🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
တနေ့သ၌ အသားအရေခမ်းခြောက်
ရုပ်အဆင်း ချို့တဲ့သော ပြိတ္တာမတစ်ဦးသည် အရှင်သာရိပုတ္တရာမထေရ်
သီတင်းသုံးရာ ကျောင်း၏ လမ်းတစ်နေရာ၌မထေရ်အား ကိုယ်ထင်ရှားပြလေ၏။ မထေရ်ကမေးသဖြင့် ထိုပြိတ္တာမက အရှင်ဘုရား တပည့်တော်သည်
ရှေ့ ၅ ဘဝက အရှင်ဘုရား၏
မိခင်ဖြစ်ခဲ့ဖူးပါ၏။ယခုပြိတ္တာဘဝသို့
ရောက်နေရပါ၏ ဟုလျှောက်၏။
မထေရ်က ကိုယ်ထင်ပြခြင်း၏
အကြောင်းကိုမေးသော် ပြိတ္တာမကြီးက
သားတော်ဘုရား ယခုတပည့်
တော်မသည် သူတကာစွန့်ပစ်သည့်
တံတွေး သလိပ်ချွဲတို့ကိုလည်းကောင်း
မီးဖွားသည့်မိန်းမတို့မှ ထွက်ကျသော
သွေးပုပ်တို့ကိုလည်းကောင်း
မရွံမရှာစားသောက်နေရပါ၏။
အမြဲတမ်းလည်း ဆာလောင်မွတ်
သိပ်နေရပါ၏။ ဤပြိတ္တာဘဝမှ
လွတ်မြောက်အောင်
သားတော်မောင်က မိခင်အတွက်
အလှူပေး၍ အမျှပေးဝေပြီး
ကယ်တင်စောင့်ရှောက်ပေးစေလိုပါသည်
ဘုရား ဟုလျှောက်လေ၏။
မထေရ်က ရှေ့ကပြုခဲ့ဖူး
သော မကောင်းမှုကံအကြောင်းကို
မေးသဖြင့် ထိုပြိတ္တာမကြီးက ဤသို့
ပြန်လည်လျှောက်ထားလေ၏
ဗာရာဏသီပြည်၌
သူကြွယ်ပုဏ္ဏားတစ်ဦးသည်
ရဟန်း ပုဏ္ဏား အထီးကျန် သူဆင်းရဲ
ခရီးသွားသူတောင်းစားတို့အား
ထမင်း အဖျော် အဝတ်ပုဆိုး
အိပ်ရာ နေရာတို့ကို ပေးလှူလေ့ရှိ၏။
တနေ့ ထိုသူကြွယ် ပုဏ္ဏားသည်
အရပ်တပါးသို့ ခရီးသွားသော်
မယားဖြစ်သူအား ရှင်မ နေ့စဉ်နေ့တိုင်း
ပြုနေကျ ကုသိုလ်ဝတ်ကို မမေ့မလျော့
လုပ်ဆောင်ပါလော့
ဟု မှားကြားပြီး ခရီးသွား၏။
သူ၏မယားသည် သဒ္ဓါတရားမရှိ
နှမြောတွန့်တိုဝန်တိုစိတ်ရှိ၏။
လင်မရှိခိုက်တွင် ရှေ့ဦးစွာရဟန်းတို့
အား ပြုစုလုပ်ကျွေးနေကျ
အလှူဝတ်တို့ကို ဖြတ်ထား၏။
လာသမျွ ခရီးသြားတို့အား
နေရာထိုင်ခင်းကောင်းစွာမပေးပဲ
အိမ်နောက်ဖေးရှိ ဇရပ်ပျက် ဇရပ်
အို၌ ဖြစ်သလိုပစ်ထား၏။
ထမင်း အဖျော် စသည်တို့ကို
လာတောင်းသူတို့အားလည်း
မစင်ကျင်ငယ်တို့ကိုသာ စားသောက်ကြပါလား၊သွေးပုပ် သလိပ်ပုပ်တို့ကို စားကြပါလား၊
အလကားနေရင်း လာ
တောင်းစားနေကြသည် ဟု
ဆဲဆိုကျိန်းဆဲပြောလွှတ်
လိုက်ကြ၏။ ထိုမိန်းမသည် သေလွန်သော်
မိမိပြုခဲ့သည့် အကုသိုလ်ကံတို့ကြောင့်
ပြိတ္တာဘဝ၌ဖြစ်ရပြီး
တံတွေး သွေးပုပ် စသည့်အညစ်
အကြေးတို့ကိုသာစားသောက်နေရ၏။
လွန်ခဲ့သော ၅ ဘဝက မိခင်တော်ခဲ့ဖူးသော
ပြိတ္တာမကြီး၏ လျှောက်ထားသောစကားတို့ကို
ကြားရသောအခါ ရှင်သာရိပုတ္တရာမထေရ်သည်
ထိုပြိတ္တာမကို လွန်စွာသနား၍
ကယ်တင်စောင့်ရှောက်ပေးပါမည်ဟု
ကတိပေးလိုက်၏။
မထေရ်သည် ၂ ရက်မြောက်နေ့၌
အရှင်မောဂ္ဂလာန်/အရှင်အနုရုဒ္ဓါ မထေရ်
၂ ပါးကို ပင့်၍ ဗိမ္ဗိသာရမင်း
ကြီး၏ နန်းတော်သို့ ဆွမ်းအလို့ငှါဝင်တော်မူ၏။
မထေရ်တို့၏ မိန့်ကြားချက်အရ
မင်းကြီးသည် မနီးမဝေး အေးချမ်း
ဆိတ်ငြိမ် အရိပ် ရေတို့နှင့် ပြည့်စုံ
သော အရပ်၌ ကျောင်းဆောင်ငယ်
၄ ဆောင်တို့ကိုဆောက်လုပ်စေ၏။
ဆောက်ပြီးသောအခါ မင်းကြီး
သည် ကိုယ်တိုင်ပင် ထိုအရပ်သို့သွား၍
စီရင်လေ၏။ ဆွမ်း အဖျော် အဝတ်သင်္ကန်းစသည်တို့ကိုလည်း
ကောင်း၊ ဘုရားအမှူးရှိသော သံဃာတော်တို့အား လျောက်ပတ်သော ပရိက္ခရာ အစုံတို့ကိုလည်းကောင်း၊ တည်ခင်းစေပြီးလျှင် အရှင်သာရိပုတ္တရာအား ပေးအပ်လှူဒါန်းလေ၏။
ထိုအခါ ရှင်သာရိပုတ္တရာသည် မိခင်တော်စပ်ခဲ့ဖူးသော ပြိတ္တာမကြီးကို ရည်စူးပြီး လှူဖွယ်ပစ္စည်းအလုံးစုံတို့ကို ဘုရားရှင်နှင့်တကွ သံဃာတော်တို့အားလှူဒါန်း၍ အမျှပေးဝေလေ၏။
ပြိတ္တာမကြီးသည် အလှူကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်လေ သော်ထိုခဏ၌ပင် ပြိတ္တာဘဝမှ လွတ်မြောက်ကာ နတ်စည်းစိမ်ကို ခံစားရ၏။ ထိုပြိတ္တာမသည် နတ်ပြည်၌ နတ်သမီးဘဝသို့ ရောက်သွား၍ ဆင်ခြင်ကြည့်သော် အရှင်သာရိပုတ္တရာ၏ ကျေးဇူးကြောင့် ဤသို့
နတ်စည်းစိမ်ခံစားရသည်ကို မြင်လေ၏။
ထို့နောက် ထိုနတ်သမီးသည် မထေရ်ထံသွားရောက်ချဉ်းကပ်၍ မိမိရရှိသည့် နတ်စည်းစိမ်အကြောင်းကို လျှောက်
ထားကာ ရှိခိုးပူဇော်ကန်တော့လေ၏။
နတ်ပြည်၌ ကြွသော အရှင်မောဂ္ဂလာန်မထေရ်သည်နတ်ပြည်၌ ထိုနတ်သမီးနှင့်တွေ့၍ သူမ၏အကြောင်းစုံကို မေးမြန်သိရှိပြီး ပြန်ရောက်လာသော် ဘုရားရှင်
အား ထိုနတ်သမီး၏ ဘဝဖြစ်စဉ်ကို လျှောက်ကြားလေ၏။ ဘုရားရှင်သည် တရားနာပရိတ်သတ်တို့အား ထိုနတ်သမီးအကြောင်းကို ပြိတ္တာမ ဘဝမှစ၍ အပြည့်အစုံ ပြည်လည်ဟောပြလေသော် တရား
နာပရိတ်သတ်တို့သည် သတိသံဝေဂရကြပြီး ဒါနမှု သီလမှုတို့ကို အားထုတ်ကြသဖြင့် အကျိုးများစွာဖြစ်ထွန်းခံစားကြရလေ၏။ ။
(သာရိပုတ္တထေရ်မာတုပတေီဝတ်ထု)
မေတ္တာဖြင့်.....အရှင်ခေမိန္ဒ
Credit_to_Original_Writer✍️
No comments:
Post a Comment