ညစဉ်ခွေးစားခံရသော ပြိတ္တာ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ကာမေသုမိစ္ဆာစာရအမှုကို မလွန်ကျူးရ
မနေနိုင်ပဲ ဖြစ်လာခြင်းသည်လောဘရဲ့
စွမ်းအားပဲ။ကာမေသုမိစ္ဆာစာရအမှုကြောင့် မုသာဝါဒအရင်းပြုပြီး ကြမ်းတမ်းသော စကား, အကျိုးမရှိပြိန်ဖျင်းသောစကား အကြောင်းလေးကို မှီပြီး ကဏ္ဏမုဏ္ဍပြိတ္တာအမျိုးသမီးအကြောင်း ပြောပြချင်ပါတယ်။
ဒီဝတ္ထုဇာတ်ကြောင်းကတော့
ကဿပဘုရားရှင်လက်ထက်တော်က
စတင်ခဲ့တဲ့ ၀တ္ထုဇာတ်ကြောင်း ဖြစ်ပါတယ်။အရောရောအနှောနှောဖြစ်တဲ့ ကံတွေကို ထူထောင်ခဲ့မိတဲ့အတွက် အရောရော အနှောနှော အကျိုးတရားတွေကို ရရှိတဲ့ ၀တ္ထုဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်။
ကဿပဘုရားရှင်လက်ထက်တော်အခါက ကိမိလမြို့မှာ မထင်ရှားတဲ့ သောတာပန် ဥပါသကာတစ်ဦးဟာ မိတ်ဆွေဥပါသကာ (၅၀၀)တို့နှင့်မျှသော ကုသိုလ်ဆန္ဒရှိသည် အတွက်ကြောင့် အာရာမ်ဥယျာဉ် စိုက်ပျိုးခြင်း, တံတားတည်ဆောက်ခြင်း, စင်္ကြံလမ်းများဆောက်လုပ်ခြင်း စတဲ့ ကောင်းမှု
ကုသိုလ်တွေကို အတူပြုလုပ်ကြပါတယ်။ သံဃာတော်အတွက် ကျောင်းတိုက်တစ်ခုလည်း တည်ဆောက်ပြီးတော့ လှူဒါန်းပူဇော်ကြတယ်။ ထိုကျောင်းတိုက်သို့ မိတ်ဆွေတစ်စုတို့ ကြိုးကြားကြိုးကြား သွားခဲ့ကြပါတယ်။ ထိုဥပါသကာတို့ရဲ့ အိမ်ရှင်မတွေကလည်း အချင်းချင်း အညီအညွှတ် ပန်း, နံ့သာ, နံ့သာပျောင်း စသည်တို့ကို လက်စွဲကာ ရံခါရံခါ ကျောင်းတော်သို့ သွားကြပါတယ်။
ဒီလို ကျောင်းတော်သို့ သွားတဲ့အခါ လမ်းခုလတ်မှာရှိတဲ့ အာရာမ်ဥယျာဉ် သဘင်စတဲ့ အပန်းဖြေ ရိပ်သာတွေမှာ ခေတ္တခဏ အပန်းဖြေပြီးတော့မှ ကျောင်းတိုက်သို့ ဆက်လက် သွားကြပါတယ်။
သို့သော် ပြဿနာတစ်ခု ဖြစ်လာပုံကတော့ ဒီလိုပါ။ ဒီအမျိုးသမီးတွေဟာ သီလကို ရိုသေစွာ စောင့်ထိန်းနေကြတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ သူတို့ ခေတ္တအပန်းဖြေရာဖြစ်တဲ့ အပန်းဖြေ ရိပ်သာတွေမှာ သေသောက်ကြူးတွေက ရှိနေကြပါတယ်။
ဒီအမျိုးသမီးတွေရဲ့ ဥပဓိသမ္ပတ္တိနှင့် တင့်တယ်စံပယ်ပုံကို ကြည့်ပြီးတော့ ဒီအမျိုးသမီးတွေအပေါ်မှာ တွယ်တာမက်မောလာကြတယ်။ ဒီလိုတွယ်တာမက်မောတဲ့အတွက် သူတို့အချင်းချင်း လောင်းကစားတစ်ခု ပြုလုပ်ခဲ့ကြတယ် --- " ဒီ
အမျိုးသမီးတွေထဲက အမျိုးသမီး တစ်ယောက်ယောက်ကို ဖျက်ဆီးနိုင်တဲ့လူကို အသပြာတစ်ထောင် ပေးမယ်" လို့ ဒီလိုလောင်းကစား ပြုလုပ်ကြတယ်။ အဲဒီ သေသောက်ကြူးတွေထဲက တစ်ယောက်က
သူ ရအောင်ဖျက်ဆီးမယ်လို့ ပြောဆိုပြီးတော့ စောင်းသီချင်းနှင့် စတင်ကာ အဲဒီအမျိုးသမီး
တွေကိုမြူဆွယ်ပါတယ်။
ကာမဂုဏ်နှင့် စပ်တဲ့သီချင်းတွေကို ချိုမြိန်တဲ့ အသံတို့ဖြင့် သီဆိုကာ ချိုမြိန်တဲ့စောင်းသံဖြင့် မြှူဆွယ်ပါများလာတဲ့အခါ ထိုစောင်းသမားက အမျိုးသမီးတစ်ဦးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒီအမျိုးသမီးတွေဟာ သီလကို စင်စင်ကြယ်ကြယ် စောင့်ထိန်းနေတဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ ကျောင်းကန်ဘုရားတွေ ဆောက်လုပ်လှူဒါန်းနေတဲ့ အလောဘသမားတွေ ဖြစ်ကြပါတယ်။
သို့သော် သူတို့ရဲ့ အားပျော့နေတဲ့ အလောဘက အားကောင်းမောင်းသန်နေတဲ့ ကာမဂုဏ်၌
တွယ်တာမက်မောမှုဆိုတဲ့ လောဘတရားကို အနိုင်မယူနိုင် ဖြစ်ခဲ့ပါတယ်။ ဒီကာမေသုကို မလွန်ကျူးခင်
ဒီစောင်းသမားနဲ့ အကျိုးမရှိပြိန်ဖျင်းတဲ့ သမ္ဖပ္ပလာပစကားကို ပြောကြဆိုကြတာလည်း မုသားရဲ့အကုသိုလ်တရားတွေပါဘဲ။ ဒါတွင်မကသေးဘူး၊ နောက်ထပ် အကုသိုလ်အပြစ်တစ်ခု ရှိနေပြန်သေးတယ်။
လောင်းကစားမှုမှာ ရှုံးသွားကြတဲ့ သေသောက်ကြူးတွေက နိုင်တဲ့သေသောက်ကြူး စောင်းသမားကို အသပြာတစ်ထောင် ပေးလိုက်ရတဲ့အတွက် မကျေနပ်ကြဘူး။ ဒါ့ကြောင့် အဖျက်ဆီးခံရတဲ့
အမျိုးသမီးရဲ့ အိမ်ရှင်ယောက်ျားကို သွားရောက်ကာ တိုင်ကြပြန်တယ်။ ထိုအမျိုးသားက သူ့ရဲ့
အမျိုးသမီးကို စစ်ဆေးမေးမြန်းလိုက်တဲ့အခါ ဒီအမျိုးသမီးက ဘာပြောသလဲ?--- " ကျွန်မဟာ
ဒီလိုလုပ်ငန်းရပ်မျိုးကို သိတောင်မသိခဲ့ပါဘူး" လို့ ပယ်ရှားလိုက်တဲ့အခါ ယောက်ျားလုပ်သူက မယုံကြည်တဲ့အတွက် အနီးအနားမှာ ရပ်တည်နေတဲ့ ခွေးကို လက်ညှိုးထိုးပြပြီးတော့ ကျိန်စာဆိုပြန်တယ်။
ဘယ်လိုဆိုသလဲ? --- " အကယ်၍ ကျွန်မဟာ ဒီလိုယုတ်မာတဲ့အမှုကို ပြုခဲ့မိတယ်ဆိုလျှင် ဒီနားရွက်
ပြတ်နေတဲ့ ခွေးနက်ကြီးဟာ ဖြစ်လေရာဘဝမှာ ကျွန်မကို ခဲစားနိုင်ပါစေ"လို့ ဒီလို သူက ကျိန်စာဆို
လိုက်တယ်။ အဖော်ဖြစ်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ကလည်း ဒီအမျိုးသမီးဟာ ကာမေသုမိစ္ဆာစာရဆိုတဲ့ ယုတ်မာတဲ့လုပ်ငန်းရပ်ကို လွန်ကျူးခဲ့သူ ဖြစ်တယ်ဆိုတာကို သိပါလျက် " ဒီအမျိုးသမီးဟာ
ဒီလိုယုတ်မာတဲ့ အမှုကို ပြုလုပ်လွန်ကျူးသလား, မလွန်ကျူးဘူးလား" လို့ ဒီလိုမေးလိုက်တဲ့အခါ
သူတို့တစ်တွေက ဘာပြန်ပြောကြသလဲ? " ကျွန်မတို့ဟာ ဒီလိုယုတ်မာတဲ့အမှုကို မသိကြပါဘူး" လို့
ဒီလိုမုသားစကား ပြောပြီးတော့ သူတို့တစ်တွေကလည်း ကျိန်စာဆိုကြပြန်တယ်။
ဘယ်လို ဆိုကြသလဲ? --- " အကယ်၍ ကျွန်မတို့တစ်တွေဟာ ဒီလိုပြစ်မှုကို လွန်ကျူးတာကို သိကြတယ်ဆိုလျှင် ဘဝတိုင်း ဘဝတိုင်းမှာ ဒီအမျိုးသမီးရဲ့ ကျွန်မတွေ ဖြစ်ကြရပါစေ" လို့ ဒီလိုကျိန်စာဆိုကြတယ်။
ဒီအချက်တွေကတော့ ဒီအမျိုးသမီးတစ်စုတို့ ဆည်းပူးစုဆောင်းခဲ့ကြတဲ့ ကုသိုလ်တွေနှင့် အကုသိုလ်တွေ ဖြစ်ကြပါတယ်။ ကုသိုလ်တရားတွေမှာ အလောဘ, အဒေါသ, အမောဟဆိုတဲ့
အကောင်းဓာတ်တွေက ဦးဆောင်နေကြပေမဲ့လို့ နည်းနည်းတော့ အားပျော့နေပါတယ်။ ဒီလို အားပျော့တဲ့အတွက် လောဘ, ဒေါသ, မောဟဆိုတဲ့ မကောင်းဓာတ်တွေက အားကောင်းလာခဲ့ကြတယ်။
ကာမေသုမိစ္ဆာစာရအမှုကို မလွန်ကျူးရ မနေနိုင်ဖြစ်လာတယ်။ ဒါကတော့ လောဘရဲ့ စွမ်းအားပဲ။ဒီအပြစ်ကိုလည်း လိမ်လည်ကာ ဖုံးလွှမ်းကြပြန်တယ်။ ဒါလည်း လောဘတစ်မျိုး ပြဓာန်းလျက် ရှိနေပါတယ်။ ဒီလိုပြစ်မှုကို လွန်ကျူးခဲ့တဲ့ အမျိုးသမီးဟာ မိမိရဲ့ ပြစ်မှုကို အမှတ်ရတိုင်း နောင်တတစ်ဖန် ပူပန်မှုဆိုတဲ့ စိတ်နှလုံးမသာယာမှု ဒေါသပြဓာန်းနေတဲ့ ဒေါမနဿဝေဒနာက နှလုံးအိမ်အတွင်းမှာ လောင်မြိုက်နေတဲ့အတွက် တဖြည်းဖြည်း အသားအရေတွေ ခြောက်သွေ့လာခဲ့တယ်။
ဒီစိတ်မချမ်းသာမှု အကုသိုလ်တရားက လွှမ်းမိုးဖိစီးခံရတဲ့အတွက် မကြာမီအချိန်ကာလမှာပဲ ကွယ်လွန်သွားတယ်။ အားပျော့နေတဲ့ အဒေါသတရားက အားကောင်းနေတဲ့ ဒေါသတရားကို တစ်နည်းပြောရလျှင်တော့ ဒေါသပြဓာန်းနေတဲ့ ဒေါမနဿဝေဒနာကို အနိုင်ယူဖို့ရန် မစွမ်းနိုင် ဖြစ်ခဲ့ရပါတယ်။
ကွယ်လွန်ပြီးတဲ့အခါ မိမိလွန်ကျူးခဲ့တဲ့ အကုသိုလ်ကံတွေရဲ့ စွမ်းအားကြောင့် ဟိမဝန္တာတောင်အရပ်ဝယ် အိုင်ကြီး (၇)အိုင်တို့တွင် တစ်ခုအဝင်အပါဖြစ်တဲ့ ကဏ္ဏမုဏ္ဍအိုင်အနီးအရပ်မှာ ဝေမာနိကပြိတ္တာမ ဖြစ်သွားခဲ့ရပါတယ်။ သူ့ရဲ့ ဗိမာန်အနီးအနားမှာလည်း သူ့ရဲ့ အကုသိုလ်ကံနှင့် လျော်ညီစွာ ရေကန်တစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။ ကြွင်းကျန်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ဟာလည်း ကွယ်လွန်သွား ကြတဲ့အခါ မုသားပြောဆိုကြကာ ကျိန်စာဆိုခဲ့ကြတဲ့အတွက် ထိုပြိတ္တာအမျိုးသမီးရဲ့ ကျွန်မတွေပဲ ဖြစ်လာကြရတယ်။
သို့သော် ဒီပြိတ္တာမဟာ တစ်ချိန်က လူ့ဘဝမှာ တစ်ဖက်က ကောင်းမှုကုသိုလ်တွေကိုလည်း ပြုစုပျိုးထောင်ခဲ့တဲ့အတွက် နေ့အခါမှာ နတ်စည်းစိမ်တမျှကြီးမားတဲ့ ချမ်းသာသုခတွေကို ခံစားရပါတယ်။
သို့သော် ညဉ့်တစ်ဝက်လောက် ရောက်လာတဲ့အခါမှာ မိမိ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံရဲ့ စွမ်းအားက လှုံ့ဆော်တိုက်တွန်းလိုက်တဲ့အတွက် အိပ်ရာမှ ထပြီးတော့ ရေကန်အနီး ကမ်းပါးသို့ သွားခဲ့တယ်။ အဲဒီရေကန်အနားမှာ သူ့ရဲ့ အကုသိုလ်ကံကြောင့်ပဲ ဆင်ပေါက်လောက်ရှိတဲ့ ခွေးနက်ကြီး တစ်ကောင်ဟာ ဖြစ်ပေါ်လာခဲ့တယ်။ အဲဒီခွေးနက်ကြီးက နားရွက်ကလည်း ပြတ်နေတယ်။ ကြောက်
မက်ဖွယ်ကောင်းလှတဲ့ အသံနှင့် ဟောင်ပြီးတော့ ဒီအမျိုးသမီးထံကို ပြေးလာတယ်။ ထက်မြက်တဲ့
အစွယ် ထက်မြက်တဲ့ ခြေသည်း လက်သည်း ကြီးမားတဲ့လျှာတွေကို ထုတ်ပြီးတော့ ဒီအမျိုးသမီးကို အတင်းဝင်ကိုက်တော့တယ်။ မြေပေါ်မှာ လဲကျစေတယ်။ အလွန်ဆာလောင်မွတ်သိပ်ခြင်းဖြင့် အနှိပ်
စက်ခံနေရသလို ဒီအမျိုးသမီးကို အရိုးမျှသာ ကြွင်းကျန်တဲ့အထိ ခဲစားလေတော့တယ်။ စားပြီးတာနှင့် အရိုးတွေကို ရေကန်ထဲကို ပစ်ချလိုက်တယ်။
အဲဒီလို ပစ်ချပြီးတာနှင့် ဒီခွေးကြီးဟာ ပျောက်ကွယ်သွားခဲ့တယ်။ ဒီခွေးဟာ တကယ့်ခွေးအစစ် မဟုတ်ပါဘူး၊ ဒီအမျိုးသမီးရဲ့ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံကြောင့် ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံက ဖန်တီးပေးလိုက်တဲ့ ခွေးသာ ဖြစ်ပါတယ်။ ဒီလိုခွေးကြီးက အရိုးတွေကို ရေကန်ထဲ ပစ်ချပြီးတော့ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ဒီအမျိုးသမီးဟာ ပင်ကိုပကတိ ဝေမာနိကပြိတ္တာမအသွင်သို့ ပြန်လည်ရောက်ရှိသွားပါတယ်။ ဒါလည်း မိမိလွန်ကျူးခဲ့တဲ့ အကုသိုလ်အရှိန်အဝါတွေက မကုန်သေးတဲ့အတွက် နောက်ထပ် ၀ဋ်ကြွေးတွေ ခံရဖို့ရန် မိမိ လွန်ကျူးခဲ့တဲ့ အကုသိုလ်ကံက ထပ်မံကာ ဖန်တီးပေးလိုက်ခြင်း ဖြစ်ပါတယ်။
ဒီပြိတ္တာမကတော့ " နေ့စံ, ညခံ "ဆိုတဲ့ ဝေမာနကိ ပြိတ္တာမျိုး ဖြစ်ပါတယ်။ ပကတိပြိတ္တာအသွင်ကို ရရှိပြီးတဲ့အခါ အိပ်ယာထဲသို့ သွားရောက်ကာ တစ်ဖန် အိပ်စက်ပြန်တယ်။ ဒီလို သုခ ဒုက္ခတွေကို ဘယ်လောက်ကြာကြာ ခံနေရသလဲ? နှစ် ရာပေါင်းများစွာ ခံနေရပါတယ်။ အဖော်ဖြစ်ကြတဲ့ အမျိုးသမီး (၅၀၀)တို့ကတော့ သူ့ရဲ့ ကျွန်မတွေဖြစ်ကာ ဆင်းရဲဒုက္ခကို အတူခံစားနေကြရပါတယ်။
ဒီနေရာမှာ ဒီလို သူ့သားမယားကို ဖျက်ဆီးနေတဲ့ ယောက်ျားယုတ်တွေကကော အပြစ်မရှိတော့
ဘူးလားလို့တော့ မေးစရာရှိပါတယ်။ အပြစ်ရှိပါတယ်။ ဒီမကောင်းမှု အကုသိုလ်ကံတွေဟာလည်း
သေသည်၏ အခြားမဲ့၌ ငရဲသို့ရောက်အောင် ပို့ဆောင်ပေးနိုင်ပါတယ်။ ပြိတ္တာဘုံဘဝသို့ ရောက်အောင် တိရစ္ဆာန်ဘုံဘဝသို့ ရောက်အောင်လည်း ပို့ဆောင်ပေးနိုင်ပါတယ်။
ဟို --- အင်္ဂုတ္တိုရ်ပါဠိတော်၊ အဋ္ဌကနိပါတ်၊ ဒုစ္စရိတဝိပါကသုတ္တန်(၄၂၉)မှာ ဘုရားရှင်က ဟောကြားထားတော်မူခဲ့ပါတယ်။ ဒီနေရာမှာတော့ ကဏ္ဏမုဏ္ဍပြိတ္တာအမျိုးသမီးကဲ့သို့ ပြိတ္တာဘုံဘဝရောက်ရှိသွားတဲ့ ယောက်ျား ပြိတ္တာတစ်ဦးကို စတုတ္ထ ပါရာဇိကသိက္ခာပုဒ်(၄၃၀)မှာ ဖော်ပြထားပါတယ်။
အဲဒီ ပြိတ္တာဟာ လူ့ဘဝတုန်းက သူ့သားမယားတွေကို ဖျက်ဆီးခဲ့ဖူးတဲ့ မစင်ဘင်ပုပ်နဲ့တူတဲ့ သူ့သားမယားတွေရဲ့ အတွေ့ဖောဋ္ဌဗ္ဗာရုံ ချမ်းသာသုခကို မက်မောတဲ့စိတ်ဓာတ်ဖြင့် ကာမဂုဏ်ချမ်းသာကို မွေ့လျော်ပျော်ပိုက်ခဲ့တဲ့သူ ဖြစ်ပါတယ်။ ဒီမကောင်းမှု အကုသိုလ်ကံနှင့် တူညီစွာ မစင်ဘင်ပုပ်အတွေ့အထိလို့ဆိုတဲ့ ဆင်းရဲဒုက္ခကို ခံစားဖို့ရန်အတွက် မစင်တွင်းထဲမှာ နစ်မြုပ်နေရတဲ့ ပြိတ္တာတစ်ဦး
ဖြစ်နေခဲ့ပါတယ်။
သူ့ရဲ့ အလောဘက အားကောင်းမောင်းသန်နေတဲ့ ကာမဂုဏ်၌ မတရားသော နည်းလမ်းဖြင့် မွေ့လျော်ပျော်ပိုက်ခြင်းဆိုတဲ့ လောဘတရားကို အနိုင်ယူဖို့ရန် မစွမ်းနိုင်ခဲ့တဲ့အတွက် ဒီလိုလောဘ
ဦးဆောင်နေတဲ့ အကုသိုလ်တရားရဲ့ စွမ်းအားကို ခံစားနေရခြင်းပဲ ဖြစ်ပါတယ်။
(၄၂ရ မဃဒေဝ၊စာပိုဒ်၊၂၈၉။ ပေတ ။ ဋ္ဌ ၊၁၄၀ )
" ဖားအောက်တောရဆရာတော် "
No comments:
Post a Comment