စာလုံး

ကြွရောက်လာကြသော ဓမ္မမိတ်ဆွေများအားလုံး ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်း နှင့်ပြည့်စုံကြပါစေ။

Thursday, May 26, 2022

ဇာတ်တော်ကြီး ဆယ်ဘွဲ့.. နေ•မ•ဘူ•စန်

နေမိဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼
နေမိဇာတ်တော်ကြီးသည် ဇာတ်ကြီးဆယ်ဘွဲ့တွင် လေးခုမြောက် ဇာတ်တော်ဖြစ်သည်။ မြတ်စွာဘုရားသည် ကောသလတိုင်း၊ သာဝတ္ထိပြည်တွင် သီတင်းသုံးတော်မူစဉ် ဝိဒေဟရာဇ်တိုင်း မိထိလာပြည်သို့ ဒေသစာရီ ကြွတော်မူခိုက် ဂါထာ ၁၂၀ ဖြင့် တန်ဆာဆင်အပ်သော ဤနေမိဇာတ်တော်ကို ဟောကြားတော်မူသည်။ ထိုဇာတ်တော်၌ မြတ်စွာဘုရားသည် နိက္ခမပါရမီကို အထူးပြု၍ ဟောတော်မူသည်။

နေမိဇာတ်တော် အကြောင်းအရာမှာ အောက်ပါအတိုင်း ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ မဃဒေဝအမည်ရှိသော မင်းစိုးစံသည်။ မင်းကြီးသည် တရားတော်၌ မွေ့လျော်သောကြောင့် တခါသော် ဆံပင်မုတ်ဆိတ် ပြင်ဆင်ပေးသော ဆတ္တာသည်အား မိမိဦးခေါင်း၌ ဆံပင်ဖြူကို မြင်လျှင် မိမိအား လျှောက်ကြားရန် မှာထား၏။ တစ်နေ့သော် ဆတ္တာသည်သည် မင်းကြီးဦးခေါင်း၌ ဆံပင်ဖြူ တပင်တွေ့၍ လျှောက်ကြားလေရာ မင်းကြီးသည် သားကြီးအိမ်ရှေ့မင်းကို ထီးနန်းအပ်ပြီးနောက် မိမိကဲ့သို့ ဆံပင်ဖြူကို မြင်တွေ့ရသော အရွယ်တွင် တောထွက်ရန် မှာကြား၍ တောထွက်သွားသည်။ ထိုသို့အားဖြင့် သားမြေးမြစ် အဆက်ဆက်တို့ ထီးနန်းစိုးစံ၍ ဆံပင်ဖြူသောအချိန်တွင် တောထွက်ကြကုန်သည်။

ထိုမဃဒေဝမင်းမှ ၈၃၁၉၉၉ ယောက်မြောက်သော မင်းသည် မိထိလာပြည်ကြီး၌ စိုးစံသည်။ ထိုမင်း၌ နေမိကုမာရ အမည်ရှိသော သားတော်တစ်ပါးရှိသည်။ နေမိမင်းသားသည် ဒါန၊ သီလ၌ အကျင့်ထုံသည်။ ခမည်းတော် တောထွက်တော်မူသောအခါ ထီးနန်းဆက်ခံလေသည်။

တခါသော် နေမိမင်းကြီးသည် ဒါနကမြတ်သလော သီလကမြတ်သလောဟု တွေးတောမရဖြစ်၍ နေရာ သိကြားမင်းသိရှိသဖြင့် ကိုယ်ထင်ပြလာ၍ သီလက ဒါနထက် မြတ်ကြောင်းကို ဟောပြောပြီးနောက် သိကြားမင်း နတ်ပြည်သို့ ပြန်သည်။ သိကြားမင်းသည် နတ်ပြည်၌ နတ်သဘင် အစည်းအဝေးသို့ တက်ရောက်သောအခါ အခြားနတ်များက သိကြားမင်း အဘယ်အရပ်သို့ ကြွနေကြောင်းကို မေးကြသဖြင့် နေမိမင်းကြီး၏ ယုံမှားပြဿနာကို ဖြေခဲ့ပုံနှင့် နေမိမင်းကြီး၏ အကျင့်သီလကို ချီးကျူးပြောပြသည်။ ထိုအခါ နတ်များက ထိုသို့အကျင့်သီလ ပြည့်စုံသော နေမိမင်းကြီးကို ဖူးမြင်လိုကြသဖြင့် နတ်ပြည်သို့ ပင့်ဆောင်ပြသရန် သိကြားမင်းအား တောင်းပန်ကြသည်။

သိကြားမင်းသည် မာတလိနတ်သားအား သိန္ဓောမြင်း တစ်ထောင်ကသော ဝေဇယန္တာရထားကို ပြင်ဆင်စေ၍ လူ့ပြည်သို့စေလွှတ်ကာ နေမိမင်းကြီးကို ဆောင်ယူစေသည်။ ထိုအချိန်တွင် မိထိလာ ပြည်သူပြည်သားများသည် လပြည့်နေ့ဖြစ်သည်နှင့် လဝန်းကို မျှော်ကြည့်ခိုက် နတ်ရထားကို မြင်ကြရသည်။ မာတလိလည်း နေမိမင်းကြီးကို လျှောက်ကြားခေါ်ရာ မင်းကြီးသည် ပြည်သူမှူးမတ်အများကို ခေါ်ယူ၍ မိမိနတ်ပြည်သို့ ခေတ္တသွားခိုက် အလှူပေးခြင်း၊ သီလဆောက်တည်ခြင်း စသော ကုသိုလ်ကောင်းမှု ပြုမြဲဝတ်ကို မချွတ်မယွင်း မကင်းမပေါ့ မလျော့မမေ့ရစ်ကြနှင့်ဟူ၍ မှာထားပြီးလျှင် လိုက်ပါသွားလေသည်။

လမ်းခရီးတွင် နတ်သားက မင်းကြီးအား ငရဲပြည်သို့ သွားရာလမ်း၊ နတ်ပြည်သို့ သွားရာလမ်းဟူ၍ လမ်းကြောင်း ၂ ခု ရှိရာ ရှေးဦးစွာ မည်သည့်လမ်းဖြင့် သွားလိုကြောင်းကို မေးသည်။ နေမိမင်းကြီးက ၂ လမ်းလုံးကို ရောက်လို မြင်လိုကြောင်း ပြောပြသဖြင့် ငရဲပြည်ဘက်သို့ ရထားကို ဦးစွာနှင်သည်။

ထိုသို့အားဖြင့် နေမိမင်းကြီးသည် လမ်းခရီးတွင် ဝေတရဏီငရဲ၊ သုနခငရဲ အစရှိသော ငရဲဘုံကို တွေ့၏။

တစ်ဖန် နတ်ပြည်လမ်းဖြင့် ခရီးနှင့်ပြန်သော် ဗီရဏီနတ်ဘုံ၊ သောနဒိန်နတ်ဘုံ အစရှိသော နတ်ဘုံတို့ကို တွေ့မြင်ရပြီးနောက် တာဝတိံသာ နတ်ပြည် စိတ္တကုဋ်တံခါးမုခ်သို့ ရောက်သည်။ နတ်အများလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။ ထိုနောက် နတ်ဘုံဗိမာန်များကို ပြသ၍ နတ်ပြည်၌ပင် စံနေရန် သိကြားမင်းက ဖိတ်ကြားသည်။

နေမိမင်းကြီးကမူ သူတစ်ပါး၏ ဘုန်းကံဖြင့် ရအပ်သော နေရာ၌ မစံလိုသေးပဲ လူ့ပြည်၌ပင် လူအများအား တရားရှေ့ဆောင် ညွှန်ပြလိုသေးကြောင်းဖြင့် ငြင်းပယ်သည်။

နေမိမင်းကြီးသည် နတ်ပြည်၌ လူတို့အရေအတွက်အားဖြင့် ခုနစ်ရက်စံပယ်၍ နတ်ပရိသတ်အပေါင်းတို့အားလည်း ဒါနသီလ အကျိုးများကို ဟောပြောသည်။ ထိုနောက် လူ့ပြည်သို့ ပြန်လိုကြောင်းကို ခွင့်တောင်းသဖြင့် မာတလိနတ်သား နှင်သော ဝေဇယန္တာရထားဖြင့် မိထိလာပြည်သို့ ပြန်လည်ကြွချီခဲ့သည်။ မိထိလာပြည်မှ တိုင်းသူပြည်သားတို့ကလည်း ဝမ်းမြောက်စွာ ကြိုဆိုကြသည်။

ထို့နောက် မင်းကြီးသည် မိဖုရား သားတော်သမီးတော်တို့မှစ၍ ပြည်သူများအား မိမိမြင်ခဲ့ရသော ငရဲဘုံ၊ နတ်ဘုံများအကြောင်းကို ပြန်လည်ပြောပြသည်။ ပြည်သူအများလည်း တရားစောင့်သုံးကြသည်။ ဤသို့အားဖြင့် နေမိမင်းကြီးသည် ထီးနန်းစိုးစံရာ တနေ့သောအခါ ဘေးလောင်းတော်တို့ကဲ့သို့ ဆံပင်ဖြူကို သိရှိတော်မူသော အချိန်၌ ထီးနန်းကို ကာလရဋ္ဌမည်သော သားတော်အား လွှဲအပ်ပြီးလျှင် တောထွက်ရဟန်းပြု၍ အသက်ထက်ဆုံးနေသည်။

နေမိမင်း              -   ဂေါတမမြတ်စွာဘုရား
သိကြားမင်း          -     ရှင်အနုရုဒ္ဓါထေရ်
မာတလိ               -    ရှင်အာနန္ဒာထေရ်
နေမိမင်း၏မယ်တော် -     သိရိမဟာမာယာဒေဝီ

မဟော်သဓာဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼🌼🌼🌼
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထ္တိလာပြည်၌ ဝိဒေဟရာဇ်မင်းကြီး စိုးစံသည်။ ထိုမင်း၌ သေနက၊ ပက္ကုသ၊ ကာမိနဒ၊ ဒေဝိန္ဒ အမည်ရှိကြသော အမတ်ကြီး ၄ ဦးရှိသည်။ ထိုပြည်၏ ရှေ့ဖက် ပါစိနယဝမဇ္ဈဂုံးရွာ၌ သိရိဝဍ္ဎနသူဌေး၏ မယား သုမနဒေဝီတွင် မ​ဟောသဓ သုခမိန်ဖြစ်မည့် သားငယ်ကို ဖွားမြင်သည်။ ထိုသားငယ်သည် ဖွားစကပင် နတ်ဆေးလုံးကိုင်လျက် စကားပြောသည်။ ထိုဆေးလုံးဖြင့် လူအများ ရောဂါချမ်းငြိမ်းကြရသည်။ ဆေးလုံးကိုစွဲ၍ မဟောသဓဟု အမည်မှည့်သည်။

၇ နှစ်အရွယ်သို့ရောက်သော် မဟောသဓ သတို့သားသည် ဆန်းကြယ်သော ဇရပ်တဆောင်နှင့် ရေကန်တခုကို စီမံပြုလုပ်သည်။ မဟောသဓ ဖွားဦးကပင် မင်းကြီးသည် အိပ်မက် မြင်မက်ထားသည့်အပြင် မဟောသဓ၏ ပညာသတင်း ကြားသောကြောင့် မင်းကြီးသည် ပညာရှိခန့်ထားရန် သေနက အမတ်ကြီးကို တိုင်ပင်သည်။ အမတ်ကြီးက ဝန်တိုသဖြင့် ပညာရှိ မဟုတ်သေးကြောင်း တင်လျှောက်သောကြောင့် နန်းတော်သို့ မခေါ်ဆောင်သေးပဲ ငံ့နေရသည်။

မဟောသဓ သတို့သားသည် ပါစိနယ ဝမဇ္ဈဂုံးရွာ၌ပင် စွန်ချီသော သားတစ်ကို ရအောင် ပြုလုပ်ခြင်း၊ နွားခိုးမှု၊ လည်ရွဲခိုးမှု၊ ခြည်ထွေးခိုးမှု၊​ သားခိုးမှု၊ မယားခိုးမှု၊ ရထားခိုးမှု စသည့် ၇ ခုသော အရေးတို့တွင် တရားမျှတအောင် စီရင်သည်။ ထိုသတင်းတို့ကို မင်းကြီးကြားလေသော် မဟောသဓကို ခေါ်ယူရန် သနက အမတ်ကြီးအား တိုင်ပင်ပြန်သည်။ အမတ်ကြီးက ရှေးနည်းတူ လျှောက်ထားသဖြင့် ဆိုင်းငံ့ခဲ့သည်။ အမတ်ကြီး၏ တင်လျှောက်ချက်အရ မင်းကြီးက ဖြေဆိုစေသော ရှားလှံတံ၏ အရင်းအဖျားကို ရှာစေသည့် ပြဿနာ၊ ဦးခေါင်းခွံ နှစ်ခုကိုကြည့်၍ ယောက်ျားမိန်းမ ခွဲခြားစေသည့် ပြဿနာ၊ မြွေအဖိုအမကို ခွဲခြားစေသည့် ပြဿနာ၊ ဦးခေါင်း၌ ပို့ပါသော သတ္တဝါကို ဆက်စေသည့် ပြဿနာ၊ ပတ္တမြားကို ကြိုးသစ်တပ်စေသော ပြဿနာ၊ နွားလားကို သားဖွားစေသော ပြဿနာ၊ ထမင်းချဉ် ပြဿနာ၊ သဲလွန် ပြဿနာ၊ ရေကန် ပြဿနာ၊ ဥယျာဉ် ပြဿနာတို့ကို အံ့ဩဖွယ် ကောင်းအောင် ဉာဏ်စွမ်းထက်မြက်စွာ ဖြေရှင်းပေးလေသည်။

မင်းကြီးလည်း မဟောသဓ၏ ပညာကို ချီးကျူးလျက် နန်းတော်သို့ ခေါ်ယူကာ အကြိမ်ကြိမ် ချီးမြှောက်ပူဇော်သည်။ တခါသော် မင်းကြီး၏ မိဖုရား ဥဒုမ္ဗရဒေဝီသည် မင်းကြီးနှင့်အတူ ထွက်လာတော်မူစဉ် ငယ်လင် သူယုတ်အား မြင်၍ ပြုံးမိသည်ကို မင်းကြီးက အထင်လွဲသဖြင့် သတ်မည်ပြုရာ မဟောသဓ သုခမိန်၏ တင်လျှောက်ချက်ကြောင့် အသက်ချမ်းသာရာ ရလေသည်။ ထိုအခါမှစ၍ မဟောသဓအား မိဖုရားက မောင်ငယ်အရာထား၍ ချစ်ခင်စွာ ချီးမြှောက်သည်။ မင်းကြီးကလည်း အဿပြာ တစ်သိန်း ပူဇော်လေသည်။

ထိုနောက် မ​ဟောသဓ သုခမိန်သည် ခွေးနှင့် ဆိတ်ပြဿနာ၊ ပညာနှင့် ဥစ္စာ အမြတ်ပြဿနာ စသည်တို့ကိုလည်း ဖြေကြားသည်။ ယင်းသို့အားဖြင့် မဟောသဓသည် အသက် ၁၆ နှစ်သို့ရောက်သော် ဥဒုမ္ဗရဒေဝီလည်း သင့်မြတ်သော သတို့သမီးနှင့် ထိမ်းမြားရန် ပြောရာ မဟောသဓက မိမိအလိုက်အ​လျောက် ရှာဖွေလိုကြောင်းဖြင့် ခွင့်တောင်း၍ အပ်နှင့်ချည်ခင်တို့ကို ဆောင်လျက် ဆင်းရဲသား အပ်ချုပ်သမားအသွင်ဖြင့် ဥတ္တရယဝမဇ္ဈဂုံးရွာသို့ သွားသည်။

ဥတ္တရယဝမဇ္ဈဂုံးရွာတွင် စည်းစိမ်ပျက်သော သူဌေးဟောင်း လင်မယားတွင် အမရာမည်သော သမီးတယောက်ရှိသည်။ ဇနီးလောင်း အရှာသွားသော မဟောသဓသည် အမရာနှင့် လမ်းဝယ်တွေ့ရာ အပြန်အလှန် မေးဖြေ ပညာစမ်းကြပြီးနောက် အမရာ၏ အိမ်သို့ မဟောသဓ သွားသည်။ ထိုနောက် အပ်ချုပ်သည်ဟန်ဖြင့် အဝတ်အထည်စုတ်များကို ချုပ်သည်။ ထိုနောက် အမရာ၏ စိတ်နေသဘောထားနှင့် ပညာအဆင့်အတန်းကို အမျိုးမျိုးစုံစမ်းပြီးနောက် နှစ်သက်သဖြင့် မိဖုရားကြီးအား လျှောက်ထား၍ ဆောင်ယူ လက်ထပ်သည်။

ထိုနောက် အမတ်ကြီး ၄ ပါးသည် မဟောသဓကို မလိုလားသဖြင့် ခိုးသူဖြစ်ဟန် ပရိယာယ်ဆင်၍ မင်းကြီးကို လျှောက်တင်ကြသည်။ မင်းကြီးလည်း လျှောက်တင်ချက်ကို ယုံကြည်၍ အပြစ်ဒဏ်ခတ်ရန် မိန့်မှတ်သဖြင့် မဟောသဓသည် တောင်မဇ္ဈဂုံးရွာသို့ အလွတ်တိမ်းရှောင် ရလေသည်။ 

ထိုအခါ အမရာသည် မိမိပညာဉာဏ်ဖြင့် အမတ်ကြီး ၄ ဦးတို့ ကြံစည်သော အပြစ်တို့ကို ထင်ရှားစေပြီးလျှင် အမတ်ကြီးတို့အားလည်း အရှက်ရအောင်ပြု၍ မင်းကြီးအား အမှန်ကို လျှောက်ထားသည်။ ယင်းသို့အခါတွင် ထီးချက်စောင့် နတ်သမီးက ပုစ္ဆာ ၄ ရပ်ကို မေးရာ ဖြေနိုင်သူမရှိသောကြောင့် မင်းကြီးသည် မဟောသဓအာ ရှာဖွေစေလျက် အိုးထိန်းသည် အိမ်မှ ပြန်၍ ခေါ်ယူကာ ဖြေကြားစေသည်။ မဟောသဓ ဖြေဆိုနိုင်သဖြင့် စစ်ဘုရင် သေနာပတိအဖြစ် ချီးမြှောက်ခံရပြန်သည်။

ထိုနောက် လျှို့ဝှက်အပ်သော ကိစ္စကို မည်သူ့အားမျှ မပြောရာဟူသော ပြဿနာတွင် သေနက အစရှိသော အမတ်ကြီးတို့ အရေးရှုံးနိမ့်သည်မှ မဟောသဓ သုခမိန်သည် ဝိဒေဟရာဇ်တိုင်းကြီးကို ဘုရင့်ကိုယ်စာ စီမံခန့်ခွဲလေသည်။

တခါသော် ဥတ္တရာပဉ္စာလရာဇ်ပြည်မှ စူဠနီဗြဟ္မဒတ်မင်းသည် အတိုင်းတိုင်း အပြည်ပြည်ကို သိမ်းယူပြီးနောက် မိထိလာပြည်ကို စစ်ပြုသည်။ ဝိဒေဟရာဇ်မင်းသည် မဟောသဓ အစီအမံ အဆောင်အရွက်ဖြင့် ရန်သူကို တွန်းလှန်နိုင်သည့်အပြင် နောက်ဆုံး၌ ထိုဗြဟ္မဒတ်မင်း၏ သမီးတော် ပဉ္စလစန္ဒီ မင်းသမီးကို ဥမင်လိုဏ်ခေါင်းတွင်းမှ ဆောင်ယူကာ ဝိဒေဟရာဇ်မင်းကြီးနှင့် လက်ဆက်စေသည်။ စူဠနီဗြဟ္မဒတ်မင်း၏ အတိုင်ပင်ခံ ကေဝဋ်ပုဏ္ဏားသည် မဟောသဓအား ပရိယာယ် အရာတွင် မမှီနိုင်ပဲရှိ၍ အရှက်ကြီးစွာ ရလေသည်။

မဟောသဓသည် နောင်အခါ စူဠနီဗြဟ္မဒတ်မင်းထံ၌ ခစား၍ အသက်ထက်ဆုံး ကြီးမြတ်သော စည်းစိမ်ကို ခံစားရသည်။

မဟော်သဓာ - ဂေါတမမြတ်စွာဘုရား
ဘေရီပရိဗိုဇ်မ - ဥပ္ပလဝဏ်ထေရီ
သိရီဝဍ္ဎနသူဌေး - သုဒ္ဓေါဒနမင်းကြီး
သုမနဒေဝီ - မဟာမာယာဒေဝီမိဖုရားကြီး
အမရာဒေဝီ - ယသော်ဓရာဒေဝီ
သေနကအမတ်ကြီး - မဟာကဿပ
ပက္ကုသအမတ် - အမ္ဗဋ္ဌလုလင်
ကာမိန္ဒအမတ် - ကူဋဒန္တပုဏ္ဏား
ဒေဝိန္ဒသုခမိန် - ပိလောတိကလုလင်
ကျေးသားသုခမိန် - အာနန္ဒာထေရ်
စူဠနီဗြဟ္မဒတ်မင်း - ရှင်သာရိပုတ္တရာထေရ်
ကေဝဋ်ပုဏ္ဏား - ဒေဝဒတ်
ပဉ္စလစန္ဒီဒေဝီ - သုန္ဒရီအမျိုးသမီး
သာလိကာမ - မလလှိကာဒါယိကာမ
ဥဒုမ္ဗရဒေဝီ - ဒိဋ္ဌမင်္ဂလိကာ
ဝိဒေဟရာဇ်မင်းကြီး - ကာဠုဒါရီထေရ်

ဘူရိဒတ်ဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼🌼🌼
ဘူရိဒတ်ဇာတ်တော်သည် ဗုဒ္ဓမြတ်စွာ၏ ထင်ရှားသော ဘဝကြီး
 ဆယ်ပါးကို ပြသည့် ဇာတ်ကြီး ဆယ်ဘွဲ့
တွင် ဆဋ္ဌမမြောက်ဇာတ်ဖြစ်သည်။ ဘုရင်းရှင်သည် သာဝတ္ထိပြည်
ဇေတဝန်ကျောင်းတော် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး
တော်မူစဉ် ဥပုသ်သီတင်း ဆောက်တည်ကြသော ဒါယကာတို့ကို
 အကြောင်းပြု၍ ဘုရားရှင်ကိုယ်တော်တိုင်လည်း ရှေးဘဝ 
ဘူရိဒတ်နဂါးမင်းဖြစ်စဉ် ကြီးစွာသော စည်းစိမ်ကိုစွန့်ကာ
 ကြီးစွာသော ဆင်းရဲဒုက္ခကိုခံ၍ သီလပါရမီကို ထိန်းသိမ်းဖြည့်
တင်းတော်မူခဲ့ကြောင်း အတိတ်ဆောင် ဟောကြားတော်မူခြင်း
 ဖြစ်သည်။ ဂါထာပေါင်း ၂၉၈ ပုဒ်ဖြင့် တန်ဆာဆင် ဟောကြား
တော်မူသော ထိုဘူရိဒတ်ဇာတ်တော်တွင် ယဇ်ပူဇော်ခြင်း၏
 အပြစ်များကို ညွှန်ကြားဖော်ပြ ဟောကြာထားသည်။
 ထိုဇာတ်တော်၏ အကြောင်းအရာကား ဤသို့ဖြစ်သည်။

ရှေးလွန်လေပြီးသောအခါ ဗာရဏသီပြည်၌ တပါးသော
 ဗြဟ္မဒတ်မင်းကြီးသည် မိမိ၏ သားတော် ဥပရာဇာ၌
 စည်းစိမ်အခြံအရံ များပြားပြန့်ပွားလှသဖြင့် ထီးနန်း
အန္တရာယ် ဖြစ်မည်စိုးသောကြောင့် သားတော်ကို မိမိလွန်မှ
သာလျှင် တိုင်းပြည်သို့ ပြန်လာရန် မိန့်ကား၍ ပြည်မှထွက်စေသည်။ သားတော ဥပရာဇာသည် ခမည်းတော်၏ အမိန့်အတိုင်း 
တိုင်းပြည်မှ ထွက်ခဲ့ရာ ယမုနာမြစ်အနီး တစ်ခုသောတောင်
ကြား၌ ရသေ့အသွင်ဖြင့် တောရိပ်ခိုမှီးနေခဲ့သည်။

ထိုအခါ ယမုနာမြစ်အောက်ရှိ နဂါးပြည်မှ မုဆိုးမဖြစ်သော 
နဂါးမသည် ကာမဘော်ဖြင့် ပျော်ပါးလိုသဖြင့် နဂါးပြည်မှ
ထွက်ခဲ့ရာ မြစ်အနီးအနားရှိ ရသေ့၏ ကျောင်းသင်ခမ်းသို့
 ရောက်လာသည်။ နဂါးမသည် သဒ္ဓါကြောင့် ရသေ့ဝတ်ခြင်း
 မဟုတ်သည်ကို စူးစမ်းသိရှိရ၍ ရသေ့နှင့်အတူ ရင်းနှီးနေ
ထိုင်ခဲ့ရာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။
တစ်နေ့တွင် ဗာရာဏသီမင်းကြီး နတ်ရွာလားသဖြင့် ရသေ့အား
 ထီးနန်းဆက်ခံရန် မှူးမတ်တို့က လာရောက်ခေါ်ဆောင်သည်။ 
နဂါးမသည် ဇာတ်မတူသော လူ့တိုင်းပြည် လိုက်ပါနေထိုင်ခြင်း
မပြုလိုသဖြင့် မင်းသားသည် သားတော် သမီးတော်နှစ်ပါးကို
သာ ခေါ်ဆောင်၍ တိုင်းပြည်သို့ ပြန်ကာ မင်းပြုလေသည်။

ထိုမင်းသည် နဂါးမ မှာသည့်အတိုင်း နဂါးသွေးပါသော သား
တော် သမီးတော်တို့အတွက် ရေကန်ကြီးတူး၍ ရေကစား
 ပျော်ရွှင်စေသည်။ တစ်နေ့တွင် လိပ်တစ်ကောင်ကို ရေကန်
တွင်း၌ တွေ့ကြသည်။ လိပ်ကို သားတော် သမီးတော်တို့က
 ကြောက်ရွံ့ကြသဖြင့် ငိုကြရာ မင်းကြီးသည် လိပ်ကို ဖမ်းစေ၍ 
အပြစ်ပေးစေသည်။ မင်း၏ အမတ်တို့က အပြစ်ဒဏ်အမျိုးမျိုးဖြင့်
 ခြိမ်းခြောက်ရာ ထိုစူဠလိပ်က မတုန်မလှုပ်နေခဲ့သည်။
အမတ်တဦးက ယမုနာမြစ်ဝဲတွင် ချမည်ဟု ခြိမ်းခြောက်သော
အခါ လိပ်က သည်းစွာငိုသည်။ ထိုအခါ မင်းချင်းတို့က လိပ်၏
ပရိယာယ်ကို မသိနားမလည်ကြသဖြင့် လိပ်ကို ဝဲ၌ချခြင်းသည်
လိပ်အတွက် ကြီးလေးသောအပြစ် ဖြစ်မည်ဟု ယူဆကြ၍ 
ယမုနာဝဲ၌ ချလေသော် လိပ်သည် ဘေးအန္တရာယ်ကင်းစွာဖြင့်
 ရေအယဉ်၌ မျောပါ၍ နဂါးပြည်သို့ ရောက်သွားသည်။
ထို့ကြောင့်စူဠလိပ်ကို ရေလွှတ်သကဲ့သဟု ဆိုရိုးစကား
 ပြုခဲ့ကြသည်။

လိပ်သည် နဂါးလုလင်ပျိုတို့နှင့် တွေ့လေရာ ပရိယာယ်ကြွယ်
သော လိပ်ဖြစ်၍ ဘေးကင်းစေရန် မိမိသည် ဗာရာဏသီမင်းက
နဂါးမင်းကြီးအား မိမိ၏ သမီးတော် သမုဒ္ဒဇာကို ဆောက်နှင်း
လို၍ သံတမန်အဖြစ် စေလွှတ်သဖြင့် ရောက်လာခြင်းဖြစ်ကြောင်း
 ပြောကြားရာ နဂါးတို့ ယုံကြည်ကြသည်။
ထိုကြောင့် တန်ခိုးကြီးသော ဓတရဋ္ဌနတ်နဂါးမင်းထံ ပို့ပေးရာ
နဂါးမင်းအားလည်း လိပ်က အထက်ပါအတိုင်း လျှောက်
ထားသဖြင့် နဂါးမင်းကလည်း မင်္ဂလာကိစ္စစီစဉ်ရန် 
နဂါးလုလင် တမာန်များကို ဗာရာဏသီမင်းထံ စေလွှတ်
လိုက်လေသည်။

ဗာရာဏသီမင်းထံ နဂါးတမာန်တို့ ရောက်ရှိ၍ အကျိုးအ
ကြောင်းကြားလတ်သော် လူမင်းသမီးတော်ကို ဖားစိမ်း၊
 ငါးစိမ်းစား တိရစ္ဆာန်မျိုးဖြစ်သော နဂါးမင်းနှင့် မဆောက်နှင်း
နိုင်ကြောင်း ငြင်းဆိုသည်။ နဂါးလုလင်တို့ ပြန်သွား၍ နဂါး
မင်းအား လျှောက်ကြားလေသော် နဂါးမင်းကြီး အမျက်
ထွက်၍ နဂါးအပေါင်းကို ဆင့်ခေါ်ကာ ဗာရာဏသီတပြည်
လုံးကို နဂါးတို့ဖြင့် ပြည့်စေ၍ တိုင်းပြည်လူထု ချောက်ချား
တုန်လှုပ်အောင် ခြိမ်းခြောက်စေသည်။ ထိုအခါ ဗာရာဏ
သီမင်းလည်း မနေသာသဖြင့် သမီးတော်ကို ဓတရဋ္ဌနဂါး
မင်းအား ဆောင်နှင်းရလေသည်။

နဂါးမင်းသည် သမုဒ္ဒဇာအား နဂါးပြည်သို့ ခေါ်ဆောင်ခဲ့
သော်လည်း နဂါးပြည်ဟူ၍ လည်းကောင်း မိမိတို့သည် 
နဂါးများဖြစ်သည်ဟူ၍ လည်းကောင်း မသိရလေအောင်
 နဂါးပြည်ကို နတ်ပြည်ကဲ့သို့ ဖန်ဆင်းကာ နတ်နှင့်တူသော
 စည်းစိမ်အခြံအရံကို ပေးထားသဖြင့် မင်းသမီးသည် နဂါး
ပြည်၌ နဂါးမင်း ချစ်မြတ်နိုးမှုကို ခံယူကာ ပျော်ရွှင်စွာ 
ခံစားနေခဲ့သည်။ ကာလကြာသော် သုဒဿန၊ ဒတ္တ၊
 သုဘောဂနှင့် အရိဋ္ဌဟူသော သားတော် ၄ ပါးကို ဖွားသည်။
တခါသော် သားတော်အငယ် အရိဋ္ဌက နဂါးအသွင်
 ဇာတိရုပ်ပေါ်အောင် ဖန်ဆင်းပြမှ မိမိသည် နဂါးပြည်၌
 နဂါးမင်း၏ မိဖုရားဖြစ်နေကြောင်းကို သမုဒ္ဒဇာမင်းသမီး
 သိတော်မူသည်။ အရိဋ္ဌသည်လည်း မယ်တော်ကို နဂါးဇာတိ
 ဖန်ဆင်းပြသရာတွင် မယ်တော်ကြောက်လန့်ကာ 
လွှတ်ချလိုက်၍ မျက်စိတဖက် ပျက်လေသဖြင့် ကာဏရိဋ္ဌဟု 
အမည်တွင်လေသည်။ ဓတရဋ္ဌ နဂါးမင်းသည် သားတော်များ
 အရွယ်ရောက်လတ်သော် နိုင်ငံတော်ကို ၅ စုခွဲ၍ ၄ စုတွင် 
သားတော်တပါးစီ အုပ်ချုပ်မင်းပြုစေသည်။ ဒတ္တနဂါးမင်းသည် 
မိမိပိုင်နက်အတွင်း၌ နေထိုင်၍ တရားသဖြင့် မင်းပြုသည်။ 
နဂါးတို့၏ ပြဿနာအရပ်ရပ်ကိုလည်း ဖြေရှင်းပေးလေသည်။ 
အခြားသားတော်တို့သည် ခမည်းတော် မယ်တော်တို့အား 
တလတကြိမ် အဖူးအမြင် အခစား လာကြသည်။ 
ဒတ္တနဂါးမင်းကမူ လခွဲတကြိမ် အဖူးအမြော်လာသည်။

တရံခါသော် နတ်နဂါးတို့ကို အစိုးရသော ဝိရူပက္ခနတ်
မင်းကြီးသည် ဓတရဋ္ဌ နဂါးမင်းကြီးနှင့် သားတော်များ 
အပါအဝင် နဂါးပရိသတ်နှင့်တကွ သိကြားမင်းထံ အခစား
ဝင်ရောက်သည်။ ထိုအခါတွင် နတ်နဂါး သိကြား ပရိသတ်၌
 ပြဿနာတခုပေါ်သည်။ ထိုပြဿနာကို ဒတ္တနဂါးမင်းက
 ဖြေရှင်းပေးနိုင်သဖြင့်သိကြားမင်းက မြေကြီးနှင့်တူသော 
ကျယ်ပြန့်သော ပညာရှိပေသည်ဟု ချီးကျူး၍ ဘူရိဒတ် 
(ဘူရိဒတ္တ) ဟု အမည်ပေးသည်။ ထိုအခါမှစ၍ ဒတ္တနဂါး
မင်းအား ဘူရိဒတ်ဟု ခေါ်ဝေါ်ကြလေသည်။

ဘူရိဒတ်သည် ထိုအခါမှစ၍ သိကြားမင်းထံ မပြတ်ခစား
 ရသည်။ သိကြားမင်း၏ စည်းစိမ်ကို တွေ့မြင်ရဖန် များလေ
သော် သိကြားမင်း၏ စည်းစိမ်ကို တောင့်တလေသည်။ 
ထိုကြောင့် ဖားစိမ်းစား ငါးစိမ်းစား နဂါးအဖြစ်ထက်
 နတ်အဖြစ်ကို ရလိုသည့်အတွက် ဥပုသ်သီတင်း ဆောက်
တည်ရန် ခမည်းတော် မယ်တော်တို့ထံ ခွင့်ပန်၍ ဥပုသ်သီတင်း 
သုံးလေသည်။

နဂါးပြည်၌ ဥပုသ်တောက်တည်ရာ၌ အနှောင့်အယှက် 
မကင်း၍ လူ့ပြည်သို့ သွားရောက်၍ အေးချမ်းစွာ ဥပုသ်
 သီတင်းသုံးရန် အကြံဖြစ်ခဲ့သည်။ ထို့ကြောင့် ဗာရာဏ
သီပြည်အနီး ယမုနာမြစ်ကမ်းပါးထက်တွင် ဥပုသ် သီတင်း
သုံး၍ နေခဲ့သည်။ ထိုအချိန်တွင် နေသာဒမုဆိုးပုဏ္ဏား 
သားအဖသည် သမင်လိုက်ရာမှ ဘုရားလောင်း ဘူရိဒတ်
 ဥပုသ် သီတင်းသုံးရာ အရပ်သို့ ရောက်လာသည်။ 
နဂါးမင်းသည် ထိုပုဏ္ဏားသားအဖက မိမိအား ဤနေရာ၌
 တွေ့ကြောင်းကို အလမ္ပာယ်သမားအား လမ်းညွှန်လေသော်
 မိမိဥပုသ် ဆောက်တည်ခြင်းကို အနှောင့်အယှက်ပြုမည်စိုး၍
 ထိုသားအဖအား နဂါးပြည်သို့ ဆောင်ပြီးလျှင် နတ်နှင့်တူသော
 စည်းစိမ်အခြံအရံကို ပေးထားသည်။ သို့သော် ကာလကြာ
ညောင်းလာလျှင် နေသာဒ ပုဏ္ဏားသားအဖတို့ မပျော်ပိုက်သဖြင့်
 လူ့ပြည်သို့ ပြန်ပို့ရသည်။ ဘူရိဒတ်နဂါးမင်းသည် ပုဏ္ဏား 
သားအဖ လူ့ပြည်သို့ ပြန်ရောက်၍ ဆင်းရဲပင်ပန်းစွာ နေခဲ့ရ
သော် မိမိ ဥပုသ်သီတင်းသုံးရာ အရပ်ကို အလိမ္ပာယ်သမားအား
 ညွှန်ပြမည်ကို စိုးရိမ်သဖြင့် ခပ်သိမ်းသော အလိုကို ပေးနိုင်
သည့် ပတ္တမြားကို လက်ဆောင်ပေးသည်။ သို့သော် နေသာဒ
 ပုဏ္ဏားသည် ရဟန်းပြုလို၍ လူ့ပြည်သို့ ပြန်လိုပါသည်ဟု 
ဘူရိဒတ်အား ပြောကြားထားမိပြီ ဖြစ်ရကား ထိုပတ္တမြားကို
 ငြင်းပယ်ခဲ့လေသည်။

အခြား ပုဏ္ဏားတစ်ဦးသည် ဂဠုန်တစ်ကောင်က ရသေ့
တစ်ပါးအား ပေးသည့် နဂါးနှင့်မြွေတို့ ကြောက်သော 
မန္တာန်တစ်ပုဒ်ကို ထိုရသေ့ထံမှ ရခဲ့၍ အလမ္ပာယ်အဖြစ်
 အသက်မွေးရန် ထွက်ခဲ့သည်။ ယမုနာမြစ်ကမ်းဘေးတွင် 
အလိုခပ်သိမ်းရစေသော ပတ္တမြားကို ထား၍ ရေကစား
 ပျော်ရွှင်နေသော နဂါးမပျိုတို့သည် ပုဏ္ဏား၏ မန္တာန်ရွတ်ဆို
သံကိုကြားလျှင် ကြောက်လန့်ထွက်ပြေးကြသဖြင့် ပတ္တမြားကို
ပုဏ္ဏားရလေသည်။

နေသာဒ ပုဏ္ဏားသားအဖနှင့် ထိုပုဏ္ဏားတို့ တွေ့ကြလေရာ 
ပတ္တမြားကို နေသာဒ ပုဏ္ဏားသားအဖတို့ မြင်လေလျှင် 
နေသာဒသည် ပတ္တမြားကို ရလိုပန်သည်။ ထိုပတ္တမြား 
လက်ထဲရောက်က အလိုခပ်သိမ်း တောင့်တ၍ ပြည့်စုံနိုင်သည်
ကို သိသဖြင့် ရွှေအချိန်တစ်ရာနှင့် လဲမည်ဟုဆိုသည်။
သို့သော် ပုဏ္ဏားက ငြင်းဆန်သဖြင့် ထူးခြားသော နဂါးမင်း
နေရာကို ညွှန်ပြသောအားဖြင့် ပတ္တမြားနှင့် နဂါးလဲလေသည်။
ထို့ကြောင့်ရော့ ပတ္တမြား၊ ရော့ နဂါး ဟု ဆိုရိုးစကား ပြုခဲ့ကြသည်။
 နေသာဒ၏သား သောမဒတ်ကမူ အဖသည် ကျေးဇူးရှင်ကို
 ပြစ်မှားသည်ဟု အဖကို စွန့်ခွာထွက်ပြေးပြီးလျှင် ဟိမဝန္တာ၌ 
ရသေ့ပြုလေသည်။

အလိမ္ပာယ်ပုဏ္ဏားသည် နေသာဒ ညွှန်ပြသော ဘူရိဒတ်နဂါး
မင်း ဥပုသ်ပြုရာသို့ လာခဲ့သည်။ ထိုအချိန်တွင် နဂါးမင်းသည်
 အဓိဋ္ဌာန်ဆောက်တည်၍ ဥပုသ်ပြုလျက်ရှိရာ နေသာဒနှင့် 
အလမ္ပာယ်သမားတို့ကို မြင်၍ ယင်းတို့၏ အမှုကို သိသော်
လည်း ဥပုသ်ပျက်မည်စိုးသဖြင့် အမျက်ကိုထိန်းသိမ်းပြီးလျှင်
 ရန်တုံ့မမူပဲ အလမ္ပာယ်သမား၏ ဖမ်းဆီးခြင်းကို ခံတော်မူသည်။
အလမ္ပာယ် ပုဏ္ဏားသည် ဘုရားလောင်း နဂါးမင်းကို
 အားနည်းလေအောင် ရိုက်ဖွပ်နင်းခြေပြီးမှ ပခြုပ်တွင်ထည့်သည်။ ဘုရားအလောင်းတော်သည် မိမိ၏ ဥပုသ်ကို မပျက်စေရန်
ဆင်းရဲဒုက္ခကြီးစွာခံ၍ သီလကို ထိန်းသိမ်းတော်မူခဲ့သည်။ 
အလမ္ပာယ် ပုဏ္ဏားလည်း နဂါးမင်းကို ယူဆောင်၍ အရပ်ရပ်
၍ လှည့်လည်က နဂါးမင်းအား ကပြစေရာ လာဘ်သပ်ပကာ
 များစွာရရှိ၍ ကြွယ်ဝချမ်းသာလေသည်။

ထိုအချိန်တွင် မယ်တောင် သမုဒ္ဒဇာသည် မကောင်းသော 
အိပ်မက်ကို မြင်မက်သဖြင့် လူ့ပြည်သို့သွား၍ ဥပုသ်သီတင်း
သုံးနေသော ဘူရိဒတ်အတွက် စိုးရိမ်ပူပန်နေသည်။
 အခြားသားတော်များ တလတကြိမ် အဖူးအမြင် ရောက်
လာကြသောအခါ သားတော်များအား ဘူရိဒတ်ကို လိုက်လံ
ရှာဖွေစေသည်။ သားတော်ကြီး သုဒဿနသည် ညီတော်
လတ် သုဘောဂအား ဟိမဝန္တာသို့သွား၍ မြစ်ကြီး ၅ စင်း၌ 
ဘူရိဒတ်မင်းအား ရှာစေသည်။ ညီတော်အငယ် ကာဏရိဋ္ဌ
ကိုမူ နတ်ပြည်၌ ရှာစေသည်။ မိမိကိုယ်တိုင်မှာမူ လူ့ပြည်သို့
 ရသေ့ရောင် ဖန်ဆင်း၍ ရှာဖွေရန် ထွက်ခဲ့သည်။ 
သုဒဿနနှင့်အတူ မိထွေးတော်၏ သမီး အဇမုခီ နဂါးမင်း
သမီးလည်း ဖားမငယ် သဏ္ဌာန် ဖန်ဆင်း၍ လိုက်ပါခဲ့သည်။

အလမ္ပာယ်ပုဏ္ဏားသည် ဗာရာဏသီမင်း သာဂရဗြဟ္မဒတ်၏
 ရှေ့၌ အလမ္ပာယ် ကစားပြရန် ရောက်ရှိနေသည်။ 
ဗာရာဏသီမင်းကား ခမည်းတော်၏ အရိုက်အရာကိ 
ဆက်ခံသူဖြစ်၍ သမုဒ္ဒဇာ၏ မောင်တော်ပေတည်။ 
ထို့ကြောင့် ဘူရိဒတ် နဂါးမင်းတို့၏ ဦးရီးတော် ဖြစ်သည်။
ထိုနေရာသို့ သုဒဿနနှင့် နှမတော်တိုသည်လည်း ရောက်
ရှိလာကြသည်။

အလမ္ပာယ်ပုဏ္ဏားသည် ပခြုပ်တွင်းမှ နဂါးမင်းကို ထုတ်၍ 
အမျိုးမျိုးဖန်ဆင်းကပြရန် စေခိုင်းသည်။ နဂါးမင်းသည် 
ပခြုပ်တွင်းမှထွက်၍ ပရိသတ်ကို ကြည့်သည်ရှိသော် မိမိ၏
 နောင်တော်နှင့် နှမတော်တို့ကို မြင်သဖြင့် မျက်ရည်ယိုစီးကား
 နောင်တော်ထံသို့ ရှေးရှုသွားသည်။ ပရိသတ်တို့လည်း
 ကြောက်လန့်တကြားဖြစ်၍ တိမ်းရှောင်ပြေးကြရာ 
သုဒဿန တပါးတည်း ကျန်ရစ်သည်။ ထိုအခါ ဘူရိဒတ်
သည် နောင်တော်၏ ခြေဖမိုး၌ သီးခေါင်းတင်၍ ငိုသည်။
 သုဒဿနလည်း ငိုသည်။

ထိုအချင်းအရာကို အလမ္ပာယ်သမား မြင်လှင် ရှင်ရသေ့အား 
နဂါးကပေါက်လိုက်သည်ဟု ထင်မှတ်၍ နဂါးဆိပ်ကျအောင်
 မန္တာန်ဖြင့် ကုမည်ဟုဆိုသည်။ ထိုအခါ သုဒဿနက 
မိမိအား ကုရန်မလို မိမိထက်တတ်သော မြွေသမား
 မည်သည်မရှိဟု ဆိုရာမှစ၍ အလမ္ပာယ်ပုဏ္ဏားနှင့် 
သုဒဿနတို့ ပညာစွမ်းပြိုင်ကြသည်။ သုဒဿနသည် 
အဇမုခီဖားငယ်၏ အကူအညီဖြင့် မိမိတို့၏ တန်ခိုးကို
 ပြလေသော် အလမ္ပာယ်သမား ရှုံး၍ တကိုယ်လုံး နူသွား
သဖြင့် ကြောက်ရွံ့ထိပ်လန့်ကာ ဘူရိဒတ်နဂါးမင်းအား 
လွှတ်ရလေသည်။

ထိုအခါမှ ဘူရိဒတ်၊ သုဒဿနနှင့် အဇမုခီတို့သည် မိမိတို့၏
 အဖြစ်မှန်ကို ဖော်ပြကြသဖြင့် ဗာရာဏသီမင်းလည်း မိမိ၏
 တူတော်များဖြစ်ကြောင်းကို သိရှိရသည်။ ထိုနောက် တော
ထွက်၍ ရသေ့ပြုကာ တရားအားထုတ်လျက် ရှိနေသော 
ဗာရာဏသီမင်းကြီးဟောင်း ဘူရိဒတ်တို့၏ ဘိုးတော်ထံ
 သွားရောက် ကန်တော့ကြရန် အချိန်းအချက်ပြုကြပြီးသော် 
ဘူရိဒတ်တို့သည် နဂါးပြည်သို့ ပြန်ခဲ့ကြလေသည်။

ထိုအချိန်တွင် ဟိမဝန္တာ၌ ဘူရိဒတ်ကို ရှာဖွေသော သုဘော
ဂနဂါးမင်းသည် ကျေးဇူးသစ္စာမဲ့သော နေသာဒ ပုဏ္ဏားကို 
တွေ့သဖြင့် နဂါးပြည်သို့ ယူဆောင်ခဲ့သည်။ အပန်းဖြေလျက်
ရှိသော ဘူရိဒတ်၏ အိပ်ဆောင်တံခါးဝတွင် စောင့်ရှောက်
လျက်ရှိသော ကာဏရိဋ္ဌသည် ယခင်ဘဝက ပုဏ္ဏားဖြစ်ခဲ့ဖူး
သဖြင့် နေသာဒကို မြင်လျှင် ပုဏ္ဏားတို့သည် ဗြဟ္မာမင်း၏ 
သားဖြစ်၍ မညှဉ်းဆဲအပ် ညှဉ်းဆဲသော် ဗြဟ္မာမင်းအမျက်
ထွက်၍ နဂါးပြည်အလုံး ပျက်စီးလတ္တံ့။ ပုဏ္ဏားတို့သည်
 မြင့်မြတ်သည်။ ယဇ်ပူဇော်ခြင်းကို ပြုသည်။ ယဇ်ပူဇော်
ခြင်းသည် ကျေးဇူးကြီးမားလှသည်ဟူ၍ ယဇ်ပူဇော်ခြင်း၏ 
အကျိုးရှိပုံတို့ကို ထုတ်ဖော်ချီးကျူးသည်။ ထိုအခါ ဘူရိဒတ်
အား လာရောက်ဖူးမြင် ကန်တော့ကြသော နဂါးပရိသတ်
တို့သည် ကာဏရိဋ္ဌ၏ စကားကိုနာရလျှင် ယဇ်ပူဇော်မှု
ဘက်သို့ စိတ်ညွှတ်ကြလေသည်။

ဘူရိဒတ်နဂါးမင်းသည် လဲလျောင် အပန်းဖြေရာမှ ကာ
ဏရိဋ္ဌ၏ စကားကိုကြားလျှင် နဂါးပရိသတ်ကိုလည်း 
သမ္မာဒိဋ္ဌိအယူကို ညွှန်ပြလိုသဖြင့် ယဇ်ပူဇော်ခြင်းမှာ
 မှားယွင်းပုံတို့ကို ရှင်းလင်းဟောကြား၍ နဂါးပရိသတ်တို့
အား အယူမှန်ကို ရစေသည်။ နေသာဒပုဏ္ဏားအားလည်း
 နဂါးပြည်မှ နှင်ထုတ်စေသည်။

ဘူရိဒတ် နဂါးမင်းသည် အချိန်းအချက်ပြုသောနေ့တွင် 
ဘိုးတော် ဗာရာဏသီမင်းဟောင်းအား ပူဇော်ကန်တော့ရန်
အခြံအရံ ပရိသတ်နှင့် သွားသည်။ မယ်တော်နှင့် နောင်တော်
 ညီတော်များလည်း နောက်မှ လိုက်ပါကြသည်။ သာဂရဗြဟ္မ
ဒတ်မင်းလည်း ခမည်းတော်ထံ အဖူးအမြင် လာသဖြင့်
 ဆွေတော်မျိုးတော်တစု ပြန်လည်တွေ့ဆုံကြရသည်။ 
ဘူရိဒတ်နဂါးမင်းသည် အသက်ထက်ဆုံး သီတင်းသီလ
 ဆောက်တည်၍ အသက်တမ်းစေ့လတ်သော် ပရိသတ်နှင့်
တကွ နတ်ပြည်၌ ဖြစ်သည်။ မယ်တော် သမုဒ္ဒဇာလည်း
 နဂါးပြည်၌ပင် အနိစ္စရောက်သည်။

ဘူရိဒတ်နဂါးမင်း - ဂေါတမမြတ်စွာဘုရား
မုဆိုးပုဏ္ဏား - ဒေဝဒတ်
သောမဒတ် - အာနန္ဒာ
အဇမုခီ - ဥပ္ပလဝဏ်
သုဒဿန - သာရိပုတ္တရာ
သုဘောဂ - မောဂ္ဂလ္လာန်
ကာဏာရိဌ် - သုနက္ခတ်

စန္ဒကုမာရဇာတ်တော်ကြီး
🌼🌼🌼🌼🌼🌼🌼🌼🌼
ရှေးလွန်လေပြီးသောအခါ ပပ္ဖဝတီပြည်၌ ဝသဝတီမင်း၏သား ဧကရာဇ် အမည်ရှိသောမင်းသည် နန်းစံ၏။ ထိုမင်း၏ သားတော်ကြီးကား စန္ဒကုမာရမည်၍ အိမ်ရှေ့အရာဖြင့် စံရသည်။ ထိုမင်းတွင် ခဏ္ဍဟာလ အမည်ရှိသော ပုဏ္ဏားအမတ်ကြီး တစ်ဦးရှိရာ ထိုအမတ်ကြီးသည် တရားစီရင်ရာ၌ လာဘ်ယူ၍ စီရင်လေ့ရှိသည်။

တစ်ခါသော် အမှုသည် ယောက်ျားတစ်ဦးသည် 
မတရားသဖြင့် အမှုရှုံးအောင် စီရင်ခြင်းခံရသဖြင့် စန္ဒကုမာရမင်းသားအား တိုင်ကြားရာ မင်းသားသည် နှစ်ဖက်သော အမှုသည်တို့ကို ခေါ်ယူ၍ တရားသဖြင့် စီရင်ပေးသည်။ ထိုအခါမှစ၍ လူအများက မင်းသားကို ကြည်ညိုလျက် အမတ်ကြီးကို ရွံ့မုန်းကြသည်။ အမတ်ကြီးလည်း မိမိသည် မင်းသားကြောင့် ဂုဏ်ပျက်ရသည်ဟု ရန်ငြိုးထားလေသည်။
တစ်နေ့သ၌ ဧကရာဇ်မင်းသည် နတ်ပြည်ကို အိပ်မက်တွင် မြင်သဖြင့် နတ်၏ စည်းစိမ်ကို လွန်စွာရလိုသောကြောင့် အမတ်ကြီး ခဏ္ဍဟာလကိုခေါ်၍ နတ်ပြည်ရောက်ရန် နည်းလမ်းကို မေးသည်။ အမတ်ကြီးလည်း နည်းလမ်းကို မသိစေကာမှ မင်းသားကို သတ်ဖြတ်ခွင့်ရစိမ့်သောငှာ လှည့်ဖြားလည်ဆယ်ဉာဏ်ဖြင့် သားသမီး၊ သူကြွယ်၊ နွား၊ မြင်း စသည်တို့ကို သတ်လျှက် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ရမည်ဟု ပြောကြားသည်။

မင်းလည်း ယုံကြည်၍ သားသမီး မိဖုရားတို့ကို သတ်ရန် ဆောင်ယူစေသည်။ စန္ဒကုမာရ မင်းသားသည် အမတ်ကြီး၏ အကောက်ကြံပုံကို သိရှိသည့်အလျောက် မိမိတစ်ဦးအတွက် အခြားသူများ မသေရလေအောင် လျှောက်ထားရန် ကြံစည်လျက် မင်းကြီးရှေ့တော်သို့ လိုက်ပါလာခဲ့သည်။
ဧကရာဇ်မင်း၏ ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ခမည်းတော် မယ်တော်တို့ သိသောအခါ ထိုသို့ပြုခြင်းဖြင့် ငရဲပြည်သို့သာ လားမည်ဖြစ်ကြောင်း၊ ဖျောင်းဖျဆုံးမသည်။ သို့သော် ဧကရာဇ်မင်းလည်း ထိုအဆုံးအမကို ပယ်လေသည်။ ထိုအခါ သားတော် စန္ဒကုမာရ မင်းသားနှင့်တကွ သားမယားများ၊ မှူးမတ်များနှင့် တကွ သားမယားတို့က တစ်လှည့်စီ ငိုကြွေးပန်ကြားကြသည်။ ထိုသို့ပန်ကြားတိုင်း မင်းလည်းစိတ်ညွတ်နူးသဖြင့် ယဇ်ပူဇော်ခြင်း အစီအစဉ်ကို ဖျက်သိမ်းသည်။

သို့ရာတွင် အမတ်ကြီး ကြား၍ မင်းအားလှည့်ဖြား တိုက်တွန်းပြန်သော် မင်းလည်း ယဇ်အစီအစဉ်ကို ပြုမြဲ ပြုပြန်သည်။ အမတ်ကြီးလည်း အခွင့်သင့်ခိုက် မင်းသားတို့အား သတ်ဖြတ်ရန် စီစဉ်လေသည်။ ဤတွင် တစ်နန်းတော်လုံး ပူပန်ငိုကြွေးကြသည်။ တစ်ပြည်လုံးလည်း ပြည်သူပြည်သားတို့၏ ငိုကြွေးသံများဖြင့် ပဲ့တင်ထပ်လေသည်။

နောက်ဆုံးတွင် မင်းသား၏ မယ်တော် ဂေါတမီမိဖုရားသည် သစ္စာသာလျှင် ကိုးကွယ်ရာ ရှိတော့်သည်ဟု အောက်မေ့၍ သစ္စာအဓိဋ္ဌာန်ပြုသည်။ ထိုအခါ သိကြားမင်းသည် မနေသာဘဲ သံလှံတံကို စွဲ၍ မင်းကြီးထံသို့ လာရောက်ကာ ပြစ်တင်မောင်းမဲသည်။
မင်းလည်း ကြောက်ရွံ့၍ မင်းသားတို့ကို လွှတ်သည်။ ပြည်သူအများလည်း အမတ်ကြီးကို ခဲ၊ အုတ်တို့ဖြင့် ပေါက်သဖြင့် အမတ်ကြီးသေသည်။ မင်းကြီးကိုလည်း သတ်ကြမည်ပြုရာ သားတော်က တောင်းပန်သဖြင့် မသတ်ဘဲ ဒွန်းစဏ္ဍားအဖြစ် အဝတ်နွမ်းကိုပေးလျက် နှင်ထုတ်သည်။ စန္ဒကုမာရမင်းသားလည်း ထီးနန်းကို ရရှိသည်။

ဇာတ်ပေါင်းသော် ဂေါတမ မြတ်စွာဘုရား၏ လက်ထက်တွင် ခဏ္ဍဟာလ ပုဏ္ဏားသည် ဒေဝဒတ်၊ စန္ဒကုမာရ မင်းသားသည် မြတ်စွာဘုရား၊ မယ်တော် ဂေါတမီ မိဖုရားသည် မယ်တော်၊ မင်းသား၏ မိဖုရား စန္ဒဒေဝီကား ယသော်ဓရာ၊ စန္ဒကုမာရမင်းသား၏သား ဝသုလကား ရာဟုလာ၊ ညီတော် ဝါမဂေါတ္တကား ရှင်မဟာ ကဿပမထေရ်၊ ဘဒ္ဒသေနညီတော်ကား လက်ဝဲရံ ရှင်မောဂ္ဂလ္လာန်၊ ညီတော် သူရိယ ကုလာရကား လက်ျာရံ ရှင်သာရိပုတ္တရာ အသီးသီး ဖြစ်လာသည်။ 

န္ဒကုမာရမင်းသား - ဂေါတမမြတ်စွာဘုရား
ခဏ္ဍဟာလပုဏ္ဏား - ဒေဝဒတ်
ဂေါတမီမိဖုရား - မဟာမာယာဒေဝီမိဖုရားကြီး
စန္ဒာဒေဝီ - ယသော်ဓရာ
ဝသုလမင်းသား - ရာဟုလာ
သေလာမင်းသမီး - ဥပ္ပလဝဏ်ထေရီ
ဝါမဂေါတ္တ - မဟာကဿပမထေရ်
ဘဒ္ဒသေန - မောဂ္ဂလာန်
သူရိယကုမာရမင်းသား - သာရိပုတ္တရာ


No comments:

Post a Comment