတ္တန္တိ အဘိညာယ၊ နိဗ္ဗာနာယ စ ဗောဓိယာ”
ဒီ ဗောဇ္ဈင် (၇) ပါးဟာ...
သတိ၊ ဓမမှဝိစယ၊ ဝီရိယ၊ ပီတိ၊ ပဿဒဓှိ၊ သမာဓိ၊ ဥပကခြော။
ဟော ဗောဇ္ဈင် (၇) ပါး။ ဒါပြောတာနော်။
အဲဒီလို စာအတိုင်း ရွတ်ဆိုနေတဲ့အခါ ဒီတရားတွေ
ဒို့ သန္တာန် မှာ မရှိဘူးလို့ ဒီလို မအောက်မေ့လေနဲ့။
မြတ်စွာဘုရားက ဟောထားတာ “သတိ”။
လူ တိုင်း လည်း ပြောတာ ဟေ့ … သတိထားနော်။
သတိ ရှိရမယ် နဲ့ ပြောကြတယ်။
ကိုယ့်သန္တာန်မှာရှိတဲ့ သတိလေးရှိတယ်။
သတိ က မဟုတ်တဲ့ နေရာမှာ သွားရှိရင်
ဒီ သတိကတော့ ကောင်းတဲ့ သတိ မဟုတ်ဘူးပေါ့။
ခု ဗောဇ္ဈင်(၇)ပါး ထဲ မှာ ပါတဲ့ သတိကျတော့ တရားနဲ့ ပတ်သတ်တဲ့ သတိကို ဆိုလိုတယ်ပေါ့။
ဘာကို သတိရ ရမယ့် သတိလဲ။
တရားနဲ့ ပတ်သတ်တာကို သတိရဖို့နော်။
ဒါဖြင့် အိမ်ကို သတိရတာတို့၊
ပစ္စည်းတွေ သတိရတာ၊ ဟိုဟာ ဒီဟာ သတိရတာ၊ သားသတိရတာ၊ သမီးသတိရတာ အဲဒါ သတိ မဟုတ်ဘူးလား လို့ ဆိုတော့
သူကျတော့ ဘာနဲ့လာနေတုန်း။
သတိရတယ် ဆိုကတည်းက လွမ်းတယ်၊
ဆွေးတယ်ဆိုတာ ပါမလာဘူးလား။
နောက်က အကုသိုလ်တွေနဲ့ ရောထွေးလာတာလေ။
အဲဒါကြောင့်မို့ သတိ ဆိုတာ ဘယ်ပေါ်မှာ
ပွားရမလဲ ဆိုရင် ကိုယ့်ခန္ဓာ ကာယမှာ ပွားရမယ်။
တို့တစ်တွေ ဘယ်လောက် သတိ လက်လွတ် ဖြစ်နေလဲ ဆို တာ စဉ်းစားကြည့်။
လူတွေက (၂၄)နာရီ အသက်ရှူ နေပါ လျက်သားနဲ့ ငါ့နှာခေါင်းက အသက်ရှူနေပါတယ်လို့ မသိကြဘူး။ဟုတ်ရဲ့လား။
ကမ္မဋ္ဌာန်း ထိုင်မှပဲ ထွက်လေ၊ ဝင်လေလေး မှတ်ရ တယ် ဆို လို့ မှတ်နေတာ။
အဲဒါတောင်မှ အကြိမ်ပေါင်း တစ်ရာလောက် ဟိုပြေး ဒီပြေး ဖြစ်နေတာ။
အဲတော့ လူတွေဘယ်လောက် သတိလက်လွတ်
ဖြစ်နေကြလဲ၊ ကိုယ့်သန္တာန်မှာ ဘာတွေဖြစ် နေ တယ် ဆိုတာ ကိုယ်မသိဘူး။
ထိုင်တော့ ထိုင်နေတယ်။ ကိုယ့်သန္တာန်မှာ ဖြစ်နေ တဲ့ စိတ် က ကိုယ့်နားမှာ မရှိဘူး၊ တခြား ရောက် နေ တာ။
ဒါကြောင့်မို့လို့ မြတ်စွာဘုရားက “ကာယာနုပဿနာ သတိပဋ္ဌာန”။ကာယပေါ်မှာ သတိထားတဲ့။
နောက်တစ်ခါ ကိုယ့်ရဲ့ခံစားချက် ပျော်ရင် ပျော်တယ်။ မပျော်ရင် မပျော်ဘူး၊ စိတ်ချမ်းသာရင် စိတ်ချမ်းသာတယ်။
စိတ်မချမ်းသာရင် စိတ်မချမ်းသာဘူးဆိုတဲ့ ကိုယ့်ရဲ့ ခံစားချက်ပဲ။
အဲဒီ ခံစားချက်တွေပေါ်မှာလည်းပဲ "သတိ” ဆိုတာ ရှိရမယ်။ တို့တစ်တွေက အဲဒီပေါ်မှာ “သတိ”က မရှိဘူး။
ပျော်ရင် ပျော်စရာအာရုံပေါ် စိတ်က ရောက်နေတာ။
စိတ်ညစ်ရင်လည်း စိတ်ညစ်စရာ အာရုံပေါ်ပဲ ရောက်နေတယ်။
ခံစားချက်ကို မသိလိုက်ဘူး။ နောက် ကိုယ့်ရဲ့ စိတ်အခြေအနေရော သိသလားဆိုတော့ မသိဘူး။
ကိုယ့်ရဲ့စိတ်အခြေအနေကိုလည်း ကိုယ်မသိဘူး။ လူတွေ နောက်တစ်ခါ ကျန်တဲ့ သဘာဝတရား တွေ ရော သိလားဆိုတော့ မသိဘူး။
ဒါကြောင့်မို့လို့ သတိကို လေ့ကျင့်မွေးမြူပေးဖို့..မြတ်စွာဘုရားက “ကာယ၊ ဝေဒနာ ၊ စိတ္တ၊ ဓမ္မ” လို့ ဒီအာရုံလေးမျိုးကို မဟာသတိပဋ္ဌာန်သုတ်မှာ ဟောထားပေးတာ။
ကာယ၊ ဝဒေနာ၊ စိတ်တ၊ ဓမ်မ ဆိုတာ
တခြား သွားရှာ စရာ လည်း မလိုဘူး။
ကိုယ့်သန္တာန်မှာ ရှိတာ။ ကိုယ့်သန္တာန်မှာ ရှိတဲ့ အာရုံ အပေါ်မှာ သတိကို လေ့ကျင့် မွေးမြူ ပေး တာ။
အဲဒါကို “သတိသမ္ဗောဇ္ဈင်” လို့ ခေါ်တာပဲ။
ဓမ္မဝိစယဆိုတာ သဘာဝကို စူးစမ်းဆင်ခြင်တဲ့ ပညာပဲ။ အဲဒီ အသိပညာကလည်းပဲ အင်မတန်မှ အရေးကြီးတယ်တဲ့။
အေး…သတိထား လိုက်တာနဲ့ တပြိုင်နက် တရားဓမ္မကို ဆင်ခြင်စဉ်းစား တတ်တယ်၊ လေ့လာတတ်တယ်။
စူးစမ်းတယ် ဆိုတဲ့ဟာ ပေါ်လာတယ်။
အဲဒါကို “ဓမ္မဝိစယ” လို့ခေါ်တာ။
အဲဒီလို စူးစမ်းတယ်လို့ ဆိုတဲ့ အခါမှာ ကြိုးပမ်း အားထုတ်မှုလေး ရလာတယ်။
အဲဒါက “ဝီရိယ”။ ကြိုးပမ်းအားထုတ်တဲ့အခါမှာ စိတ်ကလေး က ကြည်နူးလာတယ်၊ ထူးခြားတာလေးတွေ တွေ့လာတော့ စိတ်ထဲက “ပီတိ” ဖြစ်လာတယ်။ ဒါကို “ပီတိသမ္ဗောဇ္ဈင်” လို့ ခေါ်တာ။
ပီတိဖြစ်လာတဲ့ အခါကျတော့ ကိုယ်ရော စိတ်ရော ငြိမ်းချမ်းလာတယ်။
ဒါကို “ပဿဒ္ဓိ” လို့ ခေါ်တယ်။
ကိုယ်စိတ်ငြိမ်းချမ်းလို့ ချမ်းသာသုခ ရလာတာနဲ့။တပြိုင်နက် စိတ်ကလေးကလည်း ငြိမ်းလာတယ်။ အဲဒါကို “သမာဓိ” လို့ ခေါ်တယ်။
အဲဒီ စိတ်ကလေး ငြိမ်းလာပြီဆိုလို့ရှိရင် သဘာဝတရားတွေဟာ ဆိုင်ရာ ဆိုင်ရာ သူ့ကိစ္စတွေကို ဟန်ချက် ညီညီနဲ့ သူတို့က ဆောင်ရွက်သွားကြတယ်တဲ့။
အစွန်းမထွက်ကြဘူး။
ဘယ်ဟာကမှ ပိုတယ်မရှိဘဲနဲ့
ဟန်ချက်ညီညီ ဖြစ်နေတယ်။
အဲဒါကို “ဥပေက္ခာ” လို့ ခေါ်တာပဲ။
အားလုံး ပေါင်းလိုက်တဲ့ အခါ ကျတော့ အဲဒီ ဗောဇ္ဈင်(၇)ပါး ဟာ ဆိုင်ရာဆိုင်ရာ ကိစ္စတွေကို စွမ်းဆောင်ပြီ ဆိုလို့ရှိရင် လူတွေမှာ ဘာဖြစ် ပေါ် လာလဲ ဆိုရင်....
ထူးခြားတဲ့ အသိဉာဏ်တွေ တရား ဓမ္မနဲ့ ပတ်သက်တဲ့ ဉာဏ်တွေဟာ ပေါ်လာ တယ် တဲ့။
အဲဒီ ဉာဏ်တွေ ပေါ်လာတဲ့အခါကျတော့ မိမိတို့ လိုချင်တဲ့ နိဗ္ဗာန် ချမ်းသာဆိုတာ ကိုယ်တိုင် မြင် လာ တယ်။
အဲဒါမှ မြင်နိုင်တာ၊ နို့မို့ဆို မမြင်နိုင်ဘူး။
နိဗ္ဗာန် ချမ်းသာဆိုတာ ရော်ရမ်းမှန်းဆ ပြီးတော့ သာ နိဗ္ဗာန်ကို ဆုတောင်းနေကြတာ။
အခုလို သဘာဝ တရားတွေ စွမ်းရည် သတ္တိ တက် လာ အောင် လေ့ကျင့် ပေးမှ နိဗ္ဗာန်ဆိုတာ မြင် လာ မှာ။
ဒီ သဘာဝတရားတွေ၊ ဗောဇ္ဈင်(၇)ပါး တရား တွေ ဟာ “အဘိညာ” တဲ့။
ထူးသော အသိဉာဏ်တွေ ရလာဖို့ အတွက် လည်း ပဲ အထောက်အကူ ဖြစ်တယ်။
ဒါ တွေကို ကိုယ့်သန္တာန်မှာ ဖြစ်အောင် ကြိုးစား မယ် ဆိုလို့ ရှိရင် ထူးခြားတဲ့ အသိဉာဏ်တွေ ရလာမယ်။
“သမ္ဗောဓ” - မှန်မှန်ကန်ကန် သိလာမယ်။
“နိဗ္ဗာန” -လိုချင်တဲ့ နိဗ္ဗာန်ချမ်းသာကိုလည်း ရလာမယ် လို့ ဒီလို မြတ်စွာဘုရားက ဟောတာ။
အဲဒါကို သစ္စာ လို့ ဆိုလိုကျတာ။
“ဧတေန သစ္စ ဝဇ္ဇေန ၊ သောတ္တိ တေ ဟောတု သဗ္ဗဒါ” ဟောဒီ သဘာဝတရားတွေ ရှိနေတာ မှန်တယ်။
အဲဒီ ဗောဇ္ဈင်(၇)ပါး ကို အကယ်၍ မိမိ သန္တာန် မှာ တိုးပွားအောင် လုပ်နိုင်ပြီဆိုလို့ရှိရင်..
- ထူးခြားတဲ့ အသိဉာဏ်တွေ ရလာမယ်။
- သစ္စာ(၄)ပါးကို မှန်မှန်ကန်ကန် သိလာမယ်။
- နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်လာမယ်။
...ဆိုတဲ့ ဒီစကားဟာ မှန်ကန်ပါတယ်တဲ့။
ဤ မှန်ကန်သော သစ္စာ စကားကြောင့်... “ချမ်းသာပါစေ၊ သင့်မှာ ချမ်းသာသုခ ရပါစေ” လို့ သစ္စာပြုတာ။
ဒါက ပရိတ်ကြီးထဲမှာပါတဲ့ ဗောဇ္ဈင်သုတ်က ဒီလို သစ္စာဆိုတာနော်။ ။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ နန္ဒမာလာဘိဝံသ
No comments:
Post a Comment