ဘုရားလောင်းပုဏ္ဏားလုလင်
🌿🌿🌿🌿🌺🌺🌺🌿🌿🌿🌿
အချိန်က ဗာရာဏသီနေပြည်တော်၌ ဗြဟ္မဒတ်မင်းကြီး နန်းစံကာ ယဉ်ကျေးမှုဓလေ့နှင့် ထုံးတမ်းအစဉ်အလာများကို မြေဝယ်မကျလိုက်နာကျင့်သုံးနေချိန်ဖြစ်၏။ နေပြည်တော်တစ်ဘက်ခြမ်းတွင် တိုင်းသူပြည်သားများ၏ အားထားရာ ဂင်္ဂါမြစ်ဟူသော မြစ်တစ်စင်းရှိ၏။ တစ်နေ့သ၌ ဂင်္ဂါမြစ်ကမ်းပါးရှိ ဖြူဖွေးနေသောသဲသောင်ပြင်ထက် ပုဏ္ဏားလုလင်လေးတစ်ယောက်သည် အပေါ်ရုံပုဆိုးဖြင့် တစ်ကိုယ်လုံးလွှမ်းခြုံလျက် တင်ပလ္လင်ခွေထိုင်နေလေသည်။ ပုဏ္ဏားလုလင်၏မျက်နှာမှာ တင့်တယ်၍ မြင့်မြတ်သောမျိုးရိုးမှာ ဆင်းသက်လာမှန်းသိသာ၏။
ထိုနေရာမှ လုံးဝမထဘဲ ထိုင်နေခဲ့သဖြင့် လှပတင့်တယ် ရှုချင်စဖွယ်ရှိလှသော သူ၏မျက်နှာသည် ပင်ပန်းနွမ်းနယ်၍နေပေသည်။ လမ်းသွားလမ်းလာများသည် ထူးခြားလှသော သူ၏အပြုအမူကြောင့် တအံ့တသြဖြစ်ကာ လာရောက်ကြည့်ရှုကြ၏။ အရွယ်လေးနှင့်မလိုက်အောင် ပင်ပန်းဆင်းရဲခြင်းဒဏ်ခံစားနေရသဖြင့် အဘယ်ကြောင့် ဤသို့နေထိုင်ရကြောင်းမေးမြန်းကြလေသည်။ ကောင်းမြတ်သောစေတနာ၊ ကြင်နာသောကရုဏာဖြင့် မေးမြန်းသောစကားတို့ကို ပုဏ္ဏားလုလင်က လုံးဝမပြန်ကြားလျက် နှုတ်ဆိတ်နေမြဲနေလေသည်။
လမ်းသွားလမ်းလာများမှ တစ်ဆင့်စကားဖြင့် ဒုတိယနေ့တွင် ရွာသူရွာသားများ၊ တတိယနေ့တွင် မြို့သူမြို့သားများပါမကျန် လာရောက်မေးမြန်းကြ၏။ စတုတ္ထနေ့တွင် မြို့မျက်နှာဖုံး လူကြီးသူမများပါ လာရောက်ကြသည်သာမက ပဉ္စမနေ့တွင် မင်းမှုထမ်းများပါ ရောက်လာကြလေသည်။ ပုဏ္ဏားလုလင်မှာ မည်သူလာမေးမေး လုံးဝမဖြေကြားဘဲ နှုတ်ဆိတ်နေခဲ့သည်။ တစ်နေ့ထက်တစ်နေ့ သူ၏ခန္ဓာကိုယ်မှာလည်း ပို၍ညှိုးနွမ်းလာခဲ့သည်။ ထိုင်နေသောနေရာမှ တစိုးတစိမျှ လုံးဝမရွေ့လျက် အပူဒဏ် အအေးဒဏ်ကို တောက်လျှောက်ခံစားလာခဲ့ရသဖြင့် အင်မတန် ပင်ပန်းလှပါပေပြီ။ သို့ရာတွင် သတင်းလာမေးသူများသည် အပင်ပန်းခံရခြင်းအကြောင်းအရင်းကို မေးမရနိုင်သဖြင့် ငိုကြွေးလျက် လက်မှိုင်ချကာ ပြန်သွားကြရလေသည်။
ဤသို့ တစ်ဆင့်စကား တစ်ဆင့်နားဖြင့် ပြန့်ပွားလာခဲ့ရာ ပုဏ္ဏားလုလင်လေးအကြောင်းကို မင်းကြီးကိုယ်တိုင်ကြားသိလာရ၏။ လူကြီးသူမတို့၏ အစဉ်လာစကားအရ အမျိုးဇာတ်မြင့်မြတ်လှသော ပုဏ္ဏားတစ်ယောက် ထိုသို့ အစာအငတ်ခံ၍ သေဆုံးသွားခဲ့ပါလျှင် တစ်တိုင်းပြည်လုံး ကံဆိုးမိုးမှောင် ကျရောက်လာလိမ့်မည်ဟု ယုံကြည်ထားကြသဖြင့် မင်းကြီးကိုယ်တိုင် ထိတ်လန့်လာရ၏။ ထို့ကြောင့် စကားအရာ၌ လိမ္မာကျွမ်းကျင်သော တမန်များစေလွှတ် မေးမြန်းစေရာ အချည်းနှီးဖြစ်ကာ ပြန်လာရပေသည်။ သတ္တမမြောက်နေ့တွင် ဗြဟ္မဒတ်မင်းကြီးပင်လျှင် မနေသာသောကြောင့် ဂင်္ဂါမြစ်ကမ်းသို့ မင်းချင်းများခြံရံလျက် ကိုယ်တိုင်ကြွမြန်းလေတော့သည်။
ဂင်္ဂါမြစ်ကမ်းပါးထက်၌ အပင်ပန်းခံနေသော ပုဏ္ဏားလုလင်လေးကိုမြင်သောအခါ ‘‘ အို .. အသင် ပုဏ္ဏား .. မနေ့တုန်းက တမန်တော်များလွှတ်ပြီး မေးမြန်းတဲ့အခါ အသင် ဘာတစ်ခုမျှ မဖြေကြားလိုက်ပါ.. အသင်မှာ ဘယ်လိုဆင်းရဲဒုက္ခများ ကျရောက်နေပါသလဲ.. ဘယ်လိုအချင်းအရာကြောင့် စောစောက မေးမြန်းသူတွေကို မဖြေကြားဘဲ နေခဲ့ရပါသလဲ …’’ ဟု မင်းကြီးက မေးမြန်းလေသည်။ ထိုသို့ မင်းကြီးကိုယ်တိုင်လာရောက်မေးမြန်းသည့်အခါ ပုဏ္ဏားလုလင်သည် မျက်လွှာဖွင့်၍ကြည့်ကာ
‘‘ အရှင်မင်းကြီး .. မိမိမှာ ဆင်းရဲဒုက္ခကျရောက်နေတဲ့အခါ ဒီဆင်းရဲဒုက္ခကလွတ်မြောက်အောင် အကျိုးမဆောင်နိုင်တဲ့သူများထံမှာ မပြောကြားသင့်ပါ.. တစ်စိတ်တစ်ဒေသလောက်ဖြစ်စေ လွတ်မြောက်အောင်အကျိုးဆောင် ပေးနိုင်တဲ့သူကိုသာ ပြောကြားသင့်ပါတယ်.. ဒါကြောင့် အကျွန်ုပ်မျိုး ဘယ်သူကိုမှစကားမပြောဘဲ မင်းကြီးတစ်ဦးတည်းကိုသာ ဖြေကြားရပါတော့တယ်…’’ ဟု ဖြေလေသည်။
‘‘ ဒါဖြင့် အသင်ပုဏ္ဏားမှာ ဘယ်လိုဆင်းရဲဒုက္ခတွေ ကျရောက်နေပါသလဲ …’’ ဟု မင်းကြီးမှမေးရာ ‘‘ အရှင်မင်းကြီး .. ဒိသာပါမောက္ခဆရာကြီးထံ ပညာသင်ကြားရန်သွားစဉ်တုန်းက အကျွန်ုပ်မှာ ဆရာပူဇော်ကြေးပါမသွားခဲ့ပါဘူး.. ဒါကြောင့် ဆရာကြီးထံမှာ ပညာသင်ကြားပြီးမှ တိုင်းပြည်အနှံ့လှည့်အလှူခံပြီး ပေးပါရစေလို့တောင်းပန်ပြီး ပညာသင်ကြားခဲ့ရပါတယ်.. ပညာရပ်အားလုံးတတ်မြောက်တဲ့အခါ ပေးထားတဲ့ကတိစကားအတိုင်း နယ်လှည့်ခရီးဆန်ပြီး အလှူခံလိုက်တာ ရွှေဒင်္ဂါးခုနစ်ရာကို ရရှိခဲ့ပါတယ် .. ရလာတဲ့ရွှေဒင်္ဂါးတွေကို သေသေချာချာထုပ်ပြီး ဂင်္ဂါမြစ်ကို ကူးတို့လှေနဲ့ကူးလာရာမှာတော့ ကူးတို့လှေလူးတာနဲ့ပါလာသမျှတွေ မြစ်ရေထဲကျသွားပါတော့တယ် ..ဒီတော့ အဲဒီရွှေတွေ ဘဏ္ဍာစားပြန်ရအောင်လှည့်ပြီး အလှူခံရမယ်ဆိုရင် အချိန်အများကြီး စောင့်ရပါလိမ့်မယ်.. အနယ်နယ်အရပ်ရပ်မှာလည်း ဆင်းရဲကျပ်တည်းနေကြလေတော့ ဒီငွေပမာဏ လွယ်လွယ်နဲ့မရနိုင်တော့လို့ လက်ရှိနည်းလမ်းကိုကျင့်သုံးရတာပါ အရှင်မြတ်မင်းကြီး … ’’ ဟု ပုဏ္ဏားလုလင်မှဖြေကြားသည်။
ထိုအခါ မင်းကြီးသည် ပုဏ္ဏားလုလင်အား ‘‘ ကောင်းပါတယ် အသင်ပုဏ္ဏား .. အသင်ပုဏ္ဏားရဲ ့လုပ်ဆောင်ချက် မှန်ကန်ပါပေတယ်.. ဇွဲ သတ္တိအပြည့်အဝနဲ့ ဆင်းရဲဒုက္ခဒဏ်ကို ကြံ့ကြံ့ခံနိုင်တဲ့ အသင့်အရည်အချင်းကို အားရနှစ်သက်မိပါတယ်.. ဒါကြောင့် အသင် ကျပျောက်ခဲ့တဲ့ ရွှေဒင်္ဂါးခုနစ်ရာကို နှစ်ဆတိုးပြီး ပေးလှူလိုက်ပါ့မယ် … ’’
ဟု ဆိုလေသည်။
ထိုသို့ ဝန်ခံစကားပြောကြားခဲ့သည့်အတိုင်း ဗြဟ္မဒတ်မင်းကြီးထံမှ ရွှေဒင်္ဂါးတစ်ထောင့်လေးရာတိတိ ရရှိသောအခါ ဇွဲလုံ့လကြီး၍ သတ္တိရှိသော ပုဏ္ဏားလုလင်ငယ်သည် ဒိသာပါမောက္ခဆရာကြီးထံ သွားရောက်ကာ ရိုသေစွာ ဦးခိုက်၍ ဒင်္ဂါးပြားများနှင့်အတူ ကန်တော့ခွင့်ရလေတော့သည်။
ဇာတ်လမ်းလေးကို ဒီမှာ အဆုံးသတ်ခွင့်ပြုပါခင်ဗျာ …
ဒီဇာတ်လမ်းလေးဖတ်ပြီးသွားတဲ့အချိန်မှာ ကာတွန်းမုန့်ချစ်သူတွေအနေနဲ့ ဘယ်အလုပ်ကိစ္စမဆို သတ္တိထား ဇွဲလုံလကြီးမားပြီး လုပ်ဆောင်ပါက အောင်မြင်မှုအကျိုးတရားရရှိနိုင်တာကို သိမြင်သွားမယ်လို့ မျှော်လင့်မိပါတယ်ဗျ။
Cartoon Bakery မှ သားသားမီးမီးတို့အတွက် ဗဟုသုတရစေရမယ့် ဇာတ်နိပါတ်တော်များနှင့် နာမည်ကျော် စေတီဘုရားများရဲ့ သမိုင်းကြောင်းကို အပါတ်စဉ် အင်္ဂါနေ့တိုင်း ဖော်ပြပေးနေတာကြောင့် ကာတွန်းမုန့်တွေကို အားပေးရင် ပုံပြင်ဇာတ်နိပါတ်များကို ဖတ်ရှု့နိုင်ဖို့အတွက် Pageကို See First လုပ်ထားဖို့ သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ။
#Cartoon_Bakery
No comments:
Post a Comment