အနှစ်သုံးခု ရအောင် ပြု
~~~~~~~~~~~~~~~
~
*ငါးပါးရန်စု ၊ ဆက်ဆံမှုကြောင့် ၊ ပစ္စည်းဥစ္စာ ၊
အဖြာဖြာ ၊ မှန်စွာ နှစ်မမည်။
**ပစ္စည်းထဲမှ ၊ ထုတ်ယူရ ၊ ဒါန အနှစ်မည်။
*ရောဂါအစု ၊ ဆက်ဆံမှုကြောင့် ၊ ဤကိုယ်ခန္ဓာ ၊
အဖြာဖြာ ၊ မှန်စွာ နှစ်မမည်။
**ခန္ဓာကိုယ်မှ ၊ ထုတ်ယူရ ၊ သီလ အနှစ်မည်။
*အနိစ္စသဘော ၊ နှိပ်စက်သောကြောင့် ၊ အသက်ဇီဝါ
အဖြာဖြာ ၊ မှန်စွာ နှစ်မမည်။
**သက်ဇီဝမှ ၊ ထုတ်ယူရ ၊ ဝိပသ် အနှစ်မည်။
.
.
.🙏.
အနှစ်သုံးပါးထုတ်ပါ
၁။ဥစ္စာထဲမှာ အနှစ်ရှာရအောင်
မိမိတို့ရှာဖွေစုစောင်းထားတဲ့
ဥစ္စာ ပစ္စည်းတို့သည် ရန်သူမျိုး
ငါးပါးနဲ့ အမြဲမပြတ် ထိစပ်နေတယ်
လို့ မြတ်ဗုဒ္ဓဟောတော်မူတယ်။
ဒီလိုရန်သူမျိုးငါးပါးနဲ့ အမြဲမပြတ်
ဆက်စပ်နေလို့ ဒီဥစ္စာပစ္စည်းရတနာ
တွေက အနှစ်မဟုတ်ပါဘူး။
ဒီပစ္စည်းဥစ္စာရတနာတွေသည်
ရေ၊ မင်း၊ မီး၊ ခိုးသူ၊ အမွေခံ
သား/သမီးဆိုးခေါ်တဲ့ရန်သူမျိုး
ငါးပါးမှ အချိန်မရွေးပျက်စီးတတ်တယ်။
ဒီတော့ ဒီဥစ္စာတွေထဲက အနှစ်ထုတ်ရင်
မြတ်ဘုရားရဲ့သာသနာမှာ လှူဒါန်းပေး
ကမ်းစွန့်ကြဲတဲ့ ဒါနအနှစ်ထုတ်ယူလိုက်
ပါ။
ငါးပါးရန်စု ဆက်ဆံမှုကြောင့် ပစ္စည်း
ဥစ္စာ အဖြာဖြာ မှန်စွာနှစ်မမည်။
ဒါကြောင့်မိမိတို့ပိုင်ဆိုင်တဲ့ ဥစ္စာ
ပစ္စည်းတွေကို ဒါနအနှစ်ထုတ်လိုက်
ပြီး ထို့သို့ဒါနစွမ်းရည် လောကီ
အကျိုးက သက်ရှည်၊ ဆင်းလှ၊
ချမ်းသာရများလှခြံရံ ၊ စိုးရပြန်
ငါးတန် ဒါနအကျိုးတည်း။
လောကုတ္တရာ ကောင်းကျိုးက
ဘုရားအဆူဆူ ဒါနကူမှ
သုံးလူသင်းကျစ် အမှန်ဖြစ်၍
အသစ်တရား၊ ဟောဖေါ်ထားလျှက်
အများဝေနေ ကျွတ်လွတ်စေ၏။
ထွေထွေများမြောင် ဒါနဆောင်သော်
ပြောင်တလက်လက် အရောင်ထွက်သို့
ခေါင်ထက်ခေါင်နင်း ဖြစ်ကြခြင်းနှင့်
ရင်းသည့်ဒါန မပါကြသည့်
ဒုက္ခသည်စု နေတိုင်းရှု၍
လူမှုအားကိုး ဒါနမျိုးကို
ပျိုးလေဆန်းဆန်း နေ့စဥ်လန်းအောင်
ကျွတ်တမ်း၀င်လို ဘိမူကား......။
၂။ ခန္ဓာကအနှစ်ထုတ်ရအောင်
အလျှားတလံ အနံတစ်ထွာ
ဤခန္ဓာကိုယ်ကြီးသည် ရေတွက်မရ
များလှသောင်းသောင်း,မကောင်း
သောအပြစ်တွေ ရှိ၏။ သေစေနိုင်သည့် အပင်ကြီးနှင့်လည်း တူပါပေ၏။
ရောဂါတို့တည်ရာမှီရာလည်းဖြစ်၏။
ချမ်းသာဗလာ ဆင်းရဲသာဖြစ်တဲ့
ဆင်းရဲမျိုးစုံ ရေတွက်မကုန်သည့်
ဒုက္ခစုကြီးဟူ၍ မြတ်စွာဘုရား ဟော
တော်မူပါတယ်။
ဒါကြောင့်အနှစ်သာရ မဲ့တဲ့ဒီခန္ဓာကြီးက
သီလအနှစ်ထုတ် ယူကြတဲ့။
ပါဋလိရွာသားများကို မြတ်စွာဘုရား
ရှင်က ဟောကြားတဲ့ သီလအကျိုး
ဤငါးမျိုးတဲ့။
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍
မငယ်မျက်နှာ၊ မတွေကာသေ
ရောက်လေနတ်ရွာ ဤငါးဖြာ
မှန်စွာ သီလအကျိုးတည်း။
၃။အသက်ဇီ၀ထဲက အနှစ်ထုတ်ကြမယ်
အသက်ဇီဝက အနှစ်ထုတ်ပါ ဝိပဿနာ
အနိစ္စသဘော နှိပ်စက်သောကြောင့်
အသက်ဇီ၀ါ အဖြာဖြာ မှန်စွာ နှစ်မမည်။
သက်ဇီဝမှ၊ ထုတ်ယူကြ ၀ိပသ် အနှစ်
မည်။ ၀ိပဿနာအနှစ်ထုတ်ပါတဲ့။
သွားလို ရပ်လို ထိုင်နေလို
အိပ်လိုစိတ်ဟုသိ။
စိတ်ကြောင့်ဖြစ်သော ဓာတ်၀ါယော
နှပ်နှောကိုယ်၀ယ်ပြည့်။
ပုဂ္ဂိုလ်မသွား ငါမသွား
ရုပ်သွား ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မထိုင် ငါမထိုင်
ရုပ်ထိုင် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မအိမ် ငါမအိမ်
ရုပ်အိပ် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မဆန့် ငါမဆန့်
ရုပ်ဆန့် ဉာဏ်ဖြင့်သိ။
ပုဂ္ဂိုလ်မကွေး ငါမကွေး
ရုပ်ကွေးဉာဏ်ဖြင့်သိ။
အဲ့ဒီလိုသတိနဲ့ကပ်ပြီး သွားတိုင်း
လာတိုင်း၊ စားတိုင်း၊ ထိတိုင်း၊ သိတိုင်း
တွေမှာ သတိပညာလေးကပ်ပြီး
ရှုမှတ်ပွားများခြင်းက အသက်ဇီ၀ါထဲ
က ၀ိပဿနာအနှစ် ထုတ်တာပဲ။
ဝိပဿနာဘာ၀နာစွမ်းရည်
လောကီအကျိုးက
စိတ်ကြည်ချမ်းသာ၊ စိတ်ခိုင်မာ
ပညာဉာဏ်ထက်၊ ရောဂါပျက်ပျောက်
လောကီလက်ငင်းကောင်းကျိုးလေးမျိုး
လောကုတ္တရာကောင်းကျိုးကတော့
တကယ့်ချမ်းသာအစ် မဂ်ဖိုလ်နိဗ္ဗာန်
ရောက်ကာ ဒုက္ခခပ်သိမ်း ကင်းကွာ
ငြိမ်းပါတယ်။
ဒါကြောင့်မို့သာ ဓမ္မမိတ်ဆွေအပေါင်း
အနှစ်သုံးပါး အားထုတ်ပွားမည်
လောကီအကျိုး ချမ်းသာမျိုးထုပ်
လောကုတ္တရာ ဆင်းရဲကင်းရာ
အရပ်သို့တက်လှမ်းကြပါစို့။
တက်လှမ်းနိုင်ပါစေ။
ပန်းငွေရုံတောင်ဆရာတော်
ဒေသနာပန်းခင်း(ပထမတွဲမှ)
အနှစ်ထုတ်ပူဇော်ပါ၏။
အကျယ်သိလိုပါက အထက်ပါ
ဒေသနာပန်းခင်း ပထမတွဲ၌ဖတ်နာကြားပါ။
ချမ်းမြေ့ကြပါစေ။
No comments:
Post a Comment