မယားကို စွဲလန်း၍ပြိတ္တာဖြစ်သူ
🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ဟိုး...... လွန်ခဲ့သော ......
အနှစ်သုံးဆယ်ကျော်ကာလက ဦးချမ်းသာ၊ ဒေါ်ခင်မီတို့ဟာ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံး ရပ်ကွက်လေးမှာ အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်တဲ့မိသားစု အဖြစ်သူတို့ ဆွေမျိုးအသိုင်းအဝိုင်းကကော ရပ်ကွက်သူ၊ရပ်ကွက်သားတွေကပါ ချစ်ခင်ကြတဲ့ လေးစားကြတဲ့ မိသားစုလေးဖြစ်ခဲ့ပါတယ်။ ဦးချမ်းသာတို့မှာ ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလေး နဲ့ အချမ်းသာကြီးမဟုတ်တောင် မကြောင့်မကျ မတောင့်မတ ဘ၀မျိုးနဲ့နေနိုင်ကြပါတယ်။ သူတို့မှာ သားသမီးသုံးယောက် နဲ့ ဘ၀ကိုစိုးရိမ်ကြောင့်ကျစရာမလိုပဲ ပျော်ပျော်ကြီးဖြတ်သန်းခဲ့ကြတာပါ။
ဦးချမ်းသာက လည်း နံမည်နဲ့လိုက်အောင် အလှုအတန်း၊အပေးအကမ်းရက်ရော တတ်တာကြောင့်ခြွေရံသင်းပင်းလည်း အလွန်များလှပါတယ်။ လစဉ် သီတင်းသီလစောင့်တည်ခြင်း အပြင် အခါအခွင့် သင့်တိုင်းလင်မယားနှစ်ယောက် ဝိပသနာတရားစခန်းတွေကို လည်းမကြာခဏ အလျှင်းသင့်သလို ၀င်ပြီး တရားအားထုတ်ကြပါသေးတယ်။ ဒါပေမဲ့ ခန္တာကိုယ်ကြီးနဲ့ဖွဲ့ စည်းထားတဲ့ လူပီပီ ရောဂါဝေဒနာကိုလည်း ခံစားကြရတာ ဓမ္မတာမို့ အသက်ငါး ဆယ်ကျော်ကျော်အရွယ်လေးနဲ့ နားမကျန်းဖြစ်ပြီးဦးချမ်းသာ သေဆုံးသွားခဲ့ရရှာပါတယ်။
ဦးချမ်းသာ သေဆုံးပြီးနောက် လေး၊ငါးရက်လောက်အကြာမှာ မိမိယောက်ျား ဦးချမ်းသာ မကျွတ်မလွတ်ပဲ ပြိတ္တာဘ၀ကို ရောက်ရှိနေပြီး အိမ်မှာသာတွယ်ကပ်နေတယ်ဆိုတာကို ဒေါ်ခင်မီ ခံစားသိရှိနေခဲ့ပါတယ်။ ညဘက်အိပ်ရင်မိမိအနား တစ်စုံတစ်ယောက်ရှိနေသလိုခံစားချက် များအပြင် ဦးချမ်းသာ အသက်ရှိစဉ်က သုံးစွဲခဲ့တဲ့ရေ မွေးနံ့ကို ရရနေတတ်ပါတယ်။ ရက်လည်တရားနာရင် ကျွတ်မှာပါလေဆိုပြီး ဒေါ်ခင်မီတွေးခဲ့ပေမဲ့ ရက်လည်တရားရားနာပြီး မိမိခင်ပွန်းဦးချမ်းသာကို အထူးနံမည်ဖိတ်ခေါ် တရားနာ၊ ရေစက်ချ အမျှဝေခဲ့ပေမဲ့ ဦးချမ်းသာရဲ့ အရိပ်အရောင်တွေဟာ ဆက်ပြီး ရှိနေ ဆဲပါပဲ။
ဒါနဲ့ တစ်လပြည့်တော့ တစ်ခါ ဦးချမ်းသာအတွက်ရည်စူးပြီး တရားနာ၊ ရေစက်ချပြီး အမျှဝြေပန်ပါတယ် ။ ဒီတစ်ခါလည်း ထူးမခြားနားပါပဲတဲ့။ ဒါနဲ့ မိမိချစ်လင်အတွက် ဘ၀ကူးကောင်းစေချင်သော စေတနာနဲ့ ဒေါ်ခင်မီအားမလျှော့ပဲ နှစ်လပြည့်မှာမှာလည်း ဘုရားသားတော် သံဃာတော်အရှင်မြတ်တွေကို ပင့်ဖိတ်ပြီး တရားနာ ၊ ရေစက်ချ အမျှဝြေပန်ပါတယ်။ ကျန်ကြားရက်တွေမှာလည်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအားနံနက် အာရုံဆွမ်းကပ်တိုင်း ဦးချမ်းသာအတွက် ရည်စူးပြီးနေ့စဉ် အမျှဝေဆုတောင်း ခဲ့ပေမဲ့ ဦးချမ်းသာကတော့ ဆက်ပြီးရှိနေမြဲရှိနေတုန်းပါပဲတဲ့.....။
ဦးချမ်းသာဆုံးပြီး သုံးလလောက်မှာတော့ ဒေါ်ခင်မီတစ်ယောက် စိတ်ပြေလက်ပျောက် အဖြစ် ရပ်ကွက်အတွင်းမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ မြန်မာပြည်တွင်း ဘုရားဖူးဖို့လိုက်လာခဲ့ဖြစ်ပါတယ်။ ဒေါ်ခင်မီတစ်ယောက်ကတော့ ဘုရားလည်းဖူးရင်း မိမိခင်ပွန်းကိုလည်းထို ဘုရားဖူးရတဲ့ ကုသိုလ်တွေကို ရပါစေကြောင်း ဆုတောင်းပြီးအမျှဝေနေခဲ့ပါတယ်။
ထိုအချိန်က မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်းမှာရှိတဲ့ မြေလတ်မြို့လေးတစ်မြို့မှာ ရှိတဲ့ ဆရာတော်ဘုရားကြီးကလည်း ပရိတ်ရွတ်ရင် ရာ၀င်အိုးလောက်ရှိတဲ့ နှမ်းဆီတွေနဲ့ စဉ့်အိုးကြီးတွေအတွင်းမှ ဆီများဆူဝေကျလာတယ်ဆိုပြီး နံမည်ကျော်နေခဲ့ပါတယ်။ ထိုဆရာတော် ဘုရားကြီးရဲ့ ဂုဏ်သတင်းကလည်းတော်တော်လေးကြော်ကြား နေခဲ့ပါတယ်။ ဒါနဲ့ မြန်မာပြည်အထက်ပိုင်းရှိဘုရားများကို ဖူးအပြီးအပြန်ထိုဆရာတော်ဘုရားကြီးကိုလည်း ၀င်ရောက်ဖူးမျှော်ကြရန် စီစဉ်ခဲ့ကြပြီး အပြန်မှာ ဧရာ၀တီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မိတ်ဆွေတွေအိမ်မှာ ကားကိုခဏအပ်ခဲ့ကြပြီး ဧရာ၀တီမြစ်ကိုဇက်နဲ့ ဖြတ်ကာ ကူးလာကြပြီး ဆရာတော်ဘုရားကြီးဆီကို ၀င်ရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဆရာတော် ဘုရားကြီးဆီ၀င်ရောက်ဖူးမျှော်ကြရန် ခွင့်တောင်းကြပြီး ဆရာတော်ဘုရားကြီးသတင်းသုံးရာ ကျောင်းဆောင်အပေါ်ထပ်ကို တက်ခဲ့ကြပါတယ်။
သူတို့လူအုပ် ၀င်၀င် လာခြင်း ဆရာတော် ဘုရားကြီးမှ မျက်လွှာကို ပင့်ကြည့်ပြီး “ အော်..အော်…ဒကာကြီးတို့လာတာ…ရှစ်ယောက်တောင်မှကိုး” လို့ ပြောလိုက်ပါတယ်။ ဒေါ်ခင်မီတို့ လည်းဇဝေဇဝါဖြစ်သွားကြပြီး မိမိလူတွေကိုပြန်ကြည့်လိုက်ပါတယ်။ အမှန်တော့ ဒေါ်ခင်မီတို့ ဘုရားဖူးထွက်လာကြတာ ခုနှစ်ယောက်တည်းသာရှိတာပါ။ ဒါနဲ့ ဒေါ်ခင်မိတို့ထဲက အသက်နဲနဲကြီးတဲ့သူတစ်ယောက်က လက်အုပ်ချီပြီး “မှန်လှပါ…တပည့်တော်တို့..ခုနှစ်ယောက်ပါ ဘုရား” လို့ ပြန်လျှောက်တော့ ဆရာတော် ဘုရားကြီးက လှေကားထိပ်က တံခါးနားကို လှမ်းကြည့်ပြီး “ဘုန်းကြီး မြင်တာတော့………နောက်တစ်ယောက် ထပ်ပါလာပါသေးတယ်” လို့ ပြန်မိန့်ပါတယ်။ ဒီတော့မှာ ဒေါ်ခင်မီလည်း သဘောပေါက်သွားပြီး မျက်ရည်သွင်သွင် ကျလာကာ “မှန်လှပါ………..တပည့်တော်မ ယောက်ျားကိုချမ်းသာဖြစ်ပါလိမ့်မယ် ဘုရား…တပည့် တော် အမျိုးသားဟာ လွန်ခဲ့တဲ့ သုံးလလောက်က ကွယ်လွန်သွားခဲ့တာပါ..တပည့်တော် စိတ်ထင် မကျွတ်မလွတ်ပဲ တပည့်တော်နောက်ကို လိုက်လိုက်နေတယ်လို့ ထင်ပါတယ် ဘုရား” ဟု လက်အုပ်ချီကာ လျှောက်ထားပြောဆိုပါတယ်။ ဒီတော့မှ ဘုရားဖူးအဖွဲ့တွေလည်း မျက်စိပြူးကာ တစ်လမ်းလုံးနောက်က မမြင်ရတဲ့ပရ လောကသားလိုက်လာပါလား ဆိုတဲ့အသိနဲ့ ကြောက်လန့်ကုန်ကြပါတယ်တဲ့။
ဒါနဲ့ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကိုကြည့်ပြီး ဆက်မိန့်ပါတယ်။ “မပူပါနဲ့ ဒကာမကြီး..ဒီဒကာကြီးဟာ…ကျွတ်ချိန်တန်လို့ ..ဘုန်းကြီးဆီထိ ရောက် အောင် လိုက်လာနိုင်တာပဲ…ကဲ..ကဲ…ဒကာကြီးကို ဘုန်းကြီးမေးချင်တာရှိတယ်.. တရားလည်း ဟောချင်တယ်…ဒကာမကြီး သဘောတူလား” လို့ ပြန်မေးပါတယ်။ဒီတော့ ဒေါ်ခင်မီလည်း ၀မ်းသာအားရ နဲ့ “သဘောမတူစရာမရှိပါဘူး..ဘုရား” လို့ ပြန်လျှောက်ပါတယ်။ ဒါနဲ့ ဆရာတော် ဘုရားကြီးက တံခါးဘက်ကို လှမ်းကြည့်ကာ “ကဲ..ဒကာမောင်ချမ်းသာ…မင်းသင့်တော်တဲ့ သူတစ်ယောက်ယောက်ကတစ်ဆင့်.. စကားပြောကြတာပေါ့…မင်းအကြောင်းကို ကျန်တဲ့ သူတွေလည်းသိပြီး သံဝေဂ ယူနိုင် အောင် မင်းသင့်တော်မဲ့ စကားပြောနိုင်မဲ့တစ်ယောက်ယောက်ဆီကနေဆက်သွယ် ပြီး ပြောကြတာပေါ့” လို့ အမိန့်ရှိလိုက်ပြီး…အခန်းတွင်းမှာ ခဏတာမျှငြိမ်သက် တိတ်ဆိတ်သွားခဲ့ပါတယ်။
ဆယ်မိနစ်လောက် အချိန်လောက်ကြာမှ ဒေါ်ခင်မီရဲ့ ခန္တာကိုယ်ဟာ လှုတ်ရမ်းပြီး သိသိသာသာ တုန်ယင်လာခဲ့ပါတယ်။ ပြီးတော့မျက်ရည် ဖြိုင်ဖြိုင်ကျကာ ခေါင်းကြီးကိုအတင်း ငုံ့ပြီးထိုင်နေပါတယ်။ ဒီတော့မှ ဆရာတော်ဘုရားကြီးက ဦးချမ်းသာ၀င်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီကို လှမ်းကြည့်ပြီး “ဒကာကြီး…ရဟန်း သံဃာ ကိုတွေ့တာတောင် မရှစ်ခိုးတော့ဘူးလား” လို့ မိန့်တော့မှ ဆရာတော်ကြီးကို လှမ်းကြည့်ပြီး ဦးသုံးကြိမ်ချပြီး ကန်တော့ပါတယ်။ ဆရာတော် ဘုရားကြီးက “ဒီဘ၀မှာတောင် ရဟန်းသံဃာကို ကိုးကွယ်ရမှန်းသိသေးရင် ဒကာကြီးရဲ့အတိတ်ဘ၀ကပါရမီက လည်းနဲမှာမဟုတ်ဘူး…ဘာလို့ နိမ့်ကျတဲ့ ဒီလြိုပိတ္တာ ဘုံမှာရောက်နေရတာလည်း” လို့ ဦးချမ်းသာ၀င်ရောက်ပူးကပ်နေတဲ့ ဒေါ်ခင်မီဘက်ကို လှည့်ပြီးမေးပါတယ်။ ဒေါ်ခင်မီက ဘာမှ ပြန်မပြောပဲ ငြိမ်နေပါတယ်။ နောက် ဆရာတော်ဘုရားကြီးက နောက်ထပ်ပြန်ပြီး ထပ်မေးကာမှ “ တပည့်တော်..ရောဂါသည်းတော့ ..အရင်က ကျင့်ခဲ့ဘူးတဲ့ ဝိပသနာတရားတွေကို ပြန်ဆင်ခြင်ပြီး ခန္တာကိုယ်ကို ထွက်လေ၊ ၀င်လေနဲ့ သတိကပ်နေခဲ့ပါတယ် ဘုရား။
ဒါပေမဲ့ တပည့်တော်ရဲ့ အမျိုးသမီးက တပည့်တော်ရဲ့
လက်ကိုဆုတ်ကိုင်ပြီး အားပေးစကားပြောနေတဲ့ အချိန်မှာတော့ တပည့်တော်ရဲ့စိတ်ထဲမှာ ငါတော့ငါ့မိန်းမကို ခွဲခွာရတော့မယ်ဆိုပြီး ၀မ်းနည်းစိတ်ဖြစ်လာခဲ့တဲ့ အချိန်အခိုက်လေးမှာပဲ တပည့်တော် သေဆုံးခဲ့ပါတယ် ဇနီးကို စွဲလမ်းစိတ်နဲ့ ဇနီးသည်အနားက မခွာပဲတစ်ကောက်ကောက်လိုက် နေခဲ့ပါတယ် တပည့်တော်ကို အမျှဝေတာလည်း ကြားရပါတယ်..ဒါပေမဲ့..တပည့်တော် သာဓုခေါ် လိုက်ရင် ဇနီးနဲ့ဝေးရမှာ ကြောက်လို့သာဓုမခေါ်ခဲ့တာပါ…ဘုရား” လို့ ပြန်ပြီးလျောက်ပါတယ်။
ဒါနဲ့ဆရာတော်ဘုရားကြီးက ”ငါ့တောင်ပေါ်ကို တော်ရုံတန်ရုံ လာလို့ မရဘူး ဒကာကြီးလာလို့ရတယ်ဆိုတာ ဒကာကြီးရဲ့ ကုသိုလ်ကံအဟုန်က တော်တော်ကြီးခဲ့လို့ပဲ…” လို့ပြန်မိန့် ပြီးဦးချမ်းသာကို တရားဟောပါတယ်။ ခုလိုနိမ့်ကျတဲ့ ပြိတ္တာဘုံဘ၀ကို တွယ်မက်မနေရန်နဲ့ အရင်ဘ၀ကသာ ဇနီး မောင်နှံပေမဲ့ ခုဘဝြခားနေလို့ ဘာမှမဆိုင်တော့ ကြောင်း ရှင်ပြပြီးတရားဟောပါတယ်။ ဒါပေမဲ့ဇနီးသည်ကို တွယ်မက်နေတဲ့ ဦးချမ်းသာ ကို တော်တော်အချိန်ယူပြီး ဟောပြောလိုက်ရပါတယ်။
တစ်နာရီကျော်ကျော်လောက် ဟောပြောတရားပြ ပြီးချိန်မှာတော့ ဦးချမ်းသာက ပြိတ္တာဘ၀ကို စွန့်လွှတ်ပြီး သာဓုခေါ် ပါမည့်အကြောင်း ဇနီးသည်ကိုဆက်ပြီး မခင်တွယ်ပဲ နောက်ကဆက်မလိုက်တော့ပါဘူး ဆိုသည့်အကြောင်း..ကတိပေးကာ ဆရာတော်ဘုရားကြီးအားဦးသုံးကြိမ်ချပြီး ဦးချမ်း သာ၏ ဝိညာဉ်စွဲကပ်နေသော ဒေါ်ခင်မီမှာလည်း ထိုင်နေရာမှာ ဘေးကိုတစ်စောင်းလေးဖြည်းညှင်းစွာလဲကျကာ သတိခဏမျှမေ့သွားပါတယ်။ နောက်ဆယ်မိနစ်လောက်အကြာ မှ သတိပြန်လည်လာပါတယ်။
ဒီတော့မှ ဆရာတော်ဘုရားကြီးက ဒေါ်ခင်မီကို “ဒကာမကြီး…ဒကာမကြီးခင်ပွန်းအတွက် စိတ်မပူတော့နဲ့ ..ဒီနေ့ညနေ မြို့ထဲကိုဆင်းပြီး လှုဖွယ် ပစ္စည်းတွေနဲ့ ထီး၊ သင်္ကန်း၊ ဖိနပ်တွေ သွား၀ယ်ပြီး သံဃာတော်တွေကို ဒကာကြီး မောင်ချမ်းသာကို ရည်စူးပြီးလှုလိုက်ပါ။ ပြီးတော့ နံနက်အာရုံဆွမ်း ယာဂု ကိုလည်း ဒကာကြီး မောင်ချမ်းသာကိုရည်စုးပြီး ဘုရားရှင်နဲ့တစ်ကွ သံဃာတော်အရှင်မြတ်တွေကို လှုပေးပါ” လို့ပြန်မိန့်ပါတယ်။
ဒါနဲ့ ဒေါ်ခင်မီတို့ လူစုလည်း ကျောင်းကလူတွေခေါ်ပြီး လေးမိုင်လောက် ဝေးတဲ့ မြို့ထဲကို ဆင်းကာ လှုဖွယ်ပစ္စည်းတွေ ၀ယ်ကာ ထိုညက ကျောင်းမှာ ပဲ အိပ်လိုက်ကြပါတယ်။ နောက်နေ့ အာရုံဆွမ်း ယာဂုဆွမ်းကို ဘုရားကိုရည်စူးပြီးကပ်လှုကာ ဆရာတော်ဘုရားကြီးနဲ့ တစ်ကွသံဃာတော် များကိုအာရုံဆွမ်းကပ်လှုပြီး သင်္ကန်း စတဲ့ လှုဖွယ်ပစ္စည်း တွေနဲ့ ကပ်လှုပူဇော်ကာ ဦးချမ်းသာကို နံမည်တပ်၍ အမျှဝြေပီး သာဓု ခေါ်ကြပါတယ်။ ထူးဆန်းစွာပဲ သာဓု သုံးကြိမ်ခေါ်အပြီးမှာတော့ အမည်မဖော်နိုင်တဲ့ အမွှေးနံံ့သင်းသင်းလေးက ကျောင်းတိုက်အပေါ်ထပ်တစ်ထပ်လုံးမွှေးနေ ခဲ့ပါတယ်။ ဆရာတော် ဘုရားကြီးက “ ဒကာကြီးတော့ ကောင်းရာဘုံဘ၀ ကိုရောက်သွားပါပြီ…ဒကာမကြီး” လို့ အမိန့်ရှိလိုက်ချိန်မှာတော့ ဒေါ်ခင်မီရဲ့ ရင်ထဲမှာ ၀မ်းသာ ၀မ်းနည်းခံစားချက်တွေနဲ့ မျက်ရည်တွေလည်လာပြီး ကိုချမ်းသာရေ နှုတ်ဆက်လိုက်ပါတယ် လို့တိုးတိုးလေးရေ ရွတ်ရင်း…………။
ကဲ….ရွာသူ ရွာသားတွေလည်း အသေမဦးခင် ဥဏ်ဦးကာ ကျွတ်တန်း၀င်နိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
မှတ်ချက်။ ဆရာတော်ဘုရားကြီးနှင့် ဦးချမ်းသာ ပြောသောစကားလုံးအမေးအဖြေ များတွင် အချို့အကြောင်းအရာများသည် ဆန်းကြယ်လွန်းသောကြောင့် မဖော်ပြတော့ ပဲ အကျဉ်းခြုံးကာ အတိုချုပ်ပြီးရေးလိုက်ပါသည်။
Credit: myanmarlatestnews
အဓိကကတော့ အစွဲတွေပါဘဲ
ငါ ထင်လို့စွဲတယ် ...
ငါ့ မယား ငါ့ သားထင်လို့စွဲတယ် ...
သေခါနီးသူ မစွဲ မိလေအောင်
ဘေးမှာ ငိုတာယိုတာတွေ မလုပ်မိစေဘဲ
ကလေးတွေနဲ့ ငိုတတ်သူတွေကို
ဝေးဝေးမှာ နေခိုင်းထားပါစေ ...
မှတ်ချက်။ဤဝတ္ထုသည်ဘုရားဟောတရားမဟုတ်🙏
Credit_to_Original_Writer✍️👸
No comments:
Post a Comment