ပြိတ္တာတို့အကြောင်း
🌺🌺🌺🌺🌺🌺🌺🌺
ပြိတ္တာ ဟူသည် ငရဲ ၊တိရစ္ဆန် ၊ပြိတ္တာ ၊အသူရကယ် ဟူသော အပါယ် လေးဘုံတွင် ပါ၀င်သော လူ့ပြည်လောကအတွင်းမှာပင် တောခြုံပိတ်ပေါင်း ၊တောင်စောင်း ၊သစ်ပင်ကိုမှီ၍ ဆင်းရဲထူပြောစွာ အငတ်ငတ် အပြတ်ပြတ် နေရသော သတ္တဝါဖြစ်သည်။ ပြိတ္တာဘုံသည် လူနှင့်အလွန်နီးစပ်ပါသည် ။
ပြိတ္တာဖြစ်ရခြင်းအကြောင်းအရင်း
လူ့ပြည် လူ့ရွာတွင် လူတို့သည် သစ္စာလေးပါးကို နားမလည် အဝိဇ္ဇာဖုံးပြီး
သားစွဲ သမီးစွဲ ဇနီးမယား လင်စွဲ မြေးစွဲ တို့ဖြင့်သေကြသူများသူတစ်ပါးကို ငြူစူခြင်း ၊၀န်တိုခြင်းများမိမိတို့ကိုယ်တိုင်လည်း ပေးကမ်းခြင်း ၊ လှုဒါန်းခြင်း ရှိသောသူ ပေးကမ်းလှုဒါန်းသူများကိုလည်း တားမြစ်၏ ။
သမာအာဇီ၀ မဟုတ်သော နည်းဖြင့် စီးပွားရှာသူများ (အလေးခိုးသော ပြိတ္တာမ ၄ဦး ၊ ကိုယ့်ကျောသားကိုယ်ခွါစားသော တရားသူကြီး ပြိတ္တာများ ပေတ၀တ္ထုတွင် ပါရှိ၏ ။)
သားစွဲ၊သမီးစွဲဖြစ်ပြီး စိတ်မချလို့ သေ ၊ ပြိတ္တာဖြစ်ပြီး ပြိတ္တာ ဘဝြဖင့် စောင့်ရှောက်လို့ ရမယ်ထင်ပြီး အိမ်ထဲလာ ၊ သားသမီးတွေက ကြောက်လို့ ဘုန်းကြီးနဲ့ ပရိတ်ရွတ်ပြီး မောင်းထုတ်ခံရမှာ -
ပြိတ္တာတို့ဘ၀
ပြိတ္တာတို့သည် မိမိတို့ အကုသိုလ်ကံကြောင့် အမြဲမပြတ် အစာရေစာ ငတ်ပြတ်နေကြ၏ ။အနှစ်တစ်ရာ တစ်ထောင် တစ်သိန်းမက ဘုရားတစ်ဆူနှင့် တစ်ဆူကြား ကာလပတ်လုံး ထမင်းတစ်လုပ်မှ မစားရ ရေတပေါက်မသောက်ရ ကြီးမားသော ဒုက္ခခံရ၏ ၊ ခန္ဓာကိုယ်သည် အသွေးအသားမရှိ အရေမျှသာရှိ၏ ၊ မလှမပသော အဆင်းနှင့်ကြောက်မက်ဖွယ် စက်စုပ်ဖွယ် အဆင်းရှိ၏ ၊ သူတစ်ပါး စွန့်ပစ်ထားသော တံတွေး နှပ် အန်ဖတ်စားရသော ပြိတ္တာတွေ တပုံကြီး ။ ( ဥစ္စာစွဲ ၊သားစွဲ သမီးစွဲတွေ အထူးသတိပြုပါ )။
ပြိတ္တာ အမျိုးအစား များစွာရှိ၏
စန္တပြိတ္တာ = သူတပါးစွန့်ပစ်ထားသော တံတွေး ၊နှပ် ၊အန်ဖတ်စားရသော ပြိတ္တာ ။
ကုဏပါသပြိတ္တာ = မြေခွေး ၊လူသေ စသော အကောင်ပုတ်စားသာ ပြိတ္တာ ။
ဂူထခါဒပြိတ္တာ = လူ့မစင် စားရသော ပြိတ္တာ ။
အဂ္ဂိဇာလမုခ ပြိတ္တာ = အစာမစားရဘဲ ပါးစပ်မှ မီးလျှံထွက်နေသော ပြိတ္တာ ။
သုစိမုခ ပြိတ္တာ = ခန္ဓာကိုယ်ကြီးပြီး ပါးစပ်က အပ်နဖားပေါက်မျှရှိကာ အစားအစာ များကို ပါးစပ်ကမသွင်းနိုင် သော ပြိတ္တာ ။
တဏှာဋိက ပြိတ္တာ = ရေမသောက်ရ သော ပြိတ္တာမျိုး ( ရေတွေ့သော်လည်း ရေမရှိတော့ဘဲ ရေ က သွေး ၊ ပြည် ၊ ကျင်ကြီး ဖြစ်သွားသော ပြိတ္တာ ။
သုနိဇ္စျမပ ပြိတ္တာ = မီးလောင်ထားသော သစ်ငုတ်နှင့်တူပြီး ကြုံလှီပိန်ကပ်ပြီး အရိုးပြိုင်းပြိုင်းဖြစ်နေသည် ။
သတ္တင်္ဂ ပြိတ္တာ = လက်သည်း ခြေသည်းတွေ ဓားလှံ လိုထက်နေပြီး ကိုယ့်သွေး ကိုယ့် အသားကို ဖဲ့စားနေရသော ပြိတ္တာ ။
ပဗ္ဗတင်္ဂ ပြိတ္တာ = ကိုယ်ခန္ဓာ တောင် လောက်ရှိပြီး မျက်နှာ ဇီးကွက် မျက်နှာလောက်ရှိပြီး ကိုယ်မှ အမြဲ အခိုးအလျှံထွက်ပြီး တကိုယ်လုံး မီးလောင်ကျွမ်းခံရသော ပြိတ္တာ ။
အဇဂရ ပြိတ္တာ = စပါးကြီးမြွေ နှင့်တူသော ခန္ဒာရှိပြီး ညဉ့်အခါ တပြောင်ပြောင် တော်လောင်နေသော ကိုယ်နင့်သွားလာနေပြီး နေ့အခါ ဆင်းရဲမျိုးစုံ ခံရသော ပြိတ္တာ ။
ဥပိုပါသိက ပြိတ္တာ = ထမင်း ငတ် ရေငတ် အမြဲခံနေရသော ပြိတ္တာ ။
နိဇ္စျမတဏှိက ပြိတ္တာ = ပါးစပ်မှ မီးလျှံတပြောင်ပြောင်ထွက်နေပြီး ရေငတ် ထမင်းငတ် အမြဲခံနေရသော ပြိတ္တာမျိုး ။
ပရဒတ္တုပ ပြိတ္တာ = မိမိအစွမ်းအစနှင့် ဘာမျှမစားရ လူ့ပြည် ဆွေမျိုးတွေက ကုသိုလ်ပေး အမျှအတန်းပေးဝေမှ စားရသောက်ရ အသက်ရှင်ရသည် ။
ကာလကဉ္စိက ပြိတ္တာ = ကိုယ်ခန္ဓာ သုံးဂါဝုတ်ရှိပြီး အသားအသွေးနည်းပါးပြီး သစ်ရွက်ခြောက်လို အရိုးကျဲအပ်နဖားပေါက်မျှ ပါးစပ်ရှိ စားသောက်ရသောအခါ ဇောက်ထိုးမိုးမျှော်ပြုပြီးမှ စားသောက်ရသည်။
ဝေမာနိက ပြိတ္တာ = နေ့ခံညစံပြိတ္တာမျိုး ၊ ငရဲထိန်းအလုပ်လုပ်ရပြီး ငရဲခွေး ကိုက်ခံရသည် ။ဓါးလှံလှီးဖြတ်တာ ခံရသည် ။ ညအခါ နတ်ကဲ့သို့ စည်းစိမ်ခံစားရသည် ။
မဟိန္ခက ပြိတ္တာ = ဝေမာနိက ပြိတ္တာမျိူးပင်ဖြစ်သည် ။ငရဲပြည်မှာ ယမမင်း လုပ်ရသည် ။အဆင်းလှသည် ။ စည်းစိမ်ကြီးသည် ။ စားသောက်ချင်တိုင်းမစားရ ။ တခါတရံ စားသောက်ရသည် ။ တောင့်တမှု့အာသာဆန္ဒ ပြင်းစွာခံရ သော ပြိတ္တာပါ ။
ပြိတ္တာတို့ အနေအထား
ယခုခေတ်လူတို့သည် အမည် အမျိုးမျိုး ဖြင့် ပြိတ္တာနွယ်၀င် တို့ကို မှင်စာ ၊ အစိမ်း ၊ သရဲ ၊ သဘက် ၊ဖုတ် ၊ကျက် ၊ဥစ္စာစောင့် ၊ ရုက္ခစိုး ၊စုန်းဘီလူး စသည်ဖြင့် ခေါ်ဝေါ်ကြသည် ။ ပြိတ္တာ တို့သည်ပင် အဆင့်အတန်းအမျိုးမျိုးရှိသည် ။
ဇရပ်အို ကျောင်းအိုတို့ ၌ နေရသော ပြိတ္တာများ
သုသာန်သင်္ချိုင်းနေရသူ
လူတိုက ပတ်၀န်းကျင်တွင် သွားလာနေရသူ
တော တောင် ချောက်ကမ်းပါး၌ နေရသူ
သစ်ပင် ခြုံပုတ်များ၌ နေရသူ
ဘုံဗိမာန်၌နေရသူ
ဘုရားတရားသံ မကြားချင် မကြားဝံ့သူ
ကြားနာချင်သော်လည်း ကြားနာခွင့်မရသူ
တရားသံကြားလျှင်ထွက်ပြေးသူ
ဘုရားသံ တရားသံကြားလျှင် သာဓုခေါ်ပြီးကျွတ်တန်း၀င်နိုင်သူ ။
ပြိတ္တာတို့သည် လူတို့နှင့်အနီးတဝိုက် ဆက်သပ်နေသဖြင့် စားကြွင်းစားကျန်များ မ၀တ၀ စားသောက်ရသည် ။ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော အကောင်ပုပ်၊ သွေးပုပ် ၊ ပြည်ပုပ် ၊ သားအိမ်မှထွက်သောအချင်း ၊နှပ်၊သလိပ် ၊တံတွေး တို့ကို စားသောက်ကြရသည် ။
တေစ္ဆေ
ဖုတ် ၊ပြိတ္တာ တို့သည် လူတို့ကို ခြောက်လှန့်တက်သောကြောင့် တစ္ဆဟေုခေါ်သည် ၊ တစ္ဆခြောက်သည် ဆိုရာတွင် ကိုယ်ထင်ပြခြင်း ၊ညည်းညူခြင်း ၊အနံ့ပေးခြင်း ၊၀င်ပူးခြင်း ၊ခြောက်လှန့်ခြင်းများကို လုပ်တက်ကြသည် ။၄တို့သည် ကံနိမ့်သူများကို ခြောက်တက်သည် ။ တစ်ခါတရံ နောက်ပြောင်ကျီစားလိုခြင်း ၊ချစ်ခင်ခြင်း ၊စားသောက်လိုခြင်း ၊ဥစ္စာပေးလိုခြင်း ၊မှာကြားလိုခြင်း ၊အမျှအတန်းပေးဝေမှု့ကိုခံလိုခြင်း ၊နှုတ်ဆက်လိုခြင်း၊သားမယားကိုစွဲလမ်းခင်မင်၍ ခြောက်ခြင်းများပြုလုပ်တက်ပါသည် ။ ( သား ၊မယား၊လင် ၊ဇနီး ၊ တို့ကို စွဲလမးသောသူများ တစေ ္ဆအဖြစ်များပြီး ခြောက်တက်ကြပါသည် ။ သားသမီး ဇနီးက ဘုန်းကြီးပင့်၍ မောင်းထုတ်ပါသည် ။ )
တစေ ္ဆခြောက်သည်
တစေ ္ဆခြောက်သည်ဆိုရာမှာ တကယ်တော့ လူတွေကို ကြောက်အောင်လုပ်၍ မိမိကိုယ်ကို အရုပ်ဆိုး အကျည်းတန်ဖန်ဆင်းခြင်းမဟုတ် ၊လူတွေ တွေ့သလို ခေါင်းက ပုတ်လောက်ကြီး ၊မျက်လုံးကြီးက လင်းကွင်းလောက်၊ ကိုယ်ခန္ဓာက ထန်းပင်လောက်ကြီး ၊လျှာကြီး တစ်တောင်လောက်ထွက်နေသည် ။အမွှေးက စုတ်ဖွားကြီး စသည်ဖြင့် ပြောကြသည် ။တကယ်အမှန်တော့ ဖန်ဆင်းခြင်းမဟုတ် ၊သူတို့ အကုသိုလ်ကြောင့် ဖြစ်နေ ခံစားနေရသော မူရင်းကိုယ်ခန္ဓာသာ ဖြစ်သည် ။ အနံ့ပေးခြင်းမှာလည်း သူပြုခဲ့ သော မကောင်းမှု့ အကုသိုလ်ကြောင့်ဖြစ်ပေါ်နေသော အနံ့သာဖြစ်ပြီး ၊ တခါတရံ မွှေးကြိုင်သောအနံ့ပေးလျှင် ကုသိုလ်အဖို့ ဘာအမျှရ၍ ချမ်းသာသော ဘ၀သို့ ရောက်ရှိကြသူတို့ က ကျေးဇူးတင်ကြော်းလာရောက်ပြသသည့် သဘောဖြစ်ပါသည် ။
ဥစ္စာစောင့် ( ရိက္ခိုသ် ၊ကုမ ္ဘဏ် )
ဥစ္စာစောင့်ကို ( အဘိဓမ္မာသံခိပ်၌ ) ကြီးသော ၀မ်းဗိုက်ရှိကြကုန်သော ကျယ်သော၊ပြူးသော၊နီသော မျက်စိရှိကြကုန်သော ရက္ခိုသ် တို့ကို ကုမ ္ဘဏ် ဟု ခေါ်ဆို၏ ။ ထို ကုမ ္ဘဏ် တို့ကို ယခု လောက၌ ဥစ္စာစောင့်ဟုခေါ်သည်။ ဥစ္စာစောင့်သည် မြေဖုတ်ဘီလူးအနွယ်၀င်များဖြစ်ကြသည် ။ ကုဝေရ နတ်မင်းကြီးလက်အောက်အတော်အတန် ဘုန်းတန်ခိုးကြီးကြသည် ။ ဘုမ္မစိုး နတ်ဘီလူးတို့၏ အအုပ်အချုပ်ခံ ဘုန်းတန်ခိုးနည်ေးသာ ပြိတ္တာ မျိုးနွယ်ဖြစ်သည် ၊မူလ ရုပ်ဆင်းဆိုးဝါးသူများ ဖြစ်ကြသည် ။ သို့သော် မိမိကိုယ်ကို လှအောင် ဖန်ဆင်းနိုင်ကြပြီး သိုက်နန်းအတွင်း ၌ ပျော်ပျော်ရွှင်ရွှင် နေကြကြောင်း ၊ သူတို့ဘ၀ကိုစွဲလမ်းသာယာနေကြသည် ။ လူတို့က ဖိတ်လျှင် တရားနာနိုင်သည် သာဓုခေါ်နိုင်သည် ၊အိပ်မက်ပေးနိုင်သည် ။
ဘုရားတည်သူများသည် ဥစ္စာစောင့်များနှင့် ၀င်ပူး၍ စကားပြောခြင်းသော်လည်းကောင်း ၊အမျိုးသမီးငယ်ပုံစံ ဖန်ဆင်း၍ အတူတကွ ယှဉ်စကားပြောနိုင်ပါသည် ။ အိပ်မက်လည်းပေးနိုင်ပါသည် ။ အလှုပစ္စည်းများလည်း ပေးနိုင်သည် ။သက်ဆိုင်သောသူသာသိပေမယ့် အခြားသူများက ဥစ္စာစောင့် ဟု မပြောနိုင်ပါ ။
အိပ်မက်ပေး၍လည်း ဘုရားကို ပြုပြင်ခိုင်းပြီး လိုအပ်သည်များကို တောင်းဆိုခြင်းများလည်း ပြုလုပ်ခိုင်းနိုင်ပါသည် ။ သူတို့ရှိနေသော ဘုရားကြီးများထင်ရှားလာအောင် ထိုင်လျှက် ကျောက်ဆင်းတု ပေ ၂၀လောက်ကိုလည်း ယိမ်းယိုင်ပြတက်သည် ။( ပေါင်းတည်ကျီကျီးကုန်း ဘုရားကြီး) ၊အခြားထူးခြားမှု့ပြုလပ်ခြင်းများလည်း ပြုလုပ်နိုင်ကာ လူတွေ သဒ္ဓါပေါက်လာပြီး လှုတန်းကာ ဘုရားကြီး ထင်ပေါ်ကျော်ကြားလာအောင်လည်း လုပ်တက်သည် ။
ဘုရားပျက်များရှိလျှင်လည်း ပြန်တည်ရန် သက်ဆိုင်သူများသို့ အကြောင်းအမျိုးမျိုးဖြင့်လှုံ့ဆော်တက်ပါသည် ။ လူတို့အားလည်း ရွှေငွေအစအခြား၀တ္ထုများပေးကမ်းနိုင်သည် ။ကျေူဇူးလည်း သိတက်ပါသည် ။ ၄တို့ဘ၀ကို စွဲလမ်းပြီးပျော်နေတက်သည် ။ တော်တော်တန်တန် ကုသိုလ်ပြု၍ အမျှဝေသော်လည်း ကျွတ်လွတ်သူနည်းပါးကြသည် ။ ဘုရားစေတီများတွင် နှစ်ပေါင်းထောင်နှင့်ချီ၍ နေကြရသူများလည်းရှိပါသည် ။အခြားနေရာများမျ ထိုဘုရားသို့ ပြောင်းရွှေ့လာကြသူများလည်း ရှိပါသည် ။ အချို့နေရာများတွင် သိုက်ချုပ်နှင့် လည်း အတူတူ ရှိတက်ကြပါသည် ။
ပင်ကိုယ် အရုပ်ဆိုးသော်လည်း သူတို့မှာ လှလှပပလေးများ ဖန်ဆင်းထားသဖြင့် အိပ်မက်အရသော်၄ ၊ အပြင်မှာတွေ့ရရင်သော်၄ ၊အမျိုးသမီး လှလှ လေးများကိုသာ တွေ့ရသဖြင့် ဘုရားများတွင် ရွှေတိဂုံ ၊ဗိုလ်တစ်ထောင် ဘုရားအပါအ၀င်တွင် သိုက်စောင့်ဆိုပြီး အမျိုးသမီးလှလှလေးများ ထုလုပ်ပြီး နတ်နန်းဟုခေါ်သည့် အဆောက်အဦးလေးများတွင် ထားပြီး ပူဇော်နေကြသည် ၊ အမျှအတန်းပေးဝြေကပါ ။ မိမိ က ထိုင်ရှိခိုးနေလျှင် မိမိ် အဆင့် ဘယ်လောက်မှာရှိသည်ကို စဉ်းစားပါ ။ တကယ်တော့ ဥစ္စာစောင့် ကို မူရင်းပုံအတိုင်း ဘာကြောင့် မထုလုပ်သည်မှာ အံ့ဩစရာပင် ။
နာမည်ပေးသော်လည်း ယခုခေတ်သုံး နာမည်များတွေ့ရသည် ။ မြစိမ်း ၊စောနန်းနွယ် ၊နနန်းကလျာ ၊ မြတ်နန်းနွယ် ၊နန်းနွယ် အစရှိသဖြင့် တွေ့ရသည် ။၄င်းတို့မှာ နှစ်ပေါင်းထောင်ကျော်က ပုဂ္ဂိုလ်များဖြစ်သော်လည်း အဲဒီခေတ်က နာမည်မျိုး တွေ့ရတာလည်း အံ့ဩစရာပင် ။
သိုက်နန်းရှင်ကလေးတွေနဲ့ ဘယ်ဘ၀တုန်းက ဇနီးမယားတော်ခဲ့တယ်ဆိုရင် ကျေနပ်နေကြတာ ။ ဘုရားပေါ်က ရုပ်ထုလှလှ လေးတွေကို ကျေနပ်နေတာပါ ။ မူရင်းပုံ ပြလိုက်ရင် လင်တော်မောင် အမယ်လေးတပြီး အော်ပြေးမှာ သေချာသည် ။ သနားပါ ။ မေတ္တာပို့ပါ ။ အမျှအတန်းပေးဝြေကပါ ။
ဂန္ဓဗ္ဗနတ်=ဇော်ဂနီ = စုန်း
မွှေးကြိုင်သော နံသာပင်တို့၌ တွယ်ကပ်၍နေသော နတ်ကို ဂန္ဓဗ္ဗနတ်ဟုခေါ်သည် ။သစ်ပင်အတွင်း ၊သစ်ခေါင်းအတွင်းနေသော သစ်ဘီလူးခေါ် ဂန္ဓဗ္ဗနတ်တို့ကမူ သစ်တုံးဆွေးမြေ့ပျက်စီးသည်အထိနေကြသည် ။ အိမ်ဆောက်တဲ့ အခါ သစ်ခြောက်ပါသည်ဆိုသည်မှာ ဤနတ်မျိုး ကပ်ပါလာခြင်းကို ဆိုလိုသည် ။ဗေဒင်ဆေးကျမ်းများ ၊မှော်ကျမ်းများတွင် ဇောဂနီနတ်ဟူ၍လည်းခေါ်သည် ။ ညအခါ မိမိတို့တန်ခိုးဖြင့်တောက်ပသည့် အလင်းထွက်လေ့ရှိသဖြင့် ပါဠိလို ဇုဏှမှဇုဏ်း =စုန်းဟုခေါ်လာသည် ။ဂန္ဓဗ္ဗတည်ရာ မိန်းမကို စုန်းမ ဟုခေါ်သည်။ ထို စုန်းမသည် မိမိကိုယ်တွင်းကိန်းအောင်းနေသာဂန္ဓဗ္ဗနတ်၏အစွမ်းဖြင့် အခြားသူကိုနှိပ်စက်ဖမ်းစားခြင်းအမှု့ပြု၏ ။ပဋိသန္ဓေ တည်သည်မှစ၍ ထိုဂန္ဓဗ္ဗနတ်ထပ်ကြပ်ပါလာသော မိန်းမကို ၀မ်းတွင်းစုန်းဟုခေါ်သည် ။ဗူးရှိသည်၊ဗူးသွင်းသည်ဟုပြော၏ ။ ထိုဂန္ဓဗ္ဗနတ်မျိုးမှာ အမျိုးအစား (၁၀) မျိုးရှိကြောင်း မဇ္စျပဏ္ဏသ အဋ္ဌကထာ၌ ဟောထားသည် ။
အသူရာနတ် (ဝေမာနိက ပြိတ္တာ )
တစ်ခါတစ်ရံ နတ်ကဲ့သို့ စည်းစိမ်ခံစားရ၍ တစ်ခါတစ်ရံဆင်းရဲခံစားရသော ဝေမာနိက ပြိတ္တာ အသူရကယ်နတ်ငယ်များဖြစ်ကြသည် ။ မိမိတို့ တန်ခိုးက္ကဒ္ဓိပါတ်မရှိသဖြင့် ဘုံဗိမ္မာန် သီးသန့်မရှိ၊တော ၊ခြုံ ၊ သုသာန်ဇရပ် ၊ အိမ် ၊ကျောင်းဂူတို့ ၌ ကပ်နေရသည် ။လူတို့ စွန့်ပစ်ထားသော အစာကို စားရသည် လည်းရှိသည် ။မရလျှင် ရတနာသုံးပါး မမြဲသောလူများကို ၀င်ရောက်ပူးကပ် ခြောက်လှန့်၍စားသည် ။ ရတနာသုံးပါး မြဲသူများကို ကြောက်ကြ၏။ ။
ဘုရားတည်ခြင်းနှင့် သိုက်စောင့်တို့၏ အခန်းကဏ္ဍ
ဘုရားတည်လိုသူများ ဗဟုသုတရှိစေရန်နှင့် ဥစ္စာစောင့်တို့အကြောင်းရေးရင်း သိသင့်တာလေးတွေ ဖော်ပြတာပါ ။ အစအဆုံး ဖြစ်ရပ်မှန်ကို ရေးသားဖော်ပြတာပါ ။၀တ္ထုလိုဖတ်ကောင်းအောင် ရေးပြခြင်းမဟုတ်ပါ ။ဘုရားအားလုံးလိုလို သူတို့နဲ့ မကင်းပါဘူး ။ ကူညီပေးတာတွေ ၊ဒုက္ခပေးတာတွေ ၊မကျေနပ်ရင် သတ်ပြစ်တာအထိရှိတက်ပါတယ် ။ အကောင်းအဆိုးက တော့ သူတို့နဲ့ သက်ဆိုင်မှု့အပေါ်မူတည်ပါတယ် ။ ကျွန်တော်သည် ဘုရားတည်ရန် စိတ်တောင်မကူးဘူးပါ ။ သူများတည်ကြတာတောင်မနေနိုင် မထိုင်နိုင် အပြစ်ပြောသေးတယ် ။ဘုရားတစ်ဆူရှိပြီးရောပေါ့ ။ ဒီမှာငွေကုန် ကုသိုလ်ရတာထက် မိဘမဲ့ကျောင်း ဆေးရုံတို့ လှုလိုက်ရင် ဘယ်လောက်ကောင်းမလဲပေါ့ ။ မိမိနားမလည် မသိတဲ့ ကိစ္စ ကို အပေါ်ယံ ကြည့်ပြီး ပြောမိတာပါ ။ ဒီလိုနဲ့ နောက်သုံးလလောက်ကြာတော့ ဘုရားစတည်တော့တာပါ ။ဘယ်သူမှ ဓာတ်မစီးပါ ။အိပ်မက်လည်းမပေးပါ ။ စိတ်တွင် အလိုလို ဖြစ် လာလို့ဖြစ်တာပါပဲ။ ဆရာတင်ရမယ့် ဘိုးတော်လည်းမရှိပါ ။သူများခိုင်းတာကိုလဲ လုပ်ချင်သူမဟုတ်ပါ ။
ပဋိစ္စသမုပ္ပါဒ် သဘောအရ အကြောင်းမရှိဘဲ အကျိုးဆိုတာ မဖြစ်နိုင်ဘူးဆိုတာလဲ သဘောပေါက်မထားတော့ အကြောင်းတရားတွေရှိလို့ လုပ်တယ် မထင်မိဘူး ။ကုသိုလ်ရမယ်ထင်လို့ လုပ်ကြတာပဲလို့ထင်မိပါတယ် ။
၁၉၉၂ ခုနှစ်လောက်က အမှတ် (၃) နဲ့ အမှတ် (၄) ဘုရားများတည်တာကို ရေးပြပါမယ် ။ တစ်နေ့တော့ ကျွန်တော်တစ်ယောက်တည်း ကားမောင်းသွားပါတယ် ။တောင်ငူရဲ့မြောက်ဘက် ၂ မိုင်အကွာ ရန်ကုန် မန္တလေးလမ်းဘေးက ကံရိုးရွာကိုရောက်ပါတယ်။ ( ကွန်ပျူတာတက္ကသိုလ် ရှိပါတယ်) လမ်းဘေးထိုးရပ်ပြီး လမ်းဘေးမှာနေတဲ့ မိတ်ဆွေ ဦးကျော်ဖြိုး (ကွယ်လွန်) ကိုခေါ်ပြီး လာဗျာ ဟိုဘက်ဒီဘက်လျှောက်ကြည့်ရအောင်ဆိုပြီး ရွာကိုဖြတ်ပြီး လျှောက်သွားတာပဲ ။ တစ်နေရာရထားလမ်းဘေးမှာ ညောင်ပင်ကြီး တစ်ပင်အောက်မှာ ဘုရားတည်လက်စ ( ၂ပေ ) လောက်အမြင့် ဖောင်ဒေးရှင်းချပြီး ) နဲ့ အုတ်ခဲ ၁၀၀၀လောက်တွေ့ရပါတယ် ။
မေးကြည့်တော့ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဘုရားတည်ဖို့ ကြိုးစားတာ လူနှစ်ယောက်သေသွားလို့ တန်းလန်းဖြစ်နေတယ် ။ အုတ်ခဲတွေကလဲ ဘယ်သူမှ မကိုင်ရဲဘူးတဲ့ ။ညောင်ပင်ကလဲ နွားတောင်မချည်ရဲဘူး ။နောက်ပြီးညဘက်ဆိုလဲ မလာရဲဘူး ။ ညောင်ပင်က အရိပ်လယ်နဲ့ မလွတ်လို့တဲ့ ။ သားမက်ကို ခုတ်ခိုင်းတာ သားမက်ကလည်းကြောက် ၊ သရဲလဲ ကြောက် ၊ယေက္ခမလဲကြောက် ဘာလုပ်ရမှန်းမသိဖြစ်နေတယ် ။ နောက်တော့ သစ်ပင်ကိုတောင်းပန်ပြီး ခုတ်ချင်လို့ ခုတ်တာမဟုတ်ပါ ။ယောက္ခမခုတ်ခိုင်းလို့ပါ ။ လုပ်စရာရှိရင် ခုတ်ခိုင်းတဲ့သူကို လုပ်ပါဆိုတော့ ရက်ပိုင်းမှာဘဲ ခုတ်ခိုင်းသူသေသွားတယ် ။
ကျွန်တော်နဲ့လိုက်လာသူလဲ ဒီနားကို လူတွေသိပ်မလာရဲဘူး ။ရွာနဲ့ကပ်နေတာတောင် ကလေးတွေလာမဆော့ရဲဘူး ။ကြမ်းတယ်ပေါ့ ။ ကျွန်တော်ကလည်း ကိုယ်ကဒါတြွေမင်ရတာ မဟုတ်တော့ သိပ်လည်းမကြောက်ဘူး ။ဒီဘုရားဆက်တည်မယ် ။ မနက်ဖန်ကစပြီး ပစ္စည်းတွေပို့မယ်လို့ပြောပြီး မေတ္တာပို့ အမျှဝြေပီး ပြန်သွားတယ်
ဘုရားတည်တဲ့ အပေါင်းအသင်းတွေနဲ့ နောက်ရောက်လာပြီး နေထိုင် ၊ညအိပ်ဖို့ တဲ တစ်လုံးထိုးတယ် ။သစ်ပင်ပေါ်က ပုဂ္ဂိုလ် ကိုလည်း ၀င်ပူးခိုင်းတယ် ။၀င်ပူးပြီး ငါတို့ ဘုရားတည်မယ် ။မင်းအနှောင့်အယှက် ပေးမှာလား ကူညီမှာလားဆိုတော့ကူညီပါ့မယ်။ မနှောင့်ယှက်ပါဘူးလို့ ကတိပေးပါတယ် ။ မင်းက လောလောဆည် အခြား ပြောင်းနေပေးပါဆိုတော့ မဖြစ်နိုင်ပါဘူး ။ သူကလွန်ခဲ့တဲ့ အနှစ် ၁၀၀ကျော်ကတည်းက နေတာတဲ့။ အေးလေ သူက အိမ်ရှင်ဘဲ ဒီလိုဆိုတော့ တို့ က အောက်က မင်းက အပေါ်ကဖြစ်နေတာကော ဆိုတော့ သူ အောက်ဆင်းနေပါမယ်လို့ပြောတယ် ။
နောက်တစ်ခု ငါတောင်းဆိုချင်တာရှိတယ် ။ ဘုရားပေါ်မှာ မိုးနေတဲ့ ညောင်ကိုင်းတွေ ခုတ်ချင်တယ်ဆိုတော့ ခုတ်ခွင့်ပေးပါတယ် ။ဒါပေမယ့် ဘယ်သူမှ ခုတ်ရဲမှ မဟုတ်ဘူး ။သူအဆင်ပြေသလို လုပ်ဆောင်ပေးပါမယ် ပြောတာ ။နောက်နေ့ကျတော့ သစ်ကိုင်းတွေကျိုးကျတယ် ။ရှင်းပြီးသားဖြစ်သွားတာပေါ့ ။သူ့ကို ကျေးဇူးတင်ရတယ် ။ညတိုင်းလဲ အမျှအတန်းပေးဝေတော့ ဘာဒုက္ခမှ မပေးပါဘူး ။
တိုတိုပြောရရင်တော့ ဘုရားပြီးသွားပြီး အနေကဇာတင်ပါတယ် ။ဘုရားရင်ပြင်မှာပဲ ။ ကျွန်တော်တို့က ရှေ့ကပေါ့ ။ ပရိတ်သတ်က နောက်ကနေပြီး တရားနာပါတယ် ။ အနေကဇာတင်နေတာကို အာရုံပြုနေတာပေါ့ ။ကျွန်တော်နဲ့ဇနီး အလယ်က ရေစက်ခွက်ကိုဖြတ်ပြီး မြွေတစ်ကောင်၀င်လာပြီး ဘုန်းကြီးတွေကိုသွားထိတယ် ။ နောက်ပြီး ရေစက်ခွက်ကနေပြီး ပရိတ်သတ်ထဲ၀င်ပြီး ပျောက်သွားတယ် ။ ဗီဒီယို မှတ်တမ်းရိုက်ထားလိုက်မိပါတယ် ။ သိုက်စောင့်တွေက ဘုရားကို အရင်ဆုံးဖူးချင်လို့လာတာပါ ဆိုပြီး ၀င်ပူးပြောပါတယ် ။ အဲဒီ အမှတ် (၃) ဘုရားတည်ပြီးတော့ ကိုက် ၁၀၀လောက်အကွာမှာ အမှတ် (၄) ဘုရားဆက်တည် ဖို့ဆက်လုပ်ပါတယ် ။
အမှတ်စဉ် ( ၃) တည်နေစဉ်ပဲ ကိုက် ၁၀၀လောက်မှာ သစ်ပင်ခြုံနွယ်တွေနဲ့ အုပ်ဆိုင်းနေတဲ့ ၁၀၀၀ ပေ ပတ်လည် ခြုံကြီးရှိပါတယ် ။ စိတ်၀င်စားတာနဲ့ အဲဒီတောကြီးထဲကို လေးဘက်ထောက်၀င်သွားကြည့်ရတယ် ။ အထဲမှာ ဘုရားပျက်တွေ့ပါတယ် ။ ဘုရားကတော်တော်ကြီးတာပဲ။ အားလုံးပြိုကျပြီး လူတစ်ရပ်လောက်မြင့်တဲ့ တောင်ကမူလို ဖြစ်နေတယ် ။
ဒါနဲ့ ဘုရားဆက်တည်မယ်ဆိုပြီး ရွာက လူတွေညှိတော့ သူတို့မလုပ်ရဲဘူး။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ရွာသားတစ်ယောက် ဒီနားက ဖြတ်သွားတာ မုန့်ဆီကြော် ကြော် နေတဲ့ မိန်းကလေးတွေ့လို့ မုန့်ဆီကြော် ၀င်စားပြီး ရွာပြန်တာ နောက်နေ့ကျတော့ သေပြန်ရော ။ဒါကြောင့် ရွာက ၀င်မပါရဲဘူး။ ကျွန်တော်က မပါလဲရတယ်။ ခြုံရှင်းပေးဖို့ လူ၁၀ယောက်တောင်းတယ် ။ အခကြေးငွေနဲ့ပေါ့ ။ သူတို့က ညောငါပင် ခုတ်တုန်းက အဖြစ်အပျက်ကို သိနေတော့ ကျွန်တော်က သူတို့တန်းစီထားပြီး ငါခုတ်ခိုင်းတာ လုပ်စရာရှိ ငါ့ကို လုပ် သူတို့ နဲ့ ဘာမှ မဆိုင်ဘူး ဆိုပြီးပြောရတယ် ။ ကြောက်စိတ်ကတော့ လုံ၀မရှိပါ ။ သတ်ရင်လည်းမတက်နိုင်ဘူးပေါ့ ။ ဘာတန်ခိုးမှ မရှိတော့ ကံတရားပေါ့ ။ ဒါနဲ့ လူ၁၀ယောက်ရှင်းကာ ၁၀ရက်ကြာတယ် ။ ( နံပတ် ၃ ဘုရားကလဲ မပြီးသေးတဲ့ အခြေအနေပါ )
အားလုံးရှင်း ၊သန့်ရှင်းရေးလုပ် ၊ မီးသွယ်ထားပြီး တပည့် ကိုဇော်မင်းက (ယခုလဲ ဘုရားတွေကိုလိုက်တည်နေသူ ) သိုက်ပွဲ ဆိုပြီး အပေါ်မှာ အုန်းပွဲထားတယ် ။ တရက်တော့ အုန်းပွဲအခိုးခံရတယ် ။ မနက်ကျတော့ ည က အုန်းပွဲ လာခိုးတဲ့ ကောင် ဘုရားဘေးမျာ မြွေကိုက်ခံရလို့သေပြန်ရော ။ ရွာက လူတွေ လဲ မလာကြတော့ဘူး ။ အဖြစ်အပျက်တွေကလည်း စုံပါတယ် ။ ကျွန်တော်တို့ မသိသေးတာ ဘာတွေရှိသေးသလဲ မသိပါဘူး ။
အဲဒီ ဘုရားကြီး တည်နေတဲ့ ကာလမှာ ဘုရားတည်သူတွေ ညအိပ်ကြပါတယ် ( ဦးချစ် ၊ဦးဇော်မင်း ၊ဦးတင်ထွန်း ၊ဆရာကြီး ဦးမြမောင် ….) တို့ ညနေ ထမင်းစားတိုင်ပန်းစည်းတထုပ် အမြဲတမ်းအပေါ်က ချပေးပါတယ် ။ လယ်ကွင်းကြီးထဲမှာဆိုတော့ လူလဲ မတွေ့ရဘူး ။ နေ့စဉ်ပဲ။ တစ်ခါတစ်ရံ တစ်ခြား ပန်းလေးဘာလေးလဲ ပူဇော် အုန်းမှပေါ့ ဆိုတော့ တစ်ခြာ ပန်းပေးပါတယ် ။ အဲဒါတွေ အားလု့း ဘုရားပူဇော်ကပ်ပေးရပါတယ် ။ သူတို့ကို လဲ မေတ္တာပို့ အမျှအတန်းပေးဝေပေးရပါတယ် ။
နောက်ထူးဆန်းတာ တစ်ခု ရေးပြပါ့မယ်
အဲဒီလိုနဲ့ ဘုရားကြီလည်းတည်ပြီးရော ထီးမတင်ခင်မှာပဲ မြတ်စောညီနောင် ဆရာတော်ကြီးက ( ရန်ကုန်ဆရာတော် ) ပင့်ပြီး ကြည့်ပေးဖို့ လျှောက်ပါတယ်။ ဆရာတော် ဘုရားကြီးက ဒီ သိုက်ကိစ္စ တွေ ကျွမ်းကျင်ပါတယ် ။ ယခုတော့ နံပါတ် (၉) စာအုပ်ရေးနေစဉ် ၂.၁. ၂၀၁၀ နေ့က ဘ၀နတ်ထံ ပျံလွန်တော်မူပါတယ် ။
ဆရာတော်ကြီးကို ဆွမ်းကပ်ရန် အစီအစဉ်ရှိသဖြင့် ဘုရားတည်တဲ့ အဖွဲ့မှာပါတဲ့ ကိုတင်ထွန်း (၁၁လမ်း) က ဆွမ်းချက်ကပ်ဖို့ တာ၀န်ယူပါတယ် ။ လူနှစ်ဆယ်လောက်အတွက် ဆိုတော့ ဆွမ်းတစ်အိုးဟင်းက ငါးဆင့်ချိုင့် တစ်လုံးချက်လာပါတယ် ။ ဆရာတော်ကြီးကို ဆွမ်းကပ်ပါတယ် ။ ဆရာတော်ကြီးက သိုက်စောင့်တွေက မင်းတို့လုပ်ဆောင်ပေးတာကို သိပ်၀မ်းသာနေကြတယ် ။ ကူညီလဲ ကူညီကြတာပေါ့။ (ကျွန်တော်တို့ကတော့ မေတ္တာပို့ အမျှအတန်းဝေတာနဲ့ ၀င်ပူးပြီး ညှိနှိုင်းတာလောက်ပဲ လုပ်နိုင်ကြပါတယ် ။ အားလုံးအဆင်ပြေပါတယ်။)
ဆရာတော်ကြီးက ကု ရွာကလာတဲ့ လူတွေ ထမင်းကျွေးလိုက်ဦးဆိုတော့ ( ရွာက လူ ၄၀ လောက်ရှိမယ် ထင်ပါတယ် ) ဟာ ဒုက္ခပါပဲ ။ ဘယ်သူ့အတွက်မှ အစီအစဉ် လုပ်မထားဘူး ။ဒါနဲ့ လူကြီးလောက်တော့ ကျွေးမယ်လို့စီစဉ်၊ထည့်ကျွေးတာ နောက်ဆုံးအားလုံး၀င်စားတော့တာပဲ ။ ဒီ အိုးထဲက ထမင်းပဲ ခူးကျွေးနေတာပဲ ။ရွာသားတွေ စားပြီး ကျန်သေးတော့ ဘုရားမှာ လုပ်တဲ့လူတွေစား ။ ညနေဘက်အထိ ဆက် စားရတယ် ။ လူတစ်ရာလောက်ထိ ကျွေးရတာ တစ်သက် တစ်ခါမှ အံ့သြရတဲ့အဖြစ် မတွေ့ဘူးပါဘူး ။
အမှတ်စဉ် ( ၄) ပြီးတော့ အမှတ်စဉ် (၅) ရေတာရှည် ဘိုးတော်ကုန်းရွာကို တည်ဖို့ ဆက်လက်ချီတက်ပါတယ်။အမှတ်စဉ် (၄) ဘုရားတည်နေစဉ်က နေ့စဉ် ကြီးကြပ်ပေးတဲ့ ဆရာကြီးက ကျန်းမာရေးမကောင်းလို့ ဆေးရုံတက် ကွယ်လွန်သွားပါတယ် ။ ဆေးရုံတက်တော့ ရေမတိုက်ရပါဘူး ။ သူက ရေသောက်ချင်တယ်။ ကျွန်တော်တို့က မတိုက်ရဲ။ ကျွန်တော်တို့အပေါ် မကျေမနပ်ပေါ့ ။ဒါနဲ့ပဲကွယ်လွန်သွားတယ် ။
ကွယ်လွန်တော့ အမှတ် (၄) ဘုရားမှ ၀င်ပူးပြီး ပြောတယ် ။ သူပြိတ္တာဖြစ်နေကြောင်း အ၀တ်အစားမရှိ နေစရာမရှိကြောင်း ( သေခါနီး အာသန္နကံ မကောင်းခဲ့လို့ ) သူ့အတွက် ပိတ်ဖြူတစ်စ ဆရာတော် တစ်ပါးကို လှုပေးဖို့ ပြောပါတယ် ။ သူဟာ ရေငတ်ပြီး သေရတော့ သူ့ကို ဆရာကြီး ရေသောက် မလားဆိုတော့ သောက်မယ်ဆိုပြီး ၀င်ပူးနေတဲ့ အမျိုးသမီးကို မတ်ခွက် နဲ့ ၉ခွက်တိုက်ရတယ် ။ ဒါနဲ့ ပိတ်ဖြူလှုပေးပြီး အမျှအတန်းပေးဝေတော့ အ၀တ်အစား ၀တ်ရပြီ ။ အမှတ်စဉ် (၄ ) ဘုရားမှာဘဲ နေကြောင်းပြောပါတယ်။ အထက်က ခိုင်းတာ များလွန်းလို့ ဘုရားတောင် မရှိခိုးရဘူးတဲ့ ။ယခင်က အမြဲတမ်းပြောတဲ့ စကားတစ်လုံး သေရင် အေးတာပဲ ဆိုတော့ တကယ်တော့ မအေးပါဘူးတဲ့ ။
ဒီလောက်ဆိုရင်လည်း ဘုရားတည်ချင်တဲ့ သူတွေ ဗဟုသုတ တွေ ရလောက်ပါပြီ ။ကျွန်တော် ဘုရားတည်တိုင်းလည်း ဆရာတော်များကို ပင့်ပြီး သီလယူအနေကဇောတင်တာကိုဘဲ တာ၀န်ရှိစေပါတယ် ။ ထီးတော်တင်ကိစ္စများမှာ မပတ်သတ် စေပါဘူး ။ ဆရာတော်များဟာ ရွှေငွေ ကိုင်ခွင့်မရှိပါဘူး ။
ဘုရားဆင်းတုတော်ကို ပင် ကိုယ်တိုင် မပြုလုပ်အပ်ပေ ။(ဝိမတိ ဒု၊၁၈၃ ၌ ) မိန့်ဆိုထားပါသည် ။ရဟန်းများ ဘုရားတည်ကာ မိစ္ဆာဇီ၀ဟူ၍ ( သမ္မောဟဝိနောဒနီ ၊ဇမ္ဗူ ထ-၂၉၃) ၌ မိန့်ဆိုထားပါတယ် ။ ဆရာတော် ဦးဗုဓ်က င့ါကျောင်းက ဦးပဉ္စင်းတွေ ရွာထဲ သင်္ကန်းရုံမသွားတာ မင်းတို့ သာသနာပိုင် ဘုရားတည်တာလောက် အပြစ်မကြီးကြောင်း မိန့်ဆိုသွားပါတယ် ။ ရဟန်းတော်များအနေနှင့် ဘုရားပုံတော် ၊ ဆင်းတုတော်၊စေတီတော်ကို ပင် မရေးအပ်၊ မထုအပ် ၊မတည်အပ် ဟု မှတ်ယူရပါမည်။
Credit_to_Original_Writer✍️
No comments:
Post a Comment