နေရာတကာ ကံချည်းပဲ ပုံချမထားရဘူး
===========================
မင်းတို့ မာန်လည်ဆရာတော်ဘုရားကြီးက မဃဒေ၀လင်္ကာမှာ “ ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့် ” ၊ ဘုရားရှင်ဟောကြားထားတာကတော့ ကံမူလ ကံသာ ပဓာနပေါ့၊ အဲသလို ဟောကြားထားတာပါဘဲတဲ့။
“ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ဌာန်၌ ညာဏ်ဝီရိယ ပယောဂတည့်”၊
အေး ဘုရားရှင်က ကံမူလလို့ ဟောထားတာမှန်တယ်၊ ဒါပေမဲ့ ဥစ္စာဘောဂ ဇီဝိတနှင့် ” ပစ္စည်းဥစ္စာ ကြွယ်၀ချမ်းသာဖို့ ဇီဝိတ အသက်ရှင်ဖို့ အဲဒါတွေ အတွက်ကျတော့ “ ညာဏ်ဝီရိယ ပယောဂတည့်”တဲ့ ၊ ညာဏ်ဝီရိယနဲ့ယှဉ်ပေးရတယ်တဲ့၊ နေရာတကာ ကံချည်းပဲ ပုံချမထားရဘူး။
အဲဒါကို “ ကျားရဲရာလည်း ကြမ္မာအကြောင်း မရိုးကောင်းဟု သူဟောင်းရှေးက ဆိုကုန်ကြ၏ ” ။
တောတတောထဲမှာ ကျားတိရစ္ဆာန်ရှိတယ်၊ အဲဒီကျားတိရစ္ဆာန်က လူတွေကို သိပ်ကိုက်သတ်နေတယ်၊ အဲဒါ ကံရှိရင်ကွာ ကျားအကိုက်မခံရပါဘူးဆိုပြီးတော့ အဲဒီတောထဲ သွားရင် ဒါ ကံကို ရိုးမယ်ဖွဲ့လို့ မရဘူးတဲ့။
“ ကံကိုယုံ၍ ဆူးပုံအတွင်း မသက်ဆင်းရာ”တဲ့၊ ကံရှိရင် ဆူးစူးမှာ မဟုတ်ဘူးဆိုပြီးတော့ ဆူးပုံကြီးပေါ် တက်နင်းရင် ဆူးစူးမှာပဲ တဲ့၊ အဲဒါ မှတ်ထား။
“ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ဌာန်၌ ညာဏ်ဝီရိယ ပယောဂတည့်”ဆိုတဲ့အတိုင်း မင်းတို့ အသက်ရှည်ဘို့အတွက် စီးပွားဥစ္စာ ဖြစ်ဘို့အတွက်ကျတော့ ညာဏ်ဝီရိယပါ ကူညီပြီးတော့ ပေးရပါတယ်တဲ့ ။
ကိုင်း လိုက်ဆို၊ ကံဟုမူလ သမ္ဗုဒ္ဓတို့ ဟောပြသည်မှာ အရင်းသာရှင့်၊ ဥစ္စာဘောဂ ဇီဝိတနှင့် သုခပွားရန် ဤလူ့ဌာန်၌ ညာဏ်ဝီရိယ ပယောဂတည့်၊ ကျားရဲရာလည်း ကြမ္မာအကြောင်း မရိုးကောင်းဟု သူဟောင်းရှေးက ဆိုကုန်ကြ၏ ၊ကံကိုယုံ၍ ဆူးပုံအတွင်း မသက်ဆင်းရာ။
အဲဒါ ကံရှိရင် သေမှာ မဟုတ်ပါဘူးဆိုပြီးတော့ ဆူးပုံမနင်းပါနဲ့၊ ကျားရဲနေတဲ့တော ကျားသောင်းကျန်းနေတဲ့တောကို ငါ ကံရှိရင် ကျားအကိုက်ခံရမှာ မဟုတ်ဘူးဆိုပြီးတော့ မသွားပါနဲ့တဲ့၊ အဲဒါကို မင်းတို့ မြန်မာစကားပုံက “ ကျားရဲရာ ကြမ္မာမရိုးသာ”လို့ ပြောတာ၊
အဲဒါ နေရာတကာမှာ ကိုယ့်အသိညာဏ်လေးနဲ့ကိုယ် ချင့်ချိန်ပြီးတော့ လုပ်ကြဖို့လိုတယ်။
( ၁၃၆၉-ခု)
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)
No comments:
Post a Comment